စားသုံးသူ အခွင့်အရေး
ကျော်စောမင်း
(၁) ဒီမိုကရေစီခေတ်မှာ ထင်ရှားသောချက်တစ်ချက်ကတော့
လူထုဟာ အရာဝင်လာခြင်းပဲ ဖြစ်ပါ သည်။ ပြောရင်တော့ အဆန်းကြီးလိုဖြစ်နေမယ်။ ပြည်သူအစိုးရ
ဘာ-ညာ-စသည်ဖြင့် နာမည်တွေတပ်ပြီး တတ် လာကြတဲ့ အုပ်စိုးပုံစနစ်တွေကို ကြည့်ရင် ပြည်သူဆိုတာ
ဘာမှအရာမရောက်တဲ့ အပြုပြင်ခံ အစုအဝေးတစ်ခုထက်
မပိုဘူး။ မဲပေးခိုင်းရင် သူတို့သတ်မှတ်ထားတဲ့မဲပုံးမှာ သူတို့သတ်မှတ်ထားတဲ့သူကို သွားပြီးမဲထည့်ရမယ်။
ကြိုက်တာ
မကြိုက်တာအရေးမကြီးဘူး။ မကြိုက်လည်းဖြစ်သွားတာပဲ။
ပြုပြင်စရာတွေ ဝေဖန်ချင်ရင်လည်း မရ ဘူး။ မူအားဖြင့် အများကြည့်ကောင်းအောင် ဘယ်လိုပဲ
ရေးထားထား တကယ်လုပ်နေတာကို ပြည်သူကဘာမှ ဝင်ပြောခွင့် မရှိသလောက်ပဲ။ ပြောလို့ အပြစ်မဖြစ်ရင်ပဲတော်လှပြီ။
ဒီမိုကရေစီစနစ်မှာ ကျတော့ ပြည်သူဟာ အရှေ့တန်းရောက်လာပြီး
ပြည်သူမှာဝေဖန်ခွင့်၊ ပါဝင်ပတ်သက်ခွင့်တွေ
ရှိလာပြီ၊ အမြင်မတော်တာတွေပြောခွင့်ရှိလာပြီ၊ နစ်နာချက်တွေရှိရင် အကူအညီတောင်းခွင့်ရှိ
လာပြီ။
ကျွန်တော်တို့တိုင်းပြည်ဟာ အခုမှဒီမိုကရေစီမုဒ်ဦးကို
ဝင်ဖို့ပြင်ဆင်နေတုန်းပဲ ရှိသေးတယ်။ အစိုးရအဖွဲ့ သစ်ရဲ့အာဏာသက်ရောက်လို့ ဒီမိုကရေစီလမ်းမကြီးအပေါ်
လျှောက်ကြရတဲ့အခါမှာ အားလုံးပြည်သူ့ခေတ်ကို ရောက်ကြမှာပဲ။ အခုလိုစပ်ကူးမတ်ကူးကာလမှာတော့
လိုအပ်ချက်တွေ ရှိနေအုံးမှာပဲ။လမ်းသစ်အတွက် လမ်း ဟောင်းကိုပြင်ဖို့ စဉ်းစားကြတဲ့အခါ
အားလုံးကို ဆန်းစစ်ထားလိုက်ရင် ပြင်ရတာမြန်တာပေါ့။ ပြည်သူ့အစိုးရဆို ရင်ဒီလိုပဲ လုပ်ကြရတာပါ။
(၂)တစ်နေ့ကပဲ ကျွန်တော်နဲ့ခင်တဲ့ ကောင်မလေးတစ်ယောက်
ဆိုက်ကားမှောက်တယ်။ ခါးပိုင်းထိသွား လို့ အနာက အထူးကုဆေးရုံကြီး တစ်ရုံဆီသွားပြီး ဓာတ်မှန်ရိုက်ရတယ်။
နောက်တစ်နေ့မှာ ဓာတ်မှန်သွားယူ တော့ တစ်ချပ်က လုံးဝ အဖြူသား၊ နောက်တစ်ချပ်ကလည်း ထင်တယ်ဆိုရုံလေး၊ ဓာတ်မှန်ပါရဂူက
ဘာမှမထင် ရှားလို့ ပြန်ရိုက်စေလို့ အမိန့်ချတယ်။ ပြန်ရိုက်ဖို့လုပ်တော့ ပိုက်ဆံထပ်ပေး ရမယ်လို့ဆိုတယ်။ အခုတစ်ခါထပ်ပေးရရင်
စုစုပေါင်း ၁၇၀၀ ကုန်တော့မယ်။ တကယ်တော့ ပေါ့ပေါ့ လျော့လျော့လုပ်လိုက်တာက သူတို့ပါ။
လူနာ ရဲ့ပရောဂ ဘာမှမပါဘူး။ အချိန်နဲ့စက်ပြီး အသက်လုရမယ့် ကိစ္စဆိုလျှင် မခက်ပါလား။ ငွေနှစ်ခါတောင်းတဲ့
ကိစ္စ ထက် အဲဒီပေါ့လျော့မှုကိစ္စက ပိုဆိုးတာပါ။ ငွေလည်းနှစ်ခါမတောင်းသင့်ဘူး။ ဆေးကုသမှုကို
ဝန်ဆောင်ပေးနေတဲ့
လုပ်ငန်းဆိုတာ ဒီလောက်တော့ သိက္ခာထိန်းရမှာပေါ့။ အခုနင်တို့ ဘာလုပ်ခဲ့သလဲလို့မေးတော့
ဒီအတိုင်းပဲ ပြန်လာခဲ့တယ်တဲ့။ သူတို့ဟာ ဝန်ထမ်းနဲ့ အကျေအလည်ပြန်ဆွေးနွေးရမယ်။ မရရင်
ဓာတ်မှန်အထူးကြည့်ပါရဂူ နဲ့ဆွေးနွေးရမယ်။ မရရင် ဆေးရုံ အုပ်ချုပ်ရေးအဖွဲ့နဲ့သွားဆွေးနွေးရမယ်။ ပိုက်ဆံက အရေးမကြီးရင်တောင် အမှန်တရားရယ်၊ ကျင့်ဝတ်ရယ်က
အရေးကြီးနေတယ်။
ကျွန်တော်တို့မြန်မာတွေဟာ ဒါမျိုးတွေ ညံ့နေတာကြာ
ပြီ။ အားနာလို့ညှာတာမျိုးလည်းမကောင်း ဘူး။ ကိုယ့်အခွင့်အရေးကိုတောင်းရကောင်းမှန်းမသိတာတွေ
ကျတော့ လူမျိုးအနေနှင့်ကြာရင် တုံးသွားလိမ့်မယ်။
ဆိုင်တစ်ဆိုင်မှာ သွားစားတယ်ဆိုပါတော့။ အရသာက
ရှိသင့်တဲ့အဆင့်မှာ မရှိဘူး။ ပေါ့နေတယ် ငံနေ တယ်ဆိုရင် စားသုံးသူစိတ်ကြိုက်တဲ့အထိ ပြန်ပြင်ပေးရမှာက
ဆိုင်ရဲ့တာဝန်ပဲ။ ကိုယ်မကြိုက်နိုင်တာ ကို ပြောပြပြီးပြန်ပြင်ခိုင်းဖို့က
ကိုယ့်တာဝန်ပဲ။ ကိုယ်က အလကားစားနေတာမဟုတ်ဘူး။ တန်ရာတန်ကြေးအပြင် ၁၀ရာ ခိုင်နှုန်းအခွန်အခကိုပါ
ဆောင်ရအုံးမှာ။ ရောင်းသူနှင့် ဝယ်သူကြားမှာ ရေးမထားတဲ့ ပဋိဥာဉ်(unwritten)ဆိုတာ(စားစရာ)
မှာလိုက်ပြီး ကတည်းက တည်သွားပြီး၊ ရောင်းသူက ဝယ်သူမှာကြားတဲ့အတိုင်း လုပ်ပေးရမယ်။
ဝယ် သူကလည်း သူမှာသလိုရလာလျှင် ကျသင့်တန်ဖိုး + အခွန်ခကိုပြေလည်အောင်ပေးရမယ်။ အဲဒီမှာ
စားသုံးသူ အ ခွင်အရေးဆိုတာပေါ်လာပြီ။ ဝယ်စားတဲ့လူက ဆိုင်ကြီးထဲ ဝင်ပြီး ဟန်ဟန်ပန်ပန်
မှာကြားပြီ ဆိုကတည်းက သူ ဟာ ကျသင့်တန်ဖိုးကို ပေးဖို့ အခြေအနေနဲ့ပြည့်စုံတယ်လို့ ယူဆရမှာကျိန်းသေဘဲ။
ဆိုင်ရှင်ဘက်ကသာ ကိုယ့် တာဝန် ကိုယ်ကျေဖို့ လိုပါတော့တယ်။ ဟင်းပွဲက အရသာတစ်မျိုးဖြစ်နေတယ် ဆိုတောင် ဒါဟာ ကျွန်တော်တို့
ဆိုင်ရဲ့မူပိုင် လက်ရာပါလို့ ပြောခွင့်ရှိပါသေးတယ်။ သို့သော် အသားမကျက်တာ ၊ ငံတာ၊ ခါးနေတာ၊ အသားမ လတ်ဆက်တာ စတဲ့ ဟင်းကောင်းတစ်ပွဲရဲ့ဂုဏ်အင်္ဂါနဲ့ မညီညွတ်ဘူးဆိုရင်
စားသုံးသူက ဝေဖန်ခွင့်၊ တောင်းဆို ခွင့်တွေရှိသွားပြီ။
ဝယ်သူက သူမျှော်လင့်ထားတဲ့ အရည်အသွေးကိုမရတဲ့အခါတောင်းဆိုပေမယ့်လည်း
အငြင်းခံရတဲ့အ ခါမှာ ဘာလုပ်ကြမလဲ။ အဲဒီနေရာမှာ Consumer Protection, Consumers’
Right ဆိုတာတွေ ဝင်လာတော့ တာပါပဲ။
(၃)၁၉၇၀ ဝန်းကျင်လောက်တုန်းက အမေရိကန်လို ဒီမိုကရေစီနိုင်ငံကြီးမျိုးမှာတောင်
ုစားသုံးအခွင့်အရေး ကာကွယ်မှုဆိုတာ
သိပ်မခေတ်မစားသေးဘူး။ ရောင်းသူကပဲ အထက်စီးရနေခဲ့တယ်။ အကြီးစားကိစ္စတွေ မှာတော့ သူ့အာမခံသက်တမ်းနဲ့အတူ
သွားနေတော့တာပါပဲ။ ဆိုပါစို့ မော်တော်ကား။ မော်တော်ကားအသစ်တစ်စင်း
ဝယ်ရင်ဝယ်သူဟာ ၂၀/၂၀ ဆိုတဲ့ အာမခံက အလိုလိုဝင်လာပြီးသား။ လပေါင်း(၂၀)သို့မဟုတ် မိုင်
ပေါင်း၂၀၀၀၀(နှစ်သောင်း)(အရင်ရောက်ရာ)အထိမှာ ကားတာယာကလွဲလို့ကျန်တာတွေ ဘာမှမပျက်ရဘူး။
ပျက်ရင် ကားထုတ်လုပ်သူက ပြင်ပေး၊ လျော်ပေးရပါတယ်။
အသစ်စက်စက်ကလေးကို စတိုင်နှင့်မောင်းထွက်သွားတာလမ်းကွေ့လည်း
ရောက်ရော အရှေ့ဘီးကျွတ်ထွက်သွားရော ဆိုတာမျိုး။ ဝယ်ပြီးတစ်လတောင် မကြာသေးဘူး။
ဘော်ဒီသံချေးတတ်လိုက်လာတဲ့ ကိစ္စမျိုးဆိုရင်တော့ ကားရုံလည်း အပိတ်ခံရ၊ ဒဏ်ငွေလည်းဆောင်
ရတဲ့အပြင် ထောင်တောင်မှ ကျနိုင်ပါသေးတယ်။ ဥပဒေပါပြဌာန်းချက် အတိုင်းခံရမှာပေါ့။
သို့သော်စူပါ မားကက်မှာဈေးသွားဝယ်တယ်။ အတုနဲ့မိလာတယ်။
ဘဏ်ကိုသွားတယ် ။ငွေသွင်း ငွေ ထုတ်ဆိုတာ ၅မိနစ်နဲ့ပြီးရမယ့် ကိစ္စ။ အဲဒါမလိုအပ်ပဲ ၁၅မိနစ်ကြာသွားတယ်။
ဒါမျိုးတွေကျတော့ ဘယ်သွားပြီး အရေးဆိုရမှာလဲ။ နစ်နာတာကတော့ နစ်နာပြီး မကျေနပ်ရင် တရားစွဲပေါ့လို့
အပြောခံရမှာလေ။ ကိုယ်ဝယ်စား လိုက်တဲ့ မုန့််က တစ်ကျပ်ပဲ တန်တယ်။ တရားစွဲရင် ရုံးစရိတ်က
၁၀၀၀လောက်ကျမယ်။ အလွန်ဆုံးကိုယ်ဆုံးရှုံး လိုက်ရတဲ့ မုန့်အတွက် လျောကြေးတစ်ကျပ်ပဲ ပြန်ရမယ်။
ဥပဒေစိုးမိုးရေးအားနည်းတဲ့ (အာဖရိက တစ်ချို့နိုင်ငံ တွေလို) ဒေသကျတော့ မုန့်ဟင်းခါးစားတောင်
လာဖိတ်သွားအုံးမယ်။
အဲဒီလိုသာမန် ပြည်သူတွေလှိမ့်ခံနေတာကို သတိပြုမိသွားတဲ့
ရှေ့နေကလေးတစ်ယောက် ပေါ်လာခဲ့ပါ တယ်။ သူ့ကိုလာပြီးတိုင်ပင်ရာက ရှေ့နေခနှင့်တရားရုံးစရိတ်
မတတ်နိုင်လို့ လှည့်ပြန်သွားတဲ့ အမျိုးသမီးတစ် ယောက်ကိုကြည့်ပြီး သူသိပ်ခံစားရမိတယ်။
ဒါနဲ့အဲဒီအမျိုးသမီးကြီးကိုအခမဲ့ အရှေ့နေလိုက်ပေးရာက သူဟာ အဲဒီ စားသုံးသူ ကိစ္စမှာ အရမ်းစိတ်ဝင်စားသွားတယ်။
ဒါနဲ့ပဲသူဟာ စားသုံးသူနစ်နာမှုအတွက် အရှေ့တန်းကနေ ရွှံ့ရွှံ့ချွံချွံ တိုက်ပွဲဝင်ပေးတဲ့
အခမဲ့ ရှေ့နေဖြစ်လာခဲ့ပါတယ်။ ကုန်ထုတ်လုပ်ငန်းကြီးတွေကကော အစိုးရဌာနတွေ ကပါ သိပ်မုန်းတဲ့
လူထုအရှေ့နေဖြစ်လာခဲ့ပါတယ်။ စားသုံးသူ အခွင့်အရေးကာကွယ်မှု ဖောင်ဒေးရှင်းကြီးကို ထူ
ထောင်နိုင်သည်အထိပါဘဲ။ သူ့ရဲ့အောင်မြင်မှု တွေကြောင့်တက္ကသိုလ်ကြီးတွေက ဥပဒေဌာနတွေ၊ လူမှုဝန်ထမ်း၊ အဖွဲ့အစည်းတွေ၊
လူ့အခွင့်ရေး အဖွဲ့အစည်းတွေက ရန်ပုံငွေတွေ လှူကြတယ်။ သူဟာလည်း အင်မတန်ကျော် ကြားလာပါတော့တယ်။
ပြီးခဲ့တဲ့ရာစုနှစ်အကုန်ပိုင်းမှာ သူဟာတစ်သီးပုဂ္ဂလ သမ္မတလောင်းအဖြစ်တောင် ဝင်ပြီး ယှဉ်ပြိုင်ခဲ့ပါသေးတယ်။
နာမည်ကတော့ရပ်နေဒါ Ranph Nader ပါ။ ( လူထုက လေးစားယုံကြည်သူ ဖြစ်သော် လည်းသူဟာ လူမှုရေး
သမားအဆင့်၊ ပြည်သူ့အကျိုးဆောင် အဆင့်ပဲ ရှိတာမို့ သူ့ကို သမ္မတအဖြစ် မရွေးကြ တာတော့မဟုတ်ပါဘူး။
အမေရိကားမှာ တစ်သီးပုဂ္ဂလ သမ္မတလောင်းဆိုတာ နိုင်ရိုး ထုံးစံ မရှိလို့ပါ။
နေဒါရဲ့ အောင်မြင်မှုမှာ မီဒီယာတွေရဲ့ ပံ့ပိုးမှုကလည်း
အဓိကကျခဲ့ပါတယ်။ စားသုံးသူတွေ အပေါ် မမှန်မကန် ကျင့်သုံးနေခဲ့ကြတဲ့ လူချင်း မစာနာတတ်သူတွေကို
နေဒါက တိုက်ဖျက်ရာမှာ သူ့ရဲ့မှန်ကန်တဲ့ လုပ် ရပ်ကို မီဒီယာကလည်း အင်တိုက်အားတိုက် ကူညီခဲ့ပါတယ်။
မီဒီယာ ဆိုတာ ပြည်သူ့ဘက်ကနေ ရပ်တည်ရရိုး ထုံးစံ ရှိတာကို ကိုယ်တာဝန်ကို ကျေလိုက်ကြတာ
ဖြစ်ပါတယ်။
ပန်းတိုင် အလွန် ရှေ့ခရီးမှာ ကျွန်တော်တို့လည်း
စားသုံးသူ ပြည်သူတွေဘက်ကနေ ဘယ်လို ရပ်ကြမလဲဆိုတာ
အခုကတည်းက ကြိုတင်စဉ်းစားထားကြရင် ကောင်းမယ်လို့ထင်တာပါပဲ။
၂ မတ်၊၂၀၁၁။
0 comments:
Post a Comment