Friday, October 21, 2011

ပြည်ပရောက်များနှင့် အင်တာဗျူးများ ပြည်တွင်းဂျာနယ်တွင် ဖော်ပြ

by Mizzima မဇ္ဈိမ on Friday, October 21, 2011 at 4:20pm
 
ထွန်းထွန်း | သောကြာနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၄၃ မိနစ်

နယူးဒေလီ (အိန္ဒိယ) ။      ။ ပြည်တော် မပြန်သေးသည့် ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများ၊ တက်ကြွ လှုပ်ရှားသူများနှင့် ပြည်တွင်းထုတ် ဂျာနယ်များ၏ တွေ့ဆုံမေးမြန်းခန်းများကို ယခုနောက်ပိုင်း ပြည်တွင်းထုတ် သတင်းဂျာနယ်များ၌ ဆက်တိုက်ဆိုသလို စာပေစိစစ်ရေးမှ ဖော်ပြခွင့်ပြုခဲ့သည်။

ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများဖြစ်သည့် ဒီမိုကရက်တစ်မြန်မာအသံ DVB မှ သတင်း အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်၊ ဧရာဝတီ သတင်းဌာနမှ အယ်ဒီတာ ဦးအောင်ဇော်၊ မဇ္ဈိမသတင်းဌာနမှ စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနှင့် ထိုင်းနိုင်ငံအခြေစိုက် ဗဟုအဖွဲ့မှ ဦးအောင်သူငြိမ်းတို့၏ တွေ့ဆုံ မေးမြန်းခန်းများကို အောက်တို ဘာလ အတွင်း ပြည်တွင်းထုတ် ဂျာနယ်များတွင် ဖော်ပြထားသည်။


ဖော်ပြခွင့်ရသည့် ဂျာနယ်များမှာ စစ်အစိုးရနှင့် နီးစပ်သူများဟု စွပ်စွဲခံနေရသူများ ပိုင်ဆိုင်သည့် ပေါ်ပြူလာ (ဦးဟိန်းလတ်)၊ ရန်ကုန်တိုင်းမ် (ကိုကို- စက်မှုတက္ကသိုလ်)၊ Eleven (ဒေါက်တာ သန်းထွဋ်အောင်) နှင့် မြန်မာပို့စ် ဂလိုဘယ် (ဦးဝင်းအောင်) တို့ ဖြစ်သည်။ ဦးဝင်းအောင်မှာ ဟိုတယ် လုပ်ငန်းရှင် တဦးလည်းဖြစ်ကာ United Media Group အမည်ဖြင့် မြန်မာပို့စ်၊ မြန်မာပို့စ်ဂလိုဘယ် ဂျာနယ်များအား ထုတ်ဝေနေသူ ဖြစ်သည်။

ဦးအေးချမ်းနိုင်အား ပေါ်ပြူလာဂျာနယ်မှ မေးမြန်းထားခြင်းဖြစ်ကာ  “ပြည်တွင်းသို့ ဝင်ရောက်လုပ်ကိုင်ရန် ရှိ၊ မရှိ”၊ “ရုံးခွဲဖွင့်ရန် ရှိ၊ မရှိ”၊ “ပြည်တွင်းသို့ သတင်းဝင်ရောက် ရယူမည်ဆိုပါက မည်သို့သောသူများနှင့် သွားတွေ့မည် နည်း”၊ “လက်ရှိအစိုးရနှင့် လွှတ်တော်၏ လုပ်ငန်းအပေါ်နှင့် ပြောင်းလဲမှု ရှိ၊ မရှိ” စသည့် အမေးအဖြေများ ပါရှိသည်။

“ပေါ်လစီ လုံးဝချိန်းသွားတယ်လို့ ကျနော်တို့ မြင်ပါတယ် ခင်ဗျ။ ငါးလပိုင်း၊ ခြောက်လပိုင်း လောက်ကတည်း က စချိန်းလာတာပေါ့နော်။ အဲဒါတွေက တော်တော်များများ ချိန်းသွားပြီဗျ။ သူတို့ဘက်က အားလုံးကို Welcome လုပ်တယ်ဆိုတဲ့ သဘောမျိုး ရှိပါတယ်” ဟု အင်တာဗျူး ဖော်ပြခွင့်ရသည့် ဂျာနယ်တခုမှ အယ်ဒီတာက မဇ္ဈိမကို ပြောသည်။

“မြစ်ဆုံရပ်ဆိုင်းမှုနှင့် တရုတ်ဘက်မှ တုံ့ပြန်မှုအပေါ် အမြင်”၊ “အမေရိကန်၏ ပိတ်ဆို့မှုအခြေအနေ”၊ “ပြည်တွင်း တွင် ပြန်လည်လုပ်ကိုင်လိုခြင်း ရှိ၊ မရှိနှင့် မည်သည့်မီဒီယာ လုပ်ကိုင်လိုသနည်း” နှင့် “ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ၊ ဆက်ဆံရေးဝန်ကြီး တွေ့ဆုံခဲ့မှုအပေါ် အမြင်” ဟူ၍ ဧရာဝတီသတင်းဌာနမှ ဦးအောင်ဇော်နှင့် Weekly Eleven သတင်းဂျာနယ် တွေ့ဆုံမေးမြန်းခန်းတွင် ပါရှိသည်။

မဇ္ဈိမသတင်းဌာနမှ အယ်ဒီတာ ဦးစိန်ဝင်းနှင့် မြန်မာပို့စ် ဂလိုဘယ်ဂျာနယ် မေးမြန်းခန်းတွင်မူ လက်ရှိအစိုးရ အဖွဲ့ အနေဖြင့် ပြုပြင်ပြောင်းလဲမှု ရှိနေသည်ဟု ယူဆထားကာ “ပြောင်းလဲမှု အပေါ် သဘောထား”၊ “မြစ်ဆုံ ရပ်ဆိုင်း မှုမှာ ပြည်တွင်း မီဒီယာများ၏ အားထုတ်မှု ဟုတ်၊ မဟုတ်”၊ “ပြည်တွင်းသို့ ပြန်ဝင်ရန် ရှိ၊ မရှိ”၊ “အနောက်နိုင်ငံ များ၏ ပိတ်ဆို့မှု လျော့ကျဖွယ်ရှိ၊ မရှိ” နှင့် “နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများတွင် စတုတ္ထမဏ္ဍိုင် အနေဖြင့် မည်သို့ ပူးပေါင်းဆောင်ရွက်သင့်သနည်း” စသည်တို့ကို မေးမြန်းခဲ့သည်။

“သဘောထား ပြောင်းလဲသွားတဲ့ အပေါ်မှာ မူတည်မယ် ထင်ပါတယ်။ လောလောဆယ်မှာ အားလုံးကို ပြည်ဝင်ခွင့် ပြုမယ်လို့ ပြောထားတာကို။ အဲဒီပြောထားတဲ့အပေါ်မှာ မူတည်ပြီးတော့ ဒီဟာတွေက အခုလက်ရှိ အပြင် ရောက်နေတဲ့သူတွေနဲ့ ဆက်သွယ်ပြီးတော့ ဖော်ပြတာတွေလည်း အဲဒီလို ထည့်သွင်းခွင့်ပြုတယ် လို့တော့ ထင်တာပဲ”ဟု သတင်းအသားပေးဖော်ပြနေသည့် ဂျာနယ်တခုမှ တာဝန်ခံအယ်ဒီတာတဦးက ဆိုသည်။

ထိုင်းနိုင်ငံ အခြေစိုက် ဗဟုအဖွဲ့မှ ဦးအောင်သူငြိမ်းနှင့် ရန်ကုန်တိုင်းမ် မေးမြန်းခန်းတွင်မူ ပြည်သူ့ရေးရာဆိုင်ရာ မဟာဘွဲ့ရသူ အနေဖြင့် “မြန်မာ့နိုင်ငံရေး အတွက် လုပ်ဆောင်သင့်သည်များ”၊ “ယခင် ကျောင်းသား တပ်မတော် ABSDF မှ ထွက်၍ ပညာရှင်လမ်း ရွေးချယ်မှု”၊ “တိုင်းပြည်၏ ပဋိပက္ခများနှင့် လုပ်ဆောင်သင့်သည်များ”၊ “ပြည်တွင်း ပြန်လာရန် ရှိ၊ မရှိ” နှင့် “လက်ရှိ ပြောင်းလဲမှုနေမှုများ နောက်ပြန်မလှည့်ရေး အတွက် လုပ်ဆောင် သင့်သည်များ” နှင့် ပတ်သက်၍ ပါရှိသည်။

ယင်းတွေ့ဆုံ မေးမြန်းခန့်များနှင့်ပတ်သက်၍ စာပေစိစစ်ရေးမှ တစုံတရာ ဖြတ်တောက်ခြင်း မရှိဘဲ ထုတ်ဝေခွင့် ပြုခဲ့သည်ဟုလည်း သိရသည်။

“တိုင်းပြည်ရဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုးဟာတွေ လုပ်ဆောင်သင့်တယ် ဆိုတာကို မေးခဲ့တယ်။ တခုမှ အဖြတ်အတောက် မရှိဘဲနဲ့ ကိုအောင်သူငြိမ်းရဲ့ အဖြေတွေကို ဖော်ပြခွင့်ပြုပါတယ်” ဟု ယင်းဂျာနယ် အယ်ဒီတာ က ဆိုသည်။

ဂျာနယ်များတွင် အင်တာဗျူးရန် ကြိုးပမ်းလာမှုမှာ ဂျာနယ်စောင်ရေ တိုးခြင်းထက် ပြည်ပရောက် အဖွဲ့အစည်းများအား ပြည်တော်ဝင်ခွင့်ပေးရန် ကြေညာထားခဲ့မှုအပေါ် စာပေစိစစ်ရေး၏ သဘောထားအား သိလိုသည့်အတွက် ဖော်ပြခွင့် ရ၊ မရ စမ်းသပ်ခြင်းလည်း ဖြစ်နိုင်ကြောင်း သူက ဆိုသည်။

သမ္မတဦးသိန်းစိန်က ပြည်ပရောက် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များအနေဖြင့် တိုင်းပြည် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်နိုင်ရန်အတွက် ပြန်လာမည်ဆိုပါက သက်ဆိုင်ရာ တိုင်း/ပြည်နယ် အစိုးရများနှင့် တိုက်ရိုက် ဆက်သွယ်၍ ပြန်လာနိုင်ကြောင်း သြဂုတ်လ ၁၇ ရက်နေ့က ပြောဆိုခဲ့သည်။

ယင်းကာလကလည်း အလားတူ ပြည်ပရောက်များကို မေးမြန်း၍ စာပေစိစစ်ရေးသို့ တင်ပြခဲ့သော်လည်း ထုတ်ဝေခွင့် မပြုခဲ့ပေ။

“ပြည်ပမီဒီယာတွေ လာဖို့ဆိုတာကတော့ ထူးခြားတာချည်းပဲ။ ပြည်ပမီဒီယာတွေက ပုဂ္ဂိုလ်တွေလည်း ကျနော်တို့ အင်တာဗျူး လုပ်ခွင့်ရတာလည်း ထူးခြားပါတယ်။ လာမယ့် အနေအထားအရ နိုင်ငံတကာနဲ့ သူတို့ စကားတွေ အများကြီး ပြောရဆိုရမယ့် ကိစ္စတွေ ရှိတော့ ဒါမျိုးတွေ လုပ်တာ ဖြစ်ပါလိမ့်မယ်” ဟု ဂျာနယ် အယ်ဒီတာက ပြောသည်။

သူက ဆက်ပြီး “အစိုးရက သူ့ဟာသူ ရောင်းဈေးတင်တယ်လို့ ကျနော်ထင်တယ်။ သူ့ရဲ့ Impression ကို ရောင်း တယ်ဆိုတဲ့ သဘောမျိုးပေါ့နော်။ သူက ဒါက First Impression ကို။ အဲဒါကို သူ အကောင်းဆုံးကို လုပ်တယ်ဗျ။ ရှေ့ကဟာကို ပယ်ပြီးတော့ အနောက်က အကောင်းဆုံး လုပ်သွားတယ်ဆိုတဲ့ သဘောမျိုး သွားတဲ့သဘောမျိုး ရှိပါတယ်” ဟု မှတ်ချက်ပြုသည်။

ထူးခြားချက် အနေဖြင့် ပြည်ပမီဒီယာများနှင့် တွေ့ဆုံ မေးမြန်းခန်းများတွင် အဓိကအားဖြင့် “အစိုးရ၏ ပြောင်းလဲမှု အပေါ် မီဒီယာ၏ သဘောထား”၊ “ပြောင်းလဲမှုများ ရှိလာသည့် အတွက် ပြည်တွင်းတွင် ဝင်ရောက် လုပ်ကိုင်မည်လော” နှင့် “အစိုးရ၏ ပြောင်းလဲမှုကြောင့် အနောက်နိုင်ငံများမှ ပိတ်ဆို့မှုများ လျော့နည်းသွားမည်လော” ဟူသည့် မေးခွန်းများ တူညီနေခြင်း ဖြစ်သည်။

မေးခွန်းများ တူညီနေကြခြင်းမှာ အစိုးရအနေဖြင့် မဟာဗျူဟာချ လုပ်ကိုင်လာခြင်း ဖြစ်နိုင်သည့်အပြင် ပြည်ပ မီဒီယာများ၏ သဘောထားအား သိလိုခြင်းကြောင့်လည်း ဖြစ်နိုင်ကြောင်း ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂ BMA က ရှုမြင်သည်။

“တချိန်တည်းမှာ သူတို့က တစုံတရာ လျော့ပေါ့ပေးတယ်ဆိုတာလည်း ပေါ်လွင်စေတယ်။ တပြိုင်နက် တည်းမှာ ဒီသတင်းဌာနတွေမှာ ရှိနေတဲ့ သတင်းစာဆရာများဟာ သူတို့အပေါ်မှာ ဘယ်လိုသဘောထား ရှိသလဲ ဆိုတာ လည်းပဲ သူတို့ တိုင်းတာချင်တယ်၊ Evaluate လုပ်ချင်တယ်လို့ ကျနော် ယူဆတယ်။ အဲဒီ အနေအထားတွေအရ ဒီဥစ္စာကို ဖွင့်ပေးတယ်လို့ မြင်ပါတယ်” ဟု BMA ဒုဥက္ကဋ္ဌ ဦးဇင်လင်းက မဇ္ဈိမကို ပြောသည်။

မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာ ဖိအား လျော့ကျရေး၊ အကူအညီများ ပြန်လည် ပွင့်လာရေးနှင့် ပိတ်ဆို့ အရေး ယူမှု  ပယ်ဖျက်ရေး အပြင် ၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌ ရာထူးရနိုင်ရန် လိုလားနေပြီး နိုင်ငံတကာကမူ သိသာ ထင်ရှားသည့် ပြောင်းလဲမှုများ မရှိသေးဟု ဝေဖန်လျက်ရှိသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...