Thursday, October 13, 2011

မြန်မာကျပ်ငွေ ခိုင်မာမှုအား ထိန်းသိမ်းခြင်းဖြင့် နိုင်ငံ ပိုမိုဖွံ့ဖြိုးတိုးတက်မှုဆီသို့ ရှေးရှုသွားနိုင်

by Moenge Aung on Friday, October 14, 2011 at 10:13am


Envoy News Originally posted 14/09/2011 16:09PM

ဒေါ်လာငွေ ကျဆင်းမှုကြောင့် ဝန်ထမ်းအပါအဝင် အခြေခံ လူတန်းစားများ သက်သာခွင့်
 အမေရိကန်ဒေါ်လာနှင့် မြန်မာငွေ လဲလှယ်နှုန်းများ ၂၀၁၁ သြဂုတ် ၁ ရက် ဝန်းကျင်ခန့်မှ စ၍ ဆက်တိုက် ကျဆင်းလာသဖြင့် စီးပွားရေး လုပ်ငန်းအများစု လည်ပတ်နိုင်ရန် အခက်အခဲများနှင့် ကြုံတွေ့နေရပြီး အထူးသဖြင့် ပို့ကုန် လုပ်ငန်းပိုင်းတွင် သိသိသာသာ ထင်ထင်ရှားရှား ကျဆင်းနေခြင်းကြောင့် စီးပွားရေး လုပ်ငန်းများ ပုံမှန် လည်ပတ်နိုင်ရန် စီးပွားရေး လုပ်ငန်းရှင်ကြီးများက စိတ်ပူနေကြကြောင်း နေ့စဉ်ထုတ် ဂျာနယ်များတွင် တွေ့ရှိ ဖတ်ရှုနေရပါသည်။ ဒေါ်လာဈေး ကျရုံသာမက FEC နှင့် Earning ငွေ အကုန်လုံး ဈေးတွေ ကျဆင်းနေပြီး တစ်ဒေါ်လာကို မြန်မာငွေ ကျပ် ၇၅၀ ခန့်သာ ရှိတော့ကြောင်း ဖတ်ရှုရပါသည်။ ထိုအခြေအနေပေါ်မူတည်၍ အချို့ လုပ်ငန်းရှင် အများစုမှာလည်း ငွေလဲလှယ် ဈေးနှုန်း သတ်မှတ်ခြင်းကို အသေချည်ခြင်း (Fixed Exchange Rate) ထားသင့်သည်။
အချို့ကလည်း ဈေးကွက်၏ အလိုကျ နှုန်းရှင်မျှောခြင်း (Free Float) ထားသင့်သည်။ အချို့ကလည်း အသေချည်ခြင်းနှင့် အရှင်မျှောခြင်းတို့သည် အစွန်းနှစ်ဖက်ဖြစ်ပြီး ကြားအဆင့်ဖြစ်သည့် ထိန်းချုပ်မျှောခြင်း (Managed Float) ထားသင့်သည် ဟု ရှုထောင့်အမျိုးမျိုး၊ ဖြတ်သန်းလာသည့် အတွေ့အကြုံ အမျိုးမျိုး၊ ရရှိမည့် အကျိုးစီးပွား အမျိုးမျိုး အပေါ် အခြေခံ၍ ဝေဖန် ပြောဆို နေကြကြောင်းလည်း သိရှိရသည်။
 ကျွန်တော့် အနေဖြင့်တော့ မည်သို့ ထားသင့်သည်ဆိုသည်မှာ စီးပွားရေး ခေါင်းဆောင်ကြီးများ အနေဖြင့် သုံးသပ်ဆုံးဖြတ်ရမည့် ကိစ္စဟုသာ ထင်မြင်မိပါသည်။ လူအများစုက ဒေါ်လာငွေဈေး ကျဆင်းမှု မြန်မာငွေတန်ဖိုး တက်မှု အခြေအနေပေါ် မကောင်းသည့် ရှုထောင့်မှ သုံးသပ်နေချိန်တွင် ယခုကဲ့သို့ မြန်မာငွေ တန်ဖိုးတက်မှုကြောင့် ကောင်းသည့် အခြေအနေများ ဖြစ်ပေါ်နိုင်သလို ကောင်းသည့် ရလဒ်များလည်းး ဖြစ်လာမည်ဟု ရေးသားလိုပါသည်။ ဒေါ်လာဈေးကျ၍ မြန်မာငွေ တက်မှုကြောင့် မူလ မြန်မာလစာငွေ ကျပ် ၁၀၀၀၀၀ ရ ဝန်ထမ်းတစ်ဦးမှာ တစ်ဒေါ်လာ ကျပ် ၁၃၀၀ ဈေး ပေါက်ချိန်တွင် အဆိုပါ ဝန်ထမ်း၏ လစာမှာ ၇၇ ဒေါ်လာနှင့် ညီမျှမှုကို ရရှိမည် ဖြစ်ပါသည်။ ယခုမှာမူ တစ်ဒေါ်လာလျှင် မြန်မာငွေ ကျပ် ၇၅၀ နှင့်ညီချိန်တွင် ၎င်းရရှိသည့် လစာငွေ ၁၀၀၀၀၀ မှာ ၁၃၃ ဒေါ်လာနှင့် ညီမျှမှုကို ရရှိမည် ဖြစ်ပါသည်။ ထို့ကြောင့် အလုပ်သမားများဘက်မှ ကြည့်လျှင် ပြည်တွင်း ရရှိလစာငွေမှာ ဒေါ်လာငွေတန်ဖိုးနှင့် နှိုင်းယှဉ်မှုအရ ကောင်းသည့် ဘက်တွင်သာ ရှိနေသည်ဟု ထင်မြင် ယူဆမိပါသည်။ ယနေ့ ရွှေဈေးမှာ ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၇၃၀၀၀၀ ဖြစ်ပြီး တစ်ဒေါ်လာ ကျပ် ၇၅၀ ဈေးနှုန်းညီမျှမှုဖြင့် တွက်ချက်လျှင် ရွှေတစ်ကျပ်သား အတွက် ဒေါ်လာဖြင့် ပေးရမည်ဆိုပါက ဈေးနှုန်းမှာ ဒေါ်လာ တစ်ထောင်နီးပါး တန်ဖိုးရှိမည် ဖြစ်ပါသည်။

ထိုအခြေအနေပေါ် မူတည်၍ ဒေါ်လာဈေး ပြန်တက်၍ မြန်မာငွေ တန်ဖိုး ကျဆင်းသွားပါက တစ်ဒေါ်လာ ကျပ် ၁၀၀၀ နှုန်းဖြင့် ညီမျှချိန်တွင် ရွှေတစ်ကျပ်သား ရရှိရန်အတွက် ၎င်းအချိန်တွင် မြန်မာငွေကျပ် ၉၀၇၀၀၀ ပေးရမည် ဖြစ်ပါသည်။ ထိုအခြေအနေတွင် ဒေါ်လာဈေးကျ၍ မြန်မာငွေ တန်ဖိုး တက်နေမည်ဆိုပါက ရွှေဝယ်သူဘက်မှ အသာစီး ရရှိနိုင်မည် ဖြစ်ပါသည်။ ဒေါ်လာကသာ တန်ဖိုး ဆက်တိုက် ဆက်တိုက် တိုးတက်လာခဲ့ပြီး တစ်ဒေါ်လာ ကျပ် ၁၃၀၀ နှင့်ညီမျှသည့် အခြေအနေအထိ ရောက်ခဲ့ရာမှ ယခုတစ်ဒေါ်လာ ကျပ် ၇၅၀ အထိ လဲလှယ်နှုန်းတန်ဖိုး ကျဆင်းခဲ့ခြင်း ဖြစ်ပါသည်။ ထိုအချိန်ကိုလည်း မျှော်လင့်မိပါသည်။ ထိုသို့ ဒေါ်လာငွေ တန်ဖိုး ကျသည် ဆိုသော်လည်း  တစ်ချိန်ချိန်တွင် တန်ဖိုး တည်ငြိမ် သွားနိုင်တော့မည်ဟု ယူဆပါသည်။ အမှန်မှာ ဒေါ်လာငွေ တန်ဖိုးကျဆင်း၍ သွင်းကုန်သမားများ ဈေးအပျော့ဖြင့် ပစ္စည်းများ ဝယ်ယူတင်သွင်းရသဖြင့် အထွေထွေ ကုန်ဈေးနှုန်းမှာလည်း ကျဆင်းရမည်သာ ဖြစ်ပါသည်။
ယခုလက်ရှိ ဈေးနှုန်းထက် ထပ်မံ၍ အနည်းဆုံး ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းရမည့် အခြေအနေ ဖြစ်သော်လည်း ကျဆင်းခြင်း မရှိဘဲ ရပ်တန့်နေရခြင်းမှာ ဒေါ်လာဈေး အတက်အကျ တည်ငြိမ်မှု မရှိသေးခြင်းကြောင့်သာ ဖြစ်မည်ဟု ထင်ပါသည်။ အကယ်၍သာ အဆိုပါ ဒေါ်လာဈေးကျမှု တည်ငြိမ် သွားမည်ဆိုပါက ယခု အခြေအနေမျိုး မရှိတော့ဘဲ ကုန်ဈေးနှုန်း ကျဆင်းလာမည်မှာ မြေကြီး လက်ခတ် မလွဲပင် ဖြစ်ပါသည်။

ယခု အမှန်ဖြစ်ပျက်နေသည်မှာ ဒေါ်လာဈေး အတက်အကျတွင် ကျဈေးဖြင့် ကုန်ပစ္စည်းများ ဝယ်ယူခဲ့ရသော်လည်း ကျဈေးဖြင့် ကုန်ပစ္စည်း ပြန်လည်ရောင်းချမည်ကို မဝံ့ရဲဘဲ ရောင်းသူမှ ပြန်ဝယ်ရမည့် အချိန်တွင် ဒေါ်လာတက်ဈေးဖြင့် ပြန်မိမည်ကို စိုးရိမ်မှု လွန်ကဲနေသဖြင့် ဈေးချ မရောင်းကြဘဲ ဈေးနှုန်းအပေါ် ထိန်းချုပ်ထားမှုများ ရှိနေခြင်းဖြစ်ပါသည်။ ဒေါ်လာဈေး တည်ငြိမ်သွားမည် ဆိုပါက ပေါက်ဈေးအတိုင်း ဝယ်ရဲ ရောင်းရဲများဖြစ်သွားပြီး ဈေးနှုန်း ကျဆင်းသွားမည်မှာ မလွဲဧကန်ဖြစ်မည်ဟု ထင်ပါသည်။ ထို့ပြင် နှစ်ပေါင်း နှစ်ဆယ်လုံးလုံး မြန်မာကျပ်ငွေ ခိုင်မာလာသည် မရှိဘဲ မြန်မာငွေတန်ဖိုး ဆက်တိုက် ကျဆင်းခဲ့ရသည်မှာလည်း လူထုမှ မိမိ မြန်မာငွေအပေါ် ယုံကြည်မှု အားနည်းသဖြင့် ယခင် အတက်အကျ ဆိုးရွားစွာ မရှိခဲ့သည့် ဒေါ်လာငွေအပေါ် ပြောင်းလဲအားကိုး မှီခိုခဲ့ကြခြင်းသာ ဖြစ်ပါသည်။ ယနေ့အချိန် အမေရိကန်နိုင်ငံ၏ ဘဏ္ဍာရေး အကျပ်အတည်းပေါ် မူတည်၍ ကမ္ဘာတစ်ဝန်း ဒေါ်လာငွေတန်ဖိုး ကျဆင်းပြီး မြန်မာငွေတန်ဖိုး တက်မှုအပေါ် ထပ်မံ ကျဆင်းမသွားရန် ထိန်းသိမ်း ထားသင့်ကြောင်း ယူဆမိပါသည်။ ထိုသို့ ဒေါ်လာဈေးကျမှုကြောင့် သွင်းကုန် (Inport) သမားများမှ ပစ္စည်းများအား ကျဈေးဖြင့် ဝယ်ယူရပြီး သုံးစွဲသူသို့ ပြန်လည် ရောင်းချရာတွင်လည်း ကျဈေးအတိုင်းသာ ပြန်လည် ရောင်းချရမည်ဖြစ်သဖြင့် သုံးစွဲသူများအနေဖြင့် သက်သာသော ဈေးနှုန်းဖြင့်သာ လုပ်ငန်းခွင်သုံး ပစ္စည်းများ၊ အထွေထွေသုံး ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများအား ဝယ်ယူရရှိနိုင်မည် ဖြစ်ပါသည်။

 ဥပမာ လယ်သမားများအတွက် လယ်ယာ လုပ်ငန်းခွင်သို့ လယ်ထွန်စက်၊ စပါးခြွေလှေ့စက်၊ အင်ဂျင်စက်များ အပါအဝင် သွင်းအားစုများဖြစ်သည့် လောင်စာ၊ ဒီဇယ်ဆီ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး စသည်တို့မှာ အားလုံး ဈေးသက်သာစွာဖြင့်သာ ဝယ်ယူရရှိနိုင်သဖြင့် ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်များ လယ်သမားနှင့် စားသုံးသူ လူထုအတွက် အကျိုးအမြတ် ရရှိနိုင်သည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှာ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အားပြု ဆောင်ရွက်နေသည့် နိုင်ငံဖြစ်သည်နှင့် အညီ စက်မှု/ ဆောက်လုပ်ရေး အခြေခံ ဖြစ်သည့် သံထည် ကုန်ကြမ်းများကိုလည်း ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူ ထုတ်လုပ်နိုင်မှုကိုလည်း အဓိက စဉ်းစားရမည့် အချက်ဖြစ်ပါသည်။ သံထည် ကုန်ကြမ်း၊ သံချောင်း တစ်တန် ဈေးနှုန်းမှာ မူလတစ်တန်လျှင် ကျပ် ၈၀၀၀၀၀၀ ဝန်းကျင်ရှိရာမှ ယခု ဒေါ်လာဈေး ကျဆင်းမှုကြောင့် တစ်တန်လျှင် ကျပ် ၆၀၀၀၀၀ ဝန်းကျင်ဖြင့်သာ ဝယ်ယူ ရရှိနိုင်မည် ဖြစ်ပါသည်။ ဒေါ်လာငွေတန်ဖိုး ယခုထက်ထပ်မံ ကျဆင်းမည်ဆိုပါက သံကုန်ကြမ်း တစ်တန်လျှင် ကျပ် ၄၅၀၀၀၀ ဝန်းကျင်အထိ ရောက်သွားနိုင်ပြီး အခြေခံ သံထည် ကုန်ကြမ်းများ ဈေးပေါပေါဖြင့် ဝယ်ယူရရှိနိုင်မည် ဖြစ်ပါသည်။ စက်မှု အခြေခံ တိုးတက်ရန်အတွက် သံကုန်ကြမ်းများ ဈေးပေါပေါဖြင့် ဝယ်ယူရရှိနိုင်ပါက ကိုယ်ပိုင်နည်းပညာဖြင့် ပေါင်းစပ်ပြီး တန်ဖိုးမြှင့် စက်မှုကုန်ချော ပစ္စည်းများအား ဈေးသက်သက်သာသာဖြင့် ထိုက်တန်စွာ ပြည်သူလူထု လက်ဝယ်သို့ ပြန်လည် ဖြန့်ဖြူး ရောင်းချသွားနိုင်မည် ဖြစ်ပါသည်။

ဒေါ်လာဈေး ကျဆင်းနေချိန် ယနေ့အချိန်တွင် ပို့ကုန် (Export) သမားများ တွက်ခြေမကိုက်ဟု ညည်းညူ နေကြသော်လည်း အဆိုပါ တွက်ခြေမကိုက်သူများမှာ အဓိကအားဖြင့် ဆန်၊ စပါး၊ ပဲ ပို့ကုန်သမား အများစုသာ ဖြစ်ပါသည်။ ထိုသို့ ဆန်သမား၊ ပဲသမားများ ဒေါ်လာဈေးကျချိန်၌ ရောင်းရငွေ တန်ဖိုးနှင့် မကိုက်ဟု ဆိုသော်လည်း တစ်ဖက်မှ ကြည့်လျှင် ပြည်ပမှ ဝယ်ယူရသည့် သွင်းအားစု စက်ပစ္စည်း၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ဈေးနှုန်းများ ပြည်ပမှ မှာယူရသည့် စိုက်ပျိုးရေးသုံး အထောက်အကူပြု ပစ္စည်းများအား ဒေါ်လာကျဈေးနှုန်းဖြင့် ဝယ်ယူရမှု အခြေအနေတွင် မိမိမှ တစ်ဖက်သို့ ပြန်လည် ရောင်းချချိန်၌ ဈေးလျှော့ရရှိခြင်းမှာ ဘဲစားဘဲချေ ကာမိနိုင်မည် (Equalibirium) ဟု ယူဆပါသည်။နိဂုံးချုပ်အားဖြင့် ရေးသားဖော်ပြရလျှင် ဒေါ်လာဈေးနှုန်းကျ၍ မြန်မာငွေမာမှုအပေါ် နိုင်ငံ့ ဝန်ထမ်းများနှင့် နိုင်ငံ၏ လူဦးရေ ၇၆ ရာခိုင်နှုန်းခန့်ဖြစ်သော တောင်သူလယ်သမားများ အနေဖြင့်လည်း နစ်နာမှုမရှိဟု ယူဆပါသည်။ ယခုလက်ရှိ အစိုးရသစ်အား ဦးဆောင်သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံ့ ခေါင်းဆောင်ကြီးများ၏ ညီမျှသော အခွင့်အရေး၊ ကောင်းမွန်သော အုပ်ချုပ်မှု (Good Governance)၊ သန့်ရှင်းသော အစိုးရ (Clean Government) ဖြစ်ရန်ကြိုးစားနေသည့် အစိုးရသစ် လက်ထက်၌ မြန်မာကျပ်ငွေ ခိုင်မာမှုဆက်လက်အား ထိန်းသိမ်း သွားခြင်းဖြင့် မြန်မာနိုင်ငံ ပိုမိုဖွံ့ဖြိုး တိုးတက်ရေးဆီသို့ ရှေးရှုသွားနိုင်မည်မှာ မလွဲဧကန်ဖြစ်ပါကြောင်း အကြံပြု ရေးသား တင်ပြလိုက်ရပါသည်။

ဝတီ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...