Tuesday, October 11, 2011

သုံးကမ္ဘာနှင့် ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံ

by Save Irrawaddy on Monday, October 10, 2011 at 11:55pm


(ဘုန်းထက်ဝင်း)
မြန်မာနိုင်ငံကို နိုင်ငံတကာအသိုင်းအဝိုင်းက ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအဖြစ်လည်းကောင်း၊ အာဏာပိုင်စနစ်မှ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်း နေသည့် နိုင်ငံတစ်ခုအဖြစ်လည်းကောင်းရှုမြင်ကြသည်ကို နိုင်ငံတကာ မီဒီယာ အသိုင်းအဝိုင်း၏ တင်ပြချက်များအရသိရသည်။ ကိုလိုနီအုပ်ချုပ်ရေးစနစ်မှ လွတ်လပ်ကာစ ကာလတုန်းက မြန်မာနိုင်ငံ သည် အာရှတိုက်တွင် ဖွံ့ဖြိုးတိုးတက်မှုရှိရန် အလားအလာအကောင်းဆုံးနိုင်ငံတစ်ခု ဖြစ်ခဲ့လေသည်။ သို့သော် ပြည်တွင်း စစ်ဒဏ်ကို အလူးအလိမ့် ခံခဲ့ရသည့်အတွက်ကြောင့် ဖွံ့ဖြိုးရေးသစ်ပင်မှာ ဆက်လက် ရှင်သန်မှုမရှိခဲ့ပေ။ သို့နှင့် စစ်တပ် အာဏာသိမ်းအပြီး တော်လှန်ရေးကောင်စီ၏ ဆိုရှယ်လစ် စီးပွားရေးစနစ်၊ ထိုနောက် တစ်ပါတီအာဏာပိုင်စနစ်နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ စီးပွားရေးစီမံခန့်ခွဲမှု အမှားများကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာအဆင်းရဲဆုံး နိုင်ငံစာရင်းဝင်သွားခဲ့လေသည်။
၁၉၉၀ နောက်ပိုင်း အခြေခံအဆောက်အအုံ (စီးပွားရေး) ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ သော်လည်း အပေါ်ထပ်အဆောက်အအုံဖြစ်သော နိုင်ငံရေးမှာ အာဏာပိုင်စနစ်ဖြစ်ခဲ့ခြင်း၊ ခေါင်းဆောင်ပိုင်း၏ အာဏာပါဝါ တိုက်ပွဲများ၊ အမြင်မတူညီမှုများကြောင့်  အမှန်တကယ် ဖွံ့ဖြိုးတိုးတက်မှုကို မရရှိခဲ့ပါ။ ယခုအချိန်ထိတိုင် ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်နေသော၊ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဖြစ်နေသော မြန်မာနိုင်ငံအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခု ဖြစ်ရန် ကြိုးစားလျှောက်လှမ်း ဖြတ်သန်းရာဝယ် ကိုယ့်ရှေ့က ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံများ(အထူးသဖြင့် အရှေ့အာရှနိုင်ငံများ)၏ ဖွံဖြိုးရေး အတွေ့အကြုံများမှာ အတုယူဖွယ် ကောင်းပါသည်။
၂၀ ရာစုမှစတင်၍ ကမ္ဘာပေါ်တွင် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နှင့် အာဏာပိုင် အုပ်ချုပ်ရေးစနစ်ဟူ၍  အုပ်ချုပ်ရေး စနစ် ၂ ရပ် ထွန်းကားလာ ခဲ့သည်။ အမေရိကန်၊ ဂရိတ်ဗြိတိန်တို့မှာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို စနစ်တကျ ကျင့်သုံး သောနိုင်ငံများ ဖြစ်လာပြီး စတာလင်ဝါဒီ ရုရှား၊ ဖက်ဆစ်ဝါဒီ အီတလီ၊ ဂျပန်နှင့် နာဇီဝါဒီ ဂျာမနီတို့မှာ အာဏာပိုင် အုပ်ချုပ်ရေးစနစ်များ ဖြစ်လာကြသည်။ သို့နှင့်

ထိုအုပ်ချုပ်ရေးစနစ်မတူညီသည့် အုပ်စုနှစ်စု၏ အားပြိုင်မှုကြောင့် ပထမ ကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်တည်းဟူသော အနိဋ္ဌာရုံ စစ်ပွဲကြီးများကို ဖြစ်ပေါ်စေခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် မဟာမိတ်များအနိုင်ရပြီး၊ ဝင်ရိုးတန်းနိုင်ငံများ ရှုံးနိမ့်သွားသော်လည်း သဘောတရားရေး အယူအဆ မတူညီသည့် နိုင်ငံများနှင့် စုပေါင်းထားသည့် အုပ်စုကြီးသုံးခု ပေါ်ထွန်းလာပြီး စစ်အေးလှုပ်ရှားမှုအသွင်ဖြင့် အာဏာပါဝါ အရေးအတွက် ဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။
ယင်းအုပ်စုကြီးသုံးခုကို သုံးကမ္ဘာအယူအဆဖြင့် တင်ပြခဲ့သူမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖခင်ကြီး တိန့်ရှောင်ဖိန် ဖြစ်ပါ သည်။ ယင်းသုံးကမ္ဘာမှာ အရင်းရှင်စနစ်ကျင့်သုံးသော နိုင်ငံများကို ပထမကမ္ဘာ၊ ကွန်မြူနစ် စနစ် ကျင့်သုံးသော နိုင်ငံများကို ဒုတိယကမ္ဘာနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများကို တတိယကမ္ဘာဟု အဓိပ္ပယ်ဖွင့်တင်စားခဲ့လေသည်။ ၎င်းသုံးကမ္ဘာကို စီးပွားရေးအရရော၊ နိင်ငံရေးနှင့် အယူဝါဒရေးရာအရရော၊ မဟာဗျူဟာ မြောက် မျက်နှာစာပေါင်းစုံဖြင့် ခွဲခြားသတ်မှတ်ခဲ့ခြင်းဖြစ်သည်။  စက်မှုဖွံ့ဖြိုးမှုရှိသော အနောက်နိုင်ငံများ၏ အုပ်ချုပ်ရေးစနစ်တွင် လူအများသည် လူနေမှု အဆင့်အတန်းလည်းမြင့်ကာ အလျှံပယ်ကြွယ်ဝသော လူ့အဖွဲ့အစည်းဖြစ်သောကြောင့် စီးပွားရေးအရခွဲခြားလျှင် “ပထမ” ဖြစ်လေသည်။ ၁၉၈၃ခုနှစ်တွင် ယင်း ပထမနိုင်ငံများ၏ စုစုပေါင်းလူဦးရေမှာ ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းခန့်သာ ရှိခဲ့ပါ သည်။ သို့သော် ယင်းနိုင်ငံ များ၏ စုစုပေါင်းထုတ်ကုန်မှာ ကမ္ဘာ့ GDP ၏ ၆၃ ရာခိုင်နှုန်းရှိလေသည်။
ဒုတိယအုပ်စုဝင် ကွန်မြူနစ်အုပ်ချုပ်ရေးစနစ် ကျင့်သုံးသောနိုင်ငံများမှာလည်း စက်မှုဖွံ့ဖြိုးမှုရှိပြီး ၎င်းတို့ ပြည်သူ များကို အခြေခံ ရုပ်ဝထ္တုပိုင်း လိုအပ်ချက်များကို ဖြည့်တင်းပေးနိုင်ခဲ့လေသည်။ ယင်းနိုင်ငံများ၏ စုစုပေါင်းလူဦးရေမှာ ကမ္ဘာ့လူဦးရေ၏ ၃၃ ရာခိုင်နှုန်းရှိပြီး စုစုပေါင်းထုတ်ကုန်မှာ ကမ္ဘာ့ GDP ၏ ၃၅ ရာခိုင်နှုန်းရှိ လေသည်။ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများဖြစ်သော အာဖရိက၊ အာရှနှင့် လက်တင်အမေရိကန်တို့မှာ စီးပွားရေးအရ လွတ်လပ်မှု မရှိသည့်အပြင် ဆင်းရဲ မွဲတေမှုလည်း မြင့်မားသောနိုင်ငံများ ဖြစ်လေသည်။

ယင်းနိုင်ငံများမှာ ကမ္ဘာ့လူဦးရေ၏  ၅၂ ရာခိုင်နှုန်းရှိသော်လည်း ကမ္ဘာ့ GDP ၏ ၁၈ ရာခိုင်နှုန်းသာထုတ်လုပ်နိုင်ခြင်းရှိခဲ့လေသည်။
သို့သော် ၁၉၇၀ ခုနှစ်ကတည်းက အဆိုပါ သုံးကမ္ဘာအယူအဆမှာ မှန်ကန်မှုရှိတော့သည်မဟုတ်ပါ။ ရေနံဈေး ခုန်တက်မှုကြောင့် အရှေ့အလယ် ပိုင်းရေနံထုတ်လုပ်သည့် နိုင်ငံများသည် ယခင်ကထက်ပိုကြွယ်ဝလာခဲ့ပါသည်။ ထို့အပြင် အရှေ့အာရှနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် လက်တင်အမေရိကားမှ နိုင်ငံတချို့မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာပြီး အသစ်ဖြစ်ထွန်းလာသော စက်မှုဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများ ဖြစ်လာခဲ့ လေ သည်။ ကမ္ဘာကြီးမှာ လည်း ဆင်းရဲ၊ ချမ်းသာကွာဟမှု အတော်ပင် ကြီးမားလာခဲ့လေသည်။ ဆာဟာရတစ်ပိုင်း အာဖရိကနိုင်ငံများဆိုလျှင် ဆင်းရဲမှု အဆိုးရွားဆုံးနိုင်ငံများဖြစ်လာပြီး ကမ္ဘာ့ပေါ်တွင် ဖြစ်ပေါ်နေသော ပြဿနာအများစုမှာ အဆင်းရဲဆုံးနိုင်ငံများမှ သန္ဓေတည်ကာ ဖြစ်ပေါ်လာကြောင်း တွေ့ရှိခဲ့လေသည်။ အချို့ပညာရှင်များက ထိုနိုင်ငံများကို “စတုတ္ထကမ္ဘာနိုင်ငံများ” အဖြစ် တင်စားခေါ်ရသည်အထိ အဆင်းရဲဆုံး နိုင်ငံများ၏ မတည်ငြိမ်မှုများသည် ကမ္ဘာကြီးကို ခြိမ်းခြောက်လျက် ရှိနေပါသည်။
ယင်းအပြောင်းအလဲများတွင် အသစ်ဖြစ်ထွန်းလာသော စက်မှုဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများဖြစ်သော ဂျပန်၊ တောင်ကိုရီးယား၊ တိုင်ဝမ်တို့၏ ဖွံ့ဖြိုး တိုးတက်လာမှုကို စီးပွားရေးပညာရှင်များက အာရှအံ့တနန်းဟု တင်စား ခေါ်ဝေါ်ခဲ့ရ သည်အထိပင် ဖြစ်လေသည်။ အနောက်စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများအနေဖြင့် ဈေးကွက်စီးပွားရေးစနစ်နှင့် လစ်ဘရယ် ဒီမိုကရေစီမှာ နိုင်ငံရေးလွတ်လပ်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပေးစွမ်းနိုင်ခဲ့သည့်အတွက် ၎င်းတို့၏ နိုင်ငံရေး၊ စီးပွား ရေးစနစ်သည်သာ တိုးတက်ဖွံ့ဖြိုးမှုကို ဆောင်ကြဉ်းပေးသည့် ရေခံမြေခံများဖြစ်ကြောင်း မှတ်ယူထားခဲ့ကြသည်။ သို့သော် အရှေ့အာရှနိုင်ငံများဖွံ့ဖြိုးတိုးတက်လာခဲ့သည်မှာ တစ်မျိုးတစ်ဘာသာဖြစ်လေသည်။ အနောက်တိုင်းနိုင်ငံများလို စီးပွားရေးကို ဈေးကွက်က ဦးဆောင် သည်မဟုတ် အစိုးရ၏ ကမကထပြုမှုဖြင့် ဈေးကွက်ကိုတည်ဆောက်ကာ ဖွံ့ဖြိုးမှု အရယူခဲ့ခြင်းဖြစ်လေသည်။ ထို့အပြင် အနောက်တိုင်းနိုင်ငံများလို လူတစ်ဦးချင်းလွတ်လပ်ခွင့်၊ အခွင့်အရေးကို ကာကွယ် ပေးအပ်ခြင်း မဟုတ်ဘဲ အုပ်စုလိုက်လုပ်ဆောင်မှု၊ အကြီးအကဲပေါ်မှာ ရိုသေသိတတ်မှုအစရှိသည့် အာရှတန်ဖိုး (တနည်း ကွန်ဖြူးရှပ်အတွေးအခေါ်) ကိုသာ အလေးထား အကောင်အထည်ဖော်သည်ကို တွေ့ရလေသည်။ အနောက် တိုင်းဝေဖန် သူများ ကတော့ အာရှတန်ဖိုးနှင့် ယှဉ်သောအုပ်ချုပ်ရေးဆိုသည်မှာ အာဏာပိုင်စနစ်ပင် ဖြစ်ကြောင်း ဝေဖန်မှုများလည်း ရှိပါသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော စင်ကာပူနိုင်ငံဆိုလျှင် မျိုးဆက်တစ်ဆက်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံ အဖြစ်မှ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံ အဖြစ်သို့ တက်လှမ်းနိုင်ခဲ့လေသည်။ စင်ကာပူနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေး ဖခင်ကြီး လီကွမ်ယု၏ စာအုပ်နာမည်နှင့်ဆိုရလျှင်မူ တတိယကမ္ဘာမှ ပထမ ကမ္ဘာသို့ တက်လာခဲ့ခြင်းဖြစ်လေသည်။ ထို့အပြင် မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှာ ဖွံ့ဖြိုးရေးပြိုင်ပွဲကြီးတွင် အကြိတ်အနယ်ယှဉ် ပြိုင်နေပြီ ဖြစ်လေသည်။ မြန်မာနိုင်ငံနှင့် အရပ်ရပ်အခြေအနေ မတိမ်းမယမ်းရှိခဲ့သော လာအို၊ ကမ္ဘာဒီယားနိုင်ငံ တို့သည်မှာလည်း ဖွံ့ဖြိုးရေး လမ်းကြောင်း ပေါ် ရောက်ရှိနေပြီဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် မိမိ၏ အိမ်နီးချင်းနိုင်ငံများကို အမီလိုက်နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားရမည် ဖြစ်လေသည်။ အမျိုသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို ကျွန်တော်တို့တွေ “ပြဲနေအောင်လုပ်ဖို့” လိုပါသည်။ သို့မှသာ အကြိမ်ကြိမ်အခါခါ သေသွားခဲ့ရသည့် ဖွံ့ဖြိုးရေးမျိုးစေ့ကို စနစ်တကျစိုက်ပျိုးကာ ရရှိလာမည့်အသီးအပွင့်ကိုလည်း ကျွန်တော်တို့ မခံစားရလျှင်တောင် နောင်လာ နောင်သား တို့  ခံစားနိုင်စေရန် မြန်မာတို့ အမျှော်အမြင်ကြီးကြီးထားရမည် အချိန်ဖြစ်ပါကြောင်း…………..။              
                                                                                                                                    Ref: Politics by AndrewHeywood
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
yangonchronicle

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...