ချမ်းသာသုခ၊ အောင်မြင်ခြင်းနှင့် ချစ်ခြင်းမေတ္တာ
by စာပေခရီးသွားခြေလှမ်းများ on Tuesday, October 11, 2011 at 8:56am
အမျိုးသမီးတစ်ယောက်က အိမ်ထဲက ထွက်လာတော့ သူမခြံရှေ့မှာ ထိုင်နေတဲ့ မုတ်ဆိတ်မွှေးဖြူဖြူနဲ့ အဘိုးကြီး သုံးဦးကို တွေ့တယ်။ သူမက သူတို့ကို မသိဘူး...ဒါနဲ့ လှမ်းပြောလိုက်တယ် "ကျွန်မ အဘတို့ကို မသိဘူး...ဒါပေမဲ့ အဘတို့ ကြည့်ရတာ ဗိုက်ဆာနေပုံရတယ်။ အိမ်ထဲဝင်ပြီး တစ်ခုခု စားကြပါလား"
ဒါနဲ့ သူတို့က ပြန်မေးတယ် "အိမ်ရှင် အမျိုးသား အိမ်မှာ ရှိလား " ဆိုတော့ အမျိုးသမီးက "မရှိဘူး အလုပ်သွားတယ်ရှင့် " လို့ပြောလိုက်ပါတယ်။
သူတို့က "ဒါဆို အဘတို့ ၀င်လို့မရဘူးကွဲ့" လို့ ပြန်ပြောလိုက်ပါတယ်။
ဒီလိုနဲ့ ညနေ သူမရဲ့ အမျိုးသားအိမ်ပြန်လာတော့ သူမက ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်တယ်။
ယောက်ျားဖြစ်သူက "သူတို့ကို သွားပြောလိုက် ... ငါ အိမ်ပြန်ရောက်ပြီ...သူတို့ကို ၀င်ခဲ့တော့ လို့" ဆိုပြီး ပြောလိုက်ပါတယ်။
အမျိုးသမီးလဲ အပြင်ထွက်သွားပြီး အဘိုးကြီး သုံးယောက်ကို အိမ်ထဲဝင်ဖို့ သွားပြောပါတယ်။
သူတို့က "အဘတို့ အတူတူ ၀င်လို့မရဘူး" ပြောတော့
အမျိုးသမီးက "ဘာဖြစ်လို့လဲရှင့်" လို့ သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။
အဘိုးကြီးတစ်ယောက်က ရှင်းပြတယ် "သူ့နာမည်က ချမ်းသာသုခ" လို့ဆိုပြီး သူ့သူငယ်ချင်း အဘိုးကြီး တစ်ယောက်ကို လက်ညှိုးထိုး ပြောလိုက်ပါတယ်။ နောက် တစ်ယောက်ကို ညွှန်ပြပြီး "သူကတော့ အောင်မြင်ခြင်း လို့ ခေါ်တယ်...အဘကတော့ ချစ်ခြင်းမေတ္တာပေါ့ကွယ်"
ပြီးတော့ ထပ်ပြောတယ် "အခု သမီး အမျိုးသားနဲ့ သွားဆွေးနွေးပြီး... အဘတို့ ထဲက ဘယ်တစ်ယောက်ကို အိမ်ထဲကို ခေါ်ခဲ့ရမလဲ ဆိုတာ တိုင်ပင်ကြည့်ပါဦးကွယ်"
အမျိုးသမီးက အိမ်ထဲဝင်ပြီး အမျိုးသားကို ပြောပြလိုက်တော့ သူမ အမျိုးသားက အရမ်းဝမ်းသာသွားတယ်။
"ဘယ်လောက်ကောင်းလဲ ...ဒီလိုသာဆိုရင် ချမ်းသာသုခ ကို ဖိတ်လိုက်... သူအထဲဝင်လာရင် ငါတို့ ချမ်းသာပြီပေါ့ " ဆိုတော့ အမျိုးသမီးက သဘောမတူပါဘူး "ဘာလို့ အောင်မြင်ခြင်းကိုကျတော့ မဖိတ်တာလဲ" လို့ပြောလိုက်ပါတယ်။
သူတို့ ရဲ့ ချွေးမက အိမ်ထောင့်နားမှာ သူတို့ ပြောတာ နားထောင်နေပါတယ်။
သူမက အကြံဥာဏ်ပေးပါတယ် "ချစ်ခြင်းမေတ္တာကို ဖိတ်ခေါ်ရင် ပိုမကောင်းဘူးလားရှင့်။ ဒါဆို ကျွန်မတို့အိမ်မှာ ချစ်ခြင်းမေတ္တာတွေပြည့်လျှံနေမှာပဲ ... ဘယ်လောက်ကောင်းလဲ" ဆိုတော့ အိမ်ရှင်လင်မယား နှစ်ဦးစလုံးက "အင်း ကောင်းတယ်.. ချွေးမ အကြံပေးတာမဆိုးဘူး... ချစ်ခြင်းမေတ္တာကို သွားခေါ်လိုက်" ဆိုပြီး ချွေးမဖြစ်သူကို ခေါ်ခိုင်းလိုက်ပါတယ်။
ဒါနဲ့ ချွေးမ လဲ အိမ်ထဲကထွက်ပြီး အဘိုးကြီး သုံးယောက်စလုံးကို မေးပါတယ် "ဘယ်သူက ချစ်ခြင်း မေတ္တာလဲရှင့်၊ အထဲကို ကြွပါ" ဆိုတော့ ချစ်ခြင်းမေတ္တာက မတ်တပ်ထရပ်ပြီး အိမ်ထဲကို လိုက်လာပါတယ်။ သူနဲ့ အတူ ကျန်တဲ့ နှစ်ယောက်လဲ နောက်က လိုက်လာပါတယ်။ အိမ်ရှင်အမျိုးသမီးက အံ့သြသွားပြီး ချမ်းသာသုခ နဲ့ အောင်မြင်ခြင်းကို မေးလိုက်ပါတယ်"ကျွန်မ ချစ်ခြင်းမေတ္တာကိုပဲ ဖိတ်တာပါ...ဘာလို့ ရှင်တို့ရော ၀င်လာကြတာလဲ" လို့မေးလိုက်ပါတယ်။
ဒါနဲ့ အဘိုးအို သုံးဦး ပြန်ပြောလိုက်တာက "ချမ်းသာသုခ ဒါမှမဟုတ် အောင်မြင်ခြင်းကို ဖိတ်ခေါ်ရင်..ကျန်တဲ့ နှစ်ယောက်က အပြင်မှာ နေခဲ့ရပါတယ်။ ဒါပေမဲ့ အခု သမီးက ချစ်ခြင်းမေတ္တာကို ဖိတ်ခေါ်ခဲ့တဲ့အတွက် ... သူသွားလေရာမှာ အဘတို့ လိုက်ခဲ့ရတာပေါ့ကွယ်... ချစ်ခြင်းမေတ္တာရှိနေတဲ့ နေရာမှာ အောင်မြင်ခြင်း နဲ့ ချမ်းသာသုခကလဲ အတူရှိနေတယ်ကွဲ့"
နောက် ထပ်ပြောတာက
"နာကျင်ခြင်းရှိခဲ့ရင်... ချစ်ခြင်းမေတ္တာ က အေးချမ်းခြင်း နဲ့ သနားကြင်နာခြင်းကို ဖြစ်စေနိုင်တယ်ကွဲ့ ။ ကိုယ့်ကိုယ်ကို သံသယဖြစ်လာရင်...အလုပ်ကိုထိရောက်စွာ လုပ်နိုင်တဲ့စွမ်းရည်ရဖို့ ယုံကြည်ချက် အသစ်တွေကို ချစ်ခြင်းမေတ္တာက ပေးစွမ်းနိုင်တယ်။ ပင်ပန်းမှု နဲ့ မောဟိုက်ခြင်းတွေရှိခဲ့ရင်... နားလည်ခြင်း ၊ စိတ်ရှည်ခြင်း နဲ့ စွမ်းအားအသစ်တွေကို ပေးစွမ်းနိုင်တယ်။ ကြောက်ရွံ့ထိတ်လန့်ခြင်းတွေ ရှိရင်တော့ ချစ်ခြင်းမေတ္တာက သတ္တိခွန်အားတွေ နဲ့ မေတ္တာတရားတွေပေးစွမ်းနိုင်ပါလိမ့်မယ်ကွယ်"
မူရင်း။ ။Wealth, Success, and Love by Stephen on June 20, 2011
ကျေနပ်နိုင်ကြပါစေ။
(ဇေယျာ) 11/Oct/2011,10:00 am
0 comments:
Post a Comment