Tuesday, October 25, 2011

အမှန်တရားက ဘယ်လောက်တန်ဖိုးရှိသလဲ အတွေးများ။

စာမဖတ်ရရင် မနေနိုင်လို့တင်လိုက်တာပါ

by Mahar Manapim on Tuesday, October 25, 2011 at 7:26pm
 
အမှန်တရားက ဘယ်လောက်တန်ဖိုးရှိသလဲ

(၁)
ငယ်ငယ်က စာတွေ သင်ရသည်။ စာတွေ ဖတ်ရသည်။ အမှန်တရားက စာသင်ဆရာတို့၏ လက်သုံးစကားတစ်ခု ဖြစ်သည်။ ဆရာတို့သည် ပုံပြင်များ၊ ဇာတ်ဝတ္ထုများကို ပြောကြားပြီး အမှန်တရားအကြောင်းကို သုံးသပ်ပြတတ်ကြသည်။ အမှန်တရားက အမြဲတမ်း အနိုင်ရသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် ပုံပြင်တိုင်း၊ ဇာတ်ဝတ္ထုတိုင်းတွင် အမှန်တရားဘက်မှ ထာဝရ ရပ်တည်တတ်သော ဇာတ်လိုက်များသာ အနိုင်ရတတ်သည်ကို တွေ့ရသည်။ စိတ်ကောင်းမရှိသော၊ စာရိတ္တ ညံ့ဖျင်းသော မည်သည့်ဗီလိန်ကမှ စိတ်ထားကောင်းသော၊ စာရိတ္တကောင်းမွန်သော ဇာတ်လိုက်ကို အနိုင်ရသည်ဟူ၍ မကြားမိစဖူးပေ။ လက်တွေ့ဘ၀များမှာရော ပုံပြင်ထဲကလို အမှန်တရားက အမြဲအနိုင်ရတတ်လေသလော။



အခုတစ်လော တွေးနေမိတာလေးများ ဖြစ်ပါသည်။


(၂)
“အရှင်ဘုရားရာ အတော်ကို ခံရခက်ပါတယ်။ ဒီပြဿနာမှာ တပည့်တော် မှန်တယ်ဆိုတာ အလုပ်သမားတွေ အကုန်သိတယ်”ဟု ဆိုလာရင်း မှန်ရာကို လုပ်သော်လည်း အလုပ်ထွက်လိုက်ရသော မြန်မာလူငယ်လေးက ညည်းချင်းထုတ်သည်။ သူသည် အလုပ်တွင် ထူးချွန်သည်။ မတရားတာကို လက်ပိုက်ကြည့်တတ်သူမဟုတ်၊ မဟုတ်ရင် မခံ။ သူ့ကို တိုက်ရိုက်စော်ကားမော်ကား မဟုတ်မတရား လာလုပ်လျှင် ပြောလှန်ပြောတတ်ရုံမျှမက အခြားလုပ်ဖော်ကိုင်ဖက်များအပေါ် မတရားလုပ်လျှင်လည်း ကိုယ့်အသားထိသလို နာတတ်ပြီး အမှန်တရားဘက်မှ အမြဲတမ်း ရပ်တည်တတ်သူတစ်ယောက်ဖြစ်သည်။ ထိုသို့ အမှန်တရားကို ချစ်လွန်းသဖြင့် အခု သူ အလုပ်ထုတ်ခံရသည်။ သူ အခု ငြီးတွားနေရသည်။ အမှန်တရားသည် ပုံပြင်များ၊ ဇာတ်ဝတ္ထုများထဲကလို မဟုတ်လေသလော။ အမှန်တရားက လက်တွေ့ဘ၀မှာ ရှုံးတတ်လေသလော။


အခုတစ်လော တွေးနေမိတာလေးများ ဖြစ်ပါသည်။


(၃)
“လူဆိုတာ ဘ၀အတက်အကျ၊ အနိမ့်အမြင့်တွေနဲ့ ကြုံတွေ့ရတာပဲ ဦးဇင်းရ၊ တပည့်တော်ဆိုရင် အလုပ်အမျိုးမျိုး ဘ၀အမျိုးမျိုးကို ဖြတ်သန်းခဲ့ရတယ်။ တပည့်တော်က ဘယ်လို လောကဓံမျိုးကိုပဲ ကြုံကြုံ အမြဲတမ်း အမှန်တရားဘက်ကပဲ ရပ်တည်တယ်။ စကားလုံးခပ်ကြီးကြီး သုံးပြောရမယ်ဆိုရင် တပည့်တော်က သမာသမတ်ကျတယ်၊ တည်ကြည်တယ်။ ဒီလို အမြဲတမ်း မှန်တဲ့ဘက်က တရားတဲ့ဘက်က ရပ်တည်လုပ်ကိုင်လာခဲ့တော့ အားလုံးက လေးစားကြတယ်လေ။ ဒီတော့ တပည့်တော်မှာ မိတ်ဆွေကောင်းတွေ တိုးပွားတယ်။ ဒီတော့ တပည့်တော်အတွက် အောင်မြင်မှုရတာပေါ့။ ဒါကြောင့် တပည့်တော်က လူငယ်လေးတွေ၊ မျိုးဆက်သစ်လေးတွေ တွေ့တိုင်း တရားတဲ့ဘက်က အမှန်တရားဘက်က ရပ်တည်ဖို့ ပြောတာပဲ”ဟု မလေးရှားမှာ အထိုက်အလျှောက် အောင်မြင်ရနေသော လူငယ်လုပ်ငန်းရှင်တစ်ယောက် အားရပါးရပြောသည်။ လူငယ်လုပ်ငန်းရှင်စကားဆုံးတော့ အမှန်တရားဘက်က ရပ်တည်လို့ ဒုက္ခရောက်ရသော လူငယ်လေးမျက်နှာကို မြင်ယောင်မိပြန်သည်။ သူတို့ နှလုံးသားဇာတ်ရုပ်နှစ်ခုကို နှိုင်းယှဉ်ကြည့်သောအခါ ဘယ်သူ့စကားကို အောင်မှတ်ပေးရမလဲ စဉ်းစားမရ ဖြစ်နေပြန်လေသည်။


အမှန်တရား ဖွင့်ဆိုချက်သည် မည်မျှ ကျယ်ပြန့်လေသနည်း။ အမှန်တရားက စကားလုံးတစ်လုံးသာ ဖြစ်သော်လည်း သူ့အကြောင်းကို အကဲခတ်မရ ဖြစ်နေပြန်သည်။


အခုတစ်လော တွေးနေမိတာလေးများ ဖြစ်ပါသည်။


(၃)
“ဘုရား … ဘုရား … ကြည့်စမ်း ကြည့်စမ်း၊ အုတ်ပုံကြီးပဲ ကျန်ပါလားနော်၊ ကျန်တဲ့ အိမ်တွေကလည်း ကျည်ပေါက်တွေနဲ့ချည်းပဲ”


ဂြိုဟ်တုစလောင်းက လွှင့်နေသော တီဗွီဖန်သားပြင်မှ ကဒါဖီအလွန် လစ်ဗျားနိုင်ငံ ရှုခင်းများကို ငေးရင်း မောရင်း စုတ်တသက်သက်ဖြစ်နေသော လူငယ်လေးက ပြောနေသည်။ ကဒါဖီ မတရား ရက်စက်သည်။ အနိုင်ကျင့် ဗိုလ်ကျသည်။ အဖိနှိပ်ခံတို့ မခံစားနိုင်။ ပြည်သူက အမှန်တရား၊ ကဒါဖီက အမှားဘက်တော်သား။ ကဒါဖီ၏ အမှားများက အမှန်တရားဘက်တော်သားများအတွက် ခါးသက်လွန်းသည်။ မခံမရပ်နိုင်အောင် ခါးလွန်းတော့ ပြည်သူများ လွန့်လူးထွက်လာကြသည်။


 “အမှန်တရား အောင်ပွဲခံရမည်”ဟု သူတို့ ကြွေးကျော်ကြသည်။ သူတို့ အခု အနိုင်ရသွားသည်။ သေနတ်များ၊ လက်နက်ကြီးများ ပစ်ဖောက်လျှက် အောင်ပွဲခံကြသည်။ ပျော်ကြသည်။ အုတ်ခဲအကျိုးအပဲ့များ၊ ကျည်ပေါက်များ ပြည့်နေသော တိုက်အိမ်များ၊ ပျက်စီးနေသော တံတားများ၊ လမ်းများ၊ ဆွေးဆုံးမျိုးဆုံးလို့ သွေးပျက်မတက် အော်ဟစ်မြည်တမ်းနေသော ပုံရိပ်များအကြားမှ အမှန်တရားအောင်ပွဲက သွေးပျက်စရာ ကောင်းလွန်းမနေဘူးလားဟု တွေးနေမိသည်။


အမှန်တရားသည် အသက်ပေါင်း မည်မျှ တန်သနည်း။


အမှန်တရားသည် ချစ်စရာကောင်းသည်၊ ကျက်သရေရှိသည်ဟုဆိုလျှင် အသက်ပေါင်းများစွာ၊ မျက်ရည်ပေါက်များစွာ၊ သွေးစက်ပေါင်းများစွာတို့ကြားက အမှန်တရားသည် ချစ်စရာကောင်းသေးပါသလော၊ ကျက်သရေ မည်မျှရှိပါသေးသနည်း။


အခုတစ်လော တွေးနေမိတာလေးများ ဖြစ်ပါသည်။


(၅)
ရာဇ၀င်ထဲမှ တိုက်ပွဲများစွာကို ကြည့်လိုက်တိုင်း အမှန်တရားသည် အမြဲတမ်း အရှုံးဘက်ကသာ ရှိနေသည်။ အမှားတရားများ၊ မတရားမှုများက အားရအောင် ခြယ်လှယ်အနိုင်ကျင့်ပြီးသောအခါမှသာ အမှန်တရားက သွေးစက်များဖြင့် ခေါင်းထောင်ထလာတတ်သည်။ အမှန်တရားက အ, သလော၊ တုံးသလော။ နမော်နမဲ့ နိုင်လွန်းသလော။ ချောင်ပိတ်ရိုက်မှ ပြန်ကိုက်တတ်သော ခွေးလိုများ ဖြစ်နေသလော။ အမြဲတမ်း သွေးစက်များ၊ မျက်ရည်များ၊ အပျက်အစီးများဖြင့်သာ ရုန်းကြွလာတတ်သော အမှန်တရားကို စိတ်နာမိသလို ခံစားရသည်။ သို့ဆိုလျှင် အမှားတရားများ၊ မတရားမှုများကို ကောင်းချီးထောမနာပြုရမည်လော။


အခုတစ်လော တွေးနေမိတာလေးများ ဖြစ်ပါသည်။


(၆)
ယုတ်မာဆိုးရွားသော အမှားတရားများ၊ မတရားမှုများသည် ညစ်ပတ်မှုများ၊ မသတီစရာများ၊ မုသားများဖြင့် ခြံရံနေတတ်သည်။ နှစ်မြို့စရာတစ်ခုမျှ ရှာတွေ့ဖို့ မရှိ။ အခြားတစ်ဖက်တွင် အမှန်တရားလေးတစ်ခု ပေါ်လာဖို့အတွက် တန်ဖိုးပေါင်းများစွာ ပေးဆပ်ရသည်။ “အမှန်တရားက အောင်ပွဲခံခဲ့ပြီ”ဟူသော ၀ါကျလေးတစ်ကြောင်း ဖြစ်ပေါ်လာဖို့အတွက် သွေးအိုင်ထဲမှ ဖြတ်လျှောက်ရသည်။ သွေးအိုင်ထဲမှ တလွှားလွှားဖြစ်နေသော အလံသည် လှသလော။ သွေးအိုင်နှင့်အမှန်တရားအောင်ပွဲကို ညီမျှခြင်း ချဖို့အတွက် အခက်အခဲများစွာ ကြုံနေရသည်။


ထိုအကြောင်းတရားများကို တလှပ်လှပ်ဖြစ်နေသော ရင်ဘက်အစုံဖြင့် တွေးကြည့်နေမိသည်။


အခုတစ်လော တွေးနေမိတာလေးများ ဖြစ်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...