Monday, October 17, 2011

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း အခွင့်အရေး


Cloud Cuckoo Land created a doc.
ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း အခွင့်အရေး သုံးစွဲလိုသော နိုင်ငံသားများသည် ခွင့်ပြုမိန့် ရရှိရန် အချက်ငါးချက်ဖြင့် လျှောက်လွှာတင်ရမည် ဖြစ်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးက ခွင့်ပြုမိန့်ထုတ်ပေးမည်၊

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်း အခွင့်အရေး သုံးစွဲလိုသော နိုင်ငံသားများသည် ခွင့်ပြုမိန့်ရရှိရန် အချက်ငါးချက်ဖြင့် လျှောက်လွှာတင်ရမည်ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ် ရဲတ...ပ်ဖွဲ့မှူးက ခွင့်ပြုမိန့်ထုတ်ပေးမည် ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းစွာ စုဝေးသူများ လိုက်နာရမည့် စည်းကမ်းချက် ၈ ချက်ရှိကြောင်း ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ကြမ်းအရ သိရသည်။
ယင်းဥပဒေကြမ်းကို လွှတ်တော်ရုံးက အမိန့်ကြော်ငြာစာအမှတ် ၁၈/၂၀၁၁ ဖြင့် ထုတ်ပြန်ကြေညာခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းဥပဒေကြမ်းအား ဥပဒေအနေဖြင့် ပြဋ္ဌာန်းပြီးပါက ယင်းဥပဒေကြမ်းပါ အချက်များအတိုင်း လိုက်နာကျင့် သုံးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်း လှည့်လည်ခြင်း အခွင့်အရေးတို့ကို သုံးစွဲရန်ခွင့်ပြုမိန့် လျှောက်ထားခြင်း နှင့်ပတ်သက်၍ ဥပဒေကြမ်း၏အခန်း(၃) ပုဒ်မ ၄တွင် ပြဋ္ဌာန်းထားပါသည်။ ပြဋ္ဌာန်းချက် အပြည့်အစုံမှာ “မိမိ သဘောထားဆန္ဒကို ဖော်ပြရန်အလို့ငှာ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း အခွင့်အရေးတို့ကို သုံးစွဲဆောင်ရွက်လိုသော နိုင်ငံသားများသည် ခွင့်ပြုမိန့်ရရှိရန် အောက်ပါအချက်များ ပါဝင်သော လျှောက်လွှာကို သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူးထံ ယင်းသို့ဆောင်ရွက်မည့် နေ့ရက်မတိုင်မီ အနည်းဆုံး ခုနစ်ရက် ကြိုတင်၍ တင်ပြရမည်။ 


(က) ငြိမ်းချမ်းစွာ စုဝေးခြင်းပြုလုပ် လိုသည့် ရည်ရွယ်ချက်၊ နေရာ၊ နေ့ရက်၊ အချိန်နှင့် ငြိမ်းချမ်းစွာ စုဝေးခြင်းပြုရာတွင် ဟောပြောလိုသည့် အကြောင်းအရာ၊ 
(ခ) ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ်လိုသည့် ရည်ရွယ်ချက်၊ လမ်းကြောင်း၊ နေ့ရက်နှင့်အချိန်၊ 
(ဂ) ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်တို့အတွက် လျှောက်ထားသူ၊ ဦးဆောင်မည့်ပုဂ္ဂိုလ်နှင့် ဟောပြောမည့် ပုဂ္ဂိုလ်တို့၏ ကိုယ်ရေးအချက်အလက်၊ 
(ဃ) ငြိမ်းချမ်း စွာစုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ်မည့်အစီအစဉ်နှင့် ခန့်မှန်းလူဦးရေ၊ 
(င) ခွင့် ပြုမိန့်ရရှိပါက ဤဥပဒေပါ စည်းကမ်းချက်များနှင့် ခွင့်ပြုမိန့်ပါ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်မည် ဖြစ်ကြောင်း ၀န်ခံချက်” တို့ ဖြစ်ပါသည်။

သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးသည် နိုင်ငံသားတစ်ဦးက ဖြစ်စေ နိုင်ငံသားအများကဖြစ်စေ ခွင့်ပြုမိန့်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ တင်ပြလျှောက်ထားချက်ကို လက်ခံရရှိသည့်အခါ သက်ဆိုင်ရာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး၏ အတည်ပြုချက်ဖြင့် ခွင့်ပြုမိန့်ထုတ်ပေးခြင်း သို့မဟုတ် ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းပယ်ခြင်းပြုနိုင်ကြောင်း ဥပဒေကြမ်း ပုဒ်မ ၅ တွင် ပြဋ္ဌာန်းထားပါသည်။
ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုသူများ လိုက်နာရမည့် စည်းကမ်းချက် ၈ ချက်ကို ဥပဒေကြမ်း၏ပုဒ်မ ၁၂ တွင် ပြဋ္ဌာန်းထားပြီး ယင်းတို့မှာ 


‘(က) အများပြည်သူကို အနှောင့် အယှက် အဟန့်အတား ဖြစ်စေခြင်း၊ စိတ်ငြိုငြင်စေခြင်း၊ အန္တရာယ်ဖြစ်စေခြင်း သို့မဟုတ် ထိခိုက်နစ်နာစေ ခြင်းသော် လည်းကောင်း ယင်းသို့ ဖြစ်တန်ရာသည်ဟု စိုးရိမ်ထိတ်လန့်စေခြင်းသော် လည်းကောင်း ဖြစ်နိုင်သည့် အပြောအဆို သို့မဟုတ် အပြုအမူကို မပြုလုပ်ရ။ (ခ) ယာဉ်များ နှင့်လမ်းသွားလမ်းလာများ၊ ပြည်သူ များကို အနှောင့်အယှက်ဖြစ်စေသော တားဆီးပိတ်ဆို့ခြင်းကို မပြုလုပ်ရ။
(ဂ) ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းတို့ ပြုရာတွင် မည်သည့်လက်နက် တစ်မျိုးမျိုးကိုမျှ ကိုင်ဆောင်ခြင်း မပြုရ။ 
(ဃ) လူမျိုးရေး သို့မဟုတ် ဘာသာရေးကိုဖြစ်စေ လူ့သိက္ခာနှင့် ကိုယ်ကျင့်တရားကိုဖြစ်စေ ထိခိုက်စေမည့် အပြောအဆိုနှင့် အပြုအမူများကို မပြုလုပ်ရ။ 
(င)ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းတို့ ပြုရာတွင် အလံ၊ ပိုစတာနှင့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ခြင်း၊ ပြသခြင်းပြုလုပ်နိုင်ပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုရာတွင် ကြွေးကြော်ခြင်းနှင့် အော်ဟစ်ခြင်းများ မပြုလုပ်ရ။ 
(စ) လုံခြုံရေး တာဝန်ရှိသူများ၏ ကြီးကြပ်မှုနှင့် စည်းကမ်း ထိန်းသိမ်းမှုကို လိုက်နာရမည်။ 
(ဆ)အခါ အားလျော်စွာ ထုတ်ပြန်သော အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရမည်။
(ဇ) ခွင့်ပြုမိန့် ရုပ်သိမ်းခြင်းခံရပါက ဆက်လက်ဆောင်ရွက်ခြင်း မပြုဘဲ လူစုခွဲရမည်’ စသည်တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ငြိမ်းချမ်းစွာစုဝေးခြင်း နှင့် စပ်လျဉ်း၍ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းရုံး၊ စက်ရုံအလုပ်ရုံ၊ အလုပ် ဌာန၊ ဈေး၊ ဘာသာရေးနှင့်ဆိုင်သည့် နေရာ၊ စာသင်ကျောင်း၊ ဘူတာရုံ၊ လေဆိပ်၊ သင်္ဘောဆိပ်၊ ကားဂိတ်၊ ဆေးရုံတို့နှင့် အဆိုပါနေရာတို့ကို အနှောင့်အယှက် ဖြစ်စေနိုင်သည့် နေရာများတွင် ဆောင်ရွက်ခွင့် မပြုကြောင်း ခွင့်ပြုမိန့်တွင် သတ်မှတ်ပေးထားသည့် နေရာတွင်သာ ငြိမ်းချမ်းစွာ စုဝေးခြင်း ပြုရမည်ဖြစ်ကြောင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ရာတွင် အများ ပြည်သူအား အနှောင့်အယှက်မဖြစ် စေရေးအတွက် ခွင့်ပြုမိန့်တွင် သတ်မှတ်ထားသည့် လမ်းကြောင်းအစ နေရာတွင် စတင်စုဝေးပြီး သတ်မှတ် ထားသည့် လမ်းကြောင်း အတိုင်းသာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆောင်ရွက်ခွင့်ရှိကြောင်း ဥပဒေကြမ်းပါ ပုဒ်မ ၁၀ နှင့် ၁၁ အရ သိရသည်။

posted by eleven media group

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...