နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု၏ ရည်ရွယ်ချက်များ
မိုးသန်
နိုင်ငံပြုပညာနိဒါန်း (၂)
ဤစာစုတွင် နိုင်ငံရေးနှိုင်းယှဉ်လေ့လာမှုနှင့်ပတ်သက်သော
ရည်ရွယ်ချက်များ၊ အခက်အခဲများနှင့် ထိုအခက် အခဲများကို ကျော်လွှားနိုင်ရန် အသုံးပြုနိုင်သည့်နည်းလမ်းများကို
တင်ပြသွားမည်ဖြစ်သည်။
နိုင်ငံရေးနှိုင်းယှဉ်သုံးသပ်မှုပြုရာတွင် အရေးအကြီးဆုံးအခြေခံလိုအပ်ချက်မှာ
မိမိလေ့လာသုံးသပ် မည့် အကြောင်းအရာ၊ တစ်နည်းအားဖြင့် နိုင်ငံရေးလောကများ (political
worlds) ကို အဓိပါယ်ဖွင့်ဆိုနိုင်ရေးပင်ဖြစ် သည်။ တချို့က ပုဂလိကလူသားတဦးခြင်းသည်
ကိုယ်ပိုင်နိုင်ငံရေးဆိုင်ရာ သိမြင်နားလည်မှု၊ နိုင်ငံရေးရည်ရွယ် ချက်ရှိနိုင်မှု၊ ပါဝါတည်ဆောက်ရာတွင်
ပါဝင်နိုင်မှု စသည့် သီးခြားလက္ခဏာများရှိသဖြင့် ထိုလူတစ်ဦးခြင်းကိုပင် နိုင်ငံရေးလောကတစ်ခုဖြစ်သည်ဟု
ယူဆကြသည်။ တချို့ကလည်း ဘီယာဆိုင်များ၊ ဖက်ဖက်ရည်ဆိုင်များ၊ စုပါမားကက်များ စသည်တို့တွင်
နိုင်ငံရေးအရ အရေးပါသောစုစည်းမှုများရှိနိုင်သဖြင့် ထိုနေရာများကို နိုင်ငံရေး လောကများအဖြစ်
သတ်မှတ်လိုကြသည်။ ထို့ပြင် နိင်ငံ အတည်တကျမရှိဘဲ ရွှေ့ပြောင်းနေထိုင်နေကြရသော( ဥပမာ - Kurds ကာဒ့်လူမျိုးများ) ကဲ့သို့ လူမျိုးစုများကိုလည်း ရွေ့လျားနိုင်ငံရေးလောကများအဖြစ်
ရှုမြင်လိုကြ သည်။ ထိုသို့မတူကွဲပြားသော ယူဆချက်များရှိနေသော်လည်း နိုင်ငံရေးသိပ္ပံပညာ၏
နိုင်ငံရေးနှိုင်းယှဉ်သုံးသပ်မှုနယ်ပယ်တွင်မူ အခြေတ ကျတည်ရှိနေသော အချုပ်အခြာအာဏာပိုင်
နိုင်ငံများကိုသာ နိုင်ငံရေးလောကအဖြစ် အဓိပယ်ဖွင်ဆိုသည်။ ယနေ့ကမ္ဘာပေါ်တွင် သီးခြားလွတ်လပ်သောနိုင်ငံပေါင်း
၂၀၀ ခန့်ရှိရာ နိုင်ငံရေးသိပ္ပံ ပညာရှင်များသည် ထိုနိုင်ငံပေါင်း ၂၀၀ ခန့်ကို နိုင်ငံရေးနှိုင်းယှဉ်လေ့လာမှုနယ်ပယ်၏
လေ့လာမှုအခြေခံယူနစ် များအဖြစ် သတ်မှတ်ကြသည်။ ထိုသို့သတ်မှတ်၍ လေ့လာမှုအခြေခံယူနစ်များအဖြစ်
သတ်မှတ်ကြသည်။ ထိုသို့ သတ်မှတ်၍ လေ့လာကြရာတွင် နိုင်ငံများကျင့်သုံးနေသော နိုင်ငံရေးစနစ်များ၊
ထိုစနစ်များကို အကောင် အထည်ဖော်လျက်ရှိသော နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲစနစ်များ
စသည်တို့ကို နှိုင်းယှဉ်လေ့လာ ကြသ လို၊ တိတိကျကျလက်ဆုပ်လက်ကိုင်ပြငမရသော နိုင်ငံရေးယဉ်ကျေးမှုများကိုလည်း
စုးစမ်းလေ့လာလေ့ရြှိ က သည်။
နိုင်ငံရေးနှိုင်းယှဉ်
လေ့လာမှုပြုခြင်းဖြင့် ရှုပ်ပွေလီလှသော နိုင်ငံရေးအခြေအနေများ၊ ဖြစ်စဉ်များကို ရှင်းလင်းလွယ်ကုစွာ သိမြင်လာနိုင်လို၊ ထိုဖြစ်စဉ်များကို ပိုမို၍စနစ်တကျစီမံခန့်ခွဲ
နိုင်မည်ဖြစ်သည်။ ဥပမာ -နိုင်ငံရေးနှိုင်းယှဉ်လေ့လာမှု ပြုရန်အတွက် နိုင်ငံ(၁၀) နိုင်ငံ ကို စိတ်ထဲပေါ်လာသည့်အတိုင်း
ချရေးကြည့် သည်ဆိုပါစို့။Angola, Australia, China, France, Ghana, Great Britain, Japan,
Luxembourg, United State, Venezuela …. နိုင်ငံရေး နှိုင်းယှဉ်လေ့လာမှု အမြင်ဖြင့်ကြည့်လျှင်
အင်္ဂလိပ်ဗျည်းစာလုံး ‘A’ ဖြင့်စသောနိုင်ငံ နှစ်နိုင်ငံ တွေ့ရမည်ဖြစ်ပြီး၊ ‘G’ ဖြင့်စသောနိုင်ငံ
၂ နိုင်ငံ ကို တွေ့ရပေမည်။ ကျန်နိုင်ငံများမှာ ‘A’ (သို့) ‘G’ဖြင့် စသောနိုင်ငံများမဟုတ်ကြပေ။
နိုင်ငံ(၁၀)နိုင်ငံကို စိတ်ထဲပေါ်သည့်အတိုင်း ထည့်ရေးထားသည့် အခြေအနေ တွင် သီးခြား (၁၀)
နိုင်ငံအဖြစ်သာ မြင်ရမည်ဖြစ်သော်လည်း၊ နိုင်ငံရေးနှိုင်းယှဉ်လေ့လာမှု အမြင်အရ ခွဲခြမ်း
စိတ်ဖြာလိုက်ပါက ‘A’ နှင့်စသော နှစ်နိုင်ငံကို တစ်အုပ်စု၊ ‘G’နှင့်စသော ၂ နိုင်ငံကို
တစ်အုပ်စု၊ ’A’(သို့) ‘G’ နှင့် မစသော နိုင်ငံများကိုတစ်အုပ်စု စသည်ဖြင့် ခွဲခြားနိုင်သည်။
သီးခြားစီရှိ သောနိုင်ငံ (၁၀) နိုင်ငံကို မျိုးတူအုပ်စု သုံးစုဖွဲ့ပေးနိုင်ခြင်းဖြင့်
လေ့လာရာတွင် ပိုမိုရှင်းလင်းစေခြင်းပင် ဖြစ်သည်။ နိုင်ငံရေးသိပ္ပံ ပညာရှင်များသည် အင်အားကြီးသော၊
အင်အားနည်းသော၊ ချမ်းသာသော၊ ဆင်းရဲသော၊ တည်ငြိမ်မှုရှိသော၊ တည်ငြိမ်မှုမရှိသော နိုင်ငံတစ်ခုစီ၏
ဝိသေသ လက္ခဏာများကို တူရာခြင်းစုပြီး၊ မျိုးတူအုပ်စုများဖွဲ့၍ လေ့လာကြသည်။ ထိုသို့ ပိုမို
ရှင်းလင်းလွယ်ကူစေရန် လေ့လာမှုပြုခြင်းသည် နိုင်ငံရေးနှိုင်းယှဉ်လေ့လာမှု၏ ပထမဆုံးရည်ရွယ်ချက်ပင်
ဖြစ်ပေသည်။
မည်သည့်ကိစ္စအတွက်
နှိုင်းယှဉ်မှုပြုသည်ဖြစ်စေ၊ အနည်းဆုံး မတူညီသည့်အရာဝတ္ထု (၂) မျိုးရှိရန်လို
အပ်သည်။ ထိုအတူ နိုင်ငံရေးနှိုင်းယှဉ်လေ့လာမှုပြုရာတွင်လည်း အနည်းဆုံးမတူညီသော
နိုင်ငံ (၂) ခု ရှိရမည် ဖြစ်သည်။ သို့မဟုတ် နိုင်ငံ တစ်နိုင်ငံတည်းကို လေ့လာမည်ဆိုပါက မတူညီသောအချိန်ကာလ ၂ မျိုးပေါ်တွင် နှိုင်းယှဉ်သုံးသပ်ရမည်ဖြစ်သည်။
တစ်ခါတစ်ရံတွင် နှိုင်းယှဉ်လေ့လာာမှုသည် လေ့လာသူ သုတေသီ နေထိုင် သောနိုင်ငံနှင့် အခြားနိုင်ငံတစ်ခုခုကို
နှိုင်းယှဉ်လေ့လာမှုမျိုးလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေ ထိုသို့နှိုင်းယှဉ် လေ့လာမှုဖြင့်
နိုင်ငံတစ်ခုချင်းစီ၏ မတူညီသောနိုင်ငံရေးစနစ်များ၊ အားသာချက်၊ အားနည်းချက်များကို သိမြင်
နားလည်လာမည်ဖြစ်ရာ၊ နိုင်ငံရေးဆိုင်ရာ ယဉ်ကျေးမှုဆိုင်ရာ အသိတရား မိုးကုတ်စက်ဝိုင်းကို
ချဲ့ထွင်နိုင်မည် ဖြစ်သည်။ ထိုအချက်သည်ပင် နိုင်ငံရေးနှိုင်းယှဉ်လေ့လာမှု၏ ဒုတိယရည်ရွယ်ချက်ဖြစ်သည်။
နိုင်ငံရေးနယ်ပယ်တွင်
ယေဘူယျ မှန်းဆချက်များ (hypothesis) များရှိသည်။ ဥပမာ-ဓနဥစ္စာခွဲဝေမှု မမျှတ၍ ဆင်းရဲချမ်းသာ
ကွာဟမှုကြီးသော နိုင်ငံများသည် ဓနဥစ္စာခွဲဝေမှုမျှတသည့် နိုင်ငံတို့ထက် တော်လှန် ရေးဖြစ်ပွားနိုင်ချေ
ပိုရှိသည်ဟူသည့်အဆိုကို လေ့လာကြည့်သည်ဆိုပါစို့။ ထိုအဆို၏ မှန်ကန်နိုင်စွမ်းကို ဆန်းစစ်ကြည့်ရမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတည်းတွင်သာ ထိုသို့ဖြစ်နေပါက
ထိုအဆိုသည် အခြေအနေအားလုံးအတွက် မှန်ကန်ချက်မျိုးဖြစ်သည်ဟု ယူဆရန်ခက်သည်။ ထိုအခြေအနေ မျိုးတွင်
နိုင်ငံရေးနှိုင်းယှဉ်လေ့လာမှုပြုလုပ်ကြည့်ရမည်ဖြစ်သည်။ ထိုသို့လေ့လာရာတွင် ဓနဥစ္စာခွဲဝေမှု
မမျှတသော်လည်း ဓနဥစ္စာဖန်တီးနိုင်မှုစွမ်းရည် မြင့်သောနိုင်ငံများတွင် တည်ငြိမ်မှုဖန်တီးနိုင်သည်ကို
တွေ့ရှိရပါက မူလအဆိုကို ပြောင်းလဲပစ်ရမည်ဖြစ်သည်။ ဤသို့ဖြင့် ယေဘူယျမှန်းဆချက်များကို လက်တွေ့ စမ်းသပ်စစ်ဆေးခြင်းဖြင့်
ပိုမိုကောင်းမွန်မှန်ကန်သော ခန့်မှန်းချက်များ၊ ဖွင့်ဆိုချက်များကို ဖော်ထုတ်ရရှိနိုင် ပေမည်။
ထိုသို့ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံရေးနှိုင်းယှဉ်လေ့လာမှု၏ အရေးကြီးဆုံးသော တတိယ ရည်ရွယ်ချက်ဖြစ်ပေသည်။
နိုင်ငံရေးနှိုင်းယှဉ်လေ့လာမှုပြုရာတွင်
ကြုံတွေ့ရနိုင်သည့်အခက်ခဲများနှင့် ထိုအခက်အခဲများကို ကျော်
လွှားနိုင်ရန် အသုံးပြုနိုင်သည့် နည်းလမ်းများကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။
နိုင်ငံရေး နှိုင်ယှဉ်လေ့လာမှုပြုခြင်းသည် နိုင်ငံတစ်ခုခြင်းစီ၏ အသေးစိတ်အကြောင်းအရာများကို
ရသမြောက်အောင် မှတ်တမ်းပြုစုခြင်းမျိုး မဟုတ်ပေ။ နိုင်ငံများကို နှိုင်းယှဉ်လေ့လာပြီး ယေဘူယျမှန်ကန်ချက်များ
သီအိုရီများ ကို ဖော်ထုတ်ပေးနိုင်ရန်ဖြစ်သည်။ လေ့လာသူသုတေသီများနှင့် သုတေသီတို့၏ လေ့လာမှုမှထွက်ပေါ်လာ သော
ရလာဒ်များကိုလက်တွေ့အသုံးပြုမည့်သူ နှစ်ဦးနှစ်ဖက်လုံးသည် မှန်ကန်သော ဓမ္မဓိဌာန်ကျသော
ရလာဒ်များကိုသာ လိုလားကြမည်ဖြစ်သည်ဟု ယူဆနိုင်သည်။ ထိုနေရာတွင် သုတေသီတို့၏ ဓမ္မဓိဌာန် ကျကျ
သစ္စာရှိရှိဆောင်ရွက်နိုင်စွမ်းသည် အလွန်အရေးပါလှသည်။ သုတေသီတို့အနေနဲ့ မိမိတို့လိုချင်သော
နောက်ဆုံးရလာဒ် ထွက်ပေါ်လာစေရန်အတွက် ဘက်လိုက်ကြိုးပမ်းဆောင်ရွက်မှုများ မရှိစေရန် ထိန်းသိမ်း ရမည်ဖြစ်သည်။
သုတေသန ရလာဒ်များကိုအပြည့်အ၀ ယုံကြည်မှုပေးနိုင်ရန်အတွက်မူ ထိုရလာဒ်များကို အခြားပညာရှင်များက
ဝိုင်းဝန်းဆန်းစစ်ရန် လိုအပ်နေသည်။ မည်သို့ပင်ဆိုစေ သုတေသီ၏ ကိုယ်ပိုင်တန်ဖိုးထားမှုများ၊
ခံယူချက်များသည် သူတို့၏ နှိုင်းယှဉ်
လေ့လာမှု ရလာဒ်များအပေါ်တွင် အနည်းနဲ့အများ ထင်ဟပ်နေနိုင်သည်သာဖြစ်သည်။
ထို့အတွက် ရလာဒ်များ ကို လက်တွေ့အသုံးချမည့် သူများအနေနှင့် မည်သည့်အရာကိုမျှ မျက်စိမှိတ်ယုံကြည်မှု
မပြုသင့်သလို ငြင်းပယ် မှုလည်းမပြုသင့်ပေ။ သုတေသီတို့၏ လေ့လာမှုရလာဒ်များကို သေချာစွာ နားလည်နိုင်ရန်
ကြိုးစားရင်း ဓမ္မဓိဌာန်ကျသည့်အချက်များကို ရှာဖွေတတ်ရန်လိုသည်။ နာဇီခေတ် ဂျာမနီနိုင်ငံတွင်ပေါ်ပေါက်ခဲ့သော
လူမျိုးကြီးဝါဒအခြေပြု လူမှုဗေဒအယူအဆ၊ ဆိုဗီယက်ခေတ်တွင် ပေါ်ထွန်းခဲ့သော ပစ္စည်းမဲ့သိပ္ပံ
( proletarian science ) အယူအဆများသည် ထိုနိုင်ငံ၏ သုတေသီတို့၏ အယူအစွဲများပေါ်တွင်
အခြေခံ၍ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ဆိုဗီယက်ပညာရှင်တို့၏ အိုင်းစတိုင်း၏ ရီလေတီဗီတီ
သီအိုရီကိုပင် ဆိုရှယ်လစ်တော်လှန်ရေးကို ဆန့်ကျင်သည်ဟုယူဆကာ ငြင်းပယ်ခဲ့ကြသည်။ နိုင်ငံရေး အိုင်ဒီယိုလိုဂျီများက
ဓမ္မဓိဌာန် မှန်ကန်ချက်များကို လွှမ်းမိုးသွားသည့် သဘောပင်ဖြစ်သည်။
ဘုရားကျောင်းနှင့်စာကြည့်တိုက်
နိုင်ငံရေး
နှိုင်းယှဉ်လေ့လာမှုပြုရာတွင် မျှချေရှာဖွေနိုင်ရန်မှာ အရေးကြီးသည့် လုပ်ငန်းအဆင့် တစ်ခုဖြစ်သည်။ မတူညီသောနိုင်ငံများကို လေ့လာရာတွင် ထိုမတူညီမှုထဲမှ ယေဘူယျတူညီမှုများကို
ရှာဖွေခြင်းသည် နိုင်ငံရေးသိပ္ပံအလိုအရ မျှချေရှာဖွေခြင်းဖြစ်သည်။ မည်သည့်နှိုင်းယှဉ်မှုမျိုးတွင်မဆို
နှိုင်းယှဉ်မည့်အရာများသည် လုံးလုံးလျားလျား မတူညီကြပါကလည်း နှိုင်းယှဉ်မှု ပြုနိုင်မည်မဟုတ်ပေ။
လုံးဝဩဿုံတူညီပါကလည်းမည်သို့မျှ နှိုင်းယှဉ်နိုင်မည်မဟုတ်ပေ။ မတူညီမှုများထဲမှ တူညီမှုများကို
ရှာဖွေနိုင်ရန်မှာ နိုင်ငံရေးနှိုင်းယှဉ်လေ့လာမှုနယ်ပယ်၏ အရေးကြီးဆုံးသော ကိစ္စဖြစ်သည်။ ဥပမာ-ဘုရားကျောင်းတစ်ခုနှင့်
စာကြည့်တိုက်တစ်ခုကို နှိုင်းယှဉ်မှုပြုရမည်ဆိုပါစို့။ တစ်မျိုးနှင့်တစ်မျိုး အသွင်သဏ္ဍာန်ရော
အနစ်သာရပါ မတူကွဲပြားနေသည်ကို တွေ့ ရမည်ဖြစ်သည်။ သို့သော် နိုင်ငံရေးနှိုင်းယှဉ်လေ့လာမှု
အမြင်အရ မတူညီမှုမျှချေကို ရှာဖွေရမည်ဆိုပါက ထို အဆောက်အဦး နှစ်ခုလုံးသည် လူအများ ၀င်ထွက်သွားလာနိုင်ရန်
တည်ဆောက်ထားခြင်းဖြစ်သည်။ ထို့အပြင် အဆောက်အဦးနှစ်ခုလုံးသည် အများအားဖြင့် တိတ်ဆိတ်ငြိမ်သက်နေလေ့ရှိသည်ဟု
ဆိုနိုင်သည်။ မတူညီမှုများအနေနှင့်မူ စာကြည့်တိုက်မှစာအုပ်များကို ငှားရမ်းဖတ်ရှုနိုင်ပြီး
ဘုရားကျောင်းမှာမူ ဘာသာရေး အရ ၀တ်ပြုမှုမျိုးကို ဆောင်ရွက်နိုင်သည်။ ထိုသဘောသည် မတူညီမှုများအထဲမှ
တူညီသည့်လက္ခဏာများကို ရှာဖွေဖော်ထုတ်ကြည့်ခြင်းပင်ဖြစ်သည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင်
ပယ်နုတ်၍ လွယ်ကူအောင်ပြု၍မရသော သီးခြားကိုယ်ပိုင်လက္ခဏာများ
(irreducible originality) ရှိကြသည်။ ထိုလက္ခဏာများကို သေချာစွာနားမလည်ပါက
ထိုနိုင်ငံများ၏ နိုင်ငံရေး အခြေအနေများ၊ စနစ်များကိုလေ့လာရာတွင် မည်သို့မျှ ခြုံငုံနားလည်နိုင်မည်မဟုတ်ပေ။
ထိုသို့သီးခြားကိုယ်ပိုင်လက္ခဏာများကိုသာ ရှေ့တန်းတင် စဉ်းစားလွန်းပါကလည်း အရာရာအစစ မတူညီမှုများကိုသာ
တွေ့ရမည် ဖြစ်သဖြင့် နိုင်ငံရေးနှိုင်းယှဉ်လေ့လာမှုအတွက် အရေးကြီးသော မျှချေများကို ရှာဖွေနိုင်မည်မဟုတ်ပေ။
ထိုသို့ မရှာဖွေနိုင်ပါက ထိုနိုင်ငံ၏ အသေးစိတ်သဘာဝများကိုသာ ရသဆန်ဆန် မှတ်တမ်းတင်ခြင်းသာ
ဖြစ်လာနိုင် သည်။ နိုင်ငံရေးနှိုင်းယှဉ်လေ့လာမှု၏ ရည်ရွယ်ရင်းဖြစ်သော ယေဘူယျမှန်ကန်ချက်များ
ရှာဖွေဖော်ထုတ်နိုင်ရန် သီအိုရီများတည်ဆောက် နိုင်ရန် မလွယ်ကူပေ။ ထိုအခက်ခဲများကို ကျော်လွှားနိုင်ရန်မှာ
တူညီမှုများကို မတူညီ
သည့်အခြေအနေများထဲမှ မြင်တတ်အောင် လေ့လာတတ်ရန်ပင်ဖြစ်သည်။ မတူညီမှုများ
သီးခြားဝိသေသ
သဘောဆောင်သော လက္ခဏာများကို သေချာစွာနားလည်ရန်လိုသလို
ထိုအခြေအနေများကို ဓမ္မဓိဌာန် မှန်းဆချက်များတည်ဆောက်ရာတွင် လိုသလို
ထည့်သွင်းအသုံးချတတ်ရန် လိုအပ်ပေသည်။
နိုင်ငံရေးနှိုင်းယှဉ်လေ့လာမှုတွင် တူညီမှုများကိုအခြေခံပြီးမှ မတူညီမှုများကိုရှာဖွေသောပုံစံ
‘most-similar-systems design’ နှင့် မတူညီမှုအခြေခံများထံမှ တူညီမှုများကိုရှာဖွေသောပုစံ
most-different systems design ဟူ၍ ပုံစံ နှစ်မျိုးရှိပါသည်။ တူတာထဲက မတူတာရှာပုံစံအရ
ချဉ်းကပ်ရာတွင် ပထမဆုံးအနေ
နှင့် လေ့လာနေသောနိုင်ငံ နှစ်နိုင်ငံ
(သို့) နိုင်ငံအုပ်စုများ၏ ယေဘူယျတူညီချက်များကို ရှာဖွေနိုင်မည်ဖြစ် သည်။ လေ့လာမှု ဒုတိယအဆင့်တွင်မူ ထိုသို့သော
ယေဘူယျတူညီချက်များရှိသော်လည်း နိုင်ငံတစ်ခု၏ အခြေအနေသည် အခြားနိုင်ငံများနှင့်မတူဘဲ
ထူးခြားသောအခြေအနေများ ဖြစ်ပေါ်ခြင်းကို ရှာဖွေလေ့လာ ခြင်းဖြစ်သည်။မတူတာထဲက တူတာရှာပုံစံအရ ချဉ်းကပ်ရာတွင်မူ
လေ့လာနေသော နိုင်ငံများ၏ မတူညီ မှု များကို အလွယ်တကူရှာဖွေတွေ့ရှိနိုင်ပြီး ထိုသို့မတူညီမှုများရှိသော်လည်း
တူညီသည့် ဖြစ်စဉ်ကြီးများထဲ တွင်မူ ဘုံသဘောဆောင်၍ဖြတ်သန်းနေကြပုံများကို လေ့လာနိုင်မည်ဖြစ်သည်။
တနည်းအားဖြင့် တူတာထဲ က မတူတာရှာပုံစံသည် မူလကတည်းက တူညီမှုများရှိနေပြီးသော နိုင်ငံများကိုစုစည်း၍
နှိုင်းယှဉ်လေ့လာ ခြင်းမျိုးဖြစ်ပြီး၊ မတူတာထဲက တူတာရှာပုံစံမှာမူ နိုင်ငံရေးစနစ်ခြင်း
မတူညီသောနိုင်ငံများကို လေ့လာ၍ တူညီချက်များကို ရှာဖွေခြင်းမျိုးဖြစ်
သည်။ ဥပမာ-စစ်အေးကာလကို အတူတူဖြတ်သန်းခဲ့ကြသော
နိုင်ငံရေးစနစ်ခြင်း မတူညီသည့် ဆှိုရှယ်လစ် အုပ်စုဝင်နိုင်ငံများနှင့် အရင်းရှင်နိုင်ငံများကို
နှိုင်းယှဉ်လေ့လာခြင်းမျိုးဖြစ်သည်။ တူတာထဲက မတူတာရှာ ပုံစံအရ လေ့လာမှုအခြေအနေတစ်ရပ်ကို
ဆက်လက်တင်ပြသွားမည်ဖြစ်သည်။ ယနေ့ကမ္ဘာတွင် လူအများ စုပြောဆိုနေကြသော စိတ်ဝင်စားစရာ
ယေဘူယျမှန်းဆချက် အဆိုတစ်ခုထွက်ပေါ်နေသည့် လစ်ဘရယ် ဒီမိုကရေစီ ထွန်းကားရင့်ကျက်နေပြီဖြစ်သော
နိုင်ငံတို့တွင် နိုင်ငံသားတို့၏ မဲဆန္ဒပေးမှုနှုန်းမှာ တဖြည်းဖြည်း ကျဆင်းလာ သည်ဟူ၏။
နိုင်ငံရေးနှိုင်းယှဉ်လေ့လာမှု အမြင်အရ နိုင်ငံရေးသိပ္ပံပညာရှင် Paul Whiteley နှင့် အဖွဲ့က
ထိုအဆိုကို ဆန်းစစ်နိုင်ရန် လစ်ဘရယ်ဒီမိုကရေစီ နိုင်ငံပေါင်း (၁၂) နိုင်ငံကိုစုစည်း၍
၁၉၅၀ ပြည့်လွန် နှစ်များတွင် ပြည်သူလူထု၏ မဲဆန္ဒ ပေးမှုနှုန်းများနှင့် ၁၉၉၈ ခုနစ်တွင်
ပြည်သူလူထု၏ မဲဆန္ဒပေးနှုန်းတို့ကို နှိုင်းယှဉ် လေ့လာခဲ့ကြသည်။
ထိုလေ့လာမှုအရ ဒိန်းမတ်နှင့် ဆွီဒင်နိုင်ငံတို့မှအပ နိုင်ငံ (၁၀)
နိုင်ငံတွင် မဲပေးမှုနှုန်းများသည် ကျဆင်းလာကြောင်းတွေ့ရသည်။ ဒိန်းမတ်နှင့်
ဆွီဒင်နိုင်ငံတို့တွင်မူ မဲပေးမှုနှုန်းများသည် တတ်လာသည်ကို တွေ့ရသည်။အမှန်စင်စစ် နိုင်ငံရေးနှိုင်းယှဉ်လေ့လာမှုအရ
ဆန်းစစ်နေသော အထက်ပါ (၁၂) နိုင်ငံလုံးသည် တစ်ခုနှင့်တစ်ခုဆင်တူသော နိုင်ငံရေးစနစ်များကို
ကျင့်သုံးနေကြပြီး တည်ငြိမ်သော လူမှုအဆောက်အအုံး များ ရှိကြလေသည်။စီးပွားရေးဖွံ့ဖြိုးမှုများမှာလဲ
ယေဘူယျအားဖြင့်တိုးတတ်မှုရှိနေကြသော နိုင်ငံများဖြစ် သည်။ နိုင်ငံကြွယ်ဝချမ်းသာလာသည်နှင့်အမျှ နိုင်ငံသားများသည်လည်း
ယေဘူယျအားဖြင့် ကြွယ်ဝ ချမ်းသာလာကြသည်ဖြစ်ရာ မည်သည့်အစိုးရတက်သည်ဖြစ်စေ သူတို့၏ တည်ငြိမ်နေသော
လူမှုစီးပွား အခြေအနေများကို ယိုယွင်းသွားအောင် ပြုလိမ့်မည်မဟုတ်ဟု ယုံကြည်ကြသည့်အတွက် မဲဆန္ဒပေးစရာ လိုဟု ယူဆလာကြသည်။ နိုင်ငံရေးရောင့်ရဲလာမှု
အလေ့အထ (culture of contentment)
ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဆွီဒင်နှင့်ဒိန်းမတ် နိုင်ငံတို့သည်လည်းစီးပွားရေးဖွံ့ဖြိုးတိုးတတ်မှုရှိကြသည့်
နိုင်ငံများဖြစ်ရာ ထိုနိုင်ငံတို့တွင်လည်း ရောင့်ရဲမှုအလေ့အထများပေါ်ပေါက် လာရမည်သာဖြစ်သည်။
သို့သော်မဲဆန္ဒပေးနှုန်း သည် ကျဆင်းမသွားဘဲ တိုးလာနေသည်။ နိုင်ငံရေးစနစ်လူမှုရေး အဆောက်အအုံ ပုံစံများနှင့်
စီးပွားရေး တိုးတတ်မှုတို့အရ ဆင်တူသောနိုင်ငံများဖြစ်သော်လည်း ဆွီဒင်နှင့်ဒိန်းမတ်တို့တွင် အဘယ့်ကြောင့်မဲဆန္ဒ ပေးနှုန်း
များလာသည်ဆိုသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပေသည်။
နိုင်ငံရေးသိပ္ပံပညာရှင်
Whiteley က ထိုနိုင်ငံ နှစ်ခု၏ လူမှုအရင်း (social capital) မြင့်မားမှုကို ထောက်ပြပါ
သည်။ ထိုနိုင်ငံတို့တွင် နိုင်ငံသားတို့၏
တစ်ဦးပေါ်တစ်ဦး ယုံကြည်ကြသလို ရပ်ရွာအကျိုးစုပေါင်းသယ်ပိုးလို
သည့်စိတ်များလည်း အားကောင်းကြသည်။
ထို့ကြောင့် လူမှုရေးအဖွဲ့အစည်းများ၊ အားကစားကလပ်များ၊ မိဘဆရာအသင်းများ၊ လူထုရေးရာစီမံချက်များစသည့်
လူမှုရေးဆိုင်ရာ အဖွဲ့အစည်း၊ အဆောက်အအုံးများ ကို ဖြန့်ကြက်ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်
နိုင်စွမ်းရှိကြသည်။ Whiteley ၏အလိုအရ ထိုအခြေအနေများ သည် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်လိုစိတ်
(ဥပမာ-မဲဆန္ဒပေးခြင်း) ကို နိုးဆွပေးခြင်းဖြစ်လေသည်။ မဲဆန္ဒ ပေးမှု သာမက အခြားသောလူမှုအဖွဲ့အစည်းများ
ခိုင်မာအားကောင်းလာစေရန် လိုအပ်ပါက အလွယ်တကူ ပူးပေါင်း ဆောင်ရွက်နိုင်ရန် ချိတ်ဆက်ထားသော
လူမှုရေးကွန်ရက်များ အားကောင်းစေရန်အတွက် လူမှုအရင်းကို မြင့်တင်ပေးနိုင်ရန် ပေါ်လစီများချမှတ်သင့်သည်ဟု
Whiteley က အကြံပြုလေသည်။
အထက်ပါလေ့လာမှုကို ဆန်းစစ်ကြည့်ပါက ပထမဦးစွာ တူညီသောအခြေအနေများရှိသည့်
နိုင်ငံများ
ကို စုစည်းလေ့လာခဲ့ရာမှ ထူးခြားသည့်မတူညီမှုကို
တွေ့ခဲ့ခြင်းဖြစ်သည်။ ထိုမတူညီမှုမှာ သက်ဆိုင်နိုင်ငံ များ၏ထူးခြားသော ကိုယ်ပိုင်လက္ခဏာများကြောင့်
ပေါ်ထွက်လာခဲ့ခြင်းဖြစ်ကြောင်းတွေ့ရှိခဲ့ရသည်။ ထိုသို့ သောအခြေအနေသည်လည်း နိုင်ငံများအားလုံးက
လိုလားအပ်သည့် လူမှုအဖွဲ့အစည်းများ အားကောင်း စေရန် နိုင်ငံရေးတည်ငြိမ်မှုများကို ထိန်းထားနိုင်ရန်
မည်သို့ဆောင်ရွက်သင့်သည်ဆိုသည်ကို လေ့လာ အတုယူနိုင်သည်ဖြစ်ရာများစွာ အကျိုးရှိသည်ဟု ဆိုနိုင်သည်။
နိုင်ငံရေးနှိုင်းယှဉ်လေ့လာမှု၏ အဓိကရည်ရွယ်ချက်မှာ
တူညီမှုများထဲမှ မတူထူးခြားနေသော အချက် များကိုရှာဖွေဆန်းစစ်၍ ယေဘူယျမှန်ကန်ချက်များကို
ဖော်ထုတ်နိုင်ရန်၊ မတူညီမှုများထဲမှ တူညီသော ဘုံလက္ခဏာဆောင်သော အခြေအနေများကို ရှာဖွေဖော်ထုတ်ခြင်းဖြင့်
ရှုပ်ထွေးပွေလီလှသော အဖြစ် အပျက်တို့ကို လေ့လာရာတွင် လွယ်ကူစေရန်၊ နိုင်ငံများနှိုင်းယှဉ်လေ့လာ
သုံးသပ်ကြည့်ခြင်းဖြင့် လက်တွေ့ အသုံးပြုနေသော နိုင်ငံရေးသီအိုရီများ၊ အိုင်ဒီယိုလိုဂျီများ၊
ယေဘူယျမှန်းဆချက်များ၏ မှန်ကန်နိုင်စွမ်းကို ဝေဖန်ပြုနိုင်ရာဖြစ်ပေသည်။
ထိုသို့ဆောင်ရွက်ခြင်းဖြင့် လေ့လာတွေ့ရှိချက်
အသစ်များကို ရှာဖွေနိုင်မည်ဖြစ်သလို ပိုမိုကောင်းမွန်သော ကမ္ဘာ့နိုင်ငံရေး တူယူချက်များဆီသို့
ဦးတည်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ရပါသည်။
မိုးသန်
Ref; Exploring Plitical
Worlds;
Edited by Paul Lewis
Edinburgh University Press
0 comments:
Post a Comment