ပါဏာတိပါတ အမေးအဖြေ
by ဗုဒ္ဓဘာသာ / အတွေးအမြင် on Thursday, October 13, 2011 at 4:18pm
အမေး-
အရှင်ဘုရား တပည့်တော်သည် ဗုဒ္ဓဘာသာဝင် ဖြစ်သော်လည်း ဗုဒ္ဓဘာသာနှင့် ပတ်သတ်နှင့် ပတ်သတ်ပြီး အလွန်အားနည်းပါသည် အရှင်ဘုရား။ တပည့်တော်သည် facebook မှ ဗုဒ္ဓဘာသာ / အတွေးအမြင် post များကို ဖတ်ပြီး တပည့်တော် ဗုဒ္ဓဘာသာနှင့် ပတ်သတ်ပြီး ပို၍သိမြင်လာရပါသည်။ တပည့်တော်၏ စိတ်ထဲတွင် သိချင်သော လောက နှင့် ပတ်သတ်၍မရှင်းသော ပြဿနာများကိုလဲ ဗုဒ္ဓ၏အယူဝါဒ ဖြင့် ပို၍နားလည်သဘောပေါက်လာရပါသည်။ ပိုမို၍ ကြည်ညို သဒ္ဓါတရား ပွားများလာရ ပါ၏ အရှင်ဘုရား။
ယခု တပည့်တော်ကို မေးခွန်း မေးခွင့်ပြုပါ အရှင်ဘုရား။ ယခု မေးခွန်းကို တပည့်တော် နားမလည်၍ တွေးနေသည်မှာ နှစ်အတော် ကြာပါပြီအရှင်ဘုရား။ ခုထိလဲ တွေး၍မရသေးပါ အရှင်ဘုရား။ တပည့်တေ် မေးခွန်းတွင် အမှား တစုံတရာပါရှိပါက ခွင့်လွတ်ပေးတော်မူပါ အရှင်ဘုရား။
ဗုဒ္ဓမြတ်စွာ ဘုရားသည် တပည့်တော်တို့အား သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်း တရားအား ဟောကြားတော် မူခဲ့ပါသည်။ ဤသို့ ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့သော တရားများတွင် ဗုဒ္ဓဘာသာကောင်း တယောက်အနေဖြင့် ငါးပါးသီလ ဆောက်တည်ခြင်းမှာ အရေးကြီးသည်ဟု တပည့်တော်နားလည်ပါသည်။
ငါးပါးသီလ တွင် ပထမ ဦးဆုံးအချက် ဖြစ်သည့် ပါဏာတိပါတာ ကံနှင့် ပတ်သတ်၍ တပည့်တော် သေချာစဉ်းစားကြည့် ပါသည် အရှင်ဘုရား။
ဤသို့ စဉ်းစားကြည့်သော အခါ တပည့်တော် သည် ပါဏာတိပါတာ ကံ နှင့် ကင်းလွတ်သည် ဟု မည်သို့မျှ တွေး၍မရပါ အရှင်ဘုရား။
တပည့်တော် သည်နေ့စဉ်နေ့တိုင်း အသား၊ငါး များကို ခန္နာဗေဒ ၏ လိုအပ်ချက် အရ သုံးဆောင်ရပါသည်။ ထို့ကြောင့် နေ့စဉ်နေ့တိုင်း တပည့်တော်တို့၏ လိုအပ်ချက်ကြောင့် အသား၊ ငါး တို့ကို နေ့စဉ် သတ်ဖြတ်နေရ သဖြင့် ၎င်း၊ အပြန်အလှန်အားဖြင့် စားသုံးရန် အတွက် ငွေပေး၍ ၀ယ်ယူရခြင်းသည် သတ်ဖြတ်ရန် အတွက် ငွေကြေးပေး၍ ခိုင်းသည့် သဘောသက်ရောက်သည့် အတွက်၎င်း။ တပည့်တော်သည် မိမိကို မိမိ အပြစ်ကင်းသည်ဟု မယူဆလိုပါ အရှင်ဘုရား။ တပည့်တော်ကို ရှင်းပြပေးလိုပါသည် အရှင်ဘုရား။ တပည့်တော်အား ငါးပါသီလ နှင့်ပတ်သတ်၍ လည်းရှင်းပြပေးပါ အရှင်ဘုရား။
ကိုအောင်ထက်
++++++++
အဖြေ
ဒကာတော်မေးခွန်းအတွက် အထူးကျေးဇူးတင်ပါကြောင်း ရှေးဦးစွာ မိတ်ဆက်လိုပါသည်။ ဒကာတော်မေးခွန်းက မေးသင့်တဲ့ မေးခွန်းပါ၊ သက်သတ်လွတ်စားဝါဒ မေးခွန်းနဲ့ အတူတူပါပဲ၊ သက်သတ်လွတ်စားတဲ့သူတွေက ကုသိုလ်ရအောင်လို့ အသား ငါး မစားကြဘူးတဲ့၊ သူများအသက် သတ်ခြင်းနှင့် သွယ်ဝိုက်ပြီး မကင်းသူဖြစ်လို့ မစားခြင်းဖြစ်သည်ဟု ပြောကြပါလိမ့်မည်။ ဒကာ့မေးခွန်းကလဲ အဲဒီမေးခွန်းအတိုင်းပါပဲ။
ပါဏာတိပါတဆိုတာ
ရှေးဦးစွာ ပါဏာတိပါတ အဓိပ္ပါယ်ကို နားလည်ဖို့လိုသည်။
ပါဏ-အသက်။ အတိပါတ-သတ်ခြင်း။
ထိုသို့ သူတပါးအသက်ကို သတ်ရာဝယ် မတော်တဆဖြစ်တာမျိုး၊ စေတနာမပါဘဲ သတ်မိတာမျိုးကို မဆိုလိုပါ။
သူတပါး အသက် သတ်သူ၏ သန္တာန်မှာ
(၁) အသက်ရှိသတ္တ၀ါဟု အမှတ်သညာ ရှိနေရမည်၊
(၂) အသက်သတ်ခြင်းကို ဖြစ်စေသော ကာယကံ ၀စီကံတိုက်ရိုက် (ကာယပယောဂ၊ ၀စီပယောဂ) တစ်ခုခုပါရှိခြင်း။
(၃) ထို သတ္တ၀ါကို သေစေသော ကာယကံ ၀စီကံကို ဖြစ်စေသော စေတနာ (၀ဓကစေတနာ)ပါရှိရခြင်း။
အရိယာဖြစ်သော စက္ခုပါလမထေရ်ကြီး လမ်းလျှောက်ရင်း ပုရွက်ဆိပ်တွေနှင်းမိပြီး များစွာ သေကုန်သည်ကို ရဟန်းငယ်များက စက္ခုပါလမထေရ် သူများအသက် သတ်သည်ဟု စွပ်စွဲခဲ့ဖူးသည်၊ ဘုရားက သတ်လိုတဲ့ စိတ်စေတနာ (၀ဓကစေတနာ) မပါသောကြောင့် ပါဏာတိပါတကံ မမြောက်ဟု မိန့်ခဲ့သည်။
ထိုပြဆိုခဲ့သော အင်္ဂါများဖြင့် စိစစ်ကြည့်သော်
ဈေးမှ သို့မဟုတ် သားသတ်သမားထံမှ အသားဝယ်ခြင်းသည်
- ကိုယ်ကိုတိုင်သတ်သည်လဲ မဟုတ်
- သတ်စေဖို့ရန် ကိုယ်အားဖြင့်၎င်း နုတ်ဝစီအားဖြင့်၎င်း ဒီအကောင် ဒီသတ္တ၀ါကို သတ်ပါဟု စေခိုင်းခြင်းမျိုးလဲမပါ၊
- ထိုသတ္တ၀ါကို သေစေလိုသော ၀ဓကစေတနာလဲ မရှိဆိုတော့ ဈေးဆိုင် သို့မဟုတ် တစ်ယောက်ယောက်ထံမှ အသားဝယ်ချက်စားသူသည် ပါဏာတိပါတကံ မမြောက်ပါ။
အသားစားသူတိုင်းသာ ပါဏာတိပါတကံ ကျူးလွန်၏ဆိုလျှင် ဘုရားရဟန္တာများ သူများအသတ် သတ်နေသူများ ဖြစ်သွားပါလိမ့်မည်။ ဘုရားရှင်ကိုယ်တိုင်ကလဲ နေ့စဉ် ရပ်ထဲရွာထဲမှ ဒကာ ဒကာမများက လှူလိုက်သမျှ လောင်းသမျှတို့ကိုသာ ဘုန်းပေးနေရသည်ဖြစ်ရကား အသားရော ဘာကော မရှောင် အကုန်ဘုန်းပေးရသည်။
လူအသိများသည့် သာဓကတစ်ခုကတော့ ဘုရားပရိနိဗ္ဗာန်ဝင်စံခါနီးအချိန်မှာ စုန္ဒလှူလိုက်သော ၀က်သားကိုတောင် ဘုန်းပေးသွားခဲ့သည်။
တခါက ဘ၀ဆက်တိုင်းနီးပါး ဘုရားရှင်နဲ့ အပြိုင် အတိုက်အခံ လုပ်လာခဲ့သော အရှင်ဒေ၀ဒတ် အလောင်းသည် ယခု အရှင်ဒေ၀ဒတ်ဘ၀မှာပဲ ဘုရားနဲ့ပြိုင်လိုသည်၊ ဘုရားနဲ့ စင်ပြိုင် အဖွဲ့တစ်ခု တည်ထောင်လိုသည်ဖြစ်ရကား အာဏာရ အဇာတသတ်မင်းသားနဲ့ ပူပေါင်းကာ ဘုရားနှင့် လက်ရှိအာဏာရ အဖေဖြစ်သူ ဘုရင်ဗိမ္ဗိသာရမင်းတို့ကို လုပ်ကြံခဲ့သည်။
ဘုရားရှင်ထံ သံဃာအသင်းခွဲရန် ဆု ၅ မျိုးတောင်းဆိုသည်၊
- ထိုဆု ၅ မျိုးတွင် အသက်ထက်ဆုံး အသားငါးမစားဘဲ နေရန်၊ အသားစားပါက အပြစ်ဖြစ်စေ ဆိုတဲ့ ဆုတစ်ခုပါသည်။
အစွန်း ၃ပါးမှ လွတ်လျှင် (တိကောဋိပရိသုဒ္ဓ) တားမြစ်ထားသည့် လူ, ဆင်, မြင်း, ကျား, မြွေ စတဲ့ အသားကြီး ၁၀မျိုးက လွဲရင် အသားဟင်းမှန်သမျှ စားနိုင်သည်။
အစွန်း ၃ပါးဟူသည်
်
၁။ အဒိဋ္ဌ-အသားသတ်သမားသည် ဒီအသားကို ငါ့အတွက် သတ်နေသည်ဟု မမြင်ခြင်း၊
၂။ မကြားရခြင်း၊
၃။ ယုံမှားခြင်း မရှိခြင်းဖြစ်သည်။
- အသားသတ်သူက ကိုယ့်အတွက် သို့မဟုတ် ကိုယ်က မှာလိုက်လို့ အော်ဒါမှာလို့ သတ်သည်ဟု ကိုယ်တိုင်လျှင် ထိုအသား မစားကောင်း၊
- ကိုယ့်အတွက် သတ်ပေးနေသည်ဟု ကြားပါကလဲ ထိုအသား မစားကောင်း၊
- ဒီအသားနဲ့ပတ်သက်ပြီး ကိုယ့်အတွက် ရည်စူးပြီး သတ်နေတာပါလားဟု သံသယစိတ်ဖြစ်နေရင်လဲ ထိုအသား မစားရ ဟူသတည်း။
ကိုယ်က သတ်ခိုင်းလို့ ကိုယ့်အတွက် သတ်သည်ဟုသော ရည်ရွယ်ချက် ထိုသားသတ်သမားမှာ မရှိသည်အတွက် ထိုသူရောင်းသော အသားဟင်းများ ၀ယ်ချက်ကောင်းသည်၊ စားကောင်းသည်။ အကယ်၍ ပိဿာချိန်အများအပြား လိုချင်သော ကိုယ်က အလှူကြီးတွေအတွက် အော်ဒါမှာတယ်ဆိုရင်တော့ သံသယဖြစ်စရာပင်။
အသားငါးမစားဘဲ သက်သတ်လွတ်သမား၏ အစားအစာအပေါ် ရသတဏှာ လောဘဖြင့်စားခြင်းနှင့်
အသားငါးစားပြီး အစားအစာအပေါ် တပ်မက်သည့် ရသတဏှာမရှိဘဲ အစားအစာအပေါ် ဆင်ခြင်ပြီး
စားသုံးနေသူ မည်သူက အကုသိုလ်ဖြစ်၊ မည်သူက ကုသိုလ်ဖြစ်နေသနည်း စဉ်းစားဖွယ်ရှိသည်။
သက်သတ်လွတ်ဝါဒများအတွက် စဉ်းစားဖွယ်ဖြစ်သလို ပါဏာတိပါတကံ အပေါ် သံသယဖြစ်နေသူအတွက် စဉ်းစားသင့်သည်။
တကယ်တော့ ဘုရားရှင်က မိမိတို့သန္တာန်မှာရှိနေတဲ့ လောဘ ဒေါသ မောဟစတဲ့ အကုသိုလ် ကိလေသာစိတ်များကို ပယ်သတ်နိုင်ဖို့အရေးကို ဦးစားပေး လမ်းညွှန်သည်၊
ထို ပါဏာတိပါတကံစတဲ့ ငါးပါးသီလကို မလုံခြုံနိုင်ခြင်း ကျိုးပေါက်ရခြင်းတို့သည် အခြေခံအားဖြစ့် လောဘ ဒေါသ မောဟတို့ကြောင့်သာ ဖြစ်သည်။
ထို့ကြောင့် အသားဟင်းပဲ စားစား သက်သတ်လွတ်ပဲ စားစား လောဘစတဲ့ ကိလေသာ မဖြစ်ဖို့အဓိကဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။
ဤမျှလောက်ဖြင့် ဒကာတော် ကျေနပ်လိမ့်မည်ဟု မျှော်လင့်ပါသည်။ အကယ်၍များ မတင်းတိမ်သေးပါက တခြားဆရာတော်များအား မေးနိုင်ပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
မေတ္တာဖြင့်
သီတဂူစတား
၁၂-၁၀-၂၀၁၁
http://www.sitagustar.net/
0 comments:
Post a Comment