Sunday, October 2, 2011

ခြင်းကြားမှတ်စု

by May Kyi on Monday, October 3, 2011 at 11:35am
 
၁။         ခင်းကြားတို့ တက္ကသိုလ်ရောက်တဲ့ ( ၁၉၃၂-၃၃ ) ခုနှစ်ကမှ စပြီး “တက္ကသိုယ်နယ်မြေ” ရယ်လို့ သီးခြားရှိခဲ့တယ်။ အစကတော့ တက္ကသိုလ်ဟာ မြို့ထဲမှာပဲရှိခဲ့တယ်။ အင်းယားဆောင်ကနေပြီး ကျောင်းတက်ရင် နောက်ဖေးလမ်းကလေးက မပြီးတတ်သေးတော့ အင်းဝဆောင်နားက ဘေးပေါက်က နေပြီး သွားခဲ့ရတယ်။ အညာသူတွေဆိုတော့ ဖဲထီးဆောင်းလေ့မရှိ။ နေပူတယ်ဆိုပြီး အသွားမှာလဲ မိုးကရွာချလိုက်တော့ ဖဲပိုးလုံချည်ကလေးများဟာ ၀ါတပိုင်း နီတပိုင်း ဖြစ်သွားတော့တာပေါ့။ အင်းဝဆောင်မောင်မောင်တို့က “၀ါတယ်နီတယ် ဖက်ရှင်လားကွယ် အညာသူတစုတို့ရယ်” လို့ ရေခြားမြေခြားသံနဲ့ သြဘာပေးခံခဲ့ရတာဟာ ခြင်းကြားတို့လူစုပင်။



၂။         အင်းယားဆောင်တွင် ထိုနှစ်က လူပေါင်း (၅၈) ယောက်သာရှိ၏။ ညဘက်တွင် အောက်ဖက်စင်္ကြန်၌ လူသွားလျှင် နောက်က လူလိုက်ဟူ၍လည်းကောင်း တစ္ဆေ လိုက်လာသည် ထင်၍ မသွားရဲကြ။ အချင်းချင်းကိုပင် အခန်းလွတ်ထဲကနေ၍ ရှဲရှဲ၊ ရှပ်ရှပ်၊ တောက်တောက် ဟူ၍ ချောက်ရာ စာကျက်ချိန်ဖြစ်၍ မခေါ်ပဲ သုတ်ခြေတင် သွားကြသည်မှာလည်း သတ္တိစမ်းသည် တမျိုးပင်။


၃။         မီးထွန်းပွဲ ကျင်းပတဲ့ သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ပွဲအချိန်များတွင် အင်းယားဆောင်ရှိ လူမျိုးခြား ကပြားမကလေးများကလည်း ခြင်းကြားတို့ထက်ပင် ပျော်ကြသေး၏။ မီးပုံကူ၍ ချိတ်ပေးကြ၏။ ဖယောင်းတိုင် များ ကူ၍ ညှိကြ၏။ အကြောင်းသော်ကား ညဖက် မီးထွန်းပွဲကြည့်ရန် ခြင်းကြားတို့ ဗုဒ္ဓဘာသာမိန်းကလေးများနှင့်အတူ သူတို့ပါ လိုက်လိုကြ၏။ အင်းယားဆောင်အဆောင်မှုးများသည် အားလုံးအပျိုကြီး များကြောင်း အဆောင်မှုးက ယောင်္ကျားပါမောက္ခ တဦးဦးကို ဦးဆောင်စေ၍ အင်းယားသူတို့ကို ယောင်္ကျားကလေးအဆောင်များသို့ မီးပွဲ လှည့်လည်ကြည့်ရှုရန် ခေါ်စေရာ သူတို့ကလည်း သူတို့အကြောင်းကလေးတွေ အကြောင်းလတ်တွေနှင့် လိုက်ပါဆင်နွဲလိုကြသည်မှာ အဆန်းမဟုတ်ပေ။


၎။         ခြင်းကြားတို့နှစ်များတွင် အယ်လ်မောင်တော၊ အီးစီကိုကို၊ ဆရာပျိုငြိမ်း၊ မောင်မောင်သန်း၊ ဟယ်ရီဖိုးစော၊ မစ္စတာရာရှစ်၊ ကိုသိန်းတန်ကြီး(ပညာ)၊ ကိုသိန်းတန်ကလေး(ယဉ်ကျေး)၊ ကိုဇော်ဝင်း(တောင်ကြီး)၊ သာဒွန်းညို (တောင်ကြီး)၊ မောင်မောင်(စိုဗစ်ကြီး) ကိုကျော်ညွှန့်(စိုဗစ်ကြီး) တို့ကား မင်းသားကြီးများ ဖြစ်ကြ၏။ တယောက် တမျိုးစီ အက်တင်ခံကြ၏။ ဧည့်ခေါင်းလောင်းထိုးသော်လည်း ဧည့်ခန်းမှမထွက်လျှင် သူတို့၏ ထီးများကို ဂိတ်ပေါက်တွင် ချိတ်ထားပြီး စ ရသည်မှာ ပျော်စရာကြီးပင်။


၅။         ယခုပါမောက္ခဖြစ်နေသော အမျိုးသမီးကြီးတဦးက တညတွင် စာကျက်ရင်း အိပ်ငိုက်၍ ထပြီး မျက်နှာသစ်၏။ သူ ၀တ်ထားဆင်ပုံမှာ ကတ္တီပါစိမ်းပြာနုနု ကုတ်အကျီရှည် အရောင်မကျွတ်တကျွတ်မှာ ခါးစည်းတဲ့ကြိုးစနှစ်စမှာ နောက်တည့်တည့် တွင် တွဲလွဲကြနေတော့၏။ အိမ်ကိုလွမ်း၍ မိုးရွာလျှင် ငိုတတ်သော ကျောင်းသူ သစ်လွင် ၂ ယောက်ကို ခေါ်၍ ပိုလားဘဲ( POLAR BEAR)  ကြည့်မလားမေးတော့ “ဘယ်မှာလဲ” “လိုက်ခဲ့” ဟု ဆိုပြီး လက်ညှိုးကို နှုတ်ခမ်းတွင်ပိတ် ခြေဖျားထောက်ထွက်ခဲ့ပြီး “ဟိုမှာကြည့်စမ်း” ဟု ပြလိုက်ရာ ခါးစည်းကြိုး လှုပ်လှုပ်လှုပ်လှုပ် တင်နှစ်လုံးက ချာဝိုင်းချာဝိုင်း၊ သွားတိုက်သွားပွတ်တံ ကိုင်ထားတဲ့ လက်တံက လွှ တိုက်သလို ရှေ့ထိုးနောက်ဆုတ်နှင့် တကိုယ်လုံး လှုပ်လှုပ်ခါနေသည်ကို တွေ့တဲ့ ကလေးနှစ်ယောက်မှာ အခန်းထဲသို့ ပြေးဝင်ပြီး ရယ်ပါလေတော့၏။



၆။         တက္ကသိုလ်ဘောလုံးအသင်းက နိုင်လာပြီဆိုမှဖြင့် အင်းယားဆောင်ရှေ့ကိုလာပြီး “ဗာစီတီက နိုင်လို့လာ၊ အင်းယားသူတွေဆီးလို့ကြိုလိုက်၊ အားပေးစကားလေး တခွန်းနှစ်ခွန်း မသိန်းဝါရဲ့ ၀ါဝါရဲ့” လို့အော်ကြတော့ ၀ါဝါက “တို့တက္ကသိုလ်အသင်းကလူတော်တွေချည်းဘဲကွ” ဟု ပြောလိုက်ရာ ကျောကုန်းပိုးလာတဲ့ Nerille Hill ကိုပေါက်ချလိုက်ရာ ကံကောင်းလို့ မသေတယ်။ ခြင်းကြားတို့မှတ်မိတဲ့ ဘောသမားတွေကတော့ ကံညွှန့်၊ ရုပ်ကွင်း၊ မောင်ဝင်း၊ လှဖေ တို့ပါဘဲ။


၇။         အခါတပါး ဆရာကတော်တယောက် နေမကောင်ဘူးဆိုလို့ သွားမေးပါတယ်။ ၀မ်းနှုတ်ဆေးသောက်ထား တာကိုလဲ မေ့နေသပေါ့။ ဆရာ့အိမ်က အပြန်ကျတော့မှ ဆေးက အကြောင်းပြလေတော့ ဆရာ့အိမ်ကိုပဲ ပြန်ပြေးရတာပေါ့။
ဟိုကျတော့ ဒေါက်တာထင်အောင်က “ ဟဲ့… နင်တို့ ဘာဖြစ်လာကြတာလဲ အပြေးအလွှားနဲ့ ..” လို့ မေးတော့ ခြင်းကြားတို့ လူစုက “ ဆရာကော မိုးမလင်းသေးဘူး ည၀တ်ဘောင်းဘီကြီးနဲ့ ဒီအိမ်ကို ဘာလာလုပ်တာလဲ” “ ဟ- ငါ့အိမ်ကို ငါက ဘယ်ကနေပြီး လာရမှာလဲ၊ ကောင်မလေးတွေ တော်တော်နောက်တယ်” “ဟင်- ဒါ ဆရာဦးမြင့်အိမ်မဟုတ်ဘူလားဆရာ” “နင်တို့ အိမ်မှားဝင်လာပြီ ဟိုဘက်မှာ… ကာဖီသောက်ပြီးမှ သွားကြ”  “တော်ပါပြီ ဆရာ့အဆက်လဲ မပါပါဘူး” ဟု ပြောပြောဆိုဆို ပြေးထွက်ခဲ့ကြရတော့၏။


၈။         R.D 44 ပိုင်ရှင် “ရှေးရေစက်” သီချင်းကို အလွန် ချစ်စရာကောင်းအောင် ဆိုတတ်သော အမျိုးသမီးချော ပီယံနိုကို တဖက်ကမ်းခပ်အောင် တီးနိုင်သော “မြကလေး”ကို ယနေ့တိုင်တွေ့နိုင်သေးသော ယူနီဗာစီတီရိပ်သာမှာ နေပါသည်။ သိလိုသူ စုံစမ်းပါ။


၉။         မှတ်မိသေးတာ တခုကတော့၊ ခြင်းကြားတို့ကို အင်္ဂလိပ်စာသင်တဲ့ ကုလားဆရာတယောက် သင်တာ “နားမလည်ဘူး” လို့ ညည်းညူကြလွန်းလို့ ကိုလှရွှေ(မန်းတက္ကသိုလ်) ကခေါင်းဆောင်ပြီး ပါမောက္ခဆီ သွား၍ ဆရာထင်းဆီ အတန်းတွင် နားထောင်လိုကြောင်း သွားပြောကြ၏။ ပါမောက္ခ Pearn က “ဘယ်ဆရာလဲ”  “ဆရာဂျန်ဘို”
ဟု တညီတညာတည်းပြောရာ ပါမောက္ခက ဒေါသရောင်လွှမ်းသော မျက်နှာဖြင့် “ဂျန်ဘို” ဆိုတာကုလားကို ဆင်ကိုခေါ်တာ။ သူ့နာမည်က “ဂျဘူနာသန်” မှတ်ထားကြ။ မဟုတ်တာမခေါ်နဲ့ ဟု မှာလိုက်၏။ တပတ်ကြာမှ အခန်းပြောင်းခွင့် ရပါတော့သည်။


၁၀။       “ပထ၀ီဆရာ အဗျာဗျာစ္ဆာ ၊ စာမေးချင်တာစ၊ အနားမလာတာက၊ ဒို့ဒုက္ခာ” ဟု မကျယ်တကျယ် ရွတ်မိ၏။ အကြောင်းသော်ကား ဆရာ့ရုပ်ရည်ရူပကာက မခေ။ ဒါဂျီလင်ပြန် ကပြားမ သုံးယောက်ကလဲ ပဂေး။ သူတို့ပဲ မေးလိုမဆုံး၊ တပြုံးပြုံးနဲ့၊ ဂမုန်းခိုင်ဖြစ်နေလေတော့ စိတ်ညစ်ပြီး Practical စာရွက်ကိုလိပ်ပြီး နှဲမှုတ်သလို မှုတ်လိုက်ရာ “ဘယ်သူလဲ” ဟုမေးရာ ကိုထွန်းရင်(ပညာ)က မလုပ်နဲ့ဟ၊ စိတ်ဆိုးသွားပါအုန်းမယ်ဟု ပြောသေး၏။ ရိပ်မိဟန်တူ၏။ ဆရာ ခြင်းကြားတို့ဘက်ကို စကြာ ဖြန့်ခဲ့ပေပြီ။ သို့သော် နှဲမှုတ်သူမှာ ခြင်းကြားမှန်း သူ သိမသွားချေ။ တော်သေး၏။


၁၁။       ကြွေရုပ်ကလေးလို ဖြူဖြူဖိုင့်ဖိုင့် လှပျိုဖြူ သူငယ်ချင်း အတန်းသားတယောက်က သမိုင်းဂုဏ်ထူး “S” ကျောင်းသား တယောက်နဲ့ စင်္ကြန်မှာ စကားပြောပြီး အတန်းထဲ ၀င်လာတာ နောက်ကျလို့ ရှက်တာနဲ့ မျက်နှာကို လက်ကိုင်ပုဝါနဲ့ အုပ်ပြီးဝင်လာတော့ မောင်ထွန်းလင်း(စိုဗစ်)က “ ကာ အမ်းမယ်၊ ဒို့အတန်းသားတွေကိုတော့ ရှက်နေလိုက်တာ၊ အင်းဝဆောင်က မှန်ပြောင်းနဲ့ကြည့်လို့ရတဲ့ နေရာမှာတော့ စကားပြောနေပြီးတော့ ငါက “Ass” (မြည်း)လို့ အော်ပြီး နာမည်ခေါ်လိုက်ရင် ဟုတ်ပေ့ဖြစ်သွားမယ်” ဟု ကြိမ်းသည်ကလဲ အတန်းသားတို့ အခွင့်အရေးပေပင်။


၁၂။       ခြင်းကြားတို့ အင်းယားသူများသည် ရွှေတိဂုံစေတီတော်တွင် တနင်္ဂနွေနေ့တိုင်း ညောင်ရေးအိုးများကို သွား၍ဆေးသော ကုသိုလ်ကို ယူခဲ့ကြ၏။ တနံနက်သော် သူငယ်ချင်းဖြစ်သူ မိမိခင်က သူ့မျက်ခုံးမွှေးခဲတံပျောက်၍  “ ဟေ့ မိခြင်း ခဲတံတချောင်း ပေးစမ်းအေ” ဆိုသဖြင့် အိပ်ငိုက်ငိုက်နှင့်ပင် ရှာ၍ ပေးလိုက်ပါ၏။ ဘုရားကုန်းတော်ပေါ်တွင် နေရောင်ဖြာတော့မှ မိမိခင် မျက်ခုံးမွှေးအညိုကို ၀ိုင်းရယ်ကြလေသော် ရေရေလည်လည် အဆဲခံခဲ့ရသူမှာ အခြားသူမဟုတ် ခြင်းကြားပင် ဖြစ်လေ၏။


၁၃။       ခြင်းကြားတို့ မြန်မာစာ ဆရာ လင်းကြီးသည် ဘုန်းကြီးလူထွက် ပီသစွာ စာသင်လျှင် တလုံးမကျန် ရှင်းပြတတ်၏။ အမြဲတမ်းလဲ ချောင်းဆိုး၏။ စာတလုံး ခေါ်မည်ကြံလျှင် ပါးစပ်ကို “၀” သဏ္ဌန် ၀ိုင်းပြီး ချောင်းဆိုးပျောက်ဆေးငုံဆေးလုံးကို ပါးစပ်တွင် ပစ်ထည့်ပြီး နှုတ်ကို လက်ကိုင်ပုဝါနှင့်သုတ်၊ ကုလားထိုင်ကို တောင်ရှည်ပုဆိုး ခါးပုံစနှင့် ပုတ်၊ ပြီးမှ ရေပက်မ၀င်အာင် သင်လေတော့၏။ စာပိုဒ်ရှင်းပြီတိုင်း ပြီးတိုင်း “မှတ်ထားကြကွဲ့နော် တပည့်တို့ …. အဟမ်း ” ဆိုပြီး မျက်နှာ အောက်စိုက်၍ မျက်မှန်အပေါ်မှ ကြည့်၍ ပြောလေ့ရှိသည်မှာ ဆရာလင်း ဆရာပွားတို့၏ သင်နည်း၊ မျက်မှန်တတ်လျက်နှင့် မျက်မှန်တခြား မျက်စိတခြား ကြည့်နည်းများပင်တည်း။



၁၄။       အင်္ဂလိပ်စာ ကထိကများထဲတွင် ဆရာ အယ်လ်ထင်းဆီ အတန်းက ဂျိမ်းစဘွန်းကားများ တင်ထားသောရုံများ၌ လူစည်သလောက် စည်ကားသည်ကို ထောက်ရှုလော့။ အလွန် ပျင်းရိစရာကောင်းသော Hazlitt Essays ဟူသော စာကိုပင် Pickwick Papers လောက် ရယ်ရအောင် သင်နိုင်သတတ်။ ရိုမီရိုနှင့်ဂျူးလယက် စာပေပြဇာတ်သင်ရာ ရိုမီရို ပြောသလိုပြောပြီး “ ဆရာကတော့ သူ့လိုမသေဘူး” ဟုပြောရာ အလွန် ပွဲကျလေတော့၏။ အက်တင် အပြည့်ပင်။
 

၁၅။       အီကို ကထိကဆရာ ဆော်လမုံကား ဆရာထင်းဆီတို့နှင့် ပြဒါးတလမ်း သံတလမ်းပင်။ သူ ဘောင်းဘီဝတ်ထားသည်ကို မော့၍ပင် မကြည့်ရဲပါ။ ဘောင်းဘီကကြပ်ကြပ် အပေါ်ကုတ်အကျီ်ကို ကြယ်သီး အကုန်တတ်ထားတော့  ခွ ခေါင်းအုံးကြီး ၂ ခုကို စုစီးပြီး အပေါ်က ဘုရားပွဲတော်တွင် ရောင်းသော “ဘိုးဝ” ရုပ် တင်ထားတာ ကြည့်ပေတော့။



၁၆။       အင်းယားဆောင်တွင် ညိုမြ၏ အမတော်စပ်သူအဖြစ် ဖြင့် နေရသည်မှာ ဘေးကြပ်နံကြပ်ပင်။ ညီမပုပု လဲ ဒုက္ခ တခု။ သူက စာပေးခိုင်း၊ ညီမက မပေးရဲလို့ သူကကြိမ်း၊ သူငယ်ချင်းများက ရန်ထောင်။ အခုမှဘဲ သူ့ရဲ့ အိမ်ရှင်မဖြစ်သူ မယ်တက္ကသိုလ် က ဆုံးမလို့ ငြိမ်သွားတော့တယ်။ စားသောက်မကောင်းလျှင် အမကြီး ပင်ပန်းတယ်ထင်ရင် ခင်သန်းနွယ် လာအောင် စောင့်အုန်း စီစဉ်ပေးမှာပေါ့ ဟု မစားရ မစားရ ၀ခမန်း ပြောတတ်သည်မှာ နွဲ့ဆိုး ညိုမြ ပင်ဖြစ်၏။


၁၇။       ခြင်းကြား ကျောင်းထွက်စ အင်္ဂလိပ်မ ရာထူးကြီးကြီးကတော်တယောက် ကို မြန်မာစာ သွားရောက် သင်ကြားပေး၏။ တနေ့သော် အစ်ကိုတယောက်က ကားငှား၍မရသဖြင့် မြင်းလှည်းဖြင့် လာ၍ ကြိုလေတော့၏။ ခြင်းကြားတို့အဖို့မှာကား မြင်းခွာသံ ခြူသံမှာ မဆန်းပေ။ ထို ဘိလပ်သူမက ခြင်းကြားထံမှ ခွင့်တောင်းပြီး ထ၍ ကြည့်ရာ ခြင်းကြားလဲ ထ၍ လိုက်သွား၏။ လက်စသပ်တော့ အစ်ကိုခေါ်လာသော မြင်းလှည်းမှာ ချုသံ ခွာသံ တချွမ်ချွမ် ရပ်ကွက် သောင်းသောင်းညံ ဖြစ်သွားလေတော့၏။ ကျွန်မက ဂျွန်ဂီလ်းပင်းတို့ လူသိုက်မှတ်လို့ ဟု ရယ်စရာပြောသေး၏။ မြန်မာ့မြင်းလှည်းကို သူတို့တစု အဆောင်အယောင်နှင့် ထွက်၍ ကြည့်ပြီး ရှုခင်းသာလေတော့၏။


၁၈။       ခြင်းကြားသည် အင်းယားဆောင်တွင် နေစဉ်က မီးဖိုချောင်တွင် ဟင်းစာရင်းပေးအဖွဲ့ကို ဖွဲ့စည်း တည်ထောင်ခဲ့၏။ ထိုသို့ ၀င်၍ စွက်ဖက်မိသော ကုသိုလ်အဟုန်ကြောင့်ပင်လေ၊ အဆောင်မှုး၏ ကျိန်စာသင့်၍ပေလော၊ ဆုတောင်းပင် မှားခဲ့သလော မပြောတတ်ပေ။ ယနေ့တိုင်ပင် ထမင်းချက်နေရသော ဆရာမအဖြစ်ဖြင့် အသုံးတော်ခံနေရပါသေးသည် မိတ်သင်္ဂဟအပေါင်းတို့။


၁၉။       ဒေါ်သိန်းညွှန့် (အင်းယား) အမှုးပြု၍   ဤမှတ်စုဖြင့် ရှေးခေတ်ဟောင်းကို မှန်ပြောင်းတပ်၍ ကြည့်နိုင်ကြ ပါစေသောဝ် သူငယ်ချင်းဟောင်းတို့


ရှေးကအင်းယားမှ - ခြင်းကြား
( ၁၉၇၀ ခုနှစ် ဒီဇင်ဘာ ရန်ကုန်တက္ကသိုလ် နှစ် ငါးဆယ်ပြည့် မဂ္ဂဇင်း မှ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...