ကျွန်တော်တို့ ရွေးချယ်ခဲ့သောလမ်း
“ငါ့ရဲ့ကျောပြင်ပေါ်က
နင်းလျှောက်သွားပါ၊ ငါ့လက်ထဲက မီးအိမ်ကို ကိုင်မြှောက်လိုက်ပါ၊ ပြီးတော့
နောက်က ချီတက်လာသူကို လက်ဆင့်ကမ်းလိုက်ပါ”
တစ်ခါတုန်းက ကျွန်တော်ဖက်ခဲ့ရဖူးတဲ့ ကဗျာတိုလေးတစ်ပုဒ်ကို ယနေ့တိုင် သတိရနေမိတယ်။ ကျွန်တော့ ကဗျာဆရာရဲ့ နာမည်ကို မမှတ်မိတော့ပါဘူး။ ဒါ့အပြင် ကျွန်တော်ရေးလိုက်တဲ့ ကဗျာစာသားတွေ ဟာ မူလကဗျာဆရာရေးခဲ့တဲ့ စကားလုံးတွေ ပါဒတွေနဲ့ ထပ်တူထပ်မျှ ရှိချင်မှလည်း ရှိပါလိမ့်မယ်။
သို့ပေမယ့် ခုတလော ကျွန်တော်ဟာ ကဗျာတိုလေးကို စိတ်ထဲမကြာခဏ ရေရွတ်နေမိတယ်။ တစ်ခါတရံမှာလည်း အသံထွက်ပြီး ရွတ်ခဲ့မိတာပေါ့။
အထူးသဖြင့် မှောက်မိုက်တဲ့ညဥ့်မျိုးတွေ အိမ်မှာ ကျွန်တော်တစ်ယောက်တည်း အိပ်စက်ခဲ့ရတဲ့ ညဥ့်မျိုး တွေမှာ ကျွန်တော်ဟာ အိမ်ပေါ်ထပ် ၀ရန်တာကိုထွက်ပြီး ဟိုးအဝေးမှာရှိနေတဲ့ ထင်းရူးပင်အိုကြီးကို ငေးကြည့် ရင်း အဲဒီကဗျာတိုလေးကို ရွတ်ဆိုနေမိတယ်။
“ငါ့ရဲ့ကျော်ပြင်ပေါ်က နင်းလျှောက်သွားပါ ငါ့လက်ထဲက မီးအိမ်ကိုကိုင်မြှောက်လိုက်ပါ။ ပြီးတော့ နောက်က ချီတက်လာသူကို လက်ဆင့်ကမ်းလိုက်ပါ”
အဲဒီလို ရေရွတ်ရင်းနဲ့ပဲ ကဗျာထဲကစာလုံးတွေဟာ ကျွန်တော်ဖြစ်လာခဲ့တယ်။ ကဗျာထဲက စာလုံးတွေ ဟာ တစ်ခါတုန်းက ကျွန်တော်သိရှိကျွမ်းဝင်ခဲ့တဲ့ သူတွေဖြစ်လာခဲ့တယ်။ ပြီးတော့ ဒီကဗျာတိုလေးဟာ သမိုင်း စာမျက်နှာတွေဖြစ်လာခဲ့တယ်။ ကျွန်တော်က ဒီကဗျာတိုလေးကို ရေရွတ်နေရင်းနဲ့ပဲ မှောင်နဲ့မည်းမည်းထဲမှာ ခက်ခဲ ကြမ်းတမ်းလှတဲ့ ခရီးလမ်းတလျှောက် ချီတက်လာကြတဲ့ လူတန်းကြီးကို ကျွန်တော့်ရဲ့အာရုံထဲမှာ ထင်မြင်လာခဲ့တယ်။
သူတို့အားလုံးဟာ ပိန်ပိန်ပါးပါးနဲ့ ဟောင်းနွမ်းနေတဲ့ အ၀တ်အထည်တွေကို ၀တ်ဆင်ထားကြတယ်။ သူတို့ရဲ့ပါးပြင်တွေ နားထင်တွေဟာ ချိုင့်ခွက်နေပေမယ့် သူတို့ရဲ့မျက်လုံးတွေကတော့ တောက်ပနေတယ်။ သူတို့ရဲ့ကျောကုန်းပေါ်မှာ အထုပ်အပိုးတွေ ကိုယ်စီနဲ့။ သူတို့ရဲ့ပခုံးထက်မှာတော့ မိမိရဲ့ဆန္ဒအလျောက် လွယ်ပိုးထားတဲ့ တာဝန်ဆိုတဲ့ လွယ်အိတ်ကိုယ်စီနဲ့ပါ။
ပုံရိပ်တွေဟာ ရှေ့တူရူဆီကို တရွေ့ရွေ့ချီတက်လာခဲ့ကြတယ်။ လူတွေ လူတွေနည်းနည်းနောနောမှ မဟုတ်တာပဲ။ ရှေ့ဆုံးက ချီတက်လာကြသူတွေကတော့ ခေါင်းပေါင်းကိုယ်စီ ရင်ဖုံးတိုက်ပုံ ကိုယ်စီနဲ့၊ ပညာတတ် အသွင်ကို ဆောင်နေကြတဲ့ သူတွေပါ။ သူတို့ဟာ ၁၉၂၀ ခုနှစ် အရေးတော်ပုံကို ကိုယ်စားပြုတဲ့ ကျောင်းတော်သားတွေပေါ့။ အဲဒီနောက်မှာတော့ ခေါင်းတုံး ဆံတောက်ပုံ ဆံပင်ခပ်တိုတိုတွေနဲ့၊ ပင်နီဖျင်းကြမ်း အင်္ကျီကိုယ်စီနဲ့ ၁၃၀၀ပြည့်အရေးတော်ပုံ ကျောင်းသားကြီးတွေပါ။ ကိုအောင်ဆန်း၊ ကိုနု၊ ကိုဗဟိန်း၊ ကိုဗဆွေ၊ ကိုလှရွှေ စတဲ့ ခေါင်းဆောင်တွေပေါ့။
သူတို့ရဲ့နောက်မှာတော့ “ရေနံမြေအလုပ်သမားတပ်ကြီး ချီတက်လာပါပြီ” ဆိုတဲ့သီချင်းကို သံပြိုင်အော်ဟစ်ကာ သီဆိုရင်းချီတက်လာကြတဲ့ ရေနံချောင်း၊ ချောက်၊ မကွေး၊ မင်းဘူး တို့က ရေနံမြေအလုပ် သမားတွေ ချီတက်လာကြသူတွေထဲမှာ သခင်သင်၊ သခင်ခင်၊ သခင်ခင်မောင်၊ သခင်ဖိုးလှကြီး စသူတွေကို တွေ့ရတယ်။
ကျွန်တော်ဟာ လူတန်းကြီးကို စူးစိုက်ကြည့်နေစဉ်မှာပဲ ကျွန်တော့်ရဲ့မျက်လုံးအစုံဟာ ပိုမိုကျယ်ဝန်း လာခဲ့တယ်။ ချီတက်နေကြသူတွေထဲမှာ တစ်ခါတုန်းက ကျွန်တော်သိကျွမ်းခင်မင်ခဲ့သူ တွေကိုတစ်ယောက်ပြီး တစ်ယောက်တွေ့လာရတယ်။ ဟော ကိုဗဆွေလေးပါလား။ ဟော ဟိုမှာ ကိုတင်ထွန်းနဲ့ ကိုသက်၊ ဟောဟိုမှာ ကိုညိုဝင်းနဲ့ ကိုတင်မောင်ဝင်း။ သူတို့ရဲ့နောက်က ပါလာသူနှစ်ဦးကတော့ ကိုလှရွှေနှင့် မခင်မာအေးတို့ပါလား။ ပြီးတော့ ဟောဟိုက ခါးကုန်းကုန်းနဲ့ လျှောက်နေသူကတော့ ကိုတင်အေးကြီးပဲ။
ကျွန်တော်ဟာသူတို့တွေကို အလွန်အံ့အားသင့်စွာနဲ့ ငေးမောကြည့်ရင်း မင်သက်မိနေမိတယ်။ သူတို့ထဲက အများစုဟာ လူ့လောကမှ ထွက်ခွာသွားခဲ့ကြတာ နှစ်တွေအတော်ကြာခဲ့ပြီ ဆိုတာကို ကျွန်တော် အသေအချာ သိရှိနေပါတယ်။
ဘယ်လိုပါလိမ့်။ ဒါဘယ်လိုဖြစ်တာလဲ ကျွန်တော်ဟာ မယုံကြည်နိုင်စွာနဲ့ဘဲ လူတန်းကြီးကို ငေးကြည့် နေမိတယ်။ လူတန်းကြီးရဲ့ ငယ်ဘ၀ပုံရိပ်လွှာတစ်ခုကို ၀ိုးတ၀ါး တွေ့လိုက်ရတယ်။ ပဲပြုတ်နဲ့ အီကြာကွေးဆိုတဲ့ အော်သံတွေနဲ့ သူတို့ရဲ့ အလုပ်ခွင်တွေဆီကို သွားဖို့အတွက် အိမ်ရှေ့လမ်းပေါ်မှာ လျှောက်လှမ်းရင်းက စကားတွေပြောသွားကြတဲ့ အလုပ်သမားတွေရဲ့ စကားသံတွေဟာ ကျွန်တော့်ရဲ့နားထဲကို အတားအဆီးမဲ့ ၀င်ရောက်လာချိန်မှာတော့ ကျွန်တော်ဟာ အိပ်ပျော်နေရာကနေ ရုတ်တရက်နိုးလာခဲ့တယ်။
တကယ်တော့ ညဥ့်က ၀ရန်တာကို ထွက်ခဲ့တဲ့ ကျွန်တော့်ဟာ အိပ်ခန်းထဲကို ပြန်မ၀င်ဖြစ်ဘဲ ၀ရန်တာ မှာပဲ အိပ်ပျော်သွားတာပါ။ မျက်နှာသစ်ရေချိုးပြီးချိန်မှာတော့ ဧည့်ခန်းနံရံက ပြက္ခဒိန်ကို ကျွန်တော်လှမ်းကြည့် လိုက်တယ်။ ဒီနေ့ဟာ မတ်လ ၁၈ ရက်ပဲ။ ကျွန်တော်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းအတော်အကြာက ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ကိုညိုဝင်ရဲ့ နှစ်ပတ်လည်ဆွမ်းကျွေးကို သွားဖို့အတွက် အိမ်တံခါးတွေပိတ်ပြီး ထွက်ခွာခဲ့တယ်။
ကိုညိုဝင်ရဲ့ ကျွန်ရစ်သူဇနီးအစ်မကြီး ဒေါ်စန်းမေတို့ မိသားစုနေထိုင်ရာ ရပ်ကွက်ကိုရောက်ချိန်မှာတော့ ဧည့်သည်တွေအတော် စုံနေပါပြီ။ တချို့လည်း ကျွန်တော်နဲ့ရင်းရင်းနှီးနှီးရှိသူတွေ၊ တချို့ကတော့ မျက်မှန်းတန်း မိရုံသာ သိကျွမ်းသူတွေ တချို့က သူတို့ကိုသိပေမယ့် သူတို့က ကျွန်တော့်ကိုသိမှာ မဟုတ်တဲ့ ဆီလီဘရီတီ (celebrity) တွေ။
မိတ်ဆွေဟောင်းတွေအပြန်အလှန်နှုတ်ဆက်ခဲ့ကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က ကျွန်တော် သိကျွမ်းခဲ့တဲ့ သူတို့ဟာ တကယ့်ကို အဘိုးကြီး အဘွားကြီးတွေ ဘ၀ကို ရောက်ရှိနေကြပါပြီ။ တစ်ခေါင်းလုံးက ဆံပင်တွေဖွေးဖွေး လှုပ်အောင်ဖြူနေကြသူတွေ၊ ခါးကိုင်း၊ နားထိုင်း နေကြသူတွေ။
“ရဲဘော်ကလည်း ပျောက်နေလိုက်တာ အခုမှတွေ့ရတယ်။ တစ်ရက်လောက်အိမ်လာခဲ့ပါဦး၊ ကိုယ်က တော့ မြေးတွေထိန်းရင်း အိမ်စောင့်နေရလို့ ရဲဘော်ဆီမလာနိုင်တာ ခွင့်လွှတ်ကွာ”
“ဟောဒီမှာ ကိုမြင့်ဖေလေ မမှတ်မိဘူးလား”
“ဒီမှာ သူက……….လေ၊ ကိုရင် မှတ်မိမှာပါ”
“သူကတော့ ဟိုးတုန်းက တောင်ငူဆောင်ကကွာ”
“အဲဟိုက မခင်စုလှိုင်လေ”
လွန်ခဲတဲ့ နှစ်ပေါင်း ၄၀ ကျော်ကာလဟာ ကျွန်တော့ရှေ့လက်တစ်ကမ်းဆီကို ရုတ်တရက် ရောက်ရှိ လာတယ်။ ထိုစဉ်တုန်းက လူငယ်လေးတွေဟာ ယနေ့မှာတော့ အဘိုးကြီးတွေ အဘွားကြီးတွေအဖြစ်နဲ့ ပြန်လည်ဆုံစည်းမိခဲ့ကြပြီပဲ။
ထိုနေ့က ကျွန်တော်တို့အားလုံးဟာ တစ်ဦးကိုတစ်ဦး ထွေးပွေ့နှုတ်ဆက်ရင်း၊ တစ်ဦးကိုတစ်ဦး အားပေးနှစ်သိမ့်ခဲ့ကြတယ်။ ကျွန်တော်တို့ဟာ ရှေးဟောင်းနှောင်းဖြစ်တွေကို ပြည်လည်ဝါးမျိုရင်း ပြည်လည် အန်ရင်းနဲ့ နေ့တစ်ဝက်ကျော်အချိန်တွေကို ကုန်လွန်စေခဲ့တယ်။
ကျွန်တော်တို့အားလုံး နောက်တစ်ကြိမ် ပြည်ဆုံကြမယ်လို့ ဆန္ဒပြုရင်းနဲ့နှုတ်ဆက်ခွဲခွာခဲ့ကြတယ်။ သူတို့အားလုံးဟာ နေရာကအားယူထရင်းနဲ့ အပေါ်ထပ်လှေကားကနေ အောက်ကိုဆင်းခဲ့ကြတယ်။
“ဒီလမ်းကို ငါတို့ရွေးချယ်ခဲ့တယ်၊ ဒီအတွက် ငါတို့ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး” သူတို့ထဲက တစ်ဦးက လှေကားတစ်လျှောက်ဆင်းရင်း ကြုံးဝါသွားခဲ့တယ်။”
ကျွန်တော်ဟာ ထိုင်နေရာကထဖို့ပြင်ရင်းနဲ့ သူတို့ကို လှမ်းကြည့်လိုက်တယ်။ ဒီအခါမှာတော့ ကျွန်တော် ဟာရုတ်တရက် အထိတ်တလန့် ဖြစ်သွားခဲ့ရတယ်။
အလိုလေး သူတို့ရဲ့ကျောပြင်တွေပေါ်မှာ ခြေဖ၀ါးရာတွေထပ်လို့ပါလား။
ဝင်းထွဋ္ဋ်ဇော်
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂ အမှတ် ၆၃
၁၃-အောက်တိုဘာ-၂၀၁၁

0 comments:
Post a Comment