Thursday, October 20, 2011

လူထု အဖွဲ့အစည်းများနှင့် နိုင်ငံတော် အရေး

Cloud Cuckoo Land created a doc.
၁၉၄၈ ခုနှစ် လွတ်လပ် ရေးရကာ အချုပ်အခြာ အာဏာ ပိုင်နိုင်ငံ တစ်ခုဖြစ်လာ ခဲ့ချိန်မှစ၍ မြန်မာ နိုင်ငံတွင် အခြေခံ ဥပဒေ သုံးရပ်ရှိခဲ့ သည်။ ရှိခဲ့သည့် အခြေခံ ဥပဒေများမှာ စနစ် အခြေခံ ချင်းတူညီမှု မရှိကြချေ။ အခြေခံ စနစ် မတူညီ သည့် အပေါ် ဖွဲ့စည်း အုပ်ချုပ်သည့် သမ္မတနိုင်ငံများအဖြစ် ပေါ်ပေါ်က် လာခဲသည်

ပြည်ထောင်စု မြန်မာနိုင်ငံတော်
၁၉၄၇ ခုနှစ် အခြေခံဥပဒေအရ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံမှာ အသွင်သဏ္ဌာန်အားဖြင့် ပြည်ထောင်စုဖြစ်ပြီး အနှစ်သာရ အားဖြင့် တစ်ပြည်ထောင် အုပ်ချုပ်ရေး စနစ်ဖြစ်သည်။ နိုင်ငံရေးစနစ်အရ ပါလီမန်ဒီမိုက ရေစီစနစ်ဖြစ်သည်။
လွှတ်တော်နှစ်ရပ် ရှိသော်လည်း လူဦးရေကို အခြေပြုရွေးကောက်တင် မြှောက်သည့် အောက်လွှတ်တော် (ပြည်သူ့ လွှတ်တော်)က ပို၍လုပ်ပိုင် ခွင့်ရှိသည်။ လွှတ်တော်အတွင်း၌ ကိုယ်စားလှယ်များ အဖြစ် ပါတီ တစ်ခုထက်ပို၍ အရွေးခံပိုင်ခွင့်ရှိသော်လည်း အမတ်ဦးရေအများစုရ ပါတီက အစိုးရဖွဲ့ခွင့် ရသည်။ ကိုယ်စားလှယ်အများ စုရပါတီမှာ အစိုးရ ဖွဲ့ခွင့်ရ၍ အုပ်ချုပ်ရေး အာဏာ ရရှိသည့် အပြင် မူရင်းလွှတ်တော်အမတ် များအဖြစ် ဆက်လက် ရပ်တည် ခွင့်ပါရရှိ သဖြင့် ဥပဒေပြုရေး အာဏာ ပါ တစ်ချိန်တည်း ကျင့်သုံးခွင့်ရသည်။
အမတ်ဦးရေ အနည်းစုရပါတီက လွှတ်တော်တွင် အတိုက်အခံ အုပ်စုအဖြစ် အစိုးရအဖွဲ့၏ လုပ်ဆောင်မှု များအား အကဲခတ်၊ ဝေဖန်၊ ကန့်ကွက် စသဖြင့် ပြုလုပ်ကာ ထိန်းကျောင်း ရသည်။ အာဏာ ရပါတီ၏ နိုင်ငံရေးမှာ လွှတ်တော်အတွင်း မိမိတို့ပါတီ ၏ ရရှိထားသော အာဏာ (အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး) ဆက်လက် တည်တံ့ခိုင်မြဲရေး ကြိုးပမ်း အားထုတ်ခြင်းဖြစ်ပြီး အတိုက်အခံနိုင်ငံရေး ပါတီမှာ မိမိတို့လက်ဝယ်မရရှိသေးသော လွှတ်တော်တွင်း အာဏာရရှိ ရေး ကြိုးပမ်း အားထုတ်ခြင်း ဖြစ်သည်။ သို့ဖြင့် ထိုခေတ် အခါကာလ၏ နိုင်ငံရေးပါတီများ၏ လုပ်ငန်းစဉ်များမှာ လွှတ်တော်တွင်း အများစု ကိုယ်စားလှယ်ရရှိရေး အတွက် ရွေးကောက်ပွဲများ၌ ပြည်သူလူထု၏ ထောက်ခံမဲ အများစုရရှိရေး မဟာဗျူဟာ ချမှတ် လုပ်ဆောင်ခြင်းဖြစ်သည်။

မိမိပါတီထောက်ခံမှု အများစုရရှိရေးအတွက် ပါတီအမာခံ အင်အားစုများ စုစည်းခြင်းမှာ ပါတီ၏ ပင်မနိုင်ငံရေးစည်းရုံးမှုဖြစ် သည်။ သို့ဖြင့် ပါတီစည်းရုံးရေးတွင် ပါတီအခြေခံအဖွဲ့အစည်းများ အားကောင်း စေရန် စည်းရုံးခြင်း၊ မြန်မာနိုင်ငံ၏ လူဦးရေအများစုဖြစ် သည့် တောင်သူလယ်သမား၊ ကျေးလက်နေပြည်သူများနှင့် မြို့နေ အလုပ်သမားများအတွင်း အမာခံပါတီအင်အားစုအဖြစ် လူထုအဖွဲ့ အစည်းများ ဖွဲ့စည်းခြင်းမှာ ထင်ရှားသော စည်းရုံးရေးလမ်းစဉ်ဖြစ်သည်။ သို့ဖြစ်၍ ပါတီ၏ ဝါဒရေးစည်းရုံးမှုကို ခံယူသည့် အလုပ်သမား အဖွဲ့အစည်း၊ တောင်သူ လယ်သမား အဖွဲ့အစည်း၊ လူငယ်နှင့် အမျိုးသမီးများအဖွဲ့အစည်း၊ စီးပွားရေးကုန်သွယ်မှုအဖွဲ့အစည်း စသည့် လူထုလူတန်းစားအခြေပြုအဖွဲ့အစည်းများ ဖွဲ့စည်းလှုပ်ရှားခဲ့ကြ သည်။
ဤသို့သော နိုင်ငံရေးစည်းရုံးမှု လက္ခဏာမှာ ထိုခေတ်အခါ ကာလ၏ နိုင်ငံရေးစည်းရုံးမှု ပုံသဏ္ဌာန်ဖြစ်ရာ အာဏာရနိုင်ငံရေး ပါတီဖြစ်စေ၊ အာဏာလက်မဲ့ အတိုက်အခံနိုင်ငံရေးပါတီ အသီးသီး တို့က ဖြစ်စေ လုပ်ဆောင် နေခဲ့ကြသည့် နိုင်ငံရေးစည်းရုံးမှု ပုံသဏ္ဌာန်ဖြစ်သည်။ ပုံသဏ္ဌာန်အရ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်စဉ်တွင် ပြည်သူ လူထု၏ ပါဝင်ပတ်သက်မှုများ ရှိနေသည်ဟု ဆိုနိုင်သော် လည်း နိုင်ငံ တည်ဆောက်ရေးကိစ္စများတွင် ပြည်သူလူထု၏ နိုင်ငံရေးဆင်ခြင်တုံ တရားဖြင့် ပါဝင်လုပ်ဆောင်သည့် အဆင့်မြင့်နိုင်ငံရေးဓလေ့အဖြစ် ယူဆရန် မသင့်လျော်လှချေ။ စင်စစ် အားဖြင့် ပြည်သူတို့၏ နိုင်ငံရေး ပါတီများအပေါ် အမြင်နှင့် တိမ်းညွတ်မှုမှာ ပုဂ္ဂိုလ်ရေးကြည်ညိုမှု သို့မဟုတ် မနှစ်ခြိုက်မှုနှင့် တစ်ပွဲတိုး အပြောအဟောကောင်းမွန်မှု အပေါ် ဘက်လိုက်မှု ကဲခြင်းကြောင့် ဖြစ်သည်။

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်
၁၉၇၄ အခြေခံ ဥပဒေအရ မြန်မာနိုင်ငံကို ဆိုရှယ်လစ်နိုင်ငံ အဖြစ် ထူထောင် ရန်ဖြစ်သည်။ ဆိုရှယ်လစ်မူဝါဒ အခြေခံများအရ နိုင်ငံတော်ကို ဦးဆောင်ပါတီတစ်ရပ်ဖြင့် ဖွဲ့စည်းဦးဆောင်ပြီး စီမံကိန်း စီးပွားရေး စနစ်ကို ကျင့်သုံးသည်။ နိုင်ငံရေးအရ ပါတီ ဦးဆောင်မှုကို ခံယူရပြီး စီးပွားရေးတွင် ဈေးကွက် အင်အားစုများ၏ အခန်းကဏ္ဍအား လက်မခံငြင်းပယ်သည်။ အခြေခံဥပဒေအရ ဦးဆောင် ဖွဲ့စည်းသည့် တစ်ခုတည်းသော ပါတီ၏ ဦးဆောင်မှုကို ပြည်သူတစ်ရပ်လုံးက လိုက်နာရသည်။ တစ်နည်း အားဖြင့် ပြည်သူအားလုံး၏ဘဝမှာ နိုင်ငံရေးဘဝအဖြစ် ခံယူရသည်။ ပါတီ ဦးဆောင်မှု၏ ပြင်ပတွင် နေထိုင်ခွင့်ရှိသည်ဟု ဆိုရသော်လည်း မိမိတို့၏ ပုဂ္ဂလိကဘဝအာမခံချက်မရှိသည့် အပယ်ခံလူတန်းစားတစ်ရပ် အသွင်ဖြင့်သာ ရပ်တည်နိုင်ခြင်းဖြစ်သည်။
ဤနည်း အားဖြင့် ပြည်သူတစ်ရပ်လုံးမှာ နိုင်ငံရေးအရ ပါဝင် ပတ်သက်မှုများစွာ ရှိသည်ဟု ဆိုရသော်လည်း ပါတီတွင်း ဒီမိုကရေစီ အသွင်သဏ္ဌာန်အဖြစ် ကျင့်သုံးသည့် စုပေါင်း ခေါင်းဆောင်မှု ဆိုသည် မှာ ပါတီ အထက် အဆင့်ဆင့်တို့၏ ညွှန်ကြားမှုကို လိုက်နာရခြင်းသာ ဖြစ်နေခဲ့သည်။ ပြည်သူ တစ်ရပ်လုံးမှာလည်း နိုင်ငံရေး ဘဝတွင် မိမိတို့ကိုယ်စားပြု လူထုလူတန်းစား အဖွဲ့အစည်း ဝင် ဖြစ်ရသည်။ ဆိုရှယ်လစ် သဘော တရားအရ လူသားအားလုံးမှာ ကာယအား၊ ဥာဏအားအရ အလုပ် လုပ်ကြ သူများဖြစ်၍ ပြည်သူတစ်ရပ်လုံး အလုပ်သမား လူတန်းစားချည်း ဖြစ်ကြရသည်။ သို့သော် ဥာဏအားဖြင့် အလုပ်လုပ် ကိုင်ကြသူများမှာ အသိ ဥာဏ်ပညာအတိုင်းအတာ မတူညီမှု၊ အသက်မွေးဝမ်းကျောင်း မတူညီမှု၊ ကိုယ်ပိုင်ပစ္စည်းပိုင်ဆိုင်မှု ပမာဏ ကွဲပြားမှု အပေါ်မူတည်၍ ဓနရှင်ပေါက်စများ ပညာတတ်လူတန်းစားများ စသည်ဖြင့် ထပ်မံ စိတ်ဖြာထားသည်။

လူတန်းစားလက္ခဏာအပေါ် အခြေပြုကာ ပါတီ ဦးဆောင်မှုအပေါ် လက်ခံလိုက်နာရေးနှင့်ပတ်သက်၍ ယုံကြည်စိတ်ချ ရမှု အတိုင်းအတာကို အကဲဖြတ်သတ်မှတ်သည်။ အထူးသဖြင့် ပညာ တတ်များမှာ သဘာဝအရ အထက်မှ စေခိုင်းသမျှအပေါ် မျက်စိမှိတ် ယုံကြည်လက်ခံတတ်သူများ မဟုတ်ကြသဖြင့် ပါတီအဖွဲ့အစည်း အဆင့်ဆင့်တွင် ပါတီဦးဆောင်မှု၏ ယုံကြည်စိတ်ချခံရသူများ ဖြစ်လေ့ မရှိကြချေ။ ဤသို့ဖြင့် ဦးဆောင်ပါတီ၏ ယုံကြည်စိတ်ချရသည့် အမာခံ အင်အားစုမှာ ယေဘုယျအားဖြင့် ပညာအင်အားနည်းသူ၊ ကျိုးနွံသူ၊ အထက်အဖွဲ့အစည်းအလိုကျ တစ်သဝေမတိမ်း လုပ်ဆောင်တတ်သူ များသာ နိုင်ငံရေးဘဝတွင်ကျယ်မှု ရရှိကြသည်။ ဤလက္ခဏာ ကြောင်း သဘောတရားအရ စုပေါင်းခေါင်းဆောင်မှုဟု ဆိုစေကာမူ လက်တွေ့ဘဝ၌ တစ်ပါတီအာဏာရှင်စနစ် ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
၂၀ဝ၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သောအခြေခံဥပဒေအရ နိုင်ငံတော် ကို စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ် ကျင့်သုံးသည့် သမ္မတ နိုင်ငံတော်ဖြစ်လာပြီး သမ္မတအုပ်ချုပ်သည့် ပြည်ထောင်စု စနစ်ဖြင့် ဖွဲ့စည်းသည်။ စီးပွားရေးမူဝါဒမှာ ဈေးကွက်စီးပွားရေးဖြစ်သည်။ နိုင်ငံတော်၏ အာဏာသုံးရပ်ဖြစ်သည့် အုပ်ချုပ်ရေးအာဏာ အား နိုင်ငံတော်သမ္မတ၊ ဥပဒေပြုအာဏာအား ပြည်ထောင်စု လွှတ်တော် နှင့် တရားစီရင်ရေးအာဏာအား ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဟူ၍ သီးခြားစီ ခွဲဝေအပ်နှင်းထားသည်။ အာဏာသုံးရပ်မှာ တရားဥပဒေ နှင့်အညီ အပြန်အလှန် ထိန်းကျောင်းမှုသာရှိ၍ လွှမ်းမိုးမှု မပြုနိုင်ချေ။
အုပ်ချုပ်ရေးအာဏာနှင့်ပတ်သက်၍ သမ္မတအား လုပ်ပိုင်ခွင့် များ အပ်နှင်းထားပြီးဖြစ်သည်။ မိမိအား အပ်နှင်းထားသည့် နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာ ကိစ္စရပ်များအား အုပ်ချုပ်စီမံခန့်ခွဲရာ၌ ကဏ္ဍများ အလိုက် တာဝန်ခွဲဝေပေးထားသည့် လက်ထောက်များ(ဝန်ကြီးများ) ဖြင့် အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်သည်။ သမ္မတ ဦးဆောင်သည့် အုပ်ချုပ်ရေးအဖွဲ့(အစိုးရအဖွဲ့)
မှာ နိုင်ငံရေး ပါတီတစ်စုံတစ်ခု၏ သဘောတရားအပေါ် တိမ်းညွတ်မှု ရှိကောင်း ရှိနိုင်သော်လည်း အဆိုပါနိုင်ငံရေးပါတီ၏ မူဝါဒလုပ်ငန်း စဉ်အတိုင်း လိုက်နာလုပ်ဆောင်ရန် မဟုတ်ချေ။ နိုင်ငံ တည်ဆောက်ရေး အတွက် အရေးပါသည့် မူဝါဒလမ်းစဉ်နှင့် မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများ ချမှတ် အကောင်အထည်ဖော်လုပ် ဆောင်ရာ၌ နားလည် ကျွမ်းကျင် သည့်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့ ဖြစ်ရသည်။

တစ်နည်းအားဖြင့် ပါတီအဖွဲ့အစည်း၏ ဦးဆောင်လမ်းညွှန်မှုကို ခံယူသည်ထက် မိမိတစ်ဦး ချင်းစီ၏ စွမ်းဆောင်မှု အရည်အချင်းအပေါ် ပို၍ အလေးထားဂရုပြုရသည်ဟု ဆိုလိုရင်းဖြစ်သည်။ ဥပဒေပြုရေးအာဏာနှင့်ပတ်သက်၍ အစိုးရအဖွဲ့ကသာ မူလ တင်သွင်းခွင့်ရှိသည့် စီမံကိန်း ရေးရာ၊ နိုင်ငံတော် ရသုံးမှန်းခြေ ငွေစာရင်း နှင့် အခွန်ကောက်ယူခြင်းကိစ္စမှလွဲ၍ ကျန်ရေးရာကိစ္စများအတွက် ဥပဒေကြမ်းတစ်ရပ်တင်သွင်းရာတွင် လွှတ်တော်ရေးရာကော်မတီများ မှတစ်ဆင့် လွှတ်တော် ကိုယ်စားလှယ်များက စတင်အရေးယူဆောင် ရွက်ရခြင်းဖြစ်ပေရာ ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးသည့် လွှတ်တော် များကဲ့သို့ အများစုပါတီ၏ အမြဲတစေ လွှမ်းမိုးမှု အခြေအနေမျိုး မရှိ နိုင်တော့ချေ။ လွှတ်တော်အတွင်း နိုင်ငံရေးပါတီတစ်ရပ်၏ မူဝါဒ လွှမ်းမိုးမှုပုံစံမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းစီနှင့် လွှတ်တော် ရေးရာ ကော်မတီအသီးသီးတို့၏ စွမ်းဆောင် နိုင်စွမ်း ရှိမှုတို့အပေါ် ရွေ့လာနေပြီဖြစ်သည်။


လူထုအဖွဲ့အစည်းများနှင့် နိုင်ငံတော်အရေး
တိုင်းပြည်အရေး နိုင်ငံအရေးဆိုသည်မှာ သာမန်ပြည်သူများ၏ ကိစ္စမဟုတ်၊ အစိုးရမင်းများနှင့် နိုင်ငံရေးအဖွဲ့အစည်းများ၏ ကိစ္စဟူသောအယူအဆမျိုး ယခုခေတ်ကာလတွင် နိုင်ငံအသီးသီးရှိ ပြည်သူ တို့က လက်မခံကြတော့ချေ။ တစ်ချိန်က ပါတီဦးဆောင်မှုကို ရှေ့တန်းတင်ခဲ့ကြသည့် ပါတီကြီးစိုးသည့်နိုင်ငံများ၌ပင် နိုင်ငံအရေး၌ ပြည်သူ လူထုပါဝင်ပတ်သက်မှု အစီအစဉ်များ ပြုလုပ်လာ ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ် တွင် နိုင်ငံရေးပါတီအသီးသီးတို့၏ စည်းရုံးမှုဖြင့် ဖွဲ့စည်းတည်ထောင် ခဲ့ကြသည်။ ထိုလူထု အဖွဲ့အစည်း များမှာ ဆိုခဲ့ပါ နိုင်ငံရေးဖြစ်စဉ်၌ ပြည်သူလူထု ပါဝင်ပတ်သက်ရေးအဖြစ် သာမန်အားဖြင့် ယူဆနိုင် သော်လည်း လက်တွေ့ဘဝတွင် ပါတီထောက်ခံသူများ၏ အသင်းအဖွဲ့ အသွင် လက္ခဏာ သာဆောင်ပြီး သက်ဆိုင်ရာ လူထုလူတန်းစား၏ အကျိုးစီးပွားနှင့် သဘောထားအမြင်များအား ကိုယ်စားပြုလှုပ်ရှား သည့် အဖွဲ့အစည်းမျိုးမဟုတ်ခဲ့ကြချေ။
လူထုအဖွဲ့အစည်းများ တည်ထောင်ဖွဲ့စည်းရာတွင် အများအားဖြင့် မိမိဆန္ဒအလျောက်ပါဝင် စုစည်းခြင်းဖြစ်သော်လည်း အာဏာရပါတီ၏ စည်းရုံးမှုဖြင့် ဖွဲ့စည်းမှု မျိုးဖြစ်၍ ရှိပြီးအစိုးရ၏ အရေးတယူ အားပေးထောက်ခံမှုရ အဖွဲ့အစည်း များ ဖြစ်ကြသည်။ ၁၉၇၄ ခုနှစ်မှစ၍ တည်ထောင်ခဲ့သည့် မြန်မာဆိုရှယ်လစ်စနစ် ခေတ်တွင် ပါတီဦးဆောင်သည့် နိုင်ငံရေးစနစ်အရ ဗဟိုမှ စီမံကိန်းချ စီးပွားရေးစနစ် ကျင့်သုံးခြင်းဖြစ်ရာ အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု၊ ကုန်ထုတ် လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများအားလုံးမှာ နိုင်ငံတော်ပိုင်လုပ်ငန်း များအဖြစ် လုပ်ကိုင်ရပေရာ ထိုလုပ်ငန်းများ ရွက်ဆောင် ရသည့် ပြည်သူ လူထုတစ်ရပ်လုံးမှာ ပါတီဦးဆောင်မှုခံယူရသည့် အလုပ်သမား လူတန်းစားများ ဖြစ်လာကြသည်။ တောင်သူလယ်သမားများမှာလည်း မြေယာကို ပုဂ္ဂလိက ပိုင်ဆိုင်မှု မရှိဘဲ နိုင်ငံတော်ကပိုင်ဆိုင်သည့် မြေယာ များအပေါ် လုပ်ပိုင်ခွင့်ရရှိသူများသာ ဖြစ်ကြသည်။

ကုန်ထုတ်လုပ်မှု အလုပ်သဘောအရ သီးခြားဖြစ်နေသည့် တောင်သူလယ်သမားများ ကိုသာ တောင်သူလယ်သမားအဖွဲ့အစည်းအဖြစ် စည်းရုံးဖွဲ့စည်း၍ ကျန်လုပ်သားပြည်သူတစ်ရပ်လုံးအားအလုပ်သမားများအဖြစ် စည်းရုံး ဖွဲ့စည်းသည်။ အလုပ်မလုပ်ကိုင်ကြသေးသည့် ကျောင်းသားလူငယ် များကို လူငယ်အဖွဲ့အစည်းနှင့် မိမိကိုယ်ပိုင် အနုပညာလုပ်ငန်း လုပ်ကိုင် ကြသူ စာပေ၊ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု စသည်တို့ကို လုပ်ငန်း အလိုက်စည်းရုံးဖွဲ့စည်းသည်။ မည်သို့ပင်စုစည်းသည်ဖြစ်စေ ဖွဲ့စည်း သမျှ အစုအစည်း အသင်းအဖွဲ့အားလုံး ပါတီဦးဆောင်မှုကို ခံယူရ သည်ချည်း ဖြစ်သည်။ မိမိဆန္ဒအလျောက် အဖွဲ့ဝင်ဖြစ်နိုင်ခွင့်ရှိသည် ဆိုသော်ငြားလည်း ဦးဆောင်ပါတီ၏ စည်းရုံးသိမ်းသွင်းမှုကို ငြင်းဆန် ရန်ဆိုသည်မှာ မဖြစ်နိုင်သည့် ဘဝပေး အခြေအနေ ဖြစ်သည်။
သို့ဖြစ်၍ မြန်မာ့ဆိုရှယ်လစ်စနစ်အောက်၌ အသွင်သဏ္ဌာန် အားဖြင့် နိုင်ငံတော်အရေး၌ ပြည်သူတစ်ရပ်လုံး ပါဝင်ပတ်သက်မှုရှိပါ သည်ဟု ဆိုသော်လည်း ပြည်သူလူထု၏ သဘောထား အမှန်ကို ထင်ဟပ် ခြင်းကို ကိုယ်စားပြုခြင်းထက် ဦးဆောင်ပါတီ၏ လမ်းညွှန်မှုကို တစ်သဝေမတိမ်း လိုက်နာလုပ်ဆောင်ရခြင်းသာ ဖြစ်နေခဲ့သည်။ ယနေ့ကာလတွင် အုပ်ချုပ်ရေး၊ ဥပဒေပြု ရေးနှင့် တရားစီရင်ရေး အာဏာ သုံးရပ်မှာ လုပ်ပိုင်ခွင့်များ ခွဲဝေထားကာ အပြန်အလှန်ထိန်း ကျောင်းမှုပြုသည့် သမ္မတအုပ်ချုပ်ရေးစနစ်ဖြစ်သည်။ သမ္မတအုပ်ချုပ် သည့်စနစ်ဖြစ်၍ အစိုးရဆို သည်မှာ ပြည်သူ့ရေးရာ ဝန်ဆောင်မှု လုပ်ငန်း များကိုသာ အဓိက ရှေးရှုလုပ်ဆောင်ရခြင်းဖြစ်ပြီး နောက်တစ်ကြိမ် မဲအများစုရရှိရေးကို ရည်ရွယ်ကာ ပြည်သူလူထုအကြား နိုင်ငံရေး စည်းရုံးရေး လုပ်ဆောင် ရန် မလိုအပ်ချေ။
သို့ဖြစ်၍ လွှတ်တော်က အစိုးရအဖွဲ့ကို မေးမြန်းသည့် မေးခွန်း များ၊ တင်သွင်းသည့်အဆိုများနှင့် ဥပဒေကြမ်းများသည်လည်းကောင်း၊ အစိုးရ၏ လုပ်ဆောင်ချက်များသည်လည်းကောင်း ပြည်သူလူထု ၏အကျိုးစီးပွား ကိုယ်စားပြုရေးတို့မှာ အချက်အချာကျသည့် အရေးကိစ္စ များ ဖြစ်လာသည်။ အဆိုပါအချက်အချာကိစ္စများ ဖြစ်ပေါ်တိုးတက် ရေးအတွက် ပြည်သူတစ်ရပ်လုံးက စောင့်ကြည့် အကဲခတ်ရန်ဖြစ်သည်။ ဤသို့ စောင့်ကြည့်အကဲခတ်ရန်မှာ နိုင်ငံတော်၏ အရေးကိစ္စများတွင် ပြည်သူလူထုစိတ်အားတက်ြွကစွာ ပါဝင်လာရန် လိုအပ်လာသည်။ အဆိုပါ လိုအပ်ချက် အရ ပြည်သူများ၏ အကျိုးစီးပွားကိုယ်စားပြု လူထုအဖွဲ့အစည်းများ အသီးသီးဖွဲ့စည်းတည်ထောင်လုပ်ကိုင်ရန် လိုအပ် လာသည်။

မြန်မာနိုင်ငံ လူဦးရေ၏ ရာခိုင်နှုန်းအများစုမှာ ကျေးလက် နေပြည်သူ တောင်သူလယ်သမားဖြစ်ကြရာ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးကိစ္စများ ရွက်ဆောင်ကြရာတွင် ကျေးလက်ပြည် သူများ ၏ အကျိုးစီးပွားကို အဓိက ရှေးရှုစဉ်းစားကြရန် ဖြစ်သည်။ သို့ဖြစ်၍ တောင်သူလယ်သမားများနှင့် လုပ်သားပြည်သူများကိုယ်စားပြု လူထု အဖွဲ့အစည်းများ တည်ထောင်ဖွဲ့စည်းကာ အာဏာပိုင် အဖွဲ့အစည်းများ၊ ဥပဒေပြု အဖွဲ့အစည်းများနှင့်ဆက်သွယ်၍ အပြန်အလှန် အထောက် အကူပြုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်သည်။ သို့ရာတွင် လူထုအဖွဲ့ အစည်း ဆိုသည်မှာ လွတ်လပ်သော အဖွဲ့ အစည်း၊ မိမိဆန္ဒအလျောက် စုစည်းတည်ထောင်သော အဖွဲ့အစည်း၊ မိမိလူထုလူတန်းစားအလွှာနှင့် ပတ်ဝန်းကျင်အကျိုးစီးပွားကို ရှေးရှု သည့် အဖွဲ့အစည်း ဖြစ်ရန် လိုအပ်သည်။ တစ်နည်းအားဖြင့် ရှေးယခင် ကာလများက ရှိခဲ့ဖူးသော ပါတီနိုင်ငံရေးအဖွဲ့အစည်းတစ်စုံတစ်ခု၏ လမ်းညွှန်မှုကို ခံယူလိုက်နာရသော အဖွဲ့အစည်း မျိုးမဖြစ်ရန် အာဏာ လက်ရှိ အစိုးရ၏ အလိုကျ လိုက်နာရသည့် အဖွဲ့အစည်းမျိုး မဖြစ်စေ ရန် သတိပြုရမည် ဖြစ်ပါသည်။
အခြေခံဥပဒေသစ်၏ သမ္မတအုပ်ချုပ်ရေးစနစ်အရ အစိုးရမှာ ပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရသည့် အဖွဲ့အစည်းဖြစ်၍ နိုင်ငံရေး၊ စည်းရုံးရေးလုပ်ငန်းများ ဒွေးရောယှက် တင်ပြုလုပ်ရမည့် အဖွဲ့အစည်းမဟုတ်ဆိုသည်ကိုလည်းကောင်း၊ တောင်သူလယ်သမား၊ အလုပ်သမားနှင့် အခြားသော သက်မွေးဆိုင် ရာ၊ ပညာရပ်ဆိုင်ရာ၊ လူမှုရေးဆိုင်ရာ စသည့် အမျိုးမျိုးသော လူထု အဖွဲ့အစည်းများမှာ မိမိတို့ကိုယ်စားပြုသည့် လူထုလူတန်းစားအလွှာ ၏ အကျိုးစီးပွားအတွက် နိုင်ငံတော်၏အရေးကိစ္စများတွင် တက်ကြွ စွာ ပါဝင်ခြင်းဖြင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးဆိုင်ရာ နိုင်ငံတော် အဖွဲ့အစည်းများနှင့် လွတ်လပ်စွာ ဆက်သွယ်ဆောင်ရွက်ကြသည့် အဖွဲ့အစည်းများ ဖြစ်ကြသည်ဆိုသည်ကိုလည်းကောင်း ရှင်းလင်းစွာ သဘောပေါက်ကြရန် အရေးကြီးပေသည်။


posted by နိုင်အောင်ဝင်း
The Voice Journal

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...