Wednesday, October 26, 2011

လူထုအဖွဲ့အစည်းများနှင့် နိုင်ငံတော်အရေး

by Moenge Aung on Wednesday, October 26, 2011 at 12:26pm


The Voice Weekly Originally posted 18/10/2011 13:13PM

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရကာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု ဖြစ်လာခဲ့ချိန်မှစ၍ မြန်မာနိုင်ငံတွင် အခြေခံဥပဒေ သုံးရပ်ရှိခဲ့သည်။ ရှိခဲ့သည့် အခြေခံ ဥပဒေများမှာ စနစ်အခြေခံချင်း  တူညီမှု မရှိကြချေ။ အခြေခံစနစ် မတူညီသည့်အပေါ် ဖွဲ့စည်းအုပ်ချုပ်သည့် သမ္မတ နိုင်ငံများအဖြစ် ပေါ်ပေါက်လာခဲ့သည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် ၁၉၄၇ ခုနှစ် အခြေခံဥပဒေအရ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံမှာ အသွင်သဏ္ဌာန်အားဖြင့် ပြည်ထောင်စုဖြစ်ပြီး အနှစ်သာရအားဖြင့် တစ်ပြည်ထောင် အုပ်ချုပ်ရေးစနစ်ဖြစ် သည်။ နိုင်ငံရေး စနစ်အရ ပါလီမန်ဒီမိုကရေစီ စနစ်ဖြစ်သည်။ လွှတ်တော် နှစ်ရပ်ရှိသော်လည်း လူဦးရေကို အခြေပြု ရွေးကောက် တင်မြှောက်သည့် အောက်လွှတ်တော် (ပြည်သူ့လွှတ်တော်) က ပို၍ လုပ်ပိုင်ခွင့် ရှိသည်။ လွှတ်တော်အတွင်း၌ ကိုယ်စားလှယ်များအဖြစ် ပါတီတစ်ခုထက်ပို၍ အရွေးခံပိုင်ခွင့် ရှိသော်လည်း အမတ်ဦးရေ အများစုရ ပါတီက အစိုးရဖွဲ့ခွင့်ရသည်။
ကိုယ်စားလှယ် အများစုရ ပါတီမှာ အစိုးရ ဖွဲ့ခွင့်ရ၍ အုပ်ချုပ်ရေး အာဏာရရှိသည့်အပြင် မူရင်းလွှတ်တော် အမတ်များအဖြစ် ဆက်လက်ရပ်တည်ခွင့်ပါ ရရှိသဖြင့် ဥပဒေပြုရေး အာဏာပါ တစ်ချိန်တည်း ကျင့်သုံးခွင့်ရသည်။ အမတ်ဦးရေ အနည်းစုရပါတီက လွှတ်တော်တွင် အတိုက်အခံ အုပ်စုအဖြစ် အစိုးရအဖွဲ့၏ လုပ်ဆောင်မှုများအား အကဲခတ်၊ ဝေဖန်၊ကန့်ကွက် စသဖြင့် ပြုလုပ်ကာ ထိန်းကျောင်းရသည်။ အာဏာရပါတီ၏ နိုင်ငံရေးမှာ လွှတ်တော်အတွင်း မိမိတို့ပါတ၏ ရရှိထားသောအာဏာ (အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး) ဆက်လက် တည်တံ့ခိုင်မြဲရေး ကြိုးပမ်းအားထုတ်ခြင်းဖြစ်ပြီး အတိုက်အခံနိုင်ငံရေးပါတီမှာ မိမိတို့ လက်ဝယ် မရရှိသေးသော လွှတ်တော်တွင်း အာဏာရရရေး ကြိုးပမ်း အားထုတ်ခြင်းဖြစ်သည်။ သို့ဖြင့် ထိုခေတ် အခါကာလ၏ နိုင်ငံရေးပါတီများ၏ လုပ်ငန်းစဉ်များမှာ လွှတ်တော်တွင်း အများစု ကိုယ်စားလှယ် ရရှိရေးအတွက် ရွေးကောက်ပွဲများ၌ ပြည်သူလူထု၏ထောက်ခံမဲ အများစုရရှိရေး မဟာဗျူဟာ ချမှတ်လုပ်ဆောင်ခြင်း ဖြစ်သည်။

 မိမိပါတီ ထောက်ခံမှု အများစု ရရှိရေးအတွက် ပါတီအမာခံ အင်အားစုများ စုစည်းခြင်းမှာ ပါတီ၏ ပင်မနိုင်ငံရေး စည်းရုံးမှုဖြစ်သည်။  သို့ဖြင့် ပါတီစည်းရုံးရေးတွင် ပါတီအခြေခံ အဖွဲ့အစည်းများ အားကောင်းစေရန် စည်းရုံးခြင်း၊ မြန်မာနိုင်ငံ၏ လူဦးရေ အများစုဖြစ်သည့် တောင်သူလယ်သမား၊ ကျေးလက်နေ ပြည်သူများနှင့် မြို့နေ အလုပ်သမားများအတွင်း အမာခံ ပါတီအင်အားစုအဖြစ် လူထုအဖွဲ့အစည်းများ ဖွဲ့စည်းခြင်းမှာ ထင်ရှားသော စည်းရုံးရေး လမ်းစဉ်ဖြစ်သည်။ သို့ဖြစ်၍ ပါတီ၏ ဝါဒရေးစည်းရုံးမှုကို ခံယူသည့် အလုပ်သမား အဖွဲ့အစည်း၊  တောင်သူလယ်သမား အဖွဲ့အစည်း၊ လူငယ်နှင့် အမျိုးသမီးများ အဖွဲ့အစည်း၊ စီးပွားရေး ကုန်သွယ်မှု အဖွဲ့အစည်းစသည့်  လူထုလူတန်းစား အခြေပြုအဖွဲ့အစည်းများ ဖွဲ့စည်းလှုပ်ရှားခဲ့ကြသည်။ ဤသို့သော နိုင်ငံရေးစည်းရုံးမှု လက္ခဏာမှာ ထိုခေတ်အခါကာလ၏ နိုင်ငံရေးစည်းရုံးမှု ပုံသဏ္ဌာန်ဖြစ်ရာ အာဏာရ နိုင်ငံရေး ပါတီဖြစ်စေ၊ အာဏာလက်မဲ့ အတိုက်အခံ နိုင်ငံရေးပါတီ အသီးသီးတို့ကဖြစ်စေ လုပ်ဆောင်နေခဲ့ကြသည့် နိုင်ငံရေးစည်းရုံးမှု ပုံသဏ္ဌာန်ဖြစ်သည်။ ပုံသဏ္ဌာန်အရ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်စဉ်တွင် ပြည်သူလူထု၏ ပါဝင်ပတ်သက်မှုများ ရှိနေသည်ဟု ဆိုနိုင်သော်လည်း နိုင်ငံတည်ဆောက်ရေး ကိစ္စများတွင် ပြည်သူလူထု၏ နိုင်ငံရေး ဆင်ခြင်တုံတရားဖြင့် ပါဝင်လုပ်ဆောင်သည့် အဆင့်မြင့်နိုင်ငံရေး ဓလေ့အဖြစ် ယူဆရန် မသင့်လျော်လှချေ။ စင်စစ်အားဖြင့် ပြည်သူတို့၏ နိုင်ငံရေး ပါတီများအပေါ် အမြင်နှင့် တိမ်းညွတ်မှုမှာ ပုဂ္ဂိုလ်ရေး ကြည်ညိုမှုသို့မဟုတ် မနှစ်ခြိုက်မှုနှင့် တစ်ပွဲတိုး အပြောအဟော ကောင်းမွန်မှုအပေါ် ဘက်လိုက်မှု ကဲခြင်းကြောင့် ဖြစ်သည်။ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ၁၉၇၄ အခြေခံဥပဒေအရ မြန်မာနိုင်ငံကို ဆိုရှယ်လစ် နိုင်ငံအဖြစ် ထူထောင်ရန်ဖြစ်သည်။
 ဆိုရှယ်လစ်မူဝါဒ အခြေခံများအရ နိုင်ငံတော်ကို ဦးဆောင်ပါတီ တစ်ရပ်ဖြင့် ဖွဲ့စည်းဦးဆောင်ပြီး စီမံကိန်းစီးပွားရေးစနစ်ကို ကျင့်သုံးသည်။ နိုင်ငံရေးအရ ပါတီဦးဆောင်မှုကို ခံယူရပြီး စီးပွားရေးတွင် ဈေးကွက်အင်အားစုများ၏ အခန်းကဏ္ဍအား လက်မခံငြင်းပယ်သည်။ အခြေခံ ဥပဒေအရ ဦးဆောင်ဖွဲ့စည်းသည့် တစ်ခုတည်းသောပါတီ၏ ဦးဆောင်မှုကို ပြည်သူတစ်ရပ်လုံးက လိုက်နာရသည်။

တစ်နည်းအားဖြင့် ပြည်သူအားလုံး၏ ဘဝမှာ နိုင်ငံရေးဘဝအဖြစ် ခံယူရသည်။ ပါတီဦးဆောင်မှု၏ ပြင်ပတွင် နေထိုင်ခွင့်ရှိသည်ဟု ဆိုရသော်လည်း မိမိတို့၏ ပုဂ္ဂလိကဘဝ အာမခံချက်မရှိသည့် အပယ်ခံ လူတန်းစားတစ်ရပ် အသွင်ဖြင့်သာ ရပ်တည်နိုင်ခြင်းဖြစ်သည်။ ဤနည်းအားဖြင့် ပြည်သူတစ်ရပ်လုံးမှာ နိုင်ငံရေးအရ ပါဝင်ပတ်သက်မှုများစွာ ရှိသည်ဟု ဆိုရသော်လည်း ပါတီတွင်း ဒီမိုကရေစီ အသွင်သဏ္ဌာန်အဖြစ် ကျင့်သုံးသည့် စုပေါင်းခေါင်းဆောင်မှုဆိုသည်မှာ ပါတီ အထက်အဆင့်ဆင့်တို့၏ ညွှန်ကြားမှုကို လိုက်နာရခြင်းသာ ဖြစ်နေခဲ့သည်။ ပြည်သူ တစ်ရပ်လုံးမှာလည်း နိုင်ငံရေးဘဝတွင် မိမိတို့ ကိုယ်စားပြု လူထုလူတန်းစား အဖွဲ့အစည်းဝင် ဖြစ်ရသည်။ ဆိုရှယ်လစ် သဘောတရားအရ လူသားအားလုံးမှာ ကာယအား၊ ဉာဏအားအရ အလုပ်လုပ်ကြသူများဖြစ်၍ ပြည်သူတစ်ရပ်လုံး အလုပ်သမား လူတန်းစားချည်း ဖြစ်ကြရသည်။
 သို့သော် ဉာဏအားဖြင့် အလုပ်လုပ်ကိုင်ကြသူများမှာ အသိဉာဏ်ပညာ အတိုင်းအတာ မတူညီမှု၊ အသက်မွေးဝမ်းကျောင်း မတူညီမှု၊ ကိုယ်ပိုင် ပစ္စည်းပိုင်ဆိုင်မှု ပမာဏ ကွဲပြားမှုအပေါ်မူတည်၍ ဓနရှင်ပေါက်စများ ပညာတတ် လူတန်းစားများ စသည်ဖြင့် ထပ်မံစိတ်ဖြာထားသည်။ လူတန်းစား လက္ခဏာအပေါ် အခြေပြုကာ ပါတီဦးဆောင်မှုအပေါ် လက်ခံလိုက်နာရေးနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရမှု အတိုင်းအတာကို အကဲဖြတ် သတ်မှတ်သည်။ အထူးသဖြင့် ပညာတတ်များမှာ သဘာဝအရ အထက်မှ စေခိုင်းသမျှအပေါ် မျက်စိမှိတ်ယုံကြည် လက်ခံတတ်သူများ မဟုတ်ကြသဖြင့် ပါတီ အဖွဲ့အစည်း အဆင့်ဆင့်တွင် ပါတီဦးဆောင်မှု၏ ယုံကြည်စိတ်ချခံရသူများ ဖြစ်လေ့မရှိကြချေ။ ဤသို့ဖြင့် ဦးဆောင်ပါတီ၏ ယုံကြည်စိတ်ချရသည့် အမာခံ အင်အားစုမှာ ယေဘုယျအားဖြင့် ပညာအင်အားနည်းသူ၊ ကျိုးနွံသူ၊ အထက် အဖွဲ့အစည်းအလိုကျ တစ်သဝေမတိမ်း လုပ်ဆောင်တတ်သူများသာ နိုင်ငံရေးဘဝ တွင်ကျယ်မှု ရရှိကြသည်။ ဤလက္ခဏာကြောင်း သဘောတရားအရ စုပေါင်း ခေါင်းဆောင်မှုဟု ဆိုစေကာမူ လက်တွေ့ဘဝ၌ တစ်ပါတီ အာဏာရှင်စနစ် ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၂၀၀၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော အခြေခံဥပဒေအရ နိုင်ငံတော်ကို စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ် ကျင့်သုံးသည့် သမ္မတ နိုင်ငံတော်ဖြစ်လာပြီး သမ္မတအုပ်ချုပ်သည့် ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းသည်။ စီးပွားရေးမူဝါဒမှာ ဈေးကွက်စီးပွားရေး ဖြစ်သည်။

 နိုင်ငံတော်၏ အာဏာသုံးရပ်ဖြစ်သည့် အုပ်ချုပ်ရေး အာဏာအား နိုင်ငံတော်သမ္မတ၊ ဥပဒေပြု အာဏာအား ပြည်ထောင်စု လွှတ်တော်နှင့် တရားစီရင်ရေး အာဏာအား ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဟူ၍ သီးခြားစီ ခွဲဝေအပ်နှင်းထားသည်။ အာဏာသုံးရပ်မှာ တရားဥပဒေနှင့်အညီ အပြန်အလှန် ထိန်းကျောင်းမှုသာရှိ၍ လွှမ်းမိုးမှု မပြုနိုင်ချေ။ အုပ်ချုပ်ရေး အာဏာနှင့် ပတ်သက်၍ သမ္မတအား လုပ်ပိုင်ခွင့်များ အပ်နှင်းထားပြီးဖြစ်သည်။ မိမိအား အပ်နှင်းထားသည့် နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များအား အုပ်ချုပ်စီမံခန့်ခွဲရာ၌ ကဏ္ဍများအလိုက် တာဝန်ခွဲဝေပေးထားသည့် လက်ထောက်များ (ဝန်ကြီးများ)ဖင့် အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်သည်။ သမ္မတ ဦးဆောင်သည့် အုပ်ချုပ်ရေးအဖွဲ့ (အစိုးရအဖွဲ့) မှာ နိုင်ငံရေးပါတီ တစ်စုံတစ်ခု၏ သဘောတရားအပေါ် တိမ်းညွတ်မှု ရှိကောင်းရှိနိုင်သော်လည်း အဆိုပါ နိုင်ငံရေးပါတီ၏ မူဝါဒ လုပ်ငန်းစဉ်အတိုင်း လိုက်နာလုပ်ဆောင်ရန် မဟုတ်ချေ။ နိုင်ငံတည်ဆောက်ရေးအတွက် အရေးပါသည့် မူဝါဒလမ်းစဉ်နှင့် မိမိတို့ သက်ဆိုင်ရာ ကဏ္ဍအလိုက်လုပ်ငန်းများ ချမှတ် အကောင်အထည်ဖော် လုပ်ဆောင်ရာ၌ နားလည်ကျွမ်းကျင်သည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့ ဖြစ်ရသည်။ တစ်နည်းအားဖြင့် ပါတီအဖွဲ့အစည်း၏ ဦးဆောင်လမ်းညွှန်မှုကို ခံယူသည်ထက် မိမိ တစ်ဦးချင်းစီ၏ စွမ်းဆောင်မှု အရည်အချင်းအပေါ်ပို၍ အလေးထား ဂရုပြုရသည်ဟု ဆိုလိုရင်းဖြစ်သည်။ ဥပဒေပြုရေး အာဏာနှင့် ပတ်သက်၍ အစိုးရအဖွဲ့ကသာ မူလတင်သွင်းခွင့် ရှိသည့် စီမံကိန်းရေးရာ၊ နိုင်ငံတော် ရသုံးမှန်းခြေ ငွေစာရင်းနှင့် အခွန်ကောက်ယူခြင်း ကိစ္စမှလွဲ၍ ကျန်ရေးရာကိစ္စများအတွက် ဥပဒေကြမ်း တစ်ရပ် တင်သွင်းရာတွင် လွှတ်တော်ရေးရာ ကော်မတီများမှ တစ်ဆင့် လွှတ်တော် ကိုယ်စားလှယ်များက စတင်အရေးယူ ဆောင်ရွက်ရခြင်းဖြစ်ပေရာ ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးသည့် လွှတ်တော်များကဲ့သို့ အများစုပါတီ၏ အမြဲတစေ လွှမ်းမိုးမှု အခြေအနေမျိုး မရှိနိုင်တော့ချေ။

 လွှတ်တော်အတွင်း နိုင်ငံရေးပါတီတစ်ရပ်၏ မူဝါဒလွှမ်းမိုးမှုပုံစံမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းစီနှင့် လွှတ်တော်ရေးရာ ကော်မတီ အသီးသီးတို့၏ စွမ်းဆောင်နိုင်စွမ်း ရှိမှုတို့အပေါ်ရွေ့လာနေပြီဖြစ်သည်။ လူထု အဖွဲ့အစည်းများနှင့် နိုင်ငံတော်အရေး တိုင်းပြည်အရေး နိုင်ငံအရေး ဆိုသည်မှာ သာမန်ပြည်သူများ၏ ကိစ္စမဟုတ်၊ အစိုးရမင်းများနှင့် နိုင်ငံရေး အဖွဲ့အစည်းများ၏ ကိစ္စဟူသော အယူအဆမျိုး ယခုခေတ် ကာလတွင် နိုင်ငံအသီးသီးရှိ ပြည်သူတို့က လက်မခံကြတော့ချေ။ တစ်ချိန်က ပါတီဦးဆောင်မှုကို ရှေ့တန်းတင်ခဲ့ကြသည့် ပါတီကြီးစိုးသည့် နိုင်ငံများ၌ပင် နိုင်ငံအရေး၌ ပြည်သူလူထု ပါဝင်ပတ်သက်မှု အစီအစဉ်များ ပြုလုပ်လာခဲ့ကြသည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီး ပါလီမန် ဒီမိုကရေစီ ခေတ်တွင် နိုင်ငံရေးပါတီ အသီးသီးတို့၏ စည်းရုံးမှုဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့ကြသည်။ ထိုလူထု အဖွဲ့အစည်းများမှာ ဆိုခဲ့ပါ နိုင်ငံရေးဖြစ်စဉ်၌ ပြည်သူလူထု ပါဝင်ပတ်သက်ရေးအဖြစ် သာမန်အားဖြင့် ယူဆနိုင်သော်လည်း လက်တွေ့ဘဝတွင် ပါတီထောက်ခံသူများ၏ အသင်းအဖွဲ့ အသွင်လက္ခဏာ သာဆောင်ပြီး သက်ဆိုင်ရာ လူထုလူတန်းစား၏ အကျိုးစီးပွားနှင့် သဘောထား အမြင်များအား ကိုယ်စားပြု လှုပ်ရှားသည့် အဖွဲ့အစည်းမျိုး မဟုတ်ခဲ့ကြချေ။ လူထုအဖွဲ့အစည်းများ တည်ထောင်ဖွဲ့စည်းရာတွင် အများအားဖြင့် မိမိဆန္ဒအလျောက် ပါဝင်စုစည်းခြင်း ဖြစ်သော်လည်း အာဏာရပါတီ၏ စည်းရုံးမှုဖြင့် ဖွဲ့စည်းမှုမျိုးဖြစ်၍ ရှိပြီးအစိုးရ၏ အရေးတယူ အားပေး ထောက်ခံမှုရ အဖွဲ့အစည်းများ ဖြစ်ကြသည်။
 ၁၉၇၄ ခုနှစ်မှစ၍ တည်ထောင်ခဲ့သည့် မြန်မာဆိုရှယ်လစ် စနစ်ခေတ်တွင် ပါတီဦးဆောင်သည့် နိုင်ငံရေးစနစ်အရ ဗဟိုမှ စီမံကိန်းချ စီးပွားရေးစနစ် ကျင့်သုံးခြင်းဖြစ်ရာ အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု၊ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းများအားလုံးမှာ နိုင်ငံတော်ပိုင် လုပ်ငန်းများအဖြစ် လုပ်ကိုင်ရပေရာ ထိုလုပ်ငန်းများ ရွက်ဆောင်ရသည့် ပြည်သူလူထု တစ်ရပ်လုံးမှာ ပါတီဦးဆောင်မှုခံယူရသည့် အလုပ်သမား လူတန်းစားများ ဖြစ်လာကြသည်။

တောင်သူလယ်သမားများမှာလည်း မြေယာကို ပုဂ္ဂလိကပိုင်ဆိုင်မှုမရှိဘဲ နိုင်ငံတော်ကပိုင်ဆိုင်သည့် မြေယာများအပေါ် လုပ်ပိုင်ခွင့် ရရှိသူများသာ ဖြစ်ကြသည်။ ကုန်ထုတ်လုပ်မှု အလုပ်သဘောအရ သီးခြားဖြစ်နေသည့် တောင်သူလယ်သမားများကိုသာ တောင်သူလယ်သမား အဖွဲ့အစည်းအဖြစ် စည်းရုံးဖွဲ့စည်း၍ ကျန်လုပ်သား ပြည်သူတစ်ရပ်လုံးအား အလုပ်သမားများအဖြစ် စည်းရုံးဖွဲ့စည်းသည်။ အလုပ်မလုပ်ကိုင်ကြသေးသည့် ကျောင်းသားလူငယ်များကို လူငယ်အဖွဲ့အစည်းနှင့် မိမိကိုယ်ပိုင် အနုပညာလုပ်ငန်း လုပ်ကိုင်ကြသူ စာပေ၊ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု စသည်တို့ကို လုပ်ငန်းအလိုက် စည်းရုံးဖွဲ့စည်းသည်။ မည်သို့ပင် စုစည်းသည်ဖြစ်စေ ဖွဲ့စည်းသမျှ အစုအစည်း အသင်းအဖွဲ့အားလုံး ပါတီဦးဆောင်မှုကို ခံယူရသည်ချည်း ဖြစ်သည်။ မိမိဆန္ဒအလျောက် အဖွဲ့ဝင်ဖြစ်နိုင်ခွင့် ရှိသည်ဆိုသော်ငြားလည်း ဦးဆောင်ပါတီ၏ စည်းရုံးသိမ်းသွင်းမှုကို ငြင်းဆန် ရန်ဆိုသည်မှာ မဖြစ်နိုင်သည့် ဘဝပေး အခြေအနေ ဖြစ်သည်။
 သို့ဖြစ်၍ မြန်မာ့ဆိုရှယ်လစ် စနစ်အောက်၌ အသွင်သဏ္ဌာန်အားဖြင့် နိုင်ငံတော်အရေး၌ ပြည်သူတစ်ရပ်လုံး ပါဝင်ပတ်သက်မှု ရှိပါသည်ဟု ဆိုသော်လည်း ပြည်သူလူထု၏ သဘောထားအမှန်ကို ထင်ဟပ်ခြင်းကို ကိုယ်စားပြုခြင်းထက် ဦးဆောင်ပါတီ၏ လမ်းညွှန်မှုကို တစ်သဝေမတိမ်း လိုက်နာလုပ်ဆောင်ရခြင်းသာ ဖြစ်နေခဲ့သည်။ ယနေ့ကာလတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အာဏာသုံးရပ်မှာ လုပ်ပိုင်ခွင့်များခွဲဝေထားကာ အပြန်အလှန် ထိန်းကျောင်းမှုပြုသည့် သမ္မတ အုပ်ချုပ်ရေးစနစ် ဖြစ်သည်။ သမ္မတ အုပ်ချုပ်သည့် စနစ်ဖြစ်၍ အစိုးရဆိုသည်မှာ ပြည်သူ့ရေးရာ ဝန်ဆောင်မှု လုပ်ငန်းများကိုသာ အဓိက ရှေးရှုလုပ်ဆောင်ရခြင်းဖြစ်ပြီး နောက်တစ်ကြိမ်မဲ အများစု ရရှိရေးကို ရည်ရွယ်ကာ ပြည်သူလူထုအကြား နိုင်ငံရေးစည်းရုံးရေး လုပ်ဆောင်ရန် မလိုအပ်ချေ။ သို့ဖြစ်၍ လွှတ်တော်က အစိုးရအဖွဲ့ကို မေးမြန်းသည့် မေးခွန်းများ၊ တင်သွင်းသည့် အဆိုများနှင့် ဥပဒေကြမ်းများသည် လည်းကောင်း၊ အစိုးရ၏ လုပ်ဆောင်ချက်များသည်လည်းကောင်း ပြည်သူလူထု၏ အကျိုးစီးပွား ကိုယ်စားပြုရေးတို့မှာ အချက်အချာကျသည့် အရေးကိစ္စများ ဖြစ်လာသည်။ အဆိုပါ အချက်အချာကိစ္စများ ဖြစ်ပေါ် တိုးတက်ရေးအတွက် ပြည်သူတစ်ရပ်လုံးက စောင့်ကြည့်အကဲခတ်ရန် ဖြစ်သည်။ ဤသို့ စောင့်ကြည့် အကဲခတ်ရန်မှာ နိုင်ငံတော်၏ အရေးကိစ္စများတွင် ပြည်သူလူထု စိတ်အားတက်ကြွစွာ ပါဝင်လာရန် လိုအပ်လာသည်။

 အဆိုပါ လိုအပ်ချက်အရ ပြည်သူများ၏ အကျိုးစီးပွား ကိုယ်စားပြုလူထုအဖွဲ့အစည်းများ အသီးသီး ဖွဲ့စည်းတည်ထောင်လုပ်ကိုင်ရန် လိုအပ်လာသည်။ မြန်မာနိုင်ငံ လူဦးရေ၏ ရာခိုင်နှုန်းအများစုမှာ ကျေးလက်နေပြည်သူ တောင်သူလယ်သမားဖြစ်ကြရာ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးကိစ္စများ ရွက်ဆောင်ကြရာတွင် ကျေးလက်ပြည်သူများ၏ အကျိုးစီးပွားကို အဓိက ရှေးရှုစဉ်းစားကြရန် ဖြစ်သည်။ သို့ဖြစ်၍ တောင်သူလယ်သမားများနှင့် လုပ်သားပြည်သူများကိုယ်စားပြု လူထုအဖွဲ့အစည်းများ တည်ထောင်ဖွဲ့စည်းကာ အာဏာပိုင် အဖွဲ့အစည်းများ၊ ဥပဒေပြု အဖွဲ့အစည်းများနှင့်ဆက်သွယ်၍ အပြန်အလှန် အထောက်အကူပြုလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရန် လိုအပ်သည်။သို့ရာတွင် လူထုအဖွဲ့အစည်းဆိုသည်မှာ လွတ်လပ်သော အဖွဲ့အစည်း၊ မိမိဆန္ဒအလျောက် စုစည်းတည်ထောင်သော အဖွဲ့အစည်း၊ မိမိလူထုလူတန်းစား အလွှာနှင့် ပတ်ဝန်းကျင် အကျိုးစီးပွားကို ရှေးရှု့သည့် အဖွဲ့အစည်းဖြစ်ရန် လိုအပ်သည်။ တစ်နည်းအားဖြင့် ရှေးယခင်ကာလများက ရှိခဲ့ဖူးသော ပါတီနိုင်ငံရေး အဖွဲ့အစည်း တစ်စုံတစ်ခု၏ လမ်းညွှန်မှုကို ခံယူလိုက်နာရသော အဖွဲ့အစည်းမျိုးမဖြစ်ရန်  အာဏာလက်ရှိအစိုးရ၏ အလိုကျလိုက်နာရသည့် အဖွဲ့အစည်းမျိုး မဖြစ်စေရန် သတိပြုရမည် ဖြစ်ပါသည်။ အခြေခံ ဥပဒေသစ်၏ သမ္မတ အုပ်ချုပ်ရေးစနစ်အရ အစိုးရမှာ ပြည်သူ့ရေးရာ ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရသည့် အဖွဲ့အစည်းဖြစ်၍ နိုင်ငံရေး၊ စည်းရုံးရေး လုပ်ငန်းများ ဒွေးရောယှက်တင်ပြုလုပ်ရမည့် အဖွဲ့အစည်း မဟုတ်ဆိုသည်ကိုလည်းကောင်း၊ တောင်သူလယ်သမား၊ အလုပ်သမားနှင့် အခြားသော သက်မွေးဆိုင်ရာ၊ ပညာရပ်ဆိုင်ရာ၊ လူမှုရေးဆိုင်ရာ စသည့် အမျိုးမျိုးသော လူထုအဖွဲ့အစည်းများမှာ မိမိတို့ ကိုယ်စားပြုသည့် လူထုလူတန်းစား အလွှာ၏ အကျိုးစီးပွားအတွက် နိုင်ငံတော်၏ အရေးကိစ္စများတွင် တက်ကြွစွာ ပါဝင်ခြင်းဖြင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးဆိုင်ရာ နိုင်ငံတော်အဖွဲ့အစည်းများနှင့် လွတ်လပ်စွာ ဆက်သွယ်ေ ဆာင်ရွက်ကြသည့် အဖွဲ့အစည်းများ ဖြစ်ကြသည် ဆိုသည်ကိုလည်းကောင်း ရှင်းလင်းစွာ သဘောပေါက်ကြရန် အရေးကြီးပေသည်။

 နိုင်အောင်ဝင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...