ဇနီးက အပ်နှံသောငွေများကို ခင်ပွန်းက အလွဲသုံးစား ပြုလုပ်လျှင်
by Moenge Aung on Wednesday, October 26, 2011 at 6:31pm
The Voice Weekly Originally posted
ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုများမှာ လူ့ဘောင်လောကတွင် မကြာမီ ခဏ ခဏ ဖြစ်ပွားလျက် ရှိပါသည်။ ပစ္စည်းကို သို့မဟုတ် ပစ္စည်း စီမံခန့်ခွဲ ပိုင်ခွင့်ကို တစ်နည်းနည်းဖြင့် ယုံကြည်အပ်နှံခြင်း ခံရသည်တွင် ယုံကြည်စွာ အပ်နှံထားသော ပစ္စည်းကို ယုံကြည် အပ်နှံခံရသူက မရိုးမဖြောင့်သော သဘောဖြင့် အလွဲသုံးစားပြုလျှင် သို့တည်းမဟုတ် မိမိပိုင် ပစ္စည်းအဖြစ် ပြောင်းလဲလျှင် သို့တည်းမဟုတ် မရိုးမဖြောင့်သော သဘောဖြင့် စီမံခန့်ခွဲလျှင် သို့တည်းမဟုတ် အခြားသူက ထိုသို့ ပြုလုပ်ခြင်းများကို တမင်ခွင့်ပြုလျှင် ပြစ်မှုမကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုကို ကျူးလွန်ခြင်း ဖြစ်ပါသည်။ ကျူးလွန်သူကို သုံးနှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်ရမည်ဟု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ တွင် ပြဋ္ဌာန်းထားပါသည်။ ကျူးလွန်ခြင်းဖြစ်ပါသည်။ ကျူးလွန်သူကို သုံးနှစ်ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်ရမည်ဟု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ တွင် ပြဋ္ဌာန်းထားပါသည်။
ကုန်ပစ္စည်း သယ်ဆောင်သူ/ ဆိပ်ခံတံတားပိုင်ရှင် ကုန်ရုံမှူးတို့က ပြစ်မှုမကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု ကျူးလွန်လျှင် ခုနစ်နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားပြီး စာရေးအဖြစ် သော်လည်းကောင်း၊ အစေခံအဖြစ် သော်လည်းကောင်း၊ စေခိုင်းခြင်းခံရသူက ပြစ်မှုမကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု ကျူးလွန်လျှင်လည်း ခုနစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားပါသည်။ ထို့ပြင် ပြည်သူ့ဝန်ထမ်း၊ ဘဏ်တိုက်စိုး၊ ကုန်သည်၊ အရောင်းအဝယ် ကိုယ်စားလှယ်၊ ပွဲစားတို့မှ ပြစ်မှုမကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုကို ကျူးလွန်လျှင် တစ်သက်တစ်ကျွန်း ဒဏ်ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားပါသည်။ သို့ဖြစ်ရာ ပြစ်မှုမကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုကို ကျူးလွန်သူတို့သည် ပြစ်မှုဆိုင်ရာ ဥပဒေပါ သက်ဆိုင်ရာ ပုဒ်မအလိုက် သတ်မှတ်ထားသော ပြစ်ဒဏ်များကို ကျခံရမည် ဖြစ်ကြောင်း တွေ့ရှိရပါသည်။
ဤတွင် လင်နှင့်မယားတွင် မယားမှ အပ်နှံသော ငွေများကို လင်က အလွဲသုံးစားပြုလုပ်လျှင် လင်ဖြစ်သူကို ပြစ်မှုမကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ ဖြင့် အရေးယူနိုင် မယူနိုင်ပြဿနာ ပေါ်ပေါက်ခဲ့ပါသည်။ ယင်းဥပဒေ ပြဿနာကို နိုင်ငံတော်တရားရုံးချုပ်က ၁၉၉၉ ခုနှစ်၊ မြန်မာ နိုင်ငံတရားစီရင်ထုံးများ (ပြစ်မှု) စာမျက်နှာ - ၈၅၊ ၁၉၉၉ ခုနှစ် ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု အမှတ် - ၁၉၈ (ခ)၊ ဒေါ်အုန်းကြည်နှင့် နိုင်ငံတော်ပါ ၂ အမှုတွင် အောက်ပါအတိုင်း အဆုံးအဖြတ်ပေး အမိန့်ချမှတ်ခဲ့ပြီး ဖြစ်ပါသည်။ အမှုမှာ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မီးသတ်ဝင်းနေ ဒေါ်အုန်းကြည်က သင်္ဃန်းကျွန်းမြို့နယ် ဆယ်သိန်းရပ်ကွက်မှ ဦးကျော်စိန်အား ၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မီးသတ်ဦးစီးဝင်းအတွင်း ဆောက်လုပ်နေသော ဆိုင်ခန်းတစ်ခန်းအတွက် ငွေပေးသွင်းရန် ငွေကျပ် ရှစ်သိန်းကို ယုံကြည်အပ်နှံလိုက်ရာ ဦးကျော်စိန်သည် ငွေကျပ် လေးသိန်းကိုသာ ဆိုင်ခန်းအတွက် ပေးသွင်းပြီးကျန်ငွေ ကျပ်လေးသိန်းကို အလွဲသုံးစား ပြုလုပ်သဖြင့် ဥပဒေအရ အရေးယူပေးရန် ဒဂုံမြို့သစ် (တောင်ပိုင်း) ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သော အမှုဖြစ်သည်။
ယင်းအမှုကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် တရားရုံးက ပြစ်မှုကြီးအမှတ်- ၄၀၄/၉၈ အဖြစ် လက်ခံစစ်ဆေးပြီးနောက် ဦးကျော်စိန်အပေါ် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ အရ စွဲချက်တင်သည်။ ယင်းသို့ စွဲချက်တင်ခြင်းကို ဦးကျော်စိန်က မကျေနပ်၍ ရန်ကုန်တိုင်း တရားရုံး(အရှေ့ပိုင်းခရိုင်) သို့ ပြင်ဆင်မှုအမှတ်-၃၂၇/၉၈ တက်ရောက်သောအခါ တိုင်းတရားရုံးက မြို့နယ်တရားရုံး၏ စွဲချက်အမိန့်ကို ပယ်ဖျက်ပြီး ဦးကျော်စိန်အား အမှုမှလွှတ်ခဲ့သည်။ ယင်းအမိန့်ကို မူလရုံး တရားလို ဒေါ်အုန်းကြည်က မကျေနပ်၍ တရားရုံးချုပ်သို့ ဤပြင်ဆင်မှုကို တင်သွင်းလာခြင်းဖြစ်သည်။ ရန်ကုန်တိုင်းတရားရုံး (အရှေ့ပိုင်းခရိုင်) က ဦးကျော်စိန်အပေါ် မူလရုံးက တင်ထားသည့် စွဲချက်ကို ပယ်ဖျက်ရခြင်းမှာ အငြင်းပွားသည့် ငွေကျပ် ရှစ်သိန်းကိုပေးစဉ်က ဒေါ်အုန်းကြည်နှင့် ဦးကျော်စိန်တို့သည် ပေါင်းသင်းနေကြသည့် လင်မယားဖြစ်ကြ၍ ယုံကြည်အပ်နှံမှု မမြောက်ကြောင်း သုံးသပ် ဆုံးဖြတ်ပြီး စွဲချက်ကို ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော် အတွက် လိုက်ပါသည့် ရှေ့နေချုပ်ရုံးလက်ထောက်ညွှန်ကြားရေးမှူးက “ဒေါ်အုန်းကြည်၏ ကိုယ်တိုင် ထွက်ဆိုချက်အရ ဦးကျော်စိန်သည် ဒေါ်အုန်းကြည်၏ ခင်ပွန်းဖြစ်ကြောင်း၊ လင်မယားအဖြစ် ပေါင်းသင်းနေကြောင်း ပေါ်ပေါက်ကြောင်း၊ လင်မယားအဖြစ် ပေါင်းသင်းနေစဉ်တွင် ပေးအပ်ခဲ့သည့်ငွေနှင့် စပ်လျဉ်း၍ ယုံကြည်အပ်နှံခြင်း သဘောသက်ရောက်မည်ဟု မယူဆနိုင်သဖြင့် ရန်ကုန်တိုင်းတရားရုံး (အရှေ့ပိုင်းခရိုင်) က ဦးကျော်စိန်အပေါ် မူလရုံးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ အရ စွဲချက်တင်ခြင်းကို ပယ်ဖျက်ခြင်းမှာ မှန်ကန်ပါကြောင်း” တင်ပြသည်။ မူလရုံး အမှုတွဲတွင် ဒေါ်အုန်းကြည်က “ရုံးရှေ့စွပ်စွဲခံရသူ ဦးကျော်စိန်မှာ ယခင်က ကျွန်မ၏ ခင်ပွန်းဖြစ်ပါသည်။ ယခုခင်ပွန်း မဟုတ်တော့ပါ။ ၁၉၉၇ခုနှစ် အောက်တိုဘာလ အတွင်းက ကျွန်မနှင့် ဦးကျော်စိန် အကြင်လင်မယား အဖြစ်ပေါင်းသင်းနေစဉ် ကျွန်မ၏ ခင်ပွန်းဟောင်းထံမှ ရရှိသော ငွေကျပ် ၁၀ သိန်းကို ကျွန်မက ဦးကျော်စိန်အား အပ်ခဲ့ပါသည်။ အရောင်းအဝယ် ပြုလုပ်ရန်ဖြစ်ပါသည်”ဟု ထွက်ဆိုထားသည်။
ဒေါ်အုန်းကြည်က အဓိက ထွက်ဆိုချက်တွင် ဦးကျော်စိန်သည် ၎င်း၏ ခင်ပွန်းဟောင်းဖြစ်ကြောင်း၊ ၁၉၉၇ ခုနှစ် အောက်တိုဘာလ အတွင်းက ၎င်းနှင့်ဦးကျော်စိန် အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့ကြောင်း ထွက်ဆိုချက်သည် အဓိပ္ပာယ်အမျိုးမျိုး ကောက်ယူနိုင်သည့် စကားရပ် မဟုတ်ပေ။ အများ နားလည်လွယ်သည့် စကားဖြစ်ပြီး မရှင်းမလင်းသည်များ မပါရှိချေ။ ထို့ပြင် ဒေါ်အုန်းကြည်က မူလရုံးတွင် ဦးကျော်စိန်သည် မိမိနှင့် အိမ်ထောင် မကျမီက ဆယ်သိန်း ရပ်ကွက်တွင် နေထိုင်ကြောင်း၊ ထိုရပ်ကွက် ဖျက်လိုက်သည့်အခါ မိမိနှင့် ဦးကျော်စိန်တို့ ဒဂုံမြို့သစ်သို့ ပြောင်းရွှေ့ နေထိုင်ကြောင်းဖြင့် အတိအလင်း ထွက်ဆိုထားသည် ကိုလည်း တွေ့ရသည်။ သို့ဖြစ်၍ ဒေါ်အုန်းကြည်နှင့် ဦးကျော်စိန်တို့သည် အချင်းဖြစ်စဉ်က လင်မယားဖြစ်သည်ဟု ရန်ကုန်တိုင်း တရားရုံး (အရှေ့ပိုင်းခရိုင်) က သုံးသပ်ခြင်းသည် မှန်ကန်သည်။ ဒေါ်အုန်းကြည်က အငြင်းမပွား ဝန်ခံထားသော အချက်ကို ဦးကျော်စိန်က သက်သေထူရန် မလိုပေ။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ အရ ယုံကြည်အပ်နှံခြင်း ဆိုသည်မှာ တစ်ဦးက အခြားသူ တစ်ဦးအပေါ် ယုံကြည်စိတ်ချသဖြင့် ပစ္စည်းကို လက်ရှိပေးအပ်ခဲ့ခြင်းကို ဆိုလိုခြင်းဖြစ်သည်။
တရားခံကိုယ်တိုင်က ပစ္စည်းပိုင်ရှင်ဖြစ်ပါမူ ထိုပစ္စည်းကို တစ်ပါးသူ၏ အပ်နှံခြင်းခံရသည်ဟု ဆိုနိုင်မည် မဟုတ်၍ ပိုင်ရှင်ဖြစ်သူအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ အရ အရေးယူနိုင်မည် မဟုတ်ချေ။ ယခုအမှုတွင် ဒေါ်အုန်းကြည်နှင့် ဦးကျော်စိန်တို့သည် အချင်းဖြစ်ချိန်က အကြင်လင်မယားအဖြစ် ပေါင်းသင်းနေကြောင်း ဒေါ်အုန်းကြည် ကိုယ်တိုင်က ထွက်ဆိုထားသည်။ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ မြန်မာဗုဒ္ဓဘာသာ အကြင်လင်မယားတို့သည် ပစ္စည်းနှင့်စပ်လျဉ်း၍ အတူပိုင်သူများဖြစ်သည်ဟု မထွေးနှင့် မတင်ဦး (၁၉၅၃ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ လွှတ်တော် စာ- ၂၉)အမှု၊ မအုန်းကြည်နှင့် ဒေါ်နှင်းနွယ်(၁၉၅၃ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး၊လွှတ်တော် စာ-၃၂၂) အမှုတို့တွင် ထုံးဖွဲ့ထားပြီးဖြစ်သည်။ မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေအရ လင်မယားနှစ်ဦးအတူ ပိုင်ဆိုင်မှု ရှိသည့်ပစ္စည်းတွင် လင်နှင့် မယားတို့သည်အတူ ပိုင်ဆိုင်သည့် အခွင့်အရေးရှိကြသည့် အလျောက် ထိုပစ္စည်းကို လင်ကမယားသို့ဖြစ်စေ၊ မယားကလင်သို့ဖြစ်စေ အပ်နှံခြင်းသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၅ အရ ယုံကြည်အပ်နှံသည်ဟု ဆိုရန် အကြောင်းမရှိ၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၆ (ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု) အရ အရေးမယူနိုင်ပေ။
ထို့ကြောင့် ရန်ကုန်တိုင်း တရားရုံး(အရှေ့ပိုင်းခရိုင်) က ဦးကျော်စိန်အား လွှတ်ရန် အမိန့်ချမှတ်ခြင်းသည် မှန်ကန်သဖြင့် ဤပြင်ဆင်မှုကို ပလပ်ကြောင်း အမိန့်ချမှတ်ခဲ့ပါသည်။ အချုပ်အားဖြင့်ဆိုသော် လင်ကမယားကိုဖြစ်စေ၊ မယားကလင်ကိုဖြစ်စေ ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုဖြင့် အရေးယူခြင်း မပြုနိုင်ပါကြောင်း၊ သို့ရာတွင် ပစ္စည်းများ၊ ငွေများကို အလွဲသုံးခြင်းကြောင့် အိမ်ထောင်ရေး အဆင်မပြေဖြစ်စေပြီး အိမ်ထောင်ရှိ ပစ္စည်းဥစ္စာများ လျော့ပါး ဆုံးရှုံး စေသောကြောင့် မိမိ၏ အိမ်ထောင်ဖက်မှ အပ်နှံသော ပစ္စည်းများ/ငွေများကို အလွဲသုံးခြင်းမှ အိမ်ထောင်ရှင်၊ အိမ်ထောင်ရှင်မတိုင်း ရှောင်ကြဉ်သင့်ပါကြောင်း အသိပေး တင်ပြအပ်ပါသည်။
အောင်နိုင် (လက်ပံတန်း)
0 comments:
Post a Comment