Sunday, October 23, 2011

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော အကျဉ်းသားအချို့နှင့် တွေ့ဆုံမေးမြန်းခြင်း

by Moenge Aung on Monday, October 24, 2011 at 12:14pm


Myanmar News Weeks

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတရုံး၏ အမိန့် ကြေညာချက် အမှတ် ၄၉/၂၀၁၁ ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်းကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။  ၎င်းကြေညာချက်အရ မြန်မာနိုင်ငံ အတွင်းရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား (၆၃၅၉)ဦးအား ပြစ်ဒဏ် အသီးသီးမှ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း သိရှိရသည်။ ထိုကြေညာချက် ထုတ်ပြန်ပြီး နောက်တစ်နေ့ နံနက်မှစ၍ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား (၆၃၅၉)ဦးအား ပြန်လည် လွှတ်ပေးခဲ့သည်။ ၎င်းလွတ်ငြိမ်းချမ်းသာခွင့် အမိန့်စာကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်သည့် နေ့မှစ၍ အကျဉ်းကျခံထားရသူများ၏ မိသားစုဝင်များက အကျဉ်းထောင်များ ရှေ့တွင် လာရောက် စောင့်မျှော်နေကြရာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အင်းစိန်ထောင်ဝင်း အဝ၌လည်း အကျဉ်းသားများအား လာရောက် စောင့်နေသည့် မိသားစုဝင် ခန့်မှန်းခြေ သုံးရာကျော်ကိုလည်း တွေ့ရှိရသည်။
လွတ်ငြိမ်းချမ်းသာခွင့် ရရှိသည့် အကျဉ်းသား (၆၃၅၉)ဦးတွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အကျဉ်းထောင်များ အလုပ်စခန်းများမှ အကျဉ်းသား အမျိုးသား (၅၆၄)ဦး၊ အမျိုးသမီး (၇၈)ဦး၊ စုစုပေါင်း (၆၄၂)ဦး လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။ ယင်းလွတ်မြောက်မှုတွင် အင်းစိန် အကျဉ်းထောင်အတွင်း လွတ်မြောက်ခဲ့သည့် အကျဉ်းသားများနှင့် မြန်မာ နယူးဝိခ် ဂျာနယ်တို့ တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါတယ်။
  ကျွန်တော့ နာမည်ကတော့ နေမင်းပါ။ အသက်ကတော့ (၂၈)နှစ်၊ စစ်ပြေးမှုနဲ့ပါ၊ မြောက်ဒဂုံမှာ နေပါတယ်။ အမှန်အတိုင်းပဲ လွတ်မယ်ဆိုရင်တော့ လေးငါးလလောက်ပဲ လိုတော့တယ်။ ထောင်ထဲမှာ အဆင်မပြေတာတွေကတော့ အနည်းအကျဉ်းတော့ ရှိတာပေါ့။ ကျွန်တော့ရဲ့ လွတ်ရက်နီးနေပြီဆိုတော့ ပျော်လည်း မပျော်ပါဘူး၊ မျှော်လည်း မမျှော်ပါဘူး၊ ကျွန်တော်က မကြာခင် လွတ်မှာဆိုတော့လေ။

 ကျွန်တော့ နာမည်ကတော့ ကြည်မြင့်ပါ။ အသက်က (၃၁)နှစ်၊ ပုသိမ်မှာ နေပါတယ်။ ၆၅ နဲ့ပါ။ ၂၀၀၈ တုန်းက စကျတာပါ။ လေးနှစ် ကျတာပေါ့။  (၃) နှစ်နဲ့ (၄)လ ရှိသွားပြီ၊ လွတ်ရက်ကတော့ ကိုက်နေပြီ၊ ထောင်ထဲမှာတော့ အဆင်ပြေမှု မရှိပါဘူး၊ အိမ်ကလည်း ဧည့်တွေ့ မလာပါဘူး၊ လေးနှစ်လုံးလုံး အထဲမှာ ကျွန်တော် နှိပ်နယ်စားနယ်ပေါ့နော်။ ဧည့်တွေ့ မလာတော့ ကျွန်တော် ဒီလိုပဲ ကြံဖန်ပြီးတော့ မရှိရှိတာလေးနဲ့ စားရတာပေါ့။ ကျွန်တော့ အနေနဲ့ကတော့ လွတ်ပေးတဲ့အတွက်ကို ကျေးဇူးလည်း အထူးတင်တယ်ပေါ့နော်။ ပထမအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ ကျွန်တော် မပါဘူး၊ ဒီတစ်ခေါက်မှ ပါတဲ့အတွက် ကျေးဇူးတင်တယ်။ ကျန်ခဲ့တဲ့ အကျဉ်းသားတွေ အပေါ်မှာတော့ ဝမ်းနည်းတာပေါ့နော်။ အကုန်လုံးကို လွတ်စေချင်တာပေါ့။ ကျွန်တော့ စိတ်အခြေအနေက တအားဝမ်းသာနေတယ်။ ဒီနေ့ဆိုရင် ကျွန်တော့ အဖေနဲ့ အမေကို တွေ့လို့ရပြီ။
 ကျွန်တော့ အသက်က (၃၅)နှစ်ပါ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှာ နေပါတယ်။ စစ်ပြေးမှုနဲ့ ကျတာပါ။ ၂၀၀၈ တုန်းက စကျတာပေါ့။ ကျွန်တော် လွတ်ဖို့က (၄) လ (၅)လလောက် လိုသေးတယ်။ အဆင်ပြေလားဆိုတော့ ဒါကတော့ ဘယ်နေရာမဆို အခက်အခဲတော့ ရှိတာပေါ့။ အနည်းအကျဉ်းတော့ ရှိပါတယ်။ အခုလို လွတ်ပေးတဲ့အတွက်လည်း ကျွန်တော့ အနေနဲ့လည်း ဝမ်းသာပါတယ်။ အခုလို နိုင်ငံတော် သမ္မတကြီးက ကျွန်တော်တိုလို ပြည်သူတွေကို ပြန်ကြည့်ပေးတဲ့အတွက် ကျေးဇူးလည်း တင်ပါတယ်။ နောက်ကျန်ရှိနေတဲ့ လူတွေကိုလည်း ဒီလိုပဲ လွှတ်ပေးဖို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။ အကျဉ်းသားတွေကိုလည်း သည်းခံပြီးတော့ စောင့်ပေးပါလို့ အဲဒါကိုပဲ အဓိက ပြောချင်ပါတယ်။ လက်ရှိမှာတော့ ကျွန်တော့စိတ်က ဖွင့်ပြောလို့ မရလောက်အောင်ကို ဝမ်းသာပါတယ်။
 ကျွန်တော့ နာမည်ကတော့ ထွန်းလင်းလို့ ခေါ်ပါတယ်။ အသက်ကတော့ (၂၈)နှစ်ပါ။ တောင်ဥက္ကလာမှာ နေပါတယ်။ စစ်ပြေးမှုနဲ့ ကျတာပါ။ (၁၁)နှစ် ကျတယ်။ လွတ်ဖို့က (၁၂)လလောက်ပဲ လိုပါတော့တယ်။ ထောင်ထဲမှာ နေတာကတော့ အဆင်မပြေတာတွေကတော့ ရှိတာပေါ့နော်။ ကိုယ့်ဖာသာကိုယ် ဒီလိုပဲ ကြိုးစားပြီးတော့ နေထိုင်ခဲ့ရတာပေါ့နော်။ ကိုယ်လိုလူတွေကတော့ ထောင်ထဲမှာ အများကြီးပါပဲ၊ ထောင်ထဲမှာ (၇)နှစ်ကျော်ကျော်လောက် နေခဲ့ရတယ်။ ကျွန်တော်တို့ လွတ်ခါနီးပြီဆိုပေမယ့်လည်း လွတ်တဲ့ အချိန်မှာတော့ သိပ်ပြီး မပျော်ရွှင်တော့ဘူးပေါ့ဗျာ။ ကျွန်တော့ အပေါင်းအသင်းတွေ ကျွန်တော့ သူငယ်ချင်းတွေ ထောင်ထဲမှာ နေခဲ့ရတော့ ဆွေမျိုးလို ဖြစ်နေပြီဆိုတော့ သူတို့တွေ ကျန်ခဲ့တော့ ဝမ်းနည်းတာပေါ့ဗျာ။ သူတို့ကတော့ နိုင်ငံတော်က လွတ်ငြိမ်းချမ်းသာခွင့် ပေးမှာကို အရမ်းမျှော်လင့်နေကြတယ်။ နှစ်ကြီးသမားတွေ အားလုံးလည်း အတူတူပါပဲ။ မျှော်လင့်ခဲ့ကြတယ်။ အခုဒီလို အချိန်မှာ ရုတ်တရက် လွတ်ပေးလိုက်တဲ့ အတွက် သူတို့တွေ သိပ်ပြီး ဝမ်းနည်းနေကြတယ်။ ခံစားနေကြရတယ်။ ကျန်ခဲ့တဲ့သူတွေကိုလည်း ထပ်လွှတ်ပေးဦးမယ်လို့ ထင်ပါတယ်။ ကျွန်တော့ရဲ့ အခုစိတ်အခြေအနေကတော့ သိပ်မပျော်ရွှင်ဘူးပေါ့ဗျာ။ ကျန်ခဲ့တဲ့ သူတွေအတွက် စိတ်မကောင်း ဖြစ်မိတယ်။

 အန်ကယ့် နာမည်ကတော့ စောဝင်းနေထူးပါ။ အသက်က (၅၅)နှစ်ပါ၊ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်မှာ နေတယ်။ နိုင်ငံရေး ပုဒ်မပဲပေါ့။ ၁၇(၁)/၁၇ (၂)နှစ်ခုစလုံးနဲ့ ၂၀၀၆ ခုနှစ် (၄)လပိုင်း (၅)ရက်နေ့မှာ ကျတာ။ ထောင်ကျခဲ့တာက (၈)နှစ်ပေါ့နော်။ အခုနေရတာက (၅) နှစ်နဲ့ (၁၀)လ ရှိသွားပြီ၊ အန်ကယ်တို့က သူများ စွပ်စွဲချက်နဲ့ ကျတာ၊ ကိုယ်တိုင်လည်း လုပ်ခဲ့တာ မဟုတ်ဘူး၊ သို့သော်ငြားလည်း အခုလိုမျိုး နိုင်ငံတော် အကြီးအကဲတွေက စောစောစီးစီး လွှတ်ပေးတဲ့အတွက် အများကြီး ဝမ်းသာပါတယ်။ အဲဒီ့ထဲမှာလည်း စွပ်စွဲခံရပြီး ရောက်လာတာတွေ အများကြီး ရှိတယ်။ သူတို့တွေကလည်း နိုင်ငံတော် အပေါ်ကို အများကြီး မျှော်လင့်နေကြတယ်။ တက်လာတဲ့ အစိုးရအသစ်ပေါ်လည်း အခုလိုမျိုး စောစီးစွာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ကျန်ခဲ့တဲ့ အကျဉ်းသားတွေလည်း သူတို့ စောင့်နေရင် အကောင်းဆုံးပဲ ဖြစ်မယ်လို့ ပြောချင်ပါတယ်။

 ကျွန်မ နာမည်ကတော့ အေးသီခိုင်ပါ၊ အသက်က (၄၅)နှစ် အရင်တုန်းက နေခဲ့တာက (၃၈)လမ်းမှာပါ။ ၁၇(၁)/၁၃(၁) နဲ့ ၂၀၀၅ ခုနှစ် (၇)လပိုင်းက စကျတာပါ။ ထောင်ထဲမှာ (၆) နှစ်နဲ့ (၄)လ နေခဲ့ရပြီးပြီ၊ (၃)လပိုင်းဆိုရင် လွတ်ပြီပေါ့။ ထောင်ဆိုတာကတော့ ကိုယ့်အိမ်မှ မဟုတ်တာ အဆင်မပြေလည်း ပြေအောင်တော့ နေရတာပေါ့။ ဒါပေမယ့် ဆိုးဆိုးရွားရွားတော့ မခံစားရပါဘူး၊ နိုင်ငံတော် သမ္မတ အသစ် အနေနဲ့ သူတက်ခါစမှာ အခုလို အကျဉ်းသားတွေ အပေါ်မှာ လွတ်ငြိမ်းချမ်းသာခွင့်တွေ စေတနာရှိတာတွေကို တွေ့ရတော့ ဝမ်းသာပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်း မျှော်လင့်ထားတာတွေက ဒီထက်မက အများကြီး ရှိတယ်။ နှစ်ကြီးသမားတွေလည်း အထဲမှာ အများကြီး ကျန်နေခဲ့တယ်လေ။ တကယ် နာမကျန်းဖြစ်တဲ့သူတွေ မိဘအရိပ်နဲ့ ပညာရေးတွေ ဆုံးရှုံးပြီးတော့ ထောင်ကျနေတဲ့ ကလေးတွေလည်း အများကြီး ရှိတယ်ပေါ့နော်။ သူတို့တွေ အတွက်ကိုလည်း ထပ်ပြီးတော့ စဉ်းစားပေးမယ်ဆိုရင်တော့ အစ်မ အများကြီး ဝမ်းသာမှာပါ။ အခုကတော့ သိပ်ဝမ်းမသာနိုင်ဘူးပေါ့။ ကျန်ခဲ့တဲ့ သူတွေကိုလည်း အားတင်းထားပါ။ ကျန်းမာရေးတွေလည်း ဂရုစိုက်ကြပါ။ အခွင့်အရေးဆိုတာ လာပါဦးမယ်၊ ကိုယ်လွတ်တဲ့ အတွက်တော့ ဝမ်းသာတာပေါ့နော်။ ကိုယ်နဲ့ ဘဝတူတွေ ကျန်ခဲ့တာက သိပ်စိတ်မကောင်းဘူး။
 ကျွန်မ နာမည်ကတော့ မယဉ်ဌေးပါ။ အသက်ကတော့ (၅၀)၊ ပန်းတနော်မှာ နေပါတယ်။ ၁၇(၁)/၁၃(၁) နဲ့ ၂၀၀၅ ခုနှစ်က ကျတာပါ။ (၈)နှစ် ကျတယ်။ (၆)နှစ်နဲ့ (၃)လ နေခဲ့ရပြီးပြီ၊ ထောင်ထဲမှာတော့ အုပ်ချုပ်ရေးပိုင်းက အဆင်ပြေပါတယ်။ နွေးထွေးမှုလည်း ရှိပါတယ်။ ကျန်းမာရေး အတွက်တော့ နည်းနည်း လိုအပ်ပါတယ်။ ကျန်းမာရေးဘက်ကို နည်းနည်း နွေးနွေးထွေးထွေး ဆက်ဆံပေးဖို့လည်း လိုပါတယ်။ အခု နိုင်ငံတော်က လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ အစ်မတို့ကတော့ လွတ်ခါနီး ဖြစ်သွားပြီလေ။ (၅)လလောက်ဆိုတော့ အစ်မတို့ အနေနဲ့က ဝမ်းလည်း သိပ်မသာသလို ဝမ်းလည်း သိပ်မနည်းပါဘူး၊ လွတ်ခါနီး ဖြစ်နေတဲ့ အတွက်ကြောင့်မိုလို့လေ။ ကျန်ခဲ့တဲ့ နှစ်ကြီးသမားတွေ အတွက်ကတော့ ဝမ်းနည်းတာပေါ့။ အခုအချိန်မှာ အစ်မတို့က လွတ်လာပြီ၊ သူတို့တွေက ကျန်ရစ်ခဲ့တဲ့ အခါကျတော့ စိတ်မကောင်းပါဘူး၊ သူတို့ကိုလည်း ညီတူညီမျှလေး ခံစားစေချင်တယ်။ ကျန်ခဲ့တဲ့ သူတွေကိုလည်း နိုင်ငံတော်က လွတ်ငြိမ်းချမ်းသာခွင့် ထပ်မံရရှိခဲ့လို့ရှိရင် သူတို့တွေကိုလည်း အတူတူလွတ်စေချင်တဲ့ ဆန္ဒတွေ ရှိပါတယ်။ အခုအချိန်မှာတော့ စိတ်က နည်းနည်းလေး ပျော်ရွှင်မှု ရှိပါတယ်။
 အဘွား နာမည်ကတော့ ဒေါ်မြပါ။ အသက်က (၇၁)နှစ် မြောက်ဥက္ကလာမှာ နေတယ်။ ၁၅/၁၆ ဆေးခြောက်အမှုနဲ့ ဖမ်းလိုက်တာ။ ထောင်စကျတာက ၂၀၀၀ ခုနှစ် မပြည့်သေးဘူး၊ အဘွားလည်း နှစ်တွေ သိပ်မမှတ်မိဘူး၊ ထောင်ထဲမှာ နေရတဲ့အခါမှာ အဆင်ပြေပါတယ်။ အရာရှိတွေကလည်း အုပ်ချုပ်ရေးမှာ တော်တော်ကောင်းပါတယ်။ အဘွားတို့လို အသက်ကြီးပိုင်းတွေကို အရာရှိတွေက ဘာမှ မလုပ်ခိုင်းဘူး၊ ဆေးရုံက ဟင်းပေးတယ်။ ထမင်းကျွေးတယ်။ အဘွားတို့လို အသက်ကြီးတဲ့ သူတွေကိုပေါ့။ အသက်ငယ်တဲ့ သူတွေကျတော့ အဆောင်က သတ်သတ်ကျွေးတယ်။ အခုလိုမျိုး အဘွားတို့ကို လွတ်ပေးတဲ့အတွက် သမ္မတကြီးကို ကျေးဇူးတင်တယ်။ ကျန်းမာချမ်းသာပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်။ အခု ဝမ်းလည်းသာတယ်။ ကြည်နူးမိတယ်။
 ကျွန်မနာမည်ကတော့ မအေးချမ်းပါ။ အသက်ကတော့ (၄၆) နှစ် တောင်ဒဂုံမှာ နေတယ်။ ၁၇(၁)/ ၁၃(၁) နဲ့ ၂၀၀၅ ခုနှစ် (၁၁) လပိုင်းမှာ စကျတာပါ။ ထောင်ထဲမှာ နေတာကတော့ (၆)နှစ် နဲ့ (၄)လ ရှိသွားပြီ၊ ထောင်ထဲဝင်စတုန်းကတော့ အဆင်မပြေမှုတွေ ရှိတယ်။ တဖြည်းဖြည်းချင်း ထောင်က တိုးတက်လာတော့ နေရတာလည်း အဆင်ပြေတယ်။ လွတ်တဲ့သူတွေအတွက်ကို ကျွန်မက ဝမ်းသာပါတယ်။ ကျွန်မအနေနဲ့ကတော့ ဝမ်းနည်းဝမ်းသာ သိပ်မခံစားရပါဘူး၊ လွတ်တဲ့သူတွေအတွက် ဝမ်းသာသလို ကျန်ခဲ့တဲသူတွေကိုလည်း သူတို့ စိတ်သာရာ ရစေချင်တယ်။ သူတို့ကိုလည်း ထိုက်သင့်တဲ့ အခွင့်အရေးလေးပေါ့နော်။ အလျောအပေါ့လေး ခံစားစေချင်တယ်။ သူတို့ကို ပြောခဲ့တဲ့ စကားကတော့ မကြာခင်လွတ်မှာပါ။ အားတင်းထားပါလိုတော့ ပြောခဲ့ပါတယ်။ ကျွန်မအနေနဲ့ကတော့ ဖြစ်လာမယ့်ဘဝ သက်တမ်းမှာတော့ အကောင်းဆုံးဖြစ်အောင် နေထိုင်သွားမှာပါ။
 ကျွန်တော့နာမည်ကတော့ ကိုတိုး အသက်က (၈၃) နှစ်၊ သနပ်ပင်မှာ နေတယ်။ မုဒိမ်းမှုနဲ့ပါ။ လွတ်ဖို့ကတော့ မလိုတော့ဘူး၊ ထောင်ထဲမှာ အဆင်မပြေတာတွေ ရှိတယ်။ တာလပေါနဲ့ပဲ စားနေရတယ်။
 အဘွား နာမည်ကတော့ ဒေါ်ခင်စန်း အသက်က (၇၆) နှစ်၊ ကျောက်တံတားမှာ နေတယ်။ ပုဒ်မ ၄၂၀/ ၂၀၁၀ က ကျတာ။ (၆) နှစ်ကျတယ်။ အခု ထောင်ထဲမှာ နေတာက (၁၀) လပဲ ရှိသေးတယ်။ အခုလို စောစီးစွာလွတ်တော့ ဝမ်းသာတယ်။ ကိုယ်ထွက်လာရတော့ သူတို့ကိုလည်း နောက်ထပ် လွှတ်ပေးဦးမှာပါ။ အားတင်းထားပါလို့ ပြောခဲ့တယ်။
 အဘွား နာမည်ကတော့ ဒေါ်ခင်ကြိုင် အသက်က (၇၄) နှစ်ပါ။ မြောက်ဥက္ကလာမှာ နေတယ်။ ဆေးမှု ဘိန်းမှုနဲ့ အနှစ် (၅၀) ကျတယ်။ ကျတာကတော့ (၈)နှစ် ရှိပြီ၊ ထောင်ထဲမှာတော့ အဆင်ပြေပါတယ်။ အဆင်မပြေတာတွေ မရှိပါဘူး၊ နိုင်ငံတော်လာမှ လွတ်မယ်ဆိုတာ ကိုယ်က သိထားတယ်လေ၊ ဒီလောက်နှစ်တွေ ကျနေတာ သူများအမှု နည်းနည်းလေးတွေက လွတ်သွားတယ်၊ အခုလိုမျိုး လွတ်လာတော့ စိတ်ထဲမှာ ပေါ့သွားတယ်။ ကျန်ခဲ့တဲ့သူတွေလည်း လွတ်မှာပါ။ စိတ်ထဲမှာ အရမ်းပေါ့ပါးသွားတယ်။ ဝမ်းလည်း ဝမ်းသာတယ်။ နောက် ဒီလိုလဲ မလုပ်တော့ပါဘူး။
 ကျွန်မ နာမည်ကတော့ မသဲသဲပါ။ အသက်က (၄၈) နှစ် ဒဂုံတောင်ပိုင်းမှာ နေတယ်။ ၁၅/(က) နဲ့ (၁)နှစ် (၆)လ ကျတာ ထောင်ထဲမှာ (၁၀)လ ရှိသွားပြီ၊ အခုလိုမျိုး လျှော့ရက်တွေနဲ့ လွတ်လာရတဲ့အတွက် ဝမ်းသာပါတယ်။ နိုင်ငံတော်ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျန်ခဲ့တဲ့သူတွေလည်း အများကြီး ရှိပါတယ်။ ထောင်ထဲမှာတော့ အဆင်မပြေတာတွေ ရှိပေမယ့်လည်း အဆင်ပြေအောင်တော့ နေရတာပေါ့နော်။ ကိုယ့်အိမ်မှ မဟုတ်တာ သူတို့တွေကတော့ အတတ်နိုင်ဆုံး အဆင်ပြေအောင် လုပ်ပေးထားတာ။ ကိုယ့်ရဲ့စိတ်နဲ့ မတွေ့တာတော့ ဘယ်တတ်နိုင်မလဲ၊ အထဲမှာလည်း အများကြီး ကျန်ခဲ့ပါသေးတယ်။ ကျန်ခဲ့တဲ့ မိတ်ဆွေ အတွက်တော့ စိတ်မကောင်းဘူး မိသားစုတွေအတွက်တော့ ကြိုပြီးဝမ်းသာ ဝမ်းနည်းတော့ ဖြစ်မိပါတယ်။
ကျွန်မ နာမည်ကတော့ မမြင့်မြင့်ကြည်ပါ။ အသက်က (၄၄) နှစ် တောင်ဒဂုံမှာ နေတယ်။ ၁၅(က) နှစ်လုံးထီ လောင်းကစားမှုနဲ့ (၁) နှစ် (၆)လကျတာ။ အခုလိုမျိုး လွတ်ရက် မစေ့သေးပဲ လွှတ်ပေးလိုက်တဲ့အတွက် ကျေးဇူးတင်တယ်။ ကိုယ့်သားသမီးတွေနဲ့ ပြန်တွေ့ရမယ်ဆိုတော့ ဝမ်းသာတယ်။ ထောင်ထဲမှာ အဆင်မပြေတာတော့ မရှိခဲ့ပါဘူး။ လွှတ်ပေးတဲ့ အထဲမှာလည်း ကိုယ်ပါမယ်လို့ လုံးဝ မထင်ထားခဲဘူး၊ အဲဒီ့အတွက် ဘာမှလည်း မပြင်ဆင်ထားခဲ့ဘူး၊ ဒီမနက်ခေါ်တော့မှ ကိုယ့်နာမည်ပါတော့ ပျော်လည်းပျော်တယ်၊ မျက်ရည်လည်း ကျမိပါတယ်။ ကျန်ခဲ့တဲ့ သူတွေအတွက်တော့ စိတ်မကောင်းဘူးပေါ့။
 ကျွန်မနာမည် မသင်းသင်းပါ။ အသက်က(၄၂)နှစ် ဒလမြို့နယ်မှာ နေပါတယ်။ လူရောင်းစား ထိခိုက်နာကျင်မှုနဲ့ ၂၀၀၅ ခုနှစ်က ဖမ်းပြီး၂၀၀၆ ခုနှစ်မှာ အမိန့်ချတယ်။ (၁၃)နှစ်ကျတယ် အခုဒီ ထဲမှာနေခဲ့ရတာက လွတ်ရက်နီးပါး ဖြစ်နေပြီ၊ ဒါပေမယ့်လည်း အခုလွတ်တဲ့အတွက် အရမ်း ဝမ်းသာတယ်။ နှစ်ကြီးသမားတွေ အများကြီးနဲ့ (၁၀) နှစ်ကျော်နီးပါး နေသား ကျနေခဲ့ပါပြီ၊ ထောင်ထဲမှာလည်း အများကြီး ပါသေးတယ်။ သူတို့မလွတ်တဲ့ အခါကျတော့ စိတ်မကောင်းဘူး၊ အတူတူနေခဲ့တဲ့ သူတွေထဲမှာ ကိုယ်ကလွတ်လာပြီး သူတို့တွေက ကျန်ခဲ့ရတော့ စိတ်မကောင်းဘူး။ အားလုံး ဒီရက်ထဲ ပြန်ရပါစေဆိုပြီး အော်ပြီးတော့ နှုတ်ဆက်ခဲ့သေးတယ်။ သူတို့အတွက်တော့ စိတ်မကောင်းဘူး ကိုယ့်အတွက်တော့ ပျော်မိပါတယ်။
 ကျွန်မနာမည် ဒေါ်ကြင်ဥပါ အသက်က (၅၁)နှစ်၊ ရွှေပြည်သာမှာ နေတယ်။ ဆေးမှုနဲ့ (၅)နှစ် ကျခဲ့တာ လွတ်ရက်ကတော့ နီးနေပါပြီ။ ထောင်ထဲမှာ အားလုံး အဆင်ပြေပါတယ်။ အခုလိုမျိုး စောစီးစွာ လွတ်ရတဲ့အတွက် အရမ်းလည်း ဝမ်းသာပါတယ်။ ထောင်ထဲမှာ ကျန်ခဲ့ရတဲ့သူတွေ အများကြီး အတွက်ကိုတော့ စိတ်မကောင်းပါဘူး။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...