Sunday, October 16, 2011

ကလေးများနှင့်အတူ ချက်ပြုတ်ခြင်း

[By Than Htike Soe ]

            ချက်တတ်ပြုတ်တတ်ခြင်းသည် လူတိုင်း ပိုင်ဆိုင်ထားသင့်သော အရည်အချင်းတစ်ရပ်ဖြစ်၏။ မိဘများက သားသမီးများကို လက်ဆင့်ကမ်း အမွေတစ်ခုအဖြစ် စနစ်တကျ ပေးခဲ့သင့်သော အတတ်ပညာ တစ်ခုလည်းဖြစ်၏။ ငယ်ကတည်းက ကလေးတွေ ကိုယ်စားချင်တာ ကိုယ်ချက်စားချင်စိတ်ရှိအောင် မိဘများက ပျိုးထောင်ပေးသင့်သည်။ သို့ဖြစ်သည့်တိုင် မိဘ အတော်များများသည် ကလေးများကို ချက်တတ်ပြုတ်တတ်အောင် ငယ်ကတည်းက စနစ်တကျ ပျိုးထောင်သင်ကြားပေးတာမျိုး နည်းနေသေး ကြောင်း တွေ့နေရသည်။ ကလေးတွေကို ငယ်ကတည်းက ချက်ချင်ပြုတ်ချင်စိတ်များ ရှိလာအောင် ပျိုးထောင်ပေးခြင်းဖြင့် အစားအစာများ၏ အရေးပါပုံ၊ အစားအစာများနှင့် လူတို့၏ ကျန်းမာရေး ဆက်စပ်ပုံ၊ ကျန်းမာအောင် မည်သို့ ချက်ပြုတ်စားသောက်သင့်ပုံ၊ ချက်ရာပြုတ်ရာတွင် အသုံးနှင့် အဖြုန်းကို ခွဲခြားသင့်ပုံ၊ ပတ်ဝန်းကျင် မပျက်စီးအောင် ချက်ပြုတ်ရာတွင် ဂရုပြုသင့်ပုံများကိုပါ ကလေးများကို သင်ကြားပြသပေးနိုင်သည်။ ကလေးများနှင့်အတူ မီးဖိုခန်းဝင်ပြီး ချက်ပြုတ်လုပ်ကိုင်ခြင်းဖြင့် မိသားစု အားလပ်ရက်များကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မည်ဖြစ်သလို၊ မိဘနှင့် သားသမီး သံယောဇဉ်ကိုလည်း ပိုမို ခိုင်မြဲစေမည်ဖြစ်သည်။
            ကလေးများကို မီးဖိုခန်းထဲခေါ်ပြီး ချက်တတ်ပြုတ်တတ်အောင် ဖြည်းဖြည်းချင်း သင်ကြားပေးသင့်သည်။ အစာ အာဟာရများအကြောင်းကိုလည်း နည်းနည်းချင်း ပြောပြသွားရမည်။ အစားအစာများအကြောင်း၊ မည်သည့်အစားအစာက မည်သည့်အာဟာရကို ပေးသည့်အကြောင်းများကိုလည်း ကလေးများ နားလည်အောင် မိဘများက ပြောပြပေးကြရမည်။ မီးဖိုချောင်သုံးပစ္စည်းများကို အန္တရာယ်ကင်းအောင် ကိုင်တွယ်ပုံ ကိုင်တွယ်နည်းများကို ကလေးတွေတတ်အောင်လည်း ပြသပေးကြရမည်။ အစားအသောက်များတွင် တစ်ခုနှင့်တစ်ခု မတည့်တာများကိုလည်း ကလေးတွေကို နည်းနည်းချင်း ပြောပြသွားရမည်။ ချက်ပြုတ်ပြီးစီးသည့်အခါတွင်လည်း ညစ်ပတ်ပေရေနေသည်များကို ပြန်လည် ဆေးကြောပြီး သူ့နေရာနဲ့သူ ထားတတ်အောင်ကအစ ကလေးများကို ဖြည်းဖြည်းချင်း သင်ကြားပြသပေးသွားရမည်။
            ကလေးများကို မီးဖိုချောင်ထဲမှာ ဝိုင်းကူစေခြင်းသည် ကလေးများ၏ ပညာရေးကို အားပေးရာလည်း ရောက်၏။ ကြက်ဥဖောက်ပြီး မွှေခိုင်းရင်း ကြက်ဥဖြစ်ပေါ်လာပုံအကြောင်းကို ကလေးတွေ နားလည်အောင် မိဘများအနေဖြင့် ပြောပြလို့ရသည်။ ကြက်ဥမွှေထားသော အနှစ်များထဲကို ဆား ဘယ်လောက်ထည့်မလဲ ကလေးကို စဉ်းစားစေခြင်းဖြင့် ကလေးမှာ ချိန်ဆ တွက်ချက်တတ်သည့် အရည်အချင်းများလည်း တက်လာမည်ဖြစ်သလို ဘာပြီး ဘာလုပ်ရမယ်ဆိုသော အဆင့်ဆင့် စီမံတတ်သည့် အရည်အချင်းကိုလည်း ကလေးများ  ပိုင်ဆိုင်လာမည်ဖြစ်သည်။ မီးဖိုချောင်ထဲတွင် ချက်နည်းပြုတ်နည်း စာအုပ်များ ထားပေးခြင်းဖြင့်လည်း ကလေးများ၏ စာဖတ်စွမ်းရည် တက်လာအောင် အားပေးကူညီလို့ရသည်။ ချက်ပြုတ်နည်း တစ်ခုခုအကြောင်း ကလေးစိတ်ဝင်စားအောင်ပြောပြပြီး ကလေးက ဘယ်လို လုပ်ရသလဲ သိချင်လာသည့်အခါ စာအုပ်ကို လှန်ဖတ်ခိုင်းခြင်းဖြင့် ကလေးတွေ ချက်ချင်ပြုတ်ချင်စိတ်များ တိုးပွားစေသလို စာဖတ်စွမ်းရည်များလည်း တိုးတက်လာမည်ဖြစ်သည်။ ဆားကို များများဖြူးလျှင် ဘာကြောင့် ငန်ရသည်၊ ငရုတ်သီးကို များများထည့်လျှင် ဘာကြောင့်စပ်ရသည်များကို ကလေးများအား ပြောပြခြင်းအားဖြင့် ဓာတုဗေဒအခြေခံ အရောအစပ်များအကြောင်းကို ကလေးများ နားလည်လာမည်ဖြစ်သည်။
            ကလေးတစ်ယောက်ထက်ပိုရှိသော မိဘများအနေဖြင့် ကလေးတွေကို မီးဖိုခန်းထဲခေါ်ပြီး ဝိုင်းကူခိုင်းရခြင်းသည် အနည်းငယ်စိတ်ရှုပ်စရာကောင်းမည်ဖြစ်သော်လည်း စိတ်ရှုပ်ခံရကျိုးနပ်သည့် အကျိုးအမြတ်များလည်း ရပါလိမ့်မည်ဟု ပြောလိုပါသည်။ မောင်နှမတွေတူတူ မီးဖိုချောင်ထဲမှာ အမေနဲ့တူတူ ဝိုင်းကူချက်ပြုတ်ကြခြင်းဖြင့် ကလေးတွေမှာ မောင်နှမသားချင်းများကို ခင်တွယ်သည့်စိတ်များ ပိုမိုရင့်သန်လာမည်ဖြစ်သလို မောင်နှမအချင်းချင်း ရိုင်းပင်းကူညီတတ်သည့်စိတ်များလည်း ပေါက်ဖွားရှင်သန်လာမည်ဖြစ်သည်။ မိဘများအနေဖြင့်လည်း ကလေးများကို အလုပ်များခွဲဝေပေးကာ တစ်ဦးနှင့်တစ်ဦး ညှိနှိုင်းပြီး လုပ်ကိုင်ဆောင်ရွက်နိုင်အောင် ဖန်တီးပေးရမည်။ ကလေးတွေဆိုတာ အဝေမတည့်ရင် ရန်ဖြစ်တတ်ကြသည်မှာ ထုံးစံဖြစ်သည်။ ထိုအချက်ကို မိဘများ သတိထားရမည်။ ဘဲဥ ကြက်ဥ ခွဲခိုင်းတာကအစ ကလေးတွေကို အလုံးရေ ညီညီမျှမျှခွဲခွင့်ရအောင် မိဘလုပ်သူက ဂရုစိုက်ရမည်။ ထိုသို့မှ မလုပ်နိုင်လျှင် ကလေးတွေ ရန်ဖြစ်နေတာကို လိုက်ဆွဲနေရတာနဲ့ အလုပ်ပျက်ရလိမ့်မည်။
            မီးဖိုချောင်ထဲ မဝင်ဖူးသေးသော ကလေးများကို မနက်စာ ပြင်ဆင်သည့်အချိန်မျိုးမှာ စတင် စမ်းသပ်သင့်သည်။ မနက်စာ ကော်ဖီလေး၊ ပေါင်မုန့်လေး ပြင်ဆင်တာကစပြီး မီးဖိုချောင်အလုပ်များမှာ ကလေးတွေ စိတ်ပါဝင်စားလာအောင် မိဘများက ဖြည်းဖြည်းချင်းပျိုးထောင်ပေးကြရမည်။
            ယနေ့လို နည်းပညာတွေ အလွန်အမင်း တိုးတက်ထွန်းကားလာသောခေတ်ကြီးမှာ အွန်လိုင်းလူမှုဘဝပုံစံများက အင်နဲ့အားနဲ့ ထိုးဖောက်ဝင်ရောက်လာရာ တစ်ချို့ ခေတ်မီသော မိသားစုများတွင်  မိဘနဲ့ သားသမီးတောင်မှ အွန်လိုင်းမှာ တွေ့ချိန်က ပိုများလာနေရာ ဤသို့ခေတ်ကြီးတွင် သားသမီးများနှင့်အတူ မီးဖိုခန်းထဲတွင် ချက်ပြုတ်စားသောက်ရခြင်းသည် ကျေနပ်ဖွယ်တစ်ရပ်ဆိုလျှင် မမှား။ ထို့ကြောင့် မိဘများအနေဖြင့်လည်း ကလေးတွေလည်း ငယ်တုန်း အခွင့်အရေး ရတုန်းရခိုက် ကလေးများနှင့်အတူ ချက်ပြုတ်ကြခြင်းဖြင့် မိသားစု သံယောဇဉ်ကို ခိုင်မြဲအောင်၊ နောင်ကလေးတွေ ကြီးလာချိန်တွင် ကိုယ်တိုင်ချက်ပြုတ်စားသောက်ကြပြီဆိုသည့်အခါ ငယ်ငယ်ကတည်းက သင်ပေးခဲ့သော မိဘများ၏ စေတနာကို ပြန်အမှတ်ရကာ နွေးထွေးသော မိသားစုဘဝလေးကို တန်ဖိုးထားတတ်လာအောင် ငယ်ကတည်းက ကြိုတင်စီမံထားဖို့လိုသည်။
            ကလေးတွေ ကျောင်းပိတ်ရက်မျိုးတွင် ကလေးများ မီးဖိုချောင်ဝင်ပြီး ချက်ချင်ပြုတ်ချင်စိတ်ရှိလာအောင်း မိဘများ လုပ်နိုင်မည့် နည်းကလေးများကို အောက်တွင် ဖော်ပြလိုက်ပါသည်။
၁။ ဒီတစ်ပတ် ဘာချက်စားကြမလဲလို့ ကလေးတွေ၏ သဘောထားကို မေးပါ။
            ကလေးတွေ စားချင်သည့်ဟာ ချက်မည်ဆိုလျှင် ကလေးများ မီးဖိုခန်းထဲ စိတ်ပါလက်ပါလာကူညီအောင် ဆွဲဆောင်ရ ပိုလွယ်ကူပါလိမ့်မည်။ ထိုနည်းဖြင့် မီးဖိုခန်းထဲတွင် သားအမိတွေ ပျော်ပျော်ရွှင်ရွှင် ချက်ပြုတ်ဖြစ်သွားစရာရှိပါသည်။

၂။ ဈေးသွားရင် ကလေးတွေကို ခေါ်သွားပါ။
            ကလေးတွေကို ဈေးခေါ်သွားခြင်းဖြင့် အသီးအရွက် အသားငါးများအကြောင်းကို ကလေးများ သိသွားမည်ဖြစ်သလို ဈေးဝယ်ခြင်းအကြောင်းများကိုလည်း ကလေးတွေ နားလည်လာမည်ဖြစ်သည်။

၃။ ကလေးကို အန္တရာယ်ဖြစ်စေမည့် ပစ္စည်းများကို ကလေးမမီသည့်နေရာတွင် ထားပါ။
            ကလေးကို မီးဖိုနား သွားခိုင်းတာမျိုးတော့ မလုပ်ပါနဲ့။ တစ်ခါလောက် ပူဖူးသွားရင် ကလေးသည် ချက်ရပြုတ်ရမည်ကို အလိုလို ကြောက်သွားလိမ့်မည်။ ကလေးနဲ့ သင့်တော်တာများကို ရွေးလုပ်ခိုင်းဖို့ လိုသည်။

၎။ ချက်ရင်းပြုတ်ရင်း အစားအသောက်များအကြောင်း ပြောပြနိုင်သည်။
            ချက်ရင်ပြုတ်ရင်း ကလေးစိတ်ဝင်စားမည့် အစားအသောက်များအကြောင်း၊ ကိုယ်စားဖူးခဲ့သော အရသာရှိသည့် အစားအသောက်များအကြောင်းကို ကလေးအား ပြောပြနိုင်သည်။ ကလေး စိတ်ဝင်စားသည့် အစားအစာတစ်ခုခုပါလျှင် ထိုအစားအစာကို ချက်ပြုတ်စားသောက်ကြဖို့ ကလေးနဲ့ တိုင်ပင်ခြင်းဖြင့် မီးဖိုခန်းထဲဝင်ရမှာကို ကလေး ပျော်လာအောင် လုပ်ပေးနိုင်သည်။
            ထိုသို့ မိဘဖြစ်သူက ချက်ချင်ပြုတ်ချင်စိတ်ဖြစ်လာအောင် ပျိုးထောင်ပေးခြင်းဖြင့် တစ်နေ့တွင် ကိုယ့်ကလေးသည် ဂျူလီယာ ချိုင်းလို၊ အီမရဲ လာဂေးဆီတို့လို အချက်အပြုတ် ပါရမီရှင်ကြီးတွေ ဖြစ်မလာဘူးလို့ မည်သူ ပြောနိုင်ပါမည်နည်း။ ။

                                                                                                          သန်းထိုက်စိုး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...