နို့ဖိုးဒုက္ခသည်စခန်းက ကလေးတွေအတွက် စိန့်ဖရန့်စစ်က အကြွေစေ့လေးတွေ
လွန်ခဲ့သည့် ၃ လလောက်က ကျနော်နှင့် မျိုးမင်းအောင် ဖေ့စ်ဘွတ်ခ်တွင် ဆုံမိ၏။ စကားစမြည်ပြောရင်း သူဘယ်သူဘယ်ဝါ၊ ဘယ်မှာနေ ဘာတွေလုပ်တွေ တစတစသိလာ၏။
သူက ထိုင်းဗမာနယ်စပ် နို့ဖိုးဒုက္ခသည်စခန်း ပီအေဘီကျောင်းလေးက ကလေးတွေကို စာသင်နေ သည့်ဆရာ။ မိဘဆရအသင်းတွင် ဘဏ္ဏာရေး ရှာဖွေပေးရသူ။ အတွင်းသိ အစင်းသိဟု ဆိုရမည်ထင်၏။ ကျောင်းလေးနှင့်စပ်၍ သူပြောပြသမျှကို နားထောင်ရင်း စိတ်မောလူမောဖြစ်နေမည့် ဆရာဆရာမများ၊ မိဘများကိုစိတ်တွင်ထင်လာ၏။
ကျနော်ကိုယ်တိုင်လည်း ဒုက္ခသည်အဖြစ် ဖြတ်သန်းခဲ့သူဆိုတော့ သူတို့သောကကို ပိုစာနာမိတာလည်းပါမည်ထင်၏။ နို့ဖိုးပီအေဘီ ကျောင်းလေးက မျိုးမင်းအောင်အား ဘဏ္ဏာ ရှာဖွေသူအဖြစ် တာဝန်ပေးခြင်းမှာ အတော်လူရွေးကောင်းသည်ဟု ဆိုရမည်ထင်၏။ တဖွဲ့တနွဲ့ပြောတတ်သူ မဟုတ်သော်လည်း သူဘာလို ချင်၊ ဘာဖြစ်ချင်သည်ကို တိတိကျကျ ပြောတတ်သူဟု ထင်၏။
သို့ဖြင့် ကျနော်တဦးတည်းအနေနှင့် တတ်နိုင်သမျှ ကူညီမည်ဖြစ်ကြောင်း ကတိပေးလိုက်သော်လည်း ဘာမှမယ်မယ်ရရ မကူဖြစ်ခဲ့။ ထိုတလောတွင် ထွက်ရသည့်ခရီး နည်းနည်းစိတ်နေတာလည်း ပါ၏။ ကျနော် ဖို့ဝိန်း ပြန်ရောက်တော့ သူနှင့် အွန်လိုင်းတွင် စကားပြောဖြစ်ပြန်၏။ ကျနော်က သူ့အားစာရွက်စာတမ်း အထောက်အထားနှင့် ဓာတ်ပုံလေး တွေပို့ပေးနိုင်လျှင် ပိုကောင်းမည်ဟု ပြောလိုက်ဖြစ်၏။ သို့နှင့် သူက လိုအပ်မည့်အထောက်အထားနှင့် ဓာတ်ပုံလေးတွေပို့လာ၏။
သူ့ဆီက အထောက်အထားများနှင့် ဓာတ်ပုံလေးတွေ ရောက်မလာခင် တပတ်လောက်ကပဲ ဖို့ဝိန်းက စိန့်ဖရန့်စစ်ယူနီဗားစတီး (University of Saint Francis) နှင့် စီနီမာစင်န်တာ (Fort Wayne Cinema Center) တို့ပူးပေါင်း၍ ကျနော့်မှတ်တမ်း ရုပ်ရှင်ကားကို မြို့ခံ ပရိသတ်အား အခမဲ့ ၂ ပွဲ ပြပေး၏။ အောက်တိုဘာ ၁၃ ရက်နေ့တွင် စိန့်ဖရန့်စစ်မှကျောင်းသားများချည်း တပွဲထပ်ပြဖို့လည်း ရှိသေး၏။
စိန့်ဖရန့်စစ်နှင့် ကျနော်က ရေစက်ပါသလားမပြောတတ်။ ကျနော် အမေရိကားရောက်ပြီး ၂ လအတွင်းမှာပင် ကျနော့်အား "ဗမာပြည် လူ့အခွင့်အရေး အခြေအနေနှင့် ဘာ့ကြောင့် ဗမာပြည်သားတွေ ဒီကို ဒုက္ခသည်အဖြစ်ရောက်" ခေါင်းစဉ်ဖြင့် လာရောက် ဟောပြောပေးရန် ဖိတ်၏။ နောက်ပိုင်းလည်း မကြာမကြာဆိုသလို ဖိတ်၏။ ကျနော်လည်းသွား၏။ ထို့ကြောင့် ကျနော်နှင့် စိန့်ဖရန့်စစ်သည် မစိမ်းတော့။
စီနီမာစင်န်တာမှာ ပြတော့ တာဝန်ခံအမျိုးသမီးက လာကြည့်သူတွေကို "ဘာ့ကြောင့်ဒီကားပြ" ကို အကျဉ်းချုပ်လေး ရှင်းပြပြီး စေနာရှင်များ အနေဖြင့် ဒါနပြုလိုက ပြုနိုင်ကြောင်း၊ ရမည့်ငွေကို ဖို့ဝိန်းမြို့ရှိ ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသည့် အေဂျင်စီတခုခုအား လှူမည်ဖြစ် ကြောင်းပြောပြ၏။
ထိုအစီအစဉ်ကို ကျနော်ကြိုတင် သိမထား။ မသိလည်း ကိစ္စမရှိ။ သူတို့အစီအတွက် ကျနော့်မှာ ကန့်ကွက်စရာ ဘာ အကြောင်းမှလည်းမရှိ။ ကြိုဆိုပင်ကြိုဆိုအပ်၏ဟု ထင်သည်။ ပွဲပြီးတော့ ထုံးစံအတိုင်း ပရိသတ်နှင့် အမေးအဖြေ။ သည်လိုနှင့် ပွဲပြီးသွား၏။
မျိုးမင်းအောင် ပို့လိုက်သည့် ဓာတ်ပုံတွေကို ပြန်ကူး၊ စာရွက်စာတမ်းတွေ ပရင့်ထုတ်၊ ကာဗာအမာ ဖိုလ်ဒါလေးနှင့် ဓာတ်ပုံအယ်လ်ဘမ် လေးထဲထည့်။ ပြီးတော့ အဲဒါလေးတွေပြပြပြီး ဆန်ရင်းတွေကို ဖွပ်၏။ လူတိုင်းကိုလည်း မပြောချင်။ မပြောရက်။ ဒီကအခြေအနေကလည်း ကိုယ့် ဝမ်းနာကိုယ်သာသိ ဖြစ်၏။
လူ ၇ ဦးခန့် ဝိုင်းထည့်သဖြင့် ဒေါ်လာ ၂ဝဝ ကျော်လောက် ရလာ၏။ ကမ့်ထဲလှမ်းပို့မည်စိတ်ကူးပြီးမှ အကြံတခု ထပ်ရ၏။ အောက်တိုဘာ ၁၃ စိန့်ဖရန့်စစ်ပွဲတွင် ကျောင်းသားတွေဆီက အလှူခံကြည့်ရန်။ တာဝန်ခံ ပရော်ဖက်ဆာကို ကျနော့်စိတ်ကူး ပြောပြတော့ ဝမ်းပမ်းတသာ လက်ခံသည်။ ဓာတ်ပုံလေးတွေ ပို့ပေးပါ။ သူ ပါဝါပွိုင့်ဆလိုက်ရှိုးလေး လုပ်ထားမည်။
ကျနော့် ဟောပြောမှုအပြီးသတ် ခါနီးတွင် ဒုက္ခသည်စခန်းကကျောင်းလေးကိစ္စ ၅ မိနစ်လောက် စကားပြောပါ။ ပြောနေချိန်မှာ ဆလိုက်ရှိုးကို နောက်ခံအနေနှင့် ထိုးပြမည်။ ပြီးတော့ စီနီမာစင်န်တာတွင်ပြတုန်းက ကောက်ခံရထားသည့်ပိုက်ဆံကလေးကိုလည်း နို့ဖိုးကိုပဲ လှူဖို့ ဆုံးဖြတ်လိုက်သည် ဆို၏။ စိတ်ကူးနှင့် ဆုံးဖြတ်ချက်အတွက် ကျနော်လည်း ဝမ်းသာ၏။ ကျေးဇူးလည်း ကြိုတင်နေမိ၏။
အောက်တိုဘာ ၁၃ ရက် စိန့်ဖရန့်စစ်ကိုသွားတော့ အမေရိကန်မိတ်ဆွေတချို့နှင့် ဆုံ၏။ အတန်း ၂ တန်းက ကျောင်းသားများဖြစ်သဖြင့် လူတရာခန့် ရှိမည်ထင်၏။ ကျနော့်ကား Burma Soldier ကို ပြ၏။ ပြီးတော့ ထုံးစံအတိုင်းအမေးအဖြေ။ အမေးအဖြေပြီးတော့ ကျနော်က နို့ဖိုး ပီအေဘီကျောင်းလေးအကြောင်း ဆလိုက်ရှိုးပြပြီး အတိုချုပ်ပြောပြ၏။ ပွဲပြီးတော့ ကျနော်နှင့်စကားပြောလိုသူအချို့နှင့် စကားစမြည်ပြောပြီး ပြန်ကာနီးမှ တာဝန်ခံဆရာမ Katrina Boedeker က ပိုက်ဆံထည့်ထားသည့်စာအိပ်လေး ကျနော့်ကိုကမ်း၏။
ဘယ်လောက်ရမှန်း သူလည်းမသိ။ ကျနော် လည်းမသိ။ ကျေးဇူးတင်ကြောင်းပြောပြီး ပြန်အလာ လမ်းမှာကတည်းက ပိုက်ဆံတွေ ရေကြည့်ချင်နေ၏။ အိပ်ကြည့်လိုက်တော့လည်း ဖေါင်း ကားနေ၏။ အိမ်ပြန်ရောက်ရောက်ခြင်း အိပ်ကိုဖွင့်ပြီး စားပွဲပေါ်သွန်ချလိုက်တော့ အရင်ဆုံး ကျလာသည်က အကြွေစေ့များ။ တမတ်စေ့၊ ဆယ် ပြားစေ့တွေလည်းပါသည်။ ငွေစက္ကူတွေကလည်း တထပ်ကြီး။ တူရာတူရာတန်ဖိုးအလိုက် ထပ်လိုက်တော့မှ တဒေါ်လာတန်တွေက အများ ဆုံး။ ပြီးတော့ ၂ ဒေါ်လာ၊ ၅ ဒေါ်လာ၊ ၁ဝ ဒေါ်နှင့် အကြီးဆုံး အရွက်က ဒေါ်လာ ၂ဝ။ ကျောင်းသားတွေ မုန့်ဖိုးလေးတွေကနေ နိုင် သလောက်ထည့်လိုက်ကြတာပါလားဟုတွေးကာ စိတ်ထဲခံစားမှုတမျိုး ဖြစ်မိသေး၏။ ဘာလဲတော့မပြောတတ်။
ဒီနေ့ သူတို့လှူသည့်ငွေနှင့် စီနီမာစင်န်တာမှာ ရသည့်ငွေ ၂ ခုပေါင်းက ၅ဝ၇ ဒေါ်လာ။ ကျနော်တို့ ဇနီးမောင်နှံနှင့် ဆန်ရင်းတွေကို ဖွပ်လို့ရတာက ဒေါ်လာ ၂၆ဝ။ ပေါင်းတော့ ၇၆၇ ဒေါ်လာ။ ဘတ်ငွေနဲ့ လွှဲတော့ ၂သောင်း ၃ထောင် ၁၁၃ ဘတ် ပြား ၅၀ (၂၃၁၁၃.၅ဝ)။ တတ်နိုင်သူတွေအဖို့ ငွေ ၇ဝဝ ရာသည် မပြောပသော်လည်း နို့ဖိုးဒုက္ခသည်စခန်းက ကလေးတွေအတွက်တော့ အထိုက်အလျှောက် ကာမိထေမိမည်။
မျိုးမင်းအောင်နှင့် ဆရာတွေဆီ လှမ်းပို့ရင်း ကျောင်းတံဆိပ်တုံးလေး ထုပြီး ကျေးဇူးတင်စာကလေး ထုတ်ပေးပါဆိုတော့ လုပ်ပေး၏။ သို့နှင့် ဒါနလေးတခု မြောက်သွားတော့၏။ အမေရိကန်ကျောင်းသားလေးတွေ၏ မုန့်ဖိုးသည် ဒုက္ခသည်စခန်းက ဗမာပြည်သားကလေးငယ်တွေ အတွက် စာအုပ်၊ စာရေးကိရိယာနှင့် ကျောင်းသုံးပစ္စည်း.....။
မျိုးမြင့်ချို
အောက်တိုဘာ ၁၉ ၊ ၂ဝ၁၁
0 comments:
Post a Comment