Thursday, October 20, 2011

လူရွယ်နိုင်ငံရေးသမားအလိုရှိသည်ဆိုပါလျှင် လူကြီး Statesman များလည်းလိုပါသည်။


မြန်မာနိုင်ငံ ဝန်ထမ်းဟောင်းတစ်ဦး

၁။ ၅-၁၁-၂၀၁၀နေ့ထုတ် Voice ဂျာနယ်တွင် ဒေါက်တာမြတ်ဥာဏစိုး ရေးသားသော  ‘လူရွယ်နိုင်ငံရေးသမား များအလိုရှိသည်’နှင့် ယင်းဂျာနယ်တွင်ပင် ၂၀၁၀၊ အောက်တိုဘာလ ၁၂-၁၆ နေ့ထုတ်မောင်စူးစမ်းရေးသား သော Statesman နှင့် နိုင်ငံရေးခေါင်းဆောင် ဘာခြား၊ ဆောင်းပါးနှစ်ပုဒ်ကို စာရေးသူစိတ်ဝင်စားသဖြင့် မိတ္တူ များကူးယူ၍ သိမ်းဆည်းထားပါသည်။ မကြာခဏလည်း ဖတ်ရှုလေ့လာ စဉ်းစားနေမိပါသည်။ ဒေါက်တာမြတ်ဥာဏစိုးက သူ၏မေးခွန်းကို အဖြေတောင်းထားသည်ကိုလည်း တွေ့ရပါသည်။ မည်သူတွေ ဖြေကြားကြသည်ကိုတော့ ဂျာနယ်စုံလင်အောင်မဖတ်နိုင်သဖြင့် သိနိုင်စွမ်းမရှိပါ။ စာရေးသူလက်လှမ်းမီသမျှဂျာနယ်များကို ဖတ်ရှုလေ့လာကြည့်ရာတွင်တော့ ဖြေဆိုသောဆောင်းပါး မတွေ့ရပါ။

၂။ လူကြီးပိုင်းရောက်နေသော စာရေးသူဖြင့် ဖြေကြည့်ရန် ဤဆောင်းပါးကို ရေးခဲ့ခြင်းဖြစ်ပါသည်။ ပြီးတော့ academic forum သဘောမျိုးဖြစ်လျှင် ပိုကောင်းမည်လားဟုလည်း တွေး၍ရည်ရွယ်ရေးသားခြင်း ဖြစ်သည်။
၃။ ဆောင်းပါးရှင် အသက်(၁၈)နှစ်မှ (၂၅)နှစ်အထိကို လူငယ် (၂၅)နှစ်မှ (၃၅)နှစ်ကို လူရွယ် (၃၅)နှစ်မှ (၄၅)နှစ်ကို လူလတ်ဟု ပိုင်းခြားခေါ်ဝေါ်ခြင်းဖြစ်ပါသည်။ (၂၅)နှစ်မှ(၃၅)နှစ်အရွယ် လူရွယ်နိုင်ငံရေးသမားကို အလိုရှိသည့်သဘောရှိသည်။ ဆောင်းပါးရှင်၏အာဘော်မှာ နိုင်ငံရေးကို စိတ်မဝင်းစားကြ၍ အားမလိုအားမရ ဖြစ်နေ၍ရေးသားသည်ဟု ခန့်မှန်းရပါသည်။ စာရေးသူအနေအဖြင့်လည်း ဒေါက်တာဥာဏစိုးကို ထောက်ခံလို ပါသည်။ လူငယ်၊ လူရွယ်၊ လူလတ်၊ လူကြီးစသည် တော်တော်များများသည် နိုင်ငံရေးကို စိတ်မဝင်စားကြ သည် ကို တွေ့ရပါသည်။ စာရေးသူသည် ရန်ကုန်မြို့တွင်နေထိုင်ရာ နယ်မှမကြာခဏ အိမ်သို့ရောက်လာသော ဆွေမျိုးများ၊ မိတ်ဆွေများကို စကားပြောဆွေးနွေးကြရာတွင်လည်း ထို့အတူပင်ဖြစ်ပါသည်။ အမှန်တော့ နိုင်ငံရေးသည် ဘဝအရေးများတွင်တစ်ခု အပါအဝင်ဖြစ်ပါသည်။ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ နိုင်ငံရေး နှင့်ကင်းကွာ မနေသင့်ပါ။ မိမိက ကင်းကွာနေသင့်သည်ယူဆ၍ ခပ်ခွာခွာနေလျှင်လည်း နိုင်ငံရေးက အတင်း ဝင်ရောက်လာပါမည်။  ဒီမိုကရေစီနိုင်ငံများတွင် အနည်းဆုံးတော့ ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးရမည် ဖြစ်ရာ နိုင်ငံရေးသမား မဟုတ်စေကာမူနိုင်ငံရေးကို အသင့်အတင့်တော့စိတ်ဝင်စားမှုရှိပြီး မဲဆန္ဒပေးရေး ကိစ္စအတွက် လေ့လာထားသင့်သည်ဟု  ယူဆပါသည်။ နိုင်ငံရေးပါမောက္ခတစ်ဦးက အိမ်ရှင်မတစ်ဦးကို နိုင်ငံ ရေးအကြောင်း မေးခွန်းတစ်ခုမေးပါသည်။ အိမ်ရှင်မက မိမိက ဘာမှမဆိုင်ဘူးပြောရာ ယင်းနိုင်ငံပါမောက္ခက State is lost ( နိုင်ငံတော့ ပျောက်သွားပါပြီ ) ဟု မှတ်ချက်ပြုကြောင်းဖတ်ရှုပါသည်။ လူတိုင်းစိတ်ဝင်စားမှု တော့ရှိသင့်ပါသည်။

၎။ နိုင်ငံရေးသမားတစ်ဦးအတွက်ကတော့ အခြေခံပညာအရည်အချင်း စည်းကမ်းလိုက်နာမှု ကိုယ်ကျင့်တရား စသည်တို့နှင့် ပြည့်စုံရန်အပြင်လေ့လာဖို့လည်းလိုပါသည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးစသည်များကို လေ့ လာသင့်ပါသည်။ တစ်ဖက်အစွန်းသို့ရောက်မသွားစေရန် Comparative Study ရှိဖို့လိုမည် ထင်ပါသည်။ စာရေး သူဆိုလိုသည့်သဘောမှာ Balanced (ချိန်ခွင်လျှာ) တည့်ရန်ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံရေးသမားသည် ပြည်သူ့အုပ်ချုပ်ရေးပညာရပ်၊ စီမံခန့်ခွဲရေးပညာရပ်နှင့် ပြည်သူ့ဘဏ္ဍာရေးပညာရပ် စသည်တို့ကိုလည်း စိတ်ဝင် စားပြီး လေ့လာလိုက်စားရန်လိုပါသည်ဟု ဆွေးနွေးလိုပါသည်။ မြန်မာ့သမိုင်းတွင် လူကဥာဏ်ကောင်းပါ၏။ စည်းရုံရေးကလည်း ထက်မြက်ပါ၏။ စကားပြောလည်းအလွန်ကောင်းပါ၏။ ကျမ်းအစောင်စောင်ကိုလည်း ပြုစု နိုင်ပါ၏။ သို့သော်အယူအဆပိုင်းတွင် ချိန်ခွင်လျှာ အစွန်းရောက်သူများကို ဝမ်းနည်းစွာတွေ့ရပါသည်။ တိုင်းပြည် လည်းများစွာနစ်နာပြီး ယင်းပုဂ္ဂိုလ်များကိုလည်း ပျက်စီးကုန်သော သာဓကများကိုလည်း တွေ့မြင်ရပါသည်။ အမှန်မှာတော့ အသက်အရွယ်များက များစွာအရေးကြီးလှသည်မဟုတ်ပါ။ Age knows more than books ဆိုတာတော့ရှိပါသည်။ ယင်းကို မေ့မထားဖို့ဖြစ်ပါသည်။ အဓိကမှာ Matured ဖြစ်ဖို့က ပိုမိုအရေးကြီးသည်ဟု ထင်မြင် ယူဆပါသည်။

၅။ ဦးမြတ်ဥာဏစိုး အသက်(၄၃) နှစ်တွင် ဒေးဗစ်ကင်မရွန်း ဗြိတိန်ဝန်ကြီးချုပ်ဖြစ်သွား၍ ဝန်ကြီးချုပ်အဆက်
ဆက်တွင် အသက်ငယ်ဆုံးဝန်ကြီးချုပ် အဖြစ်ရေးသားသွားရာ သီးခြားဆွေးနွေးရန်တော့လိုပါသည်။ ဒီအချက် ကလည်း ဒီလောက်အရေးမကြီးပါ။ အချိန်အခါအခြေအနေအရ ဖြစ်ကြခြင်းများဖြစ်ပါသည်။ စာရေးသူ ရည်ရွယ် ရေးသားလိုသောအချက်မှာ အထက်ပါဖော်ပြထားသည့်အတိုင်း Maturity ဖြစ်ပါသည်။ ၎င်း၏ ဆောင်းပါး အတွက်အဖြေကတော့ အထက်တွင်ဖော်ပြခဲ့သော ဘာသာရပ်များကိုလည်း ဆည်းပူးလေ့လာပြီး လုပ်ကိုင် ဆောင်ရွက်ရာတွင် လုက်ငန်းအလိုက် competent ဖြစ်ရေးမှာ များစွာအရေးကြီးသဖြင့် Balanced and comp- etant   ဖြစ်သော လူရွယ်နိုင်ငံရေးသမားများ အမှန်လိုအပ်နေပါကြောင်း နာမဝိသေသန အနည်းငယ်ဖြည့် စွပ်၍ ထောက်ခံဆွေးနွေးတင်ပြအပ်ပါသည်။
၆။ မောင်စူးစမ်းရေးသားသော Statesman ဆောင်းပါးအကြောင်း ဆက်လက်ဆွေးနွေးလိုပါသည်။ မောင်စူးစမ်းက Statesman နှင့်စပ်လျဉ်း၍ 

(၁) အမြှော်အမြင်ရှိခြင်း၊
(၂) နိုင်ငံရေးအကဲဖြတ်ကောင်းခြင်း၊
(၃) ဝတ္ထုစာရေးဆရာသဖွယ် လူ့ဘဝအကြောင်းကိုသိမှု၊
(၄) တာဝန်သိစိတ်၊
(၅) ငါတကော မကောရေး၊
(၆) အကင်းပါးမှုစသည်တို့သည်အရေးကြီးကြောင်း၊ အသွင်ကူးပြောင်းရေးကာလတွင် ပို၍အရေးကြီးကြောင်း အလေးအနက်ပြု၍ရေးသားပေရာ ကောင်းမွန်ပါသည်ဟု အနည်းငယ်သာ ဖြည့်စွပ်ရေးသားရန် ဆန္ဒရှိပါသည်။

ရ။ Politicians are many but Statseaman is few ဟုကြားဖူးပါသည်။ Statesman ကို တိုင်းပြည်ပြုသုခမိန်
ဟု ဘာသာပြန်ကြပါသည်။ ပထမဦးစွာ တိုင်းပြည်ပြု သုခမိန်တစ်ဦးဖြစ်ရန်အတွက် လိုအပ်မည့် အရည်အချင်း များကို ဖော်ပြလိုပါသည်။ မောင်စူးစမ်းက အထက်တွင်ဖော်ပြထားသည့်အတိုင်း (၆) ချက်ကို ရေးသားထားပြီး သားဖြစ်ရာ နောက်ထပ်လိုအပ်မည့် အရည်အချင်းအချို့ကို ဖြည့်စွက်ရန်လိုပါသည်။ ယင်းမဖြည့်စွက်မှီ တိုင်းပြု ပြည်ပြု သုခမိန်ဟု ဖော်ပြခြင်းခံရသော ပုဂ္ဂိုလ်များအနက်မှ  အချို့ကို နမူနာအဖြစ် တင်ပြလိုပါသည်။

(က) အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း (ကွယ်လွန်)ကို တိုင်းပြည်ပြုသုခမိန် အဖြစ်ဖော်ပြသည်ကို ဖတ်ရှုရပါသည်။ ဒေါက်တာမောင်မောင် စုစည်းတင်ပြထုတ်ဝေသော Aung San of Burma (Myanmar) စာအုပ်တွင် ဗြိတိသျှဝန်ကြီးချုပ်ဟောင်း C.R Attlee က ၎င်းနှင့်မြန်မာပြည် လွတ်လပ်ရေးကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးဘက်ကို အောက်ပါတိုင်းရေးသားထားသည်။ ‘Aung San was a Statesman of considerable capacity And wisdom as was shown by his proposals for dealing with the minority communities in geneous lines. Had he lived, might well have staged in the commonwealth, but, as it was the Burmese decided an complete independence’

(ခ) အိန္ဒိယတိုင်းပြည်ကို အင်္ဂလိပ်တို့ လက်အောက်မှလွတ်မြောက်ရန် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့၍ လွတ်လပ်ရေးရြ့ပီးနောက် အိန္ဒိယတိုင်းပြည်၏ ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ပြီး ကွယ်လွန်ခဲ့သော JawaharlalNehru ကိုလည်း တိုင်းပြည်ပြုသုခမိန်အဖြစ် သတ်မှတ်ကြပါသည်။
(ဂ) ထို့အတူပင် ၎င်း၏ရှေ့ဆောင်လမ်းပြသူ Mahatma Gandhi ကိုလည်း တိုင်းပြည်ပြု သုခမိန်အဖြစ် သတ်မှတ်သည်ဟု မှတ်သားမိပါသည်။ ၎င်း၏ အထူးခြားဆုံးအရည်အချင်းမှာ နှလုံးရည်တိုက်ပွဲဖြစ်ပြီး အကြမ်း မဖက်အနုနည်းဖြင့် နိုင်ငံရေးလုပ်ရန် နမူနာပြ၍ ပြည်သူလူထုကို မျက်စိဖွင့်ပေးခြင်းဖြစ်ပါသည်။
(ဃ) အမေရိကန်သမ္မတ Abraham Lincoln ကိုလည်း ယင်းသို့သတ်မှတ်ရမည်ဖြစ်ပြီး ၎င်း၏စွမ်းဆောင် ချက်များကြောင့် အမေရိကန်ပြည်တွင် နှစ်ပေါင်းများစွာ အမြစ်တွယ်နေသော ကျေးကျွန်စနစ်မှာ ပျက်စီး၍ ကျေး ကျွန်များလွတ်လပ်သွားကြသည်။
(င) Winston Churchill သည် ဒုတိယ ကမ္ဘာစစ်ကြီး မဟာမိတ် တပ်ဖွဲ့များနှင့်အတူနိုင်အောင် တိုက်နိုင်သူ ဖြစ်ပါသည်။ ၎င်းအပြင် မြန်မာပြည်လွတ်လပ်ရေးအကြောင်း ဆွေးနွေးပြောဆိုကြရာတွင် လုံးဝ လွတ်လပ်ရေးယူပါက အယူအဆ မတူညီကြ၍ အချင်းချင်းပဋိပက္ခဖြစ်နိုင်ကြောင်း သတိပေးသူတစ်ဦး ဖြစ်ကြောင်း မှတ်သားဖူးပါသည်။
၈။ စာရေးသူသည် ဗဟုသုတပြည့်စုံသော စာရေးဆရာကြီးများ၊ သံတမန်ဟောင်းများနှင့် အမြင်ချင်းဖလှယ်၍ ဆွေးနွေးကြည့်ရာ အောက်ပါအချက် အချို့ကို ရရှိပါသည်။

(က) နိုင်ငံရေးသမားဖြစ်ရမည်။
(ခ) လူကြီးလူကောင်းစိတ်ရှိရမည်။
(ဂ) မျိုးချစ်စိတ်ဓာတ်ရှိရမည်။
(ဃ) Definition လေး တစ်ခုလည်းရှိရပါသည်။

          ‘A Statesman is an educated person who is well versed in public affairs , ready and able
To give adive to the state , when required, learning towards no political parties’
          စာရေးဆရာ မောင်ဝံသပြုစုသော ရှာမှရှားတဲ့ နိုင်ငံရေးသမားနှင့် နိုင်ငံရေးဆောင်းပါးများ စာအုပ်ပါ“အမျိုးသားနိုင်ငံရေးဋီကာ” ဆောင်းပါးတွင် အောက်ပါအတိုင်းဖော်ပြထားပါသည်။
          ‘နိုင်ငံရေးသမား၊ နို်င်ငံရေးခေါင်းဆောင်တွေကို စကားလုံးနှစ်မျိုးနှင့် ခွဲခြားပြနိုင်ပါတယ်။ Statesmanနှင့် Politicain ဆိုပြီး ခွဲခြားပါတယ်။ အဘိဓာန် အဓိပ္ပါယ်က Statesman ဆိုတာ တိုင်းပြည်ပြု သုခမိန်၊ အမြှော်အမြင်ကြီးမားသော နိုင်ငံရေးသမား၊ Politicain ကတော့နိုင်ငံရေးသမားပါပဲ၊ Politicain က လာမည့်ရွေးကောက်ပွဲအတွက်သာကြည့်တယ်တဲ့၊ Statesman ကနောက်မျိုးဆက်အတွက်ပါ ကြည့်တယ်တဲ့။ တော်တော် အဓိပ္ပါယ် ကွာသွားတဲ့ဖွင့်ဆိုချက်ပါ။
          Statesman အဆင့်ရောက်သွားရင် ကိုယ့်ပါတီအာဏာရရေးကို ရှေ့တန်းမတင်တော့ဘူး။ တစ်မျိုးသားလုံးကောင်းကျိုးချမ်းသာဖြစ်ထွန်းဖို့ဘဲ ကြံစည်ပါတော့တယ်။
၉။ United Kingdom နိုင်ငံတွင် တိုင်းပြည်ပြု သုခမိန်လုပ်လိုသူများသည် တက္ကသိုလ်တွင် History, political Science/Political Economy နှင့် Philosophy ဘာသာရပ်များကို သင်ယူဆည်းပူးသင့်ကြောင်း အကြံပေးထားသည်ဟု မှတ်သားမိပါသည်။
၁၀။ အထက်တွင်ဖော်ပြခဲ့သော တိုင်းပြည်ပြုသုခမိန်များ၏ အာဘော်အချို့ကိုလည်း အလျဉ်းသင့်သဖြင့်ဆက်လက်တင်ပြလိုပါသေးသည်။

(က) ဗိုလ်ချုပ်အောင်ဆန်း
အင်္ဂလိပ်အစိုးရ ထံမှလွတ်လပ်ရေးတောင်းဆိုနေ၍ မရေရာ မသေချာသေးသောအချိန်တွင် မှတ်သား လောက်သောအောက်ပါစကားဖြင့် တိုင်းပြည်သို့ သတိပေးတပ်လှန့်ခဲ့ပါသည်။
‘အကောင်းဆုံးအခြေအနေကို မျှော်လင့်ထားရန်နှင့် အဆိုးဆုံးအခြေအနေအတွက်ပြင်ဆင်ထားရမည်။’
(ခ) J.Nehru
‘Blind reverence for the post is bad and so also contempt for it’
(ဂ) M.Gandhi
‘Non-violence is the law of our speices while violence is the law of brutes’
(ဃ) W.Churchill ( ဒုတိယကမ္ဘာစစ်အတွင်း မိန့်ခွန်းမှ)
We Shall defend our island whatever the cost may be , we shall fight on the landing grounds.
We shall fight on the streets. We shall fight on the fields. We shall never surrender’.
(င) A.Lincoln
‘You can deceive part of the people all the time and all the people part of the time, but you
can’t deceive all people all time’

(၁၁) ယခုအချိန်တွင် မြန်မာပြည်အတွက် အလွန်အရေးကြီးနေပါသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးစသည်တို့ကို အစကပြန်စရမည့် အခြေအနေဖြစ်နေပါသည်။ ယခင် ပါလီမန်ဒီမိုကရေစီ ခေတ်တွင် ရှိသော Institution များကို Socialist Democracy ခေတ်တွင် ပြောင်းလဲ၍တစ်မျိုး၊ ပယ်ဖျက်၍တစ်ဖုံ၊ လုပ်ဆောင်ခဲ့ကြသည်။ အသစ်သစ်သော အဖွဲ့အစည်းများကိုလည်းဖွဲ့စည်းပြီး ဥပဒေသစ်များကိုလည်း ပြဌာန်းခဲ့ပါသည်။ တစ်ဖန်ယခုအခါ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမည်ဖြစ်ပါသည်။ ထို့ကြောင့် ယခင် ပါလီမန်ဒီမိုကရေစီခေတ်တွင်ရှိသောအဖွဲ့အစည်းများကို ပြန်လည်အသုံးပြုခြင်း၊ အခြေအနေနှင့် ကိုက်ညီ အောင်ပြင်ဆင်ခြင်း၊ ခေတ်စနစ်နှင့်အညီ လိုအပ်သောအဖွဲ့အစည်းများကိုလည်း အသစ်ဖွဲ့ရန် လိုအပ်လာ မည်ဖြစ်ပါသည်။ ထို့ကြောင့်အားလုံးကို ခြုံငုံမိသောရှေ့မီ နောက်မီပုဂ္ဂိုလ်များ လိုအပ်နေသည်ဟု ယူဆ ပါသည်။ ဒီမိုကရေစီစနစ်ကျင့်သုံးမည်ဆိုလျှင် မှန်ကန်သောပညာပေးမှုလည်း ရှိသင့်ပါသည်။ ဒီမိုကရေစီအခွင့်အရေးလည်း ပေးရန်လိုပါသည်။ များသောအားဖြင့် နိုင်ငံရေးအာဏာကိုသာ စိတ်ဝင် စားကြမည်မှာ သဘာဝကျပါသည်။ နိုင်ငံရေးအာဏာရရေးသည် ၎င်းတို့အတွက် အဓိကကျပါလိမ့်မည်။ အာဏာရမှလည်း တိုင်းပြည်အတွက် ထိရောက်စွာလုပ်နိုင်ပါမည်။ 

ဤအခြေအနေကို တိုင်းပြည်ပြုသုခမိန်များက ထိန်းညှို့ပေးရန်ရှိပါသည်။ နိုင်ငံရေးသုခမိန်များက သာ ပါတီအကျိုးထက် နိုင်ငံရေးအာဏာထက် နိုင်ငံအကျိုးသက်သက်အတွက်ကိုသာ  ကြည့်နိုင်သူများဖြစ်ကြ ပါသည်။ ၎င်းအပြင်ဆိုရှယ်လစ်ဒီမိုကရေစီခေတ်တွင် ပညာရေးစနစ်ကို ပြင်ဆင်ပစ်လိုက်သဖြင့် Liberal Education ရှိသူများ နည်းပါးသွားဟန်တော့ရှိပါသည်။
၁၂။ နိဂုံးချုပ်အားဖြင့်ဆိုသော် အထက်တွင်ဖော်ပြခဲ့သော အချက်အလက်များအရ လက်ရှိမြန်မာနိုင်ငံတွင် တိုင်းပြည်ပြုသုခမိန် (Statesman) များ များစွာ လိုအပ်နေသည်ဟုယူဆကြောင်း တင်ပြအပ်ပါသည်။

ပြည်သူ့ခေတ် ( အတွဲ ၂ ၊  အမှတ် ၆၃) မှ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...