ကျစိမ့်တခွက်နှင့် သူ၏အမြည်းများ
ကျနော် ဒုတိယအကြိမ်ရောက်ရှိနေသည့် ဒုက္ခသည်စခန်းထဲမှာ ၅ နှစ်ကျော်ကာလကို ခက်ခဲကြမ်းတမ်းစွာဖြင့် ရင်ဆိုင်ဖြတ်သန်း နေရဆဲ... ။
အချိန်တို့သည်တဖြည်းဖြည်း ရွေ့လျှားလျှက်ရှိသည်။ မိသားစုစားဝတ်နေရေး ထမ်းပိုးနှင့် လွတ်ကင်း၍ ၂ ရက် နားခွင့်ရခဲ့သည်။ စနေနေ့ဆိုတော့ လက်ထဲမှာ အကြွေစေ့တချို့ကိုကိုင်ပြီး လမ်းထိပ်က ရွှေထိပ်တန်းလက်ဖက် ရည်ဆိုင်ကို ဦးတည်ထွက်လာခဲ့မိသည်။ ဒုက္ခသည်စခန်းမှာ စိတ်ဖြေသိမ့်စရာ၊ အတွေးအမြင်တို့ဖလှယ်ရာ၊ လက်ဖက်ရည်ဆိုင်လေးရှိနေသေး၍သာတော်ပါသေးရဲ့။ အခြားတဖက်ကကြည့်တော့လည်း လူ့ဘ၀ဇာတ်ခုံမှာ နည်းမျိုးစုံနှင့် ကကြိုးသွယ်နေကြရတဲ့ စရိုက်စုံကိုတွေ့ရပြန်တော့ ဘ၀အမောတွေ စုရပြန်ပါသည်။
လက်ရှိကျနော်အသက်ရှင်ရပ်တည်နေရတာက ဒုက္ခသည်စခန်း။ ဖြစ်ချင်လို့ ဖြစ်ရသည့် ဒုက္ခသည်တွေ ရှိကြသလို မဖြစ်ချင်ပဲ ဖြစ်နေကြရသည့် ဒုက္ခသည်တွေကလည်း ဒုနဲ့ဒေး …..
လူသားချင်းစာနာထောက်ထားပြီး ပေးထားသည့်ရိက္ခာဆိုတာက သိက္ခာတွေနဲ့ အပေးအယူလုပ်ထားရတာ။ တခါတရံမှာ မျှော်လင့်ချက်ကင်းမဲ့နေသော လူသားများစုစည်းရာ နေရာလားဟုပင် ခံစားမိပါ၏။
ကျနော်လက်ဖက်ရည်ဆိုင်ရောက်တော့ စားပွဲထိုးကောင်လေးကို ပုံမှန်တခွက်လို့ လှမ်းမှာလိုက်သည်။ သောက်နေကျ ကျဆိမ့်တခွက် လာချပေးလိုက်၏။ မဖတ်ရတာ ကြာပြီဖြစ်သည့် ပြည်တွင်းထွက် သတင်းစာ တွေကိုသွားထယူလိုက်ပြီး ဖတ်ဖို့ပြင်လိုက်ပါသည်။ ဘေးဘယ်ညာဝေ့၀ိုက်ကြည့်လိုက်တော့ စားပွဲဝိုင်း ၄ ၀ိုင်းလောက်မှာ လူတွေပြည့်နေကြသည်။ တဖွဲ့နှင့်တဖွဲ့ တ၀ိုင်းနှင့်တ၀ိုင်း စကားပြောဆိုပုံ၊ အတွေးအခေါ် အယူအဆ မတူညီကြ။ တူရာတူရာစုပြီး သူအဖွဲ့နှင့်သူ အကြောင်းစုံ၊ ဘ၀စုံ၊ အဖြစ်အပျက်အစုံတို့ကို ကြား နေရသည်။
ပထမစားပွဲဝိုင်းမှ အသံတို့မှာကား “ဒီည မန်ယူနဲ့ မန်စီတီးပွဲကွ၊ မြို့ခံပြိုင်ဖက် ၂ သင်းတွေကြပြီပေါ့ကွာ။” “စကေား တို့ ဘောဒီတို့ ဘယ်လိုပေါက်လဲ။ မန်ယူနိုင်မှာသေချာတယ်။”
“ ဟ … မန်းစီတီးကလည်း ဇယားထိပ်မှာဆိုတော့ လျှော့မတွက်နဲ့။ ကြိုက်ဈေးမပယ်ဘူးကွ”
စသည်ဖြင့် ဘောလုံးပွဲအကြောင်း ….
ဒုတိယစားပွဲဝိုင်းမှ အသံတို့မှာ
“လစ်ဗျားက အာဏာရှင်တော့ သွားရှာပြီကွ။ ပြည်သူလူထုကို နှစ်ပေါင်းများစွာ ဒုက္ခပေးတဲ့ကောင် အသေဆိုးနဲ့သေတာ နည်းတောင်နည်းသေးတယ်။ သွေးဆူနေတုန်းသတ်ပစ်တာပဲကောင်း တယ်။ အသက်ရှင်ရင်တောင် မလိုလားအပ်တဲ့ ပြဿနာတွေက ဖြစ်လာဦးမှာ”
ဟုဆိုလိုက်သည်။ တခြားတယောက်က ၀င်ထောက်လိုက်သည်က
“မဟုတ်သေးဘူးလေကွာ။ ကဒါဖီက အာဏာရှင်ပဲဆိုဆို အာဏာရူးပဲပြောပြော လူတယောက်ဆိုတဲ့ အကြည့်လေးနဲ့ ကြည့်ပါဦးကွာ။ လူ့ဂုဏ်သိက္ခာဆိုတာ ၀ယ်လိုမရဘူး။ သူ့ရဲ့ ဂုဏ်သိက္ခာအတွက် အသွင် ကူးပြောင်းရေးကောင်စီက တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်။ အပြစ်ရှိတဲ့လူတယောက်ကို အပြစ်နဲ့ တန်ဖိုးညီတဲ့ ပြစ်ဒဏ်ဆိုတာရှိရမယ်။ လက်စားချေသုတ်သင်ရေးနဲ့ ဥပဒေဆိုတာ တခြားစီဖြစ်တယ်ဆိုတာ နားလည်ရမယ်။ လူ့အခွင့်အရေးကိုနားလည်ဖို့ တကမ္ဘာလုံးက အော်နေကြတာ တွင်တွင်ကျယ်ကျယ်မဟုတ်လား။ ဒါဆိုရင် အာဏာရှင်တွေမှာရော လူ့အခွင့်အရေးဆိုတာ မရှိဘူးလား။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး စတဲ့အချက်တွေကို တန်ဖိုးထားလေးစားလိုက်နာကြပါတယ် ဆိုတဲ့ လူ့အဖွဲ့အစည်းဆိုတာကို ယုံဖို့ခက်လှချည်ရဲ့ ဗျာ။ အသွင်ကူးပြောင်းရေးကောင်စီကလည်း ဒီိအဖြစ်အပျက် ကြီးကို မျက်နှာလွှဲခဲပစ် လုပ်လိုက်တာ လစ်ဗျားနိုင်ငံရဲ့ အနာဂါတ် စံချိန်စံညွှန်းတွေအတွက် ရင်လေးမိတယ်ဗျာ”
ဟုပြောလိုက်သည်။
တတိယစားပွဲဝိုင်းမှ အသံတို့မှာလည်း
“တို့မြန်မာနိုင်ငံမှာ အရပ်သားအစိုးရတက်လာတာ တနှစ်သားပြည့်တော့မယ်။ တိုးတက်ပြောင်းလဲမှုတွေ တွေ့ရမြင်ရ ကြားရတော့ ၀မ်းသာတယ်ကွာ။ အကောင်းဆုံးတွေပြုပြင်ပြောင်းလဲ နေချိန်မှာ မလိုလားအပ်တဲ့ ပြဿနာကြောင့် ဂငယ်ဂွေ့ထပ်မကွေ့စေချင်တော့ဘူး။ အားလုံးက ထိမ်းထိမ်းသိမ်းသိမ်းလုပ်ပြီး ပြည်သူလူထုရဲ့ မျှော်လင့်ချက်ဆန္ဒကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိတယ်လို့ထင်တယ်ကွာ”
ဟူသော အသံတခု ထပ်မံပေါ်လာ ပြန်သည်။
“မင်းကလည်း အစိုးရကို အကောင်းမြင်လွန်းလှချည်လားကွာ။ အစိုးရအဆက်ဆက်က ကမ္ဘာကို မျက်နှာပန်းလှအောင် ဒီလိုပဲ လုပ်ပြနေကျပါပဲ။ မျှော်လင့်ချက်ပေးပြီး ညှင်းသတ်နေတာ လုံးဝ မယုံဘူး။ ဟန်ပြကျည်ထိုးလုပ်နေတာပါ။”
နောက်တယောက်မှ
“တို့လက်နက်ကိုင်တိုက်ပွဲဝင်လာတာ နှစ် ၂၀ ကျော်ပြီလေ။ ဒီလက်နက်ကိုင်တော်လှန်ရေးကို ဆင်နွဲချင်လို့ ဆင်နွဲနေတာမှ မဟုတ်တာ။ တိုင်းပြည် စစ်ကျွန်ဘ၀က လွတ်မြောက်ဖို့ တိုက်ပွဲဝင်ခဲ့တာမဟုတ်လား။ တကယ်စစ်မှန်တဲ့ လမ်းကြောင်းပေါ်ရောက်မယ်ဆိုရင်တော့ ကြိုဆိုရမှာပဲ။ တကယ်တော့ တော်လှန်ရေး လုပ်ခဲ့တာ ပြုပြင်ပြောင်းလဲချင်လို့ အမှန်တရားကိုလိုလားလို့ တိုင်းပြည်နဲ့ လူမျိုးကိုချစ်လို့ သူပုန်ဖြစ်ရ၊ ဒုက္ခသည်ဖြစ်ရ ဖြစ်နေရတာပါကွာ။ တို့မြန်မာနိုင်ငံကြီး စစ်မှန်ငြိမ်းချမ်းပြီး၊ ပွင့်လင်းလွတ်လပ်တဲ့ လူထုအဓိက လူ့အဖွဲ့အစည်းကြီးတရပ် ဖြစ်လာရင် ငါတော့ပြန်မယ်။ အိမ်လွမ်းဝေဒနာတွေကို စနစ်ဆိုးတခုကြောင့် မျိုသိမ့်ခံစားခဲ့ရတဲ့ ဒုက္ခတွေကို မင်းတို့ငါတို့ ဘယ်လောက်ထိ ခံစားခဲ့ရပြီးပြီဆိုတာ ကိုယ်စီသိကြမှာပါ။ မျှော်လင့်ချက်ရောင်ခြည်တွေ ဆိတ်သုဉ်းပျောက်ကွယ် မသွားပါနဲ့လို့ပဲ ဆုတောင်းနေမိတယ်ကွာ။”
နံပါတ်လေးဝိုင်းမှ အသံတို့မှ တိုးညှင်းစွာဖြင့်
“တို့ဘ၀တွေကလည်းဆိုးလိုက်တာ … မုဆိုးမသွားလေရာ မိုးလိုက်လို့ရွာဆိုသလိုဖြစ်နေပြီ။ နိုင်ငံခြားသွားချင်လို့ ထွက်လာပါတယ်ဆိုမှ ဒီမှာထိုင်စောင့်ရင်း စားနေတာ ပါလာတာလေးတွေလည်း ကုန်တော့မယ်။ ဒီကြားထဲ အစိုးရသစ်ကလည်းတမှောက်။ ပြည်ပရောက်နေတဲ့ သဘောထားမတိုက်ဆိုင်သူတွေ ပြန်လာကြပါလို့ ခေါ်လိုက်တော့ အခြေအနေက ပိုဆိုးကုန်တာပေါ့။ မှန်းချက်နဲ့ နှမ်း ထွက်မကိုက်မဲ့အတူတူ မီးစင်ကြည့်ပြီး က ကြတာပေါ့ကွာ”
ဟုပြောလိုက်သောအသံသည် ကျနော့်သောက်လက်စ လက်ဖက်ရည်သည်ပင် လည်ချောင်ဝမှာ တစ်ဆို့ သွားပါတော့သည်။
အတွေးရှင်း၍ အမြင်ရှင်းကြပါစေ။
လေးစားစွာဖြင့်
အုပ်ကြီးဖေ

0 comments:
Post a Comment