ခေါင်းကိုက်ဝေဒနာ ကုသနည်း ( သဘာဝကုထုံး)
- ShweBa အောက်တိုဘာလ 5, 2011 11:52amတွင်ShweBa မှတင်ပြသောဘလော့ပို့(စ်)ဖြစ်ပါသည်
သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ သူငယ်ချင်းတို့ကို ပြောရဦးမယ် ကျနော်ကတော့ ဆရာဝန် မဟုတ်ဖူးနော်၊ ဒါပေမဲ့ ကျနော့ရဲ့ သူငယ်ချင်းတွေ ထဲမှာ ဆရာဝန် နှစ်ယောက်ရှိတယ်ဗျ၊
အင်း... သူတို့နှစ်ယောက်က ကျနော့ကို ပေးထားတဲ့ အသိလေးတွေကို တစ်ဆင့်ပြန်ပြီး ပြောပြမယ်နော်၊ မှန်ရင်တော့ ကျနော့ သူငယ်ချင်း ဆရာဝန်တွေကို ကျေးဇူးတင်ကြပေါ့ဗျာ၊ တကယ်လို့ မှားနေခဲ့ရင်တော့ ကျနော် နားကြားလွဲတယ်လို့သာ ယူဆပြီး အပြစ်ပြောကြပေါ့နော်.....
သူငယ်ချင်းတို့ရေ၊ ခေါင်းကိုက်ခြင်းဟာ အလွန်အဖြစ်များတဲ့ နာကျင်မှုဖြစ်ပြီး လူတိုင်းလိုလို ခေါင်းကိုက်ဖူးကြပါတယ်။ ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပြီး ဖိစီးမှုကတော့ အဓိကကျတဲ့ အကြောင်းရင်းတစ်ခုပါ။ ခေါင်းကိုက်စေတဲ့ နောက်ခံအကြောင်းရင်း ရောဂါကြီးကြီးမားမား မရှိရင်တောင် နေ့စဉ်ဘဝမှာ သင်ရဲ့လုပ်ဆောင်မှုအမျိုးမျိုးကြောင့် ခေါင်းကိုက် တတ်ပါတယ်။ ဥပမာ... သင်ဟာ ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီး အလုပ်လုပ်နေရင် ခေါင်းကိုက်လာနိုင်ခြေ များပါတယ်။
ဒါကြောင့် သင်ခေါင်းကိုက်လာတဲ့အခါ ဘာကြောင့်ခေါင်းကိုက်တာလဲဆိုတဲ့ အကြောင်းရင်းကို ရှာဖွေစစ်ဆေးပြီး သင်ရဲ့အနေအထိုင် အပြုအမူတွေကို လိုအပ်သလို ပြုပြင်ပြောင်းလဲသင့်ပါတယ်။ အောက်ပါအကြံပြုချက်တွေက ခေါင်းကိုက်တာကို သက်သာစေမယ့် အကြံပြုချက် ရိုးရိုးလေးတွေပါ။
၁။ ကိုယ်ဟန်အနေအထားမမှန်ရင် ဖိစီးမှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်း (Tension Headache) ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်ဟန်အနေအထား မှန်ကန်အောင်ထိန်းသိမ်းဖို့ အရေကြီးပါတယ်။ လည်ပင်းနဲ့ ပခုံးကကြွက်သားတွေဟာ ကိုယ်ဟန်အနေအထားမမှန်ရင် တင်းတောင့်နေတတ်တဲ့အတွက်ကြောင့် အလုပ်ချိန်မှာ ကိုယ်ဟန်အနေအထား မှန်ကန်ဖို့ သတိထားသင့်ပါတယ်။ ဒီလိုကြွက်သားတွေ တင်းမာဖိစီးမှုကြောင့် ခေါင်းကိုက်တာအတွက်တော့ ဆွဲဆန့်လေ့ကျင့်ခန်း လုပ်ပေးတာက အကောင်းဆုံးဖြေရှင်းနည်းပါပဲ။
၂။ စိုစွတ်တဲ့အပူဟာ ခေါင်းကိုက်တာကို သက်သာစေပါတယ်။ ရေနွေးထဲမှာ တဘက်တစ်ထည်ကိုစိမ်ပြီး ရေညှစ်ပါ။ ပြီးရင် နာကျင်နေတဲ့နေရာပေါ် အုပ်ထားပါ။
၃။ အမျိုးသမီးတွေဟာ ရာသီမလာခင်ရက်မှာ ခေါင်းကိုက်တတ်ပါတယ်။ ဒီလိုခေါင်းကိုက်တဲ့ပုံစံကတော့ မျက်စိတွေရဲ့ နောက်ဘက်နားမှာ နာကျင်မှုခံစားရတာပါ။ ဒီအတွက်တော့ အမျိုးသမီးတွေဟာ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစာတွေကို စားသင့်ပါတယ်။ အဆီနည်းတဲ့အသားကို စားနိုင်ပါတယ်။
၎။ ခေါင်းကိုက်တာကိုဖြစ်စေတဲ့ အဓိကအကြောင်းကတော့ ဖိစီးမှုပါ။ ဒါကြောင့် သင်ဟာ ဖြေလျှော့အနားယူဖို့ လိုအပ်ပါတယ်။ လုံလောက်အောင် အိပ်စက်အနားယူဖို့လည်း အရေးကြီးပါတယ်။ အလုပ်ကိုလည်း ဆက်တိုက်အကြာကြီးမလုပ်ဘဲ ခဏတစ်ဖြုတ်နားပေးဖို့လိုအပ်ပါတယ်။
၅။ ဖိစီးမှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တဲ့အခါ နာကျင်မှုဟာ လည်ပင်းနဲ့ ပခုံးတွေဆီကို ပျံ့နှံ့သွားပြီး တော်တော်လေး မသက်မသာ ခံစားရတတ်ပါတယ်။ ဒီလိုခေါင်းကိုက်ခြင်းမျိုးအတွက်တော့ အနှိပ်ခံရင် သက်သာတတ်ပါတယ်။ ဖိစီးမှုတွေ ပြေပျောက်စေဖို့ ဦးခေါင်းနဲ့ ပခုံးတွေကို ညင်ညင်သာသာနှိပ်နယ်ပေးပါ။
၆။ အစာမစားဘဲ နေတာဟာလည်းခေါင်းကိုက်စေနိုင်ပါတယ်။ ဒါကြောင့်အစာကို အချိန်မှန်မှန်စားဖို့ အရေးကြီးပါတယ်။
၇။ ရေများများသောက်ပါ။ ရေဟာခန္ဓာကိုယ်ကို အေးမြစေပြီး ခေါင်းကိုက်တာကို သက်သာစေပါတယ်။ နေ့စဉ်အနည်းဆုံး ရေ ရှစ်ဖန်ခွက်သောက်ပါ။
၈။ လဲလျောင်းနေပါ။ ပြီးရင် လည်ပင်း၊ ပခုံးနဲ့ နားထင်တွေမှာ ရေခဲကပ်ပါ။ ဒါဟာ သင့်ကိုဖြေလျှော့အနားရစေပြီး ခေါင်းကိုက် သက်သာစေပါတယ်။
၉။ အကိုက်အခဲပျောက်ဆေးတွေက ခေါင်းကိုက်သက်သာစေပါတယ်။ ဒါပေမယ့် ခဏခဏခေါင်းကိုက်တိုင်း အကိုက်အခဲ ပျောက်ဆေး အမြဲလိုလိုသောက်နေတာက မကောင်းပါဘူး။ သင့်မှာ အစာအိမ်နာရောဂါ အပါအဝင် တခြားကျန်းမာရေး ပြဿနာတွေရှိရင် ဆရာဝန်ညွှန်ကြားမှသာ အကိုက်အခဲပျောက်ဆေးသောက်ပါ။
၁၀။ ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိသူတွေကတော့ သူတို့စားတဲ့အစာတွေကို မှတ်တမ်းထားဖို့လိုပါတယ်။ တချို့ အစားအစာတွေကြောင့် ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေနိုင်တဲ့အတွက် ဘယ်လို အစားအစာတွေကြောင့် သင့်ခေါင်းကိုက်တတ်တယ်ဆိုတာ မှတ်သားပြီး ရှောင်ကြဉ်ဖို့ လိုပါတယ်။
ကျနော့သူငယ်ချင်းတွေ သတိပြု ဆင်ခြင်နိုင်ကြပါစေ.......
0 comments:
Post a Comment