အလွမ်း .. မီး .. အိမ်
အခုတလော
ခံနိုင်ရည်ဆိုတဲ့ စကားလုံးအကြောင်း အပြန်ပြန်အလှန်လှန် စဉ်းစားနေမိတယ်။
လူတယောက်မှာ ခံနိုင် ရည်ဆိုတာ ရှိပါတယ်။ ခံနိုင်ရည်ရှိတာထက်ကို ဘယ်သူမှ
မကျော်လွန်နိုင်ပါဘူး။ တချို့တလေ သိပ်နည်းတဲ့အရည်အ တွက်ကတော့
ခံနိုင်ရည်အမြင့်ဆုံး ရှိကြပါတယ်။ အဲဒီလူတွေကိုတော့ သက်လုံကောင်းသူတွေလို့
သတ်မှတ်ကြပါတယ်။ ကျမ ခံနိုင်ရည်ကောင်းသူတွေကို အားကျခဲ့ဖူးပါတယ်။ ဒါပေမဲ့
ကျမကိုယ်တိုင်ကတော့ ထင်သလောက်ခံနိုင်ရည် မရှိပါ။
ကျမဘ၀မှာ မခံစားနိုင်လောက်တဲ့ အတွေ့အကြုံတွေရှိခဲ့ပါတယ်။ ဥပမာ စစ်ကြောရေးတုန်းကပေါ့။ ကျမနဲ့ ထောက် လှမ်းရေး အခြေအတင်ပြောကြပါတယ်။ အဲဒီအကြောင်းအရာက ကျမတို့ တန်ဖိုးထားတဲ့ အရာတွေနဲ့ သက်ဆိုင်ခဲ့ပါ တယ်။
ကျမဟာ ဒေါသမထိန်းနိုင်သူတဦးဖြစ်တယ်ဆိုတာကို အဲဒီအခြေအနေမှာ ကိုယ့်ကိုကိုယ် တွေ့ရှိသွားခဲ့ဖူးပါတယ်။ ကျမက ဒေါသကိုထိန်းပြီး လေအေးလေးနဲ့ ဆွေးနွေးနိုင်ခဲ့ချင်တာပါ။
ဒုတိယအချက်ကတော့ ထောင်ကျသွားတဲ့ ကျမကို ခံနိုင်ရည်မွေးဖို့ အဖေ့ဆီက စာတစောင်ရခဲ့တုန်းကပါ။ အဲဒီအချိန်က ကျမရဲ့ စိတ်တွေမတည်ငြိမ်တဲ့ အချိန်ပါ။ ထောင်ကျကာစအချိန်၊ မိသားစုအခြေပျက်မှာကို အရမ်းစိုးရိမ်နေချိန်၊ ကျမ ဖေဖေက “သမီးရေ…အပြင်ကလူတွေအတွက် ဘာမှ စိတ်ပူမနေနဲ့ သူတို့မှာ ထမင်း ၂ နပ် ရှာစားခွင့်ရှိတယ်။ နေမကောင်း ရင် ဆရာဝန်ဆီ သွားခွင့်ရှိတယ်။ သမီးက ထောင်ထဲက ကျွေးတာတွေကိုစားနေရတဲ့ အချိန်၊ နေမကောင်း ရင် ဆရာဝန်ထံက ကုသမှုတွေ ရဖို့ ခက်နေတဲ့ အချိန်မှာ ခံနိုင်ရည်အားကို သက်လုံအဖြစ်မွေးထားပါ၊ ကိုယ့်ရဲ့ ကြောက်စိတ်ကြောင့် ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဒုက္ခပေးသူ ဘယ်တော့မှ မဖြစ်ပါစေနဲ့” လို့ ဖေဖေက ရေးပေး ခဲ့တာပါ။ တကယ်တော့ အဖေ့ရဲ့ စာကြောင့် ကျမ မျက်ရည်မကျချင်ပေမဲ့ မျက်ရည်တွေစီးကျခဲ့လို့ ကျမကိုယ်ကျမ ပျော့ညံသူတဦး ဖြစ်တယ်ဆိုတာကို လက်ခံခဲ့ရဖူးပါတယ်။
ကျမ ထောင်သက်တမ်း ၆ နှစ်ကျော်မှာ တိုက်ပွဲတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီတိုက်ပွဲတွေမှာ ဘာကြောင့် ပါခဲ့တာ လည်းလို့ ကျမကို မေးခဲ့ရင် စုပေါင်းအင်အားဆိုတာကို ယုံကြည်တဲ့အတွက် ပါခဲ့တာပါလို့ ကျမ ရဲရဲဝံ့ဝံ့ ပြောရဲပါတယ်။ ကျမ သက်လုံကောင်းလွန်းလို့တော့ မဟုတ်ပါ။ တိုက်ပွဲတွေကြောင့် ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတာကို သိခဲ့ပေမဲ့ စုပေါင်းအင်အားနဲ့ ဖြေရှင်းနိုင်ခဲ့ရင် အဆိုးဆုံး ဖြစ်ရပ်တွေကနေ ရှောင်ရှားနိုင်ခဲ့တဲ့ သာဓကတွေကြောင့်လည်း ဖြစ်ပါ တယ်။
ကျမ ဖေဖေတို့ ၆၂ မျိုးဆက်တွေထဲမှာ တချို့က ထောင်တွေမကြာခဏကျပေမဲ့ အလံမလှဲသူတွေ အများကြီးရှိခဲ့ပါ တယ်။ ထောင်ဆိုတာ သူတို့ဘ၀မှာ ဒုတိယအိမ်လို့တောင် ခေါ်နိုင်ခဲ့တာပဲလေ။ သူတို့ကတော့ သက်လုံကောင်းခဲ့သူ တွေပဲပေါ့။ ကျမ ဖေဖေလို ခံယူချက်မျိုးနဲ့ မျိုးဆက်သစ်တွေကို ပျိုးထောင်လိုသူတွေလည်း တွေ့ရပါတယ်။ အတွင်း စည်းက ၀င်တိုက်ရမည်ဆိုတဲ့ ခံယူချက်နဲ့ တပ်ထဲဝင်သွားခဲ့တဲ့ သူတွေလည်း အများကြီးရှိခဲ့ပါတယ်။ အဲဒီလူတွေထဲက မှ ပြန်တိုက်ဖို့ အားထုတ်ခဲ့သူက ဗိုလ်ကြီး အုန်းကျော်မြင့် တယောက်ထဲပဲ ပေါ်လာခဲ့ပါတယ်။ကျန်သူတွေဘယ်ရောက် သွားခဲ့ပါသလဲ။ ဒီအဖြေကို အားလုံးသိကြပါလိမ့်မယ်။ ပျောက်သွားခဲ့သူတွေဟာ သက်လုံမကောင်းတဲ့ သူတွေပဲဖြစ် ပါလိမ့်မယ်။ ကိုယ်ပိုင်အတွေးအခေါ်ကို ရှင်သန်အောင် ဆက်လက် မမွေးမြူနိုင်ခဲ့သူတွေလည်း ဖြစ်ပါတယ်။
နောင်မျိုးဆက်တွေထဲက မှတ်မှတ်ရရ ကျမခင်ပွန်းရဲ့ မိတ်ဆွေတယောက် ရှိခဲ့ပါတယ်။ သူက ပုသိမ်သားဖြစ်ပြီး ဒဿ နိက ဗေဒဘာသာရပ်ကို သင်ယူနေရင်းက အတွင်းစည်းက ၀င်တိုက်ဖို့ ဆုံးဖြတ်ချက်ချပြီး စစ်တပ်ထဲ ၀င်ခဲ့ပါတယ်။ သူတပ်ထဲရောက်ပြီးနောက်ပိုင်းမှ ၈၈ အရေးတော်ပုံကြီးပေါ်လာတော့ သူ့နဲ့ ပတ်သက်တဲ့ မိတ်ဆွေတွေက သူ့အပေါ် မျော်လင့်ချက် ထားခဲ့ပါတယ်။ အုပ်တချပ်မဖြစ်လောက်ရင်တောင် သဲတပွင့် ဖြစ်မှာပဲဆိုတဲ့ မျော်လင့်ချက်နဲ့ပါ။ ၈၈ အရေးတော်ပုံကြီးနောက်ပိုင်းမှာ သူငယ်ချင်းတွေ ပြန်ဆုံဖြစ်ကြတော့ လက်ဖက်ရည်ဆိုင်မှာ စကားပြောရင်းက သူ့ရဲ့ ခံယူချက်အပြောင်းအတွက် စိတ်ဆတ်တဲ့ ယင်းမာ ကိုရဲက မီးချောင်းနဲ့ ထရိုက်တဲ့အထိ ဖြစ်သွားခဲ့တာပါ။အတွင်းစည်း ထဲက တိုက်ဖို့ ဆိုရင်တော့ ဗိုလ်ကြီးအုန်းကျော်မြင့်လို သက်လုံကောင်းဖို့၊ ကိုယ်ပိုင်ခံယူချက် ခိုင်မာဖို့တော့လိုပါတယ်။ ကျမတို့လို သက်လုံမကောင်းတဲ့ သူတွေအတွက် အာမခံဖို့ခက်တာကြောင့် ကျမ အတွင်းစည်းထဲဝင်ဖို့ ဘယ်တော့မှ မစဉ်းစားခဲ့ပါဘူး။
ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း ပါဝင်ခဲ့သူတွေကတော့ ပြတ်သားတဲ့ လမ်းကြောင်းကိုပဲ ရွေးချယ်ကြပါတယ်။ သူတို့က ထောင်တွေထဲရောက်တဲ့အထိ စစ်အစိုးရကို ပြတ်ပြတ်သားသား အာခံခဲ့ကြပါတယ်။ စစ်ကြောရေးတွေမှာ ကိုယ့်ရဲ့ယုံကြည်ချက်ကို ပြတ်ပြတ်သားသား ပြောနိုင်ခဲ့တဲ့လူက အများစုပါ။ နိုင်ငံရေးအကျဉ်းသားတွေကို အမိန့်ချတဲ့ တရားသူကြီးတွေက အပြစ်ရှိလားလို့ မေးတဲ့ မေးခွန်းကို အများစုက မရှိပါဘူးလို့ ပြန်ဖြေခဲ့ကြတဲ့ သူတွေများပါတယ်။
ဒါပေမဲ့ အားလုံးကတော့ ခိုင်မာသူတွေ မဟုတ်ပါဘူး။ အဲဒီထဲမှာ အကြောင်းအမျိုးမျိုးနဲ့ မခိုင်မာသူတွေလည်း ပါလာခဲ့ ပါတယ်။ ၁၉၉၆ ခုနှစ်က နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်ကို နှစ်တိုးလိုက်တဲ့ ကိစ္စရဲ့ အဓိက ပါဝင်ပတ်သက်ခဲ့သူဟာ နိုင်ငံရေးအကျဉ်းသား တဦးပဲဖြစ်ခဲ့တာပါ။ သူ့ကို စစ်အစိုးရက ထောင်ဒဏ် ၅၁ နှစ်ကို သီးခြားစီ ကျခံစေခဲ့တာပါ။ သူ့ ရဲ့ အမှုတွေက သီးခြားစီတွေဖြစ်လို့ ဘယ်လိုလွတ်ငြိမ်းချမ်းသာခွင့် ကိုမှ မခံစားခဲ့ရပါဘူး။
ဒါကြောင့်လည်း ထောင်ထဲ အနေကြာလာချိန်မှာ သူ့ရဲ့ ခံနိုင်ရည်အား ကျဆင်းလာခဲ့ပုံရပါတယ်။ ခံနိုင်ရည် ကျဆင်းနေ ချိန်မှာ သူ့ရဲ့သမီးက ၁၀ တန်းစာမေးပွဲကို ထူးထူးချွန်ချွန်အောင်မြင်ခဲ့ပြီး ဆေးတက္ကသိုလ် တက်ခွင့်ရလာပါတယ်။ အ ပြင်မှာ ကျန်ခဲ့တဲ့ ဇနီးသည်ကိုလည်း သူက သံသယတွေထားလာပါတယ်။ ဒီအခြေအနေကို သိနေတဲ့ ထောင်အရာရှိ တွေက သူ့ကို အသုံးချလိုက်ပါတယ်။ ထောင်ထဲက သတင်းဆက်သွယ်ပေးပို့်တဲ့ ပုံစံတွေ၊ သတင်းတွေကို ဘယ်လို ဘယ်ပုံ ရလာတယ်ဆိုတာတွေ၊ စာအုပ်စာတမ်းတွေ ဘယ်လိုထားတယ်။ ဘယ်လိုသွင်းတယ်။ ဘယ်လိုထုတ်တယ် ဆိုတဲ့ လျှို့ဝှက်ချက်တွေ ဖော်ပေးရင် သူ့ကို လွှတ်ပေးမယ်လို့ ပြောတော့ သူက လွတ်ချင်တဲ့ ဆန္ဒနဲ့ ပြောပြခဲ့တာ ကြောင့် နိုင်ငံရေးအကျဉ်းသားတချို့ နှစ်တိုးသွားခဲ့ရပါတယ်။ တကယ့်အဖြစ်မှန်မှာတော့ သူလည်း အခုထိ လွတ် မြောက်လာခြင်း မရှိသေးပါဘူး။
ကျမရဲ့ အတွေ့အကြုံအရ ထောင်မကျခင်ကရော ထောင်ကနေလွတ်လာပြီးမှရော ထောက်လှမ်းရေးတွေနဲ့ ဆက်ဆံခဲ့ ရပါတယ်။ ကျမ ထောင်မကျခင်က နယ်မြေခံထောက်လှမ်းရေးဆိုသူက ကျမအိမ်ကို မကြာမကြာလာတတ်ပြီး အိမ်မှာ ရှိနေတဲ့ ကျမရဲ့ မိဘတွေနဲ့ စကားလာပြောတတ်ပါတယ်။ အဲဒီထောက်လှမ်းရေးက စကားအတော်ချိုပြီးတော့ သူ့ရဲ့ တူမအရွယ်၊ သမီးအရွယ်ဖြစ်တဲ့ ကျမတို့ လူငယ်တွေကို သူ့အနေနဲ့ ကြီးပွားစေလိုတဲ့ အကြောင်းတွေပေါ့လေ။ ကျမရဲ့ ဖခင်ကတော့ ထောက်လှမ်းရေးတွေရဲ့ အကြောင်း နောကြေနေသူဆိုတော့ သူတို့ကို စကားလည်းမထောက်ပါဘူး။ မေးတခွန်း ဖြေတခွန်း လောက်ပဲဆက်ဆံပါတယ်။ အဲဒီအချိန်က ကျမသာ အခွင့်အရေးတစုံတရာကို တောင်းခဲ့ရင် ကျမကို သူတို့ဘက်က လုပ်ပေးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျမဆီကနေ သူတို့လိုချင်တဲ့ သတင်းတွေနဲ့ ကျမရဲ့ နိုင်ငံ ရေး ဂုဏ်သိက္ခာကို ၀ယ်ယူသွားမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ နိုင်ငံရေးလောကမှာ လှုပ်ရှားနေတဲ့ လူငယ် အတော်များများလည်း ကျမလို ကြုံခဲ့ကြရပါတယ်။ သက်လုံမကောင်းနိုင်သူတွေကတော့ လမ်းတ၀က်မှာပဲ ပြတ်ကျန်ခဲ့ ကြရပါတယ်။
ကျမ ထောင်ကနေလွတ်ပြီး နောက်နေ့မှာ နယ်မြေခံ ထောက်လှမ်းရေး ရောက်လာပါတယ်။ ကျမကို အကူအညီလိုရင် ပြောဖို့နဲ့ ထောင်ထဲမှာ ဘယ်လိုအခြေအနေတွေရှိလည်း ဘယ်သူတွေကျန်နေသေးလည်း ဆိုတာကိုတွေကို လာမေး တာလို့ ပြောပါတယ်။ ကျမ ထောင်ကနေလွတ်လာချိန်မှာက ထောင်ထဲကို ICRC ၀င်နေချိန်ဖြစ်လို့ ဘာမှ မလိုဘူးလို့ ကျမက ပြောလိုက်ပါတယ်။ ထောက်လှမ်းရေးကဆက်ပြီး ကျမဘာတွေလုပ်မယ်လို့ စိတ်ကူးလည်းမေးတော့ ကျမက မြန်မြန်ပြတ်သွားအောင် ကျမ ဘာမှ လုပ်ဖို့ စိတ်မကူးဘူးလို့ပဲ ဖြေလိုက်ပါတယ်။ ကျမ ထောင်ကနေလွတ်ပြီ ၂ လ အ ကြာ ဗြူတီးမဂ္ဂဇင်းမှာ ၀င်လုပ်တော့ ကျမကို ထောက်လှမ်းရေးက တော်တော်တင်းသွားပါတယ်။ ဖြစ်ချင်တော့ အဲဒီ မဂ္ဂဇင်းရဲ့ အယ်ဒီတာအဖွဲ့မှာရော၊ စာရေးတဲ့ စာရေးဆရာတွေရောက အများအားဖြင့် နိုင်ငံရေးအကျဉ်းသားဟောင်း တွေ၊ နိုင်ငံရေးနဲ့ ဆက်စပ်သူတွေ ဖြစ်နေတာကြောင့်ရော ထုတ်ဝေသူခင်မျာ ဖိအားပေးခံရပါတော့တယ်။
ဒီအတောအတွင်း ကျမထံကို ထောက်လှမ်းရေးတွေနဲ့ ပတ်သက်နေသူတဦးက မကြာမကြာ လာရောက်လည်ပတ်ပြီး ကျမကို ထောက်လှမ်းရေးတွေထံကနေ နှောင်ကြိုးမဲ့ အကူအညီတွေတောင်းဖို့ လောဆော်ပါတော့တယ်။ ကျမ က တော့ စိတ်မ၀င်စားဘူးလို့ပဲ ငြင်းပယ်လိုက်ပါတယ်။ အဲဒီလိုငြင်းပယ်လိုက်နိုင်တာက ကျမ သိပ်သက်လုံကောင်းနေလို့ မဟုတ်ပါဘူး။ မိသားစုအခြေအနေအရ ကျမကို ထောက်ပံပေးနေနိုင်သေးလို့ပဲ ဖြစ်ပါတယ်။ ထောင်ကလွတ်လာပြီး တော့မှ မိသားစု ရပ်တည်ဖို့ခက်ခဲလွန်းလို့ ထောက်လှမ်းရေးရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံလိုက်ရသူတွေအများကြီး ရှိနေခဲ့ပါတယ်။
အခုလည်း သမ္မတဦးသိန်းစိန်ရဲ့ ကမ်းလှမ်းချက်ကိုလက်ခံပြီး အိမ်ပြန်သူတွေကို တွေ့နေရပါတယ်။လတ်တလော အိမ် ပြန်ကြသူတွေ၊ အိမ်ပြန်လိုသူတွေမှာ တချို့က စီးပွားရေးအရသော်၎င်း၊ နိုင်ငံရေးအရသော်၎င်း လက်ဦးမှု ရလိုသူတွေ ပါသလို၊ တချို့က ရောက်နေတဲ့ နေရာမှာ ရပ်တည်ဖို့ အခက်အခဲရှိနေသူတွေလည်း ပါမယ်ထင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အရင်ဝင်နှင့်သူတွေရဲ့ တွေ့ဆုံမေးမြန်းခန်းတွေကို ဖတ်ရတာ စိတ်မသက်သာစရာတွေတွေ့နေရပါတယ်။
တနေ့က မျက်နှာသိရုံလူတယောက်က အမတို့ ပြန်ဝင်သင့်တယ်၊ သူတို့တော့ ပြန်ဝင်တော့မယ်လို့ ဆိုလာပါတယ်။ ကျမကတော့ ဘာမှ သူ့ကို မတုန့်ပြန်ခဲ့ပါဘူး။ ဘာကြောင့်ပဲဝင်ဝင်ပေါ့လေ၊ ကိုယ့်အတွက်ကြောင့် ကိုယ်ယုံကြည်ခဲ့တဲ့ နိုင်ငံရေးလမ်းကြောင်းကြီး တခုလုံး မသွေဖီနိုင်ဘူးဆိုတာ သေချာရဲ့လားဆိုတဲ့ မေးခွန်းတခုကို ထပ်ပြန်တလဲလဲ ပြန် မေးဖို့တော့ လိုအပ်ပါလိမ့်မယ်။ ကျမရဲ့ ယုံကြည်ချက်ကတော့ ကျမ သက်လုံကောင်းသူ တဦးပဲဖြစ်ချင်တာကြောင့် ကျမရဲ့ ခိုင်မာမှုပျက်စီးသွားမည့် ဘယ်လိုလုပ်ရပ်မျိုးကိုမဆို ရင်မဆိုင်တာ အကောင်းဆုံးလို့ ခံယူထားပါတယ်။
ကျမတို့ အိမ်ပြန်မည့် အချိန်ဆိုတာက ကျမတို့ရဲ့ ယုံကြည်ချက်တွေကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မဲ့ နှောင်ကြိုးမဲ့ တဲ့ အိမ်ပြန်ခြင်းမျိုးကိုပဲ စောင့်မျှော်နေတာပါ။ အဲဒီနေ့ကိုရောက်ရင် ကျမတို့ရဲ့ မိခင်နိုင်ငံရင်းကို ပျော်ပျော်ရွှင်ရွှင်ပြန် တဲ့ ဇာတ်သိမ်းမျိုးကိုပဲပေါ့။
ခင်ငြိမ်းသစ်
photo by .. http://redtreetimes.com/page/93/

0 comments:
Post a Comment