Sunday, October 2, 2011

ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောစကား ဘယ်လိုအဓိပ္ပာယ်ဆောင်သလဲ

by Thaung Tan Cho on Monday, October 3, 2011 at 10:50am

Shire by DVB (တိုင်းကျော်)

မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဒီတပတ်အတွင်း ထူးခြားမှုတွေ ရှိခဲ့ပါတယ်။ အဓိကကတော့ လူထုခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားတွေကြောင့်ပဲ ဖြစ်ပါတယ်။
ဒီတပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ အမှာစကား တခု ပြောခဲ့ပါတယ်။ နောက် ပြည်တွင်းထုတ် ဂျာနယ်တွေနဲ့ အင်တာဗျူးလုပ်ခဲ့ပြီး လျှပ်တစ်ပြက်ဂျာနယ်နဲ့ ရန်ကုန်တိုင်းမ်ဂျာနယ်မှာ ဖော်ပြခွင့်ရခဲ့ပြီးဖြစ်ပါတယ်။ ဒေါ်စုရဲ့ ပြောစကားတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ကြတာတွေနဲ့ ရှေ့အလားအလာတွေကို ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီနေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ပြောသွားတဲ့ စကားတခွန်းဟာ အတော်လေးကို ထူးခြားပါတယ်။ အဲဒီနေ့မှာ ဒေါ်စုက မြန်မာနိုင်ငံဟာ အပြောင်းအလဲဖြစ်နိုင်တဲ့ အခြေအနေကို ရောက်ရှိနေပြီဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဒေါ်စုပြောတဲ့စကား အပြည့်အစုံကတော့ “ကျမတို့နိုင်ငံဟာ အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေမှာ ရောက်ရှိနေပါပြီ။ အပြောင်းအလဲ ဖြစ်ပြီလို့လည်း ကျမ မပြောချင်ပါဘူး။ ဒါပေမယ့် ဒါ ကျမ လူသိရှင်ကြား ပြောပြီးဖြစ်ပါတယ်။ အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေ ရောက်နေပြီလို့ ကျမ ယုံကြည်တယ်။ ဒီအပြောင်းအလဲတွေဟာ ပြည်သူအတွက်၊ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်အောင်လို့ ဘယ်ပုံဘယ်နည်းနဲ့ လုပ်မလဲဆိုတာ လူတိုင်းလူတိုင်းဟာ တာဝန်သိသိနဲ့ လေးလေးနက်နက် စဉ်းစားရမှာ ဖြစ်ပါတယ်” ဆိုပြီး ဖြစ်ပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခုလိုပြောစကားဟာ မြန်မာ့ဒီမိုကရေစီအရေးမှာ သူပါဝင်လှုပ်ရှား ဦးဆောင်ခဲ့တဲ့ ၂၃ နှစ်အတွင်း အထူးခြားဆုံး စကားအဖြစ်တောင် ကောက်ချက်ချကြပါတယ်။
အလားတူပါပဲ။ ပြီးခဲ့တဲ့ စနေနေ့ထုတ် လျှပ်တစ်ပြက်ဂျာနယ်နဲ့ တွေ့ဆုံတဲ့ အင်တာဗျူးမှာ ဒေါ်စုက “ကျမအနေနဲ့ ပြောခဲ့ပြီးပါပြီ။ သမ္မတဦးသိန်းစိန်ကို တကယ်ပဲ အပြုသဘောဆောင်တဲ့ အပြောင်းအလဲကို လိုလားတယ်လို့ ယုံကြည်ပါတယ်။ အစိုးရအဖွဲ့ တခုလုံးကတော့ ကျမ မသိဘူးပေါ့နော်“ လို့ ပြောခဲ့ပြန်ပါတယ်။ အဲဒီ အင်တာဗျူးမှာပဲ ဆက်ပြီး “ဘာမဆို ထာဝရမဟုတ်ပါဘူး။ အကယ်၍ ဒီလိုအပြောင်းအလဲတွေကို မလိုလားတဲ့သူတွေ ရှိတယ်ဆိုရင်လည်း ဘာဖြစ်လို့ အပြောင်းအလဲတွေ လိုအပ်တယ်ဆိုတာကို နားလည်အောင် ကျမတို့ကြိုးစားကြရမှာပဲ။ အပြောင်းအလဲ လိုအပ်တယ်ဆိုတာကို တကယ်သဘောပေါက် နားလည်လာတဲ့အခါကျလို့ရှိရင်တော့ အပြောင်းအလဲအတွက် အားလုံးဝိုင်းလုပ်ကြလိမ့်မယ်လို့ ကျမယုံကြည်ပါတယ်” ဆိုပြီး ထပ်ပြောခဲ့ပါတယ်။
နောက်ထပ် အင်္ဂါနေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်မှာတော့ လက်ရှိ ဖြစ်ပွားနေဆဲ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြဿနာ၊ ငြိမ်းချမ်းရေးပြဿနာနဲ့ ပတ်သက်ပြီး တရားမျှတမှုတွေကို အခြေခံတဲ့ တောင်းဆိုချက်တွေကို ဖြစ်မြောက်အောင် လုပ်ပေးဖို့ အားလုံးမှာ တာဝန်ရှိတယ်။ ဒီကိစ္စ သိပ် အချိန်ဆွဲလို့မရဘူး။ အချိန်ဆွဲလို့ရှိရင် နိုင်ငံရဲ့ဒဏ်ရာတွေ ပိုကြီးလာမယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။ နောက်ပြီး လက်ရှိ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး အခု ဆွေးနွေးပွဲတွေဟာ အရင် စစ်အစိုးရလက်ထက် ဆွေးနွေးပွဲတွေနဲ့ မတူ မယ်မယ်ရရ ဆွေးနွေးတာတွေ ရှိကြောင်း ဆွေးနွေးပွဲနဲ့ ပတ်သက်ရင်လည်း ရေရှည်အချိန်ဆွဲလို့ ရတဲ့ကိစ္စ မဟုတ်ဘူးဆိုတာ နှစ်ဘက်စလုံးက နားလည်ထားကြတယ်ဆိုပြီး ပြောခဲ့ပါတယ်။
ဒီတပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ စကားတွေကို ပြန်လည် ခြုံငုံသုံးသပ်ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးသိန်းစိန်ဟာ အပြောင်းအလဲကို တကယ်လိုလားတဲ့သူဖြစ်တယ်လို့ သူယုံကြည်တယ်။ ဒီယုံကြည်ချက်အပေါ် အခြေခံပြီး မြန်မာနိုင်ငံဟာ အပြောင်းအလဲဖြစ်နိုင်တဲ့ အခြေအနေမှာ ရောက်နေပြီဆိုတာကို သူယုံကြည်တယ်။ ဒါပေမယ့် အစိုးရတဖွဲ့လုံးကိုတော့ သူမပြောနိုင်ဘူးဆိုပြီး ပြောပါတယ်။
ဒီစကားတွေကို အသေအချာ ပြန်စဉ်းစားကြည့်ရင် လက်ရှိအစိုးရဟာ အပြောင်းအလဲ လုပ်နိုင်မလုပ်နိုင်ဆိုတဲ့ လမ်းဆုံလမ်းခွပေါ်မှာ ရောက်နေတယ်ဆိုတာလည်း ပေါ်လွင်လာပါတယ်။ အဓိပ္ပာယ်ကတော့ လက်ရှိ အစိုးရအဖွဲ့ထဲမှာ အပြောင်းအလဲကို လိုလားတဲ့သူတွေ ရှိသလို မလိုလားတဲ့သူတွေလည်း ရှိတယ်ဆိုတာ နားလည်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အပြောင်းအလဲကို မလိုလားတဲ့သူတွေလည်း အခြေအနေကို နားလည်လာနိုင်အောင် ကြိုးစားစည်းရုံးရမယ်လို့ ဆိုထားပါတယ်။
လက်ရှိအခြေအနေကိုကြည့်ရင် တကယ့်အပြောင်းအလဲနဲ့ ပတ်သက်ပြီး လက်ဆုပ်လက်ကိုင် ပြနိုင်စရာ မရှိသေးတာကတော့ အမှန်ပါ။ ဥပမာ တိုင်းရင်းသား အရေးကိစ္စ ဖြေရှင်းနေတဲ့ အခြေအနေ၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စ စတာတွေကတော့ သိသာထင်ရှားတဲ့ ကိစ္စတွေဖြစ်ပါတယ်။ ဒါတင်မက အခြား ကြည့်ရှုနိုင်စရာ နမူနာတွေလည်း အများကြီးရှိနေပါသေးတယ်။ ဥပမာတခုဆိုရင် လက်ရှိ လွှတ်တော်ထဲမှာ ဆွေးနွေးနေတဲ့ အောက်ခြေ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ရွေးချယ်ရေးကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ရင် နဂိုက ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ သက်ဆိုင်ရာ မြို့နယ်အဆင့်ကနေ ခန့်အပ်ရမယ်လို့ ဖော်ပြထားပါတယ်။ ဒါကို ပြည်သူလူထုက ပြောဆိုလာကြတော့ အာဏာရပါတီဟာ ရွေးချယ်ထားတဲ့ ရပ်မိရပ်ဖ ၅ ဦးလောက်က ရွေးပေးဖို့ဆိုတဲ့ ဥပဒေပြင်ဆင်ချက် မူကြမ်းကို တင်လာတာ ဖြစ်ပါတယ်။ လွှတ်တော်ထဲမှာ ပြည်ခိုင်ဖြိုးပါတီကလွဲရင် ကျန်ပါတီ အားလုံးလိုလိုက အောက်ခြေရပ်ကွက် ကျေးရွာအဆင့်မှာ အုပ်ချုပ်ရေးမှူးတွေကို ပြည်သူလူထု မဲနဲ့ ရွေးချယ်တင်မြှောက်သင့်တယ်ဆိုပြီး တင်ပြကြတာဖြစ်ပါတယ်။ ဒါကို လွှတ်တော်ထဲမှာ ဆွေးနွေးခွင့်တောင် မရပါဘူး။ ပြောရရင် အာဏာရ အစိုးရနဲ့ အဖွဲ့ဟာ ဒီမိုကရေစီအခွင့်အရေးကို ထိပ်ပိုင်း နိုင်ငံတော် အဆင့် အသာထားလို့ အောက်ခြေ ရပ်ကွက် ကျေးရွာ အဆင့်မှာတောင် မပေးချင်ဘူး ဆိုတာ ပေါ်လွင်နေပါတယ်။
ဒါပေမယ့် တဖက်မှာလည်း ပြည်သူတွေကို နှစ်ပေါင်းများစွာ ဒုက္ခပေးပြီး တိုင်းပြည်ပုံရိပ်ကိုလည်း ပျက်စေခဲ့တဲ့ ကားတင်သွင်းခွင့် ပိတ်ပင်ထားတဲ့ ပြဿနာကို ရှင်းလင်းဖို့ ကြိုးစားတဲ့ စက်မှု ၁၊ ၂ ဝန်ကြီး ဦးစိုးသိန်း၊ ရထားဝန်ကြီး ဦးအောင်မင်းတို့လို အပြောင်းအလဲအတွက် တက်တက်ကြွကြွ လုပ်နေသူတွေကလည်း ရှိနေပါသေးတယ်။
ဒီအတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတွေကို ပြန်အနှစ်ချုပ်လိုက်ရင် အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေမှာရောက်နေတယ်။ ဒီအတွက် အပြောင်းအလဲ လုပ်နေသူတွေရဲ့ လုပ်ရပ်တွေကို အားပေးထောက်ခံပါ။ အပြောင်းအလဲကို မလိုလားတဲ့သူတွေလည်း အပြောင်းအလဲကြောင့် တိုင်းပြည်ကောင်းလာမှာကို နားလည်အောင် စည်းရုံးသိမ်းသွင်းပါ။ ပြည်သူတွေအနေနဲ့ အပြောင်းအလဲ ဖြစ်လာမှာကို ထိုင်စောင့်မနေဘဲ ကိုယ်ကျရာနေရာကနေ အပြောင်းအလဲဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်ပါလို့ အဓိပ္ပာယ်ရကြောင်း တင်ပြလိုက်ရပါတယ်။

ဒီဗီဘီဝက်ဒ်ဆိုက်မှ တဆင့်ကူယူဖေါ်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...