Sunday, October 2, 2011

ဒုတိယ အလုပ်

by Ernesto Kee Ling on Sunday, October 2, 2011 at 8:50pm
 
ကျွန်တော်တို့တွင် အသက်မွေးဝမ်းကျောင်း အလုပ် လူတိုင်းကိုယ်စီရှိကြသည်။ ဆေးဝါးကုသခြင်းသည် ဆရာဝန်၏ အသက်မွေးဝမ်းကျောင်း အလုပ်ဖြစ်၏။ ကားမောင်းခြင်းသည် ယာဉ်မောင်း၏ အသက်မွေး ၀မ်းကျောင်း အလုပ်ဖြစ်၏။ ထို့အတူ အင်ဂျင်နီယာ၊ စစ်ဗိုလ်၊ စစ်သား၊ လက်သမား၊ ပန်းရန်၊ ပန်းချီဆရာ၊ ပန်းပုဆရာ၊ ကုန်သည်၊ ပွဲစား၊ တောင်သူလယ်သမား၊ စက်ပြင်၊ စက်ချုပ် စသည်ဖြင့် မိမိတို့၏ အသက်မွေးမှု အတွက် အလုပ်တစ်ခု ကိုယ်စီကိုယ်ငှ လုပ်ကြစမြဲ ဖြစ်ပါ၏။

          ဤကဲ့သို့ အသက်မွေးဝမ်းကျောင်းပြုသော အလုပ်ကို ပထမအလုပ် "First Job" ဟုခေါ်၏။ လူတိုင်းသည် ပထမအလုပ်အပေါ်ကျွမ်းကျင်ရသည်။ ပထမအလုပ်အပေါ် သစ္စာရှိရသည်။ ပထမအလုပ်နှင့်ပတ်သက်ပါက တစ်ဖက်ကမ်းခပ်တတ်မြောက်ရသည်။ အောင်မြင်စွာလုပ်ဆောင်နိုင်သူဖြစ်ရမည် ဖြစ်သည်။ လူသည် သူ၏ပထမအလုပ်တွင် စွမ်းရည်လည်း ရှိရမည်။ အောင်မြင်ကျော်ကြားသူလည်းဖြစ်ရမည် ဖြစ်၏။ လူ့ဘ၀ လူ့အဖြစ်တွင် လူလာဖြစ်သူတိုင်း လူစဉ်မီဖို့လိုပါသည်။ လူစဉ်မမီပါက ထိုလူသည် လူဖြစ်ပါလျက် လူဖြစ်ရှုံးသော ဘ၀သို့ ရောက်ရသည်။
          လူစဉ်မီအောင်၊ လူဖြစ်မရှုံးအောင် စွမ်းဆောင်ရမည့် အလုပ်သည် လူတိုင်း၏ အလုပ်ဖြစ်သည်။ လူဖြစ်ရှုံးခြင်းသည် အစစ အရာရာ ရှုံးနိမ့်ခြင်း၊ ဘ၀ရှုံးခြင်း၊ ဘ၀ဆုံးပါးခြင်း ဖြစ်ပါသည်။
          ထို့ကြောင့်သင်သည်လူသားစင်စစ် ဧကန် ဖြစ်ပါ၏။ လူဖြစ်မရှုံးအောင် မိမိ၏ အသက်မွေးဝမ်းကျောင်းအလုပ်ကို ကျွမ်းကျင်သူ၊ အောင်မြင်သူ၊ ကျော်ကြားသူ၊ အောင်ပွဲရသူ ဖြစ်အောင် ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်သည်။
          သင်သည် အဖိုးထိုက် အဖိုးတန် လူ့ဘ၀ကိုရရှိထားသူဖြစ်သောကြောင့် သင်၏ ပထမအလုပ်ကို အောင်မြင်ကျော်ကြားစွာ ပြုလုပ်နိုင်ပါ ပြီးပြီလားဟုဆိုပါက မပြီးသေးပါ။
          လူတိုင်းတွင် ဒုတိယအလုပ် "Second Job" ဆိုတာရှိသည်။ လူ၏ ဒုတိယ အလုပ်ဆိုသည်မှာ မိမိသည်ထင်ရှားကြီးကျယ်ပြည့်စုံပြီ ဟုဆိုပါက မိမိလောက်မှ မအောင်မြင်ရှာသူ၊ မပြည့်စုံရှာသူတို့အား ကြုံသလို ကူညီထောက်ပံ့မှု ပြုရန်ဖြစ်၏။ လူဖြစ်ပါလျက်၊ မိမိက ပြည့်စုံပြီးဖြစ်ပါလျက် သူတပါးအား မကူညီ၊ မထောက်ပံ့၊ မစောင့်ရှောက်သူသည် လူမပီသသူ ဖြစ်ပါ၏။
          လူသည် ဤကမ္တွာ လောကစကြာဝဠာတိုက် တစ်သောင်းတွင် အားမာန်ရှိသူ၊ တန်ခိုးရှိသူ၊ စွမ်းဆောင်နိုင်သူ၊ အကြံဥာဏ်၊ ခွန်အားဗလတို့နှင့် ပြည့်စုံ၍ အရာရာတွင် အောင်ပွဲရရန် ဆင်နွှဲနိုင်သူ ဖြစ်သည်။ သို့ပါလျက် မိမိ ကတော့ အောင်ပွဲများကို ရယူပြီး သူတစ်ပါးကို မကူညီပါက ထိုသူသည် လူမပီသသူ၊ လူဖြစ်ရကျိုးမနပ်သူ ဖြစ်ရပါသည်။ ထို့ကြောင့် လူသည် ဒုတိယ အလုပ်အနေနှင့် အများအကျိုးပြု ပရဟိတလုပ်ငန်းများကို ဆောင်ရွက်ကြရမည် ဖြစ်ပါ၏။ ဒုတိယအလုပ်ကို ဆောင်ရွက်ခြင်းသည် လူ့ဘ၀တန်ဖိုးဖြစ်၏။ လူ့ဘ၀တန်ဖိုးကိုတွက်ချက်ရာတွင် ထိုသူသည် သူ့ဘ၀တွင် ဒုတိယအလုပ် မည်မျှလုပ်ဆောင်ခဲ့သနည်း။ များများလုပ်ဆောင်ပါက များများတန်ဖိုးရှိသူဖြစ်၍ မလုပ်ဆောင်ပါက လူ့ဘ၀တန်ဖိုး နည်းရှာသူဖြစ်ပါ၏။
          ပင်စင်စားကြီးများသည် မိမိရပ်ကွက်ထဲမှာ မူလတန်းကျောင်းကိုကူညီခြင်း၊ ခွင့်ပြုချက်တောင်း၍ စာသင်ပေးခြင်း၊ ခရီးသွားရင်း မူးလဲသွားသူတစ်ဦးအား ဆေးရုံပို့ပေးခြင်း၊ မိမိဘ၀အတွေ့အကြုံများကို စာရေးသားခြင်း၊ ဗဟုသုတဖြန့်ဖြူးခြင်း၊ စာမတတ်သူများအား စာသင်ပေးခြင်း၊ စာတော်သူတို့အား ပညာသင်စရိတ်ကူညီခြင်း စသည့် အလုပ်များသည် လူ၏ ဘ၀တန်ဖိုးကို ဖော်ပြသော ဒုတိယအလုပ်များပင်ဖြစ်ပါ၏။
          တစ်ခါက အဘိုးအိုတစ်ဦးက ရထားပေါ်တွင် ရှေ့ဘူတာလည်းရောက်တော့မယ်၊ ကျုပ်က အဲဒီမြို့မှာ ဆင်းရမှာ၊ အဲဒီမြို့က ဆေးရုံမှာ သားကဆေးရုံတက်နေရတယ်၊ အသက်မီလိုလျှင် အမြန်လာပါလို့ ဆေးရုံကအကြောင်းကြားလို့ ကမန်းမတန်းထွက်လာရတာ၊ ဒီမြို့ကို တစ်ခါမှလည်း မရောက်ဖူးပါဘူး၊ ဒုက္ခပါပဲ။ ဟုငြီးတွားလေလျှင် အနီးရှိလူငယ်တစ်ဦးက ကျွန်တော်က နောင်တစ်ဘူတာ ကျော်ပြီးမှဆင်းရမှာ၊ ဒါပေမယ့် အဘသားဟာကျွန်တော့်အရွယ်လောက်ရှိမှာပဲ၊ အဘသားအတွက် ကျွန်တော်ကူညီပါ့မယ်။ ဒီမြို့ကို ကျွန်တော်ကျွမ်းတယ်၊ ဆေးရုံဘယ်မှာရှိတယ်ဆိုတာ သိတယ်၊ ဟုပြောစဉ်ရှေ့ဘူတာသို့ရောက်ရာ အဘိုးအိုနှင့်လူငယ်သည် ရထားပေါ်မှဆင်းသွားကြပါ၏။
          ထိုလူငယ်သည် လူ့ဘ၀၏ ဒုတိယအလုပ်ကို လုပ်ဆောင်ခြင်းဖြစ်ပါ၏။ လူ့ဘ၀တွင်လူတို့၏ ပထမအလုပ်သည် အသုဘဖိတ်စာနှင့်အတူ ပါသွားတတ်သော်လည်း ဒုတိယအလုပ်လုပ်ဆောင်သူတို့ကို သူ့သမိုင်းက မှတ်တမ်းတင်ထားရစ်ကာ သတိရနေတတ်ကြပါသည်။
          ကျွန်တော်တို့သည် လူ့ဘ၀၏ အလုပ်ကိုသာမက ဒုတိယအလုပ်ပါ ကျေပွန်စွာ ထမ်းဆောင်ရင်း ဘ၀ကို  တန်ဖိုးမြှင့်တင်ကြပါစို့။

ခရီးသွား ဂျာနယ် အတွဲ (၂) အမှတ် (၁၂) မှ ဆရာ ချစ်စံဝင်း ၏ ဒုတိယ အလုပ် ဆောင်းပါး အတိုင်း လူသားအားလုံး ပထမအလုပ်ကို အောင်မြင်အောင် ကြိုးစားကြပြီး  ဒုတိယ အလုပ်ကို လုပ်နိုင်သလောက် လုပ်ကြစေရန် ရည်ရွယ်ပြီး ထုတ်ယူတင်ပြပါသည်။

မေးလ်မှတစ်ဆင့်ဖတ်ရတဲ့ ဆောင်းပါးလေးပါ။အကျိုးရှိမယ်ထင်လို့ မျှဝေလိုက်ပါတယ်ခင်ဗျ။ ပိစိလေးကို ပို့ပေးတဲ့အတွက် ကျေးဇူးပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...