Sunday, October 23, 2011

ဆေးလိပ် အလွယ်ဖြတ်နည်း

by Moenge Aung on Sunday, October 23, 2011 at 9:38pm


Shade The Mandalay Hill Originally posted 16/09/2011 14:14PM

“ဆေးလိပ်သောက်ခြင်းမှ ရသော ဆိုးကျိုးများ”
တက္ကသိုလ် ကျောင်းသားဘဝ စီးကရက် သောက်ရာမှ ကြုံတွေ့ရသမျှ ရေးသားရလျှင်... ပထမတော့ စတိုင်လ် ကျသည်ဟု ထင်မိသည်။  Class တက်သည့် တက္ကသိုလ်မှာက အခန်းတစ်ခန်းထဲမှာ ထိုင်နေပြီး အချိန် ပြောင်းလျှင် အခြားဆရာတစ်ဦးက ပြောင်းလာပြီး လာသင်သည် မဟုတ်။ အခြား တစ်ခုသို့ ပြောင်းတက်ရသည်။ တစ်ခါတစ်ရံ အခြား အဆောက်အဦ တစ်ခုသို့ ပြောင်းတက်ရသည်။ တစ်ခါတစ်ရံ အခြားအဆောက်အဦ တစ်ခုသို့ သွားပြီး Class တက်ရသည်။ Class တစ်ခုနှင့် တစ်ခု အကူးတွင် စီးကရက် သောက်ကြသည်။ အတန်းမရှိသော အချိန်များတွင် နာမည်ကြီး “ဦးချစ်” ဆိုင် သွားထိုင် လ္ဘက်ရည် ကျကျလေးတစ်ခွက် မှာသောက်ပြီး စီးကရက် တစ်လိပ်ကို ဦးချစ်ဆိုင်မှ လျှပ်စစ်ခလုတ်နှင့် မီးခြစ်ကြီးမှာ သွားတို့ပြီး မီးညှိ ဖွာရှိုက်လိုက်ရသည်ကို အရသာတစ်ခုအဖြစ် သဘောတွေ့နေမိပါသည်။
 သို့သော် တက္ကသိုလ်ကျောင်းသားတို့၏ ထုံးစံအတိုင်း လကုန်ကာနီးတွင် စတိုင်ပင်ကလည်း မရသေး။
အိမ်မှငွေလည်း မရောက်သေးချိန်တွင် ငွေပြတ်လာသဖြင့် စီးကရက်ဖိုးက မတတ်နိုင်တော့။ ဦးချစ်ဆိုင်မှာ အကြွေးစာရင်း ဖွင့်ရပြီ။ ညအဆောင်မှာ တစ်ကျပ်ဖိုး (၁၀) လိပ်ရသည့် “ဂဠုန်ညီနောင်” တံဆိပ် ဆေးပေါ့လိပ်ကိုပဲ ဝယ်ဖွာရတော့သည်။ စီးကရက်သောက်လိုက် ဆေးပေါ့လိပ် သောက်လိုက် လုပ်သောအခါ ချောင်းဆိုးလာသည်။ လည်ချောင်းယားပြီး ဆိုးရာမှ နောက်ပိုင်း လည်ချောင်းနာလာသောအခါ အစာပင်မမျိုနိုင် ဖြစ်လာသည်။ ထို့ထက်ပို၍ ရုပ်ဆိုးသည်မှာ ဆေးလိပ်မီးဖွားကြောင့် အင်္ကျီပုဆိုးများတွင် မီးလောင်ပေါက်ငယ်များ ပွစာတက်လာခြင်း ဖြစ်သည်။ လူမြင်သာသောနေရာတွင် ကျနေသော မီးလောင်ပေါက်များမှာ သေးငယ်သော်လည်း အမြင်ရ ဆိုးလေသည်။

တက္ကသိုလ် ကျောင်းသားအများစုမှာ လူရှေ့တွင် ဆေးပေါ့လိပ်သောက်လေ့ မရှိသော်ကြသော်လည်း အဆောင်တွင်တော့ ဈေးသက်သာသည့် ဆေးပေါ့လိပ်ကို သောက်ကြပါသည်။ တကယ်တော့ အိမ်မှ ပို့ငွေနှင့် စတိုင်ပင် ရငွေတို့၏ သုံးပုံနှစ်ပုံမှာ ဆေးလိပ်နှင့် လက်ဘက်ရည်ဖိုးနှင့် ကုန်ရခြင်း ဖြစ်သည်။ ဦးချစ်ဆိုင်တွင် တွေ့ဆုံခင်မင်ရသည့် သူငယ်ချင်းများမှာ တောင်ငူဆောင်မှ မြန်မာစာ ကျောင်းသားများ ဖြစ်ကြပြီး ပင်းယဆောင် ပဲခူးဆောင်နှင့် ရွှေဘိုဆောင်တွင် အဆောင်နေသော စိတ်ပညာနှင့် “ဖလော် ”ခေါ် ဒဿနိက ကျောင်းသားများလည်း ပါသည်။ ကဗျာဆရာများပါဝင်ပြီး တစ်နေ့တွင် သီချင်းလိုင်းပြောင်းခါ နာမည်ကျော် သီချင်းဆရာများ ဖြစ်ကြမည့်သူများ ဖြစ်သည်။
 လှည်းတန်းထိပ် လမ်းဘေးဆိုင် တစ်ဆိုင်တွင် သံလိုက်တုံးဖြင့် ပြုလုပ်ထားသော လက်လှည့်မီးခြစ်ကြီး တစ်ခုရှိသည်။ ထိုမီးခြစ်ကြီးမှာ ဆေးလိပ်သောက်သူ တက္ကသိုလ်ကျောင်းသားတိုင်း လှည့်ဖူး ခြစ်ဖူးသော မီးခြစ်ကြီး ဖြစ်သည်။ လှည်းတန်းနှင့် တက္ကသိုလ် ကျောင်းသားလောက၏ အမှတ်တရကြီးတစ်ခု ဖြစ်သည်။ လှည်းတန်းထိပ်ကို အမှတ်တရပစ္စည်းများ ရောင်းသော ဆိုင်ကလေးတစ်ဆိုင် နိုင်ငံခြားဖြစ် စီးကရက်များဖြစ်သော Malboro၊ Dunhill၊ Benson & Hedges စသော စီးကရက်များကို အလိပ်လွတ် ဖောက်ရောင်းသည်။ ဈေးတော့ကြီးသည်။ စီးကရက်တစ်လိပ်မှာ လက်ဘက်ရည်တစ်ခွက်ဖိုး ပြားခြောက်ဆယ်ခန့် ပေးရသည်။ သို့သော် တက္ကသိုလ်ကျောင်းသား ဖြစ်ပြီး နိုင်ငံခြားစီးကရက် သောက်ဖူးသည်ရှိအောင် တစ်ခါတစ်ရံ စတိုင်လုပ် ဝယ်သောက်ကြသည်။

 “ဟီးရိုးအင်းခေါ် ဘိန်းဖြူပေါ်လာခြင်း”
 တစ်နေ့တွင် အဆောင်နေ သူငယ်ချင်းတစ်ယောက်က စီးကရက်တစ်မျိုး ပေါ်နေကြောင်း၊ နိုင်ငံခြားစီးကရက်ကို ဆေးမှုန့် ပြန်ထုတ်ပြီး ဆေးအဖြူမှုန့်များရောပြီး ပြန်လိပ်ထားသည်။ ဈေးကြီးသည့် တစ်လိပ်ကို (၇၅) ကျပ် အထိ ပေးရကြောင်း ပြောသည်။ ထိုခေတ်က တက္ကသိုလ်စတိုင်ပင်မှ တစ်လ (၇၅) ကျပ်သာ ရသောအချိန် ဖြစ်ပါသည်။ မကြာမီ (၇၅) ကျပ်တန် စီးကရက်သည် အဆောင်တွင်းသို့ ပျံ့နှံ့လာပြီး စွဲသူအချို့ ဖြစ်လာသည်။ ဤပြဿနာ၏ နောက်ဆက်တွဲမှာ အဆောင်တွင်ပစ္စည်းများ ပျောက်လာခြင်း ဖြစ်သည်။ လှမ်းထားသော အဝတ်အထည်များသာမက အခန်းထဲမှ မီးပူ၊ စားပွဲတင် နာရီ၊ ရေကန်တွင် ချွတ်ထားသော လက်ပတ်နာရီ၊ လက်စွပ် စသည်မှာပါ ပျောက်လာသဖြင့် အဆောင်မှုး ဆရာများပါ ခေါင်းခဲလာရသည်။

သို့သော် သိပ်မကြာလိုက်ပါ။ “ဘိန်းဖြူအစ ဆေးလိပ်က” ဆိုပြီး ဝိုင်းတွန်းလိုက်ကြသဖြင့်  ဆေးလိပ်သမား အားလုံးအတွက် သတိပေးချက်များ ထွက်လာပြီး စီးကရက် သောက်နေလျှင်ပင် ဘိန်းဖြူစွဲနေပြီ အထင်ခံရမှာစိုးသဖြင့် ဆေးလိပ်ဖြတ်ဖို့ ကြိုးစားကြပါသည်။ အမှန်တကယ် အသက်ဆုံးရှုံးသွားရသူများ ရှိသလို ဥပဒေမှ အရေးယူခံရသူများလည်း ရှိပါသည်။ ကောင်းကျိုးတစ်ခုမှာ တက္ကသိုလ်တွင် စီးကရက်ဖွာပြီး စတိုင်လုပ်သူများ ပပျောက်သွားခြင်း ဖြစ်သည်။ ရှက်စရာကိစ္စတစ်ခုခု ကြောက်စရာဟု အများထင်ခံရစရာ အကြောင်းတစ်ခုခု ဖြစ်လာခဲ့လျှင် “စတိုင်လ်” တစ်ခုမှာလည်း ပပျောက်သွားမြဲ ဖြစ်ပါသည် ...။

 “နာကျည်းမှုဖြင့် ဆေးလိပ်ဖြတ်ပါ”
 ဆေးလိပ်ကို သောက်တုန်းက အမှုမဲ့အမှတ်မဲ့ သောက်ခဲ့ပြီး နှစ်ကြာမှ ဖြတ်ဖို့ဆိုတာ မလွယ်ပါ။ အမှန်တော့ ဆေးလိပ် သောက်နေသူတိုင်းက ဆေးလိပ် မကောင်းကြောင်းကို သိပါသည် ...။ အကြောင်းမတိုက်ဆိုင်၍ ရောဂါမရသေး၍ မဖြတ်ကြသေးခြင်း ဖြစ်သည်။ ဖြတ်ဖို့အကြောင်း တစ်စုံတစ်ရာ ပေါ်လာသော တစ်နေ့တွင် ဖြတ်ဖြစ်ကြမည် ထင်ပါသည်။ လွန်ခဲ့သောလ အနည်းငယ်က ဂျာနယ်တစ်စောင်တွင် အမေရိကန်သမ္မတ အိုဘားမား ဆေးလိပ်ပြတ်သွားပြီဟု ဇနီးသည်က ဝမ်းသာအားရ ကြေငြာကြောင်း ပါလာသည်ကို ဖတ်ရပါသည်။ သမ္မတအိုဘားမားမှာ အသက် (၄၈) နှစ်တွင် သမ္မတ ဖြစ်ခဲ့ပြီး ယခု (၅၀) ကျော်ပြီးမှ ဆေးလိပ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာ သောက်ခဲ့ပြီးမှ ခက်ခက်ခဲခဲ ဖြတ်ခဲ့ရခြင်း ဖြစ်မည်ဟု ထင်ပါသည်။သမ္မတကြီး မည်သည့်အကြောင်းကြောင့် ဆေးလိပ်ဖြတ်ခဲ့ရသည်ကို မသိသော်လည်း စာရေးသူကိုယ်တိုင် ဆေးလိပ်ဖြတ်ခဲ့ခြင်းမှာတော့ နာကျည်းမှု တစ်ခုကြောင့်ဟု ဆိုရပါမည်။
 တက္ကသိုလ်ကျောင်းသား ဘဝကတည်းက ဆေးလိပ်ကို (၂) နှစ်ကြာ ပြတ်ခဲ့ဖူးပါသည်။ နောက်တော့ ဘာရယ်မှမဟုတ်ပဲ ပြန်သောက်ဖြစ်ခဲ့ပြန်ပါသည်။ သည့်နောက် အိမ်ထောက်ကျ၊ ပထမသမီး တစ်ယောက်ရ၊ သောက်နေဆဲ။ ဒုတိယသမီးလေး မွေးပြီးသော တစ်နှစ်ခန့်မှာ ထင်ပါသည်။ ထိုနေ့က သမီးလေး တစ်ရေးနိုး ရှုးစိုနေသဖြင့် အနှီးလဲပြီး ဇနီးသည်က ဝိုင်အိုလက်ပေါင်ဒါ ရိုက်ပေးနေချိန် ဖြစ်ပါသည်။ စာရေးသူလက်ထဲမှ ဆေးပေါ့လိပ်တစ်လိပ် မီးညှိပြီးခါစ ဖွါရင်း ကလေးကို သွားငုံ့ကြည့်မိပါသည်။ ထိုအချိန်မှာပင် ဆေးပေါ့လိပ်မှ မီးဖွားတစ်ခု လွင့်ကျသွားပြီး ကလေး၏ ပေါင်ပေါ်သို့ ကျသွားပါတော့သည်။ တစ်ခစ်ခစ်ရယ်နေသော ကလေးမှာ ရုတ်တရက် ရှုံ့မဲ့သွားပြီး ခေတ္တအသံတိတ်သွားပြီး တအားငိုပါတော့သည်။ ထိုအချိန်က သမီးလေးကို ကြည့်ပြီး သနားသောစိတ်မှာ မဖော်ပြနိုင်အောင် ဖြစ်ခဲ့ရပါသည်။ ဆေးလိပ်ကို ခွက်ထဲ တို့ချေပြီး မိမိလက်ကိုပါ ဖြတ်ပစ်ချင်စိတ် ပေါက်မိပါသည်။ မီးလောင်ရာကို ခရမ်းပြာ ဆေးတို့ပေး၊ သမီးကို ချီပွေ့ချော့ရင်း “သမီးရယ် အဖေ့ကြောင့် ဖြစ်ရတာ၊ အဖေ ဒီဆေးလိပ်ကို နောက်ဘယ်တော့မှ မသောက်တော့ဘူးနော် သမီးလေး ...” နှုတ်မှလည်း ရေရွတ်နေမိပါသည်။

 သမီးအပေါ်ကျသော မီးဖွားသည် ကျွန်တော့်အသည်းကို နာကျင်စေပါသည်။ လူတိုင်းဆေးလိပ်ကို အမှတ်မထင် သောက်မိခဲ့သော်လည်း အမှတ်မထင် ဖြတ်လိုက်နိုင်မည် မဟုတ်ပါ...။ ဆေးလိပ် ဖြတ်ချင်သောစိတ် ရှိနေပါလျက် ဆက်သောက်နေမိသောသူများမှာ အကြောင်းမတိုက်ဆိုင်သေး၍ ဖြစ်ပါလိမ့်မည်။ မိကျောင်းမင်း ရေခင်းပြရုံဖြင့် သာမာန်ရောဂါဝေဒနာများ ဖြစ်ပုံပြောပြနေရုံဖြင့် ဆေးလိပ်ဖြတ်နိုင်ကြမည် မဟုတ်ပါ။ မိမိကိုယ်တိုင် အမှားကျူးလွန်သကဲ့သို့ ခံစားချက်ဝင်လာမှသာ ဆေးလိပ်ကို “လူပြတ်၊ စိတ်ပြတ်” ဖြတ်နိုင်မည် ဖြစ်ပါသည်။ စာရေးဆရာ ရုပ်ရှင်မင်းသားကြီး ဦးဝင်းဦး၏ ဝတ္ထုတစ်ပုဒ်တွင် “ဆေးလိပ်ဖြတ်တာများ လွယ်ပါတယ်ဗျာ... ကျွန်တော်ဆို ခဏခဏ ဖြတ်နေတာပဲ...” ဟု ဆေးလိပ်မပြတ်နိုင်သူများကို လှောင်၍ ရေးဖူးသည်ကို ပြန်သတိ ရမိပါသည်။ အမှန်တော့ မဖြတ်နိုင်သေးလျှင် ခဏခဏ ဖြတ်လည်း အကျိုးမယုတ်ပါ။ ခဏခဏဖြတ်ရင်း တစ်နေ့တွင် အချိန်ကြာမြင့်စွာ ပြတ်သွားနိုင်ပါသည်။ ဆေးလိပ်မသောက်ပဲ နေပြီး (၄)နာရီ ကြာလျှင် သင်၏ကျဉ်းနေသော သွေးကြောများ ပြန်ကျယ်လာနိုင်ပါသည် ဟူသော သိပ္ပံပညာရှင်ကြီးများ၏ အဆိုအမိန့်ကို သတိရှုပြီး အနည်းဆုံး (၄) နာရီ ဆေးလိပ် ဖြတ်ကြည့်လိုက်ပါ။ တစ်နေ့တော့ ပြတ်ရမှာပေါ့...။ အကောင်းဆုံး ဆေးလိပ်ဖြတ်နည်းမှာ... မသောက်ပဲနေခြင်းပင် ဖြစ်ပါသည်။    
                     
 ကြည်လွင်မြင့် (မုဒြာ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...