Sunday, October 23, 2011

ဆေးလိပ်ကြောင့်ဖြစ်သော နှလုံးရောဂါ

 
by Moenge Aung on Monday, October 24, 2011 at 3:18am
Shade The Mandalay Hill Originally posted
တစ်ခါက စားသောက်ပွဲ တစ်ခုတွင် ရင်ဘတ်အောင့်သည်ဟု ပြောပြီး ရုတ်တရက် လဲကျသွားသူ တစ်ဦးကို တွေ့ဖူးခဲ့ပါသည်။  နှလုံး တိုက်ခိုက်ခံရခြင်း (Heart Attack) ကြောင့် ဖြစ်ပါသည်။ ထိုသူမှာ ဆေးလိပ် အလွန်သောက်သူ တစ်ဦး ဖြစ်ပါသည်။ ဆေးလိပ်တစ်လိပ် သောက်လိုက်တဲ့ အခါတိုင်း လူ့ခန္ဓာကိုယ်တွင် ရှိသော သွေးကြောများ ကျဉ်းသွားသည်။ သွေးကြော အကြီးအသေး အချက်အလက်များအထိ ဆွဲဆန့်လျှင် မိုင်နှစ်ရာခန့် ရှိသည်ဟု ဆိုသည်။ မယုံနိုင်စရာ။ ဆေးလိပ်ထဲမှာ ပါသော ကြပ်ခိုးကြောင့် ထိုသွေးကြောလေးများ အစွန်းအဖျားအထိ ကျဉ်းသွားသည်။ ဆေးလိပ် တစ်လိပ် သောက်တိုင်း သွေးကြောများ ကျဉ်းသွားသည်မှာ ၄ နာရီအထိ အချိန်ကြာသည်ဟု ဆိုသဖြင့် အကယ်၍သာ ဆေးလိပ်ဖြတ်လိုက်လျှင် မသောက်ဘဲ နေလိုက်မည်ဆိုလျှင် ဆေးလိပ်ဖြတ်ပြီး (၄) နာရီ အကြာတွင် ကျဉ်းနေသော သွေးကြောလေးများ ပြန်ကျယ်လာမည်။ သွေးစီးဆင်းအား၊ သွေးလျှောက်အား ပြန်ကောင်းလာမည်ဟု ဆိုနိုင်ပါသည်။


 ဆေးဂျီးတွင် ပါသော (နီကိုတင်း) ဓာတ်ကြောင့် အလွယ်တကူ မြင်သာအောင် ပြောရလျှင် ကြပ်ခိုးကြောင့် ကျဉ်းသွားသော သွေးကြောမကြီးများမှာ ပြန်၍ ကျယ်ပြန့်ရန် လွယ်ကူသော်လည်း အခက်အလက် အစွန်အဖျား သွေးကြေားလေးများမှာ ပြန်ပြီး ကျယ်ပြန့်ရန် မလွယ်ကူပါ။ အချို့ အစွန်အဖျားရှိ သွေးကြောငယ်လေးများ (ဥပမာ- ခြေသန်းသို့ သွားသော သွေးကြောငယ်လေး) မှာ ပိတ်သွားပြီး မသိမသာ ကိုက်လာရာမှ သတိပြုမိသော အခါတွင် ခြေချောင်းကလေး မဲနေသဖြင့် ဆေးရုံတက် ခြေသန်းကလေးတစ်ချောင်း ဖြတ်ရသူ တစ်ဦးကို တွေ့ဖူးပါသည်။ ခြေသန်းသည် ခြေထောက် တစ်ခုလုံးနှင့် စာလျှင် ဘမှ အသုံးမဝင်ဟု ထင်စရာ ရှိသော်လည်း မရှိသောအခါ၊ ပြတ်သွားသောအခါ အလွန် ကြည့်ရဆိုးပါသည်။ ထို့ထက် ပိုဆိုးသည်မှာ ထိုခြေချောင်းကလေး ဖြတ်ရသူမှာ အမျိုးသမီးတစ်ဦး ဖြစ်နေသောကြောင့်ပင်။ အမျိုးသမီးများ ဆေးလိပ်သောက်သည်မှာ မြန်မာပြည်တွင် ရှားရှားပါးပါး ဖြစ်သော်လည်း အနောက်တိုင်းတွင် အလွန်သောက်သည်။ ဆိုရှယ်ကျ၍ အလှအပစတိုင် လုပ်သောက်ရာမှ စွဲသွားခြင်း ဖြစ်နိုင်သည်။ ဆေးလိပ်ကြောင့် သွေးကြောကျဉ်းသောအခါတွင် အမျိုးသမီးက ပိုပြီး ကျဉ်းပြီး ပိတ်လွယ်သည်။ သူတို့၏ သွေးကြောများမှာ ပို၍ သေးသွယ်ပြီး နုနယ်သောကြောင့် ကျဉ်းလွယ် ပိတ်လွယ်ခြင်း ဖြစ်သည်။
 ဆေးလိပ်ကြောင့် အစွန်အဖျား သွေးကြောငယ်ကလေးများ ကျဉ်းရာတွင် ဒုက္ခအပေးဆုံးမှာ နှလုံးသွေးပတ်ကြော (Coronary artries) များ ကျဉ်းသွားခြင်းပင် ဖြစ်သည်။ သေသည့်အချိန်အထိ အနားမရသူမှာ နှလုံးပင် ဖြစ်သည်။ အမြဲတမ်း စည်းချက်ဝါးချက် မှန်မှန် ခုန်နေသည်။ လူက နားပြီး အိပ်ပျော်နေသော်လည်း သူ့နှလုံးက အနားမရ၊ ခုန်နေမြဲပင် ဖြစ်သည်။ နှလုံး နားရချိန်မှာ သူ့ခုန်ချက် တစ်ခုနှင့် တစ်ခုအကြား တစ်စက္ကန့်၏ (၁၀) ပုံ တစ်ပုံခန့် ကလေးသာ ရှိသည်ဟု ဆိုသည်။ နှလုံးခုန်ခြင်း လုံးဝ ရပ်သွားချိန်မှာ လူသေချိန် ဖြစ်လေသည်။ လူခန္ဓာကိုယ် တစ်ခုလုံးအတွက် အသက်ရှင်နိုင်ရေး လုံလောက်အောင် သွေးပို့ပေးဖို့မှာ နှလုံး၏ တာဝန် ဖြစ်သည်။ နှလုံးမှ ညှစ်ထုတ်လိုက်သော သွေးလက်တစ်ခုပ်စာခန့်သည် ဖိအားညှစ်အားကြောင့် တစ်ကိုယ်လုံးရှိ မိုင်နှစ်ရာခန့်ရှိသော သွေးကြောကြီးငယ်များမှ အခက်အလက် အစွန်အဖျားအထိ ရောက်သွားသည်။ ထိုသွေးရဲရဲတို့ သွေးဥနီများသည် လူ့ခန္ဓာကိုယ် အတွက် လိုအပ်နေသော အောက်ဆီဂျင်များကို သယ်ဆောင်သွားကြသည်ဟု သွေးဗေဒ ပညာရှင်များက ပြောကြသည်။
 လူ့ခန္ဓာကိုယ် တစ်ခုလုံးရှိ ဆဲလ်များ၏ လိုအပ်ချက် အသက်ရှင်နိုင်ရေး ဓာတ်စာမှာ “အောက်ဆီဂျင်” ပင် ဖြစ်သည်။ ထိုအောက်ဆီဂျင်ကို သယ်ဆောင်ပို့ပေးသူမှာ နှလုံးမှ ညှစ်ထုတ်သော သွေးပင် ဖြစ်သည်။ သွေးမရောက်သော နေရာများမှာ အောက်ဆီဂျင် ပြတ်ပြီး ကလပ်စည်း (Cell) များ သေပြီးနောက် ပုပ်သွားတတ်လေသည်။ ခြေချောင်းကလေးသို့ သွေးမရောက်သောအခါ ပုပ်သွားပြီး လှီးဖြတ်လိုက်ရသည်ကို မြင်နိုင်သော်လည်း ဦးနှောက်သို့ သွေးမရောက်သောအခါ ဦးနှောက်၏ အစိတ်အပိုင်းအချို့ သေသွား၊ ပုပ်သွားပြီး အလုပ်မလုပ်တော့သော အစိတ်အပိုင်း အခြမ်းကို လေဖြတ်သွားသည်ဟု ခေါ်သည်။ ၎င်း အစိတ်အပိုင်းကို အပြင်မှ မမြင်ရသော်လည်း ဦးနှောက်၏ ညာဖက်အခြမ်း သွေးမရောက်၍ ပုပ်သွားသော အခါတွင်လည်း လူ၏ ဘယ်ဘက်အခြမ်း မလှုပ်နိုင်၊ လေဖြတ်သွားရသည်။ ဦးနှောက်၏ ဘယ်ခြမ်းတွင် သွေးခဲပိတ်ခြင်း၊ သွေးကြောပေါက်ခြင်းတို့ကြောင့် သွေးထောက်ပံ့မှု မရသောအခါတွင် အထူးသဖြင့် စကားပြောဆိုမှု အစိတ်အပိုင်း (Speak Centre) ကို ထိခိုက်သဖြင့် ညာခြမ်း လေဖြတ်သူများမှာ စကားမပီခြင်း၊ အချို့ လုံးဝ စကားမပြောနိုင်တော့ခြင်း ဖြစ်နိုင်သည်။
 အဓိက သွေးထောက်ပံ့သူမှာ “နှလုံး” ပင် ဖြစ်သည်။ ထိုနှလုံးကိုယ်တိုင်ကလည်း သွေးထောက်ပံ့မှုရမှ အသက်ရှင်နိုင်မည်။ နှလုံးပုံကိုကြည့်လျှင် လူကြီး လက်သီးဆုပ် ပမာဏခန့် ရှိပြီး ထိုနှလုံးအပြင်တွင် သစ်မြစ်များ ယှက်နွယ်သကဲ့သို့ ရစ်ပတ်နေသော နှလုံးပတ်သွေးကြောများကို တွေ့ရမည် ဖြစ်လေသည်။ ထိုနှလုံးသွေးကြောများ (Coronary artries) ကပင် နှလုံးကို သွေး ထောက်ပံ့နေခြင်း ဖြစ်သည်။ ဆေးလိပ်သောက်သူများတွင် တိုက်ရိုက် ထိခိုက်မှု အခံရဆုံးမှာ အဆုတ် ဖြစ်သည်။ အဆုတ်ပြီးလျှင် နှလုံးသွေးကြောအဖွဲ့ ဖြစ်သည်။ အဆုတ်မှ အောက်ဆီဂျင်ရှူသည့် လေအိတ်အတွင်းသို့ ဆေးလိပ် မီးခိုးငွေ့များ ဝင်လာသည့်အခါ အောက်ဆီဂျင် အပြည့်အဝ မရ။ ဆေးဂျီး၊ ကတ္တရာများက အဆုတ်လေအိတ်များတွင် ကပ်ငြိကျန်ခဲ့သည်။ ဆေးဂျီးကြောင့် အဆုတ်မှတစ်ဆင့် နှလုံးသို့ပို့သော သွေးကြောမှာပါ ကျဉ်းမြောင်းလာသည်။ နှလုံးကို ပတ်နေသော သွေးကြောများ ကျဉ်းမြောင်းလာသောအခါ နှလုံး၏ သွေးငတ်နေသော ဝေဒနာကို စူးအောင့်ခြင်းဖြင့် ဖော်ပြလေ့ ရှိသည်။
 အချို့မှာ စကားပြောနေရင်း၊ အစာစားနေရင်း၊ ဘယ်ဖက်ရင်ထဲမှ စူးကနဲ ထိုးသွားသည်ဟု ပြောကြသည်။ နှလုံးသွေးငတ်နေကြောင်း သတိပေးချက် ဖြစ်ပါသည်။ ထိုသို့ နှလုံးမှ အချက်ပြလျှင် ဆေးလိပ်သောက်နေသူဖြစ်လျှင် ဆေးလိပ်ဖြတ်ဖို့ အချက်ပြနေခြင်းပင် ဖြစ်ပါသည်။ နှလုံးအထူးကု ဆရာဝန်ကြီး တစ်ဦးက စာရေးသူကို သတိပေးဖူးပါသည်။  “ခင်ဗျား... ခြေနှစ်ချောင်းတွေ၊ ခြေလေးချောင်းတွေ အဆီခဲတွေ ဘယ်လိုပဲ မစားဘူး ရှောင်တယ်ပြောပြော ဆေးလိပ် မပြတ်လို့ကတော့ ဘာမှမထူးဘူး။ နှလုံးသွေးကြောကျဉ်းပြီး တစ်နေ့ ဒုက္ခရောက်မှာပဲ”။ မှန်ပါသည်။ စာရေးသူကိုယ်တိုင် နှလုံးအောင့်လာသဖြင့် ဆေးရုံတက်ပြီး နှလုံးသွေးကြော ဓာတ်မှန်ကြီး (Angiogram) ရိုက်ကြည့်သည့်အခါ နှလုံးသွေးကြောကြီး တစ်နေရာတွင် ၄၀ မှ ၅၀ ရာခိုင်နှုန်း ကျဉ်းနေသည်ကို ဓာတ်မှန်ပုံနှင့်တကွ တွေ့ရပါသည်။ ၇၀ ရာခိုင်နှုန်း ကျော်ကျော် ကျဉ်းလျှင် နှလုံးသွေးကြောထောက် ကိရိယာ (Stem) ထည့်ရတော့မည် ဖြစ်ပါသည်။ ကုန်ကျငွေမှာလည်း သိန်းဆယ်ဂဏန်းများစွာ ကုန်ကျပါလိမ့်မည်။
 နှလုံးအောင့်ရောဂါ ရနေသူသည် ဆေးလိပ်သောက်သူ ဖြစ်ပါက အမြန်ဆုံး အချက်မှာ “ဆေးလိပ်ဖြတ်ခြင်း” ပင် ဖြစ်ပါသည်။ နှလုံးအောင့်ရောဂါ သောက်ဆေများ၊ အရေးပေါ် ငုံဆေးများ မည်မျှပင် စွမ်းနေပါစေ။ ဆေးလိပ်မဖြတ်လျှင် မသက်သာနိုင်ပါ။ အဓိကအကျဆုံး အချက်ကို အရင်ဆုံး လုပ်ဆောင်ပါ။ စိတ်ပြတ်အောင် ကြိုးစားပါ။ နိုင်ငံကြီး တော်တော်များများတွင် ဆေးလိပ်မသောက်ရေး သာမက ဆေးလိပ်ငွေ့ ကင်းစင်ရေးကိုပါ ကြိုးစားနေကြသည်ဟု ဆိုပါသည်။ ဆေးလိပ်သောက်သူ၏ မှုတ်ထုတ်လိုက်သော ဆေးလိပ်ငွေ့ လေထဲမှာ ပျံ့လာပြီး တစ်ဆင့်ခံ ရှူရှိုက်မိသူကိုပါ နှလုံးသွေးကြောကျဉ်း ရောဂါများ ရစေနိုင်သည်ဟု ဆိုပါသည်။ ကိုယ်တိုင် သောက်သူများမှာ လွန်ကဲလျှင် ဆေးဂျီး၊ ကတ္တရာကြောင့် အဆုတ်ကင်ဆာဖြစ်သူ များစွာ ရှိလာပါသည်။ လူတစ်ယောက်မှာ ကျောက်ကပ်နှစ်ခု၊ အဆုတ်နှစ်ခု ပါသော်လည်း နှလုံးမှာ တစ်ခုတည်းသော အသက်သွေးဆက် ကိရိယာ ဖြစ်ပါသည်။ ထိုကိရိယာအတွက် သွေးထောက်ပံ့မှု ပေးနေသော သွေးကြောကလေးများ မကျဉ်းစေရန်အတွက် အဆီခဲ၊ အဆီဆိုင်များ ရှောင်ရန် လိုအပ်သည်။ လမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်းများလည်း လိုအပ်သည်။ ထို့ထက်ပို၍ လိုအပ်သည်မှာ “ဆေးလိပ်မသောက်ဖို့” ဆေးလိပ် မီးခိုးငွေ့များကို ရှောင်ရှားဖို့ ဖြစ်ပါတော့သည်။

ကြည်လွင်မြင့်(မုဒြာ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...