မိန်းကလေးတွေ ဘာကြောင့် မျက်ရည်ကျလွယ်ရတာလဲ
by စာပေခရီးသွားခြေလှမ်းများ on Saturday, October 1, 2011 at 7:56pm
ဒီမေးခွန်းကို မေးလာတိုင်း လူတွေက အဖြေအမျိုးမျိုး၊ ရလာဒ် အထွေထွေ နဲ့ ဖြေဆိုလေ့ရှိကြပါတယ်။ တချို့က မိန်းကလေးမို့လို့ ငိုတာပေါ့ လို့ ဖြေသူတွေ ရှိသလို၊ တချို့ကလဲ ၀မ်းနည်းလို့ပေါ့ လို့ ဖြေကြပါတယ်။ စာဖတ်သူတွေ အနေနဲ့လဲ သဘောထားအမျိုးမျိုးကွဲလွဲ နိုင်ကြပါတယ်။
ကျွန်တော်ဖတ်ဖူးတဲ့ ပုံပြင်လေးကတော့ ဒီလိုပါ။
တခါက ကောင်လေးတစ်ယောက်ရှိတယ် ။ တနေ့တော့ သူက သူ့မိခင် ငိုနေတာတွေ့တော့ မေးသတဲ့ "မေမေ... ဘာလို့ ငိုနေတာလဲဟင်"
အမေဖြစ်သူက "မိန်းကလေး ဖြစ်လို့ပေါ့ သားရဲ့ " လို့ပြန်ဖြေပါတယ်။
ကောင်လေးက "သား နားမလည်ဘူး မေမေ" လို့ပြောတော့ အမေက သားကို ဖက်ရင်းနဲ့ "သားကတော့ ...ဘယ်တော့မှ မငိုရဘူးနော် သား" လို့ပြောပါတယ်။
ဒါနဲ့ ကောင်လေးက အဖေဖြစ်သူကို သွားမေးပြန်ပါတယ် "ဖေဖေ... မေမေက ဘာမှလဲ ငိုစရာအကြောင်းမရှိပဲ ဘာလို့ ငိုတာလဲဟင်" လို့မေးပါတယ်။
သူ့အဖေ ပြောလိုက်တာက "မိန်းကလေးတွေ အားလုံးက အကြောင်းပြချက် မရှိပဲနဲ့ မျက်ရည်ကျလွယ် ကြတယ် သားရဲ့ " လို့ ပြန်ပြောပါတယ်။
ဒီလိုနဲ့ ကောင်လေးလဲ အရွယ်ရောက်လို့ လူကြီးဖြစ်လာတော့တယ်။ သူက နေ့တိုင်းဆိုသလို မိန်းကလေးတွေ ဘာကြောင့်ငိုကြလဲ ဆိုတဲ့ အဖြေကို သိချင်နေတုန်းပဲလေ။
နောက်ဆုံးတော့ တနေ့ သူက အိပ်မက်မက်သတဲ့။ အိပ်မက်ထဲမှာ ဘုရားသခင် ကို ဖူးရတယ်။ ဒါနဲ့ သူက ဘုရားကိုလဲ တွေ့တော့ အရမ်းဝမ်းသာသွားပြီး၊ သူသိချင်တဲ့ မေးခွန်းကို မေးလိုက်တော့တယ် "အရှင် ဘုရား၊ ဘာဖြစ်လို့ မိန်းကလေးတွေက မျက်ရည်လွယ်ရတာလဲ "
ဘုရားသခင်က ပြောတယ်...
" ချစ်သား၊ ငါ ဘုရား.... မိန်းကလေးကို ဖန်ဆင်းခဲ့တုန်းက အထူးအစီအမံ ပြုလုပ်ပြီး ဖန်ဆင်းခဲ့ရတယ်ကွဲ့ ၊
ကမ္ဘာကြီးရဲ့ အလေးချိန်ကို သယ်မနိုင်တဲ့ ခွန်အားတွေရှိပြီး နှစ်သိမ့်မှုပေးနိုင်တဲ့ နူးညံ့တဲ့ သူမ ပုခုံးကို ဖန်ဆင်းခဲ့ရတယ်။
ကလေးမွေးဖွားမှုကို ခံနိုင်ဖို့နဲ့ ကလေးတွေရဲ့ ကန့်ကွက်ငြင်းပယ်မှု ကို ခံနိုင်ဖို့အတွက်လဲ အတွင်းစွမ်းအား တွေ ပေးသနားခဲ့ရတယ်။
တခြားသူတွေ အရှုံးပေးနေချိန်မှာ ဆက်လက်လှုပ်ရှားရုန်းကန်နိုင်ဖို့နဲ့... ညည်းတွားမှုမရှိပဲ မိသားစုရဲ့ ဒဏ်တွေ၊ နာကျင်မှုတွေကို ခံစားနိုင်ဖို့လဲ စိတ်ဓာတ်မာကျောအောင် ဖန်တီးပေးခဲ့ရပြန်တယ်။
ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် ကလေးတွေက သူမအပေါ် ဆိုးနွဲ့ ပြုမူသည့်တိုင် ကလေးတွေကို နားလည်နိုင်ဖို့နဲ့ ခွင့်လွှတ် ချစ်ခင်တတ်ဖို့လဲ ခံစားချက်အသိတရားတွေ ဖန်တီးပေးခဲ့တယ်။
သူမ ခင်ပွန်းရဲ့ အနွံအတာ အမှားအယွင်းတွေကိုခံနိုင်ဖို့အတွက် ခွန်အားတွေပေးခဲ့ရသလို... သူမ ခင်ပွန်းရဲ့ နံရိုးတစ်ချောင်းကို ထုတ်ပြီး သူမကို အသုံးချ ဒီဇိုင်းလုပ်ထားရတယ်။ ခင်ပွန်းဖြစ်သူရဲ့ နှလုံးသား ကို ကာကွယ်ဖို့ အတွက်လေ။
ပြီးတော့ ကောင်းတဲ့ ခင်ပွန်းတစ်ယောက်ဟာ သူ့မိန်းမဖြစ်သူကို ဘယ်တော့မှ နာကျင်အောင် မလုပ်ဘူးဆိုတာလဲ သူမကို အသိပေးထားရပြန်တယ်...ဒါပေမဲ့ တစ်ခါတစ်ရံ သူမရဲ့ စိတ်ဓာတ်ခွန်အားကို စမ်းသပ်ဖို့အတွက် သူမခင်ပွန်းဘေးမှာ ဘယ်လောက် ကြံ့ကြံ့ခံရပ်တည်ဖြေရှင်းပေး နိုင်လဲဆိုတာနဲ့ စမ်းသပ်ခဲ့ရပြန်တယ်။
နောက်ဆုံးတစ်ခုက ငါ ဘုရား... သူမကို သောကတွေ ဖြေသိမ့်ဖို့ အတွက် မျက်ရည်ကို ပေးသနားခဲ့တယ်။ လိုအပ်တဲ့အခါ သူမ အကန့်အသတ်မရှိအသုံးချဖို့ပေါ့ "
ဘုရားသခင်က ဆက်ပြောတယ် "သိပြီလား သားတော်... မိန်းကလေးတစ်ယောက်ရဲ့ အလှအပဆိုတာ သူမ ၀တ်ဆင်တဲ့ အ၀တ်အစားမဟုတ်ဘူး။ သူမနဲ့ အတူပါလာတဲ့ အဆောင်အယောင်တွေမဟုတ်ဘူး။ သူမဖီးလိမ်းပြင်ဆင်ပုံတွေ မဟုတ်ဘူး။ တကယ်က မိန်းကလေးတစ်ယောက်ရဲ့ အလှအပဆိုတာ သူမရဲ့ မျက်ဝန်းအိမ်ထဲမှာ ရှိတဲ့မျက်ရည်ပဲ...ဘာလို့လဲဆိုတော့ သူမရဲ့ မျက်ရည်ဆိုတာ ချစ်ခြင်းမေတ္တာတွေ နေထိုင်ရာ နှလုံးသားအိမ်ရဲ့ သော့ချက်လေးဖြစ်လို့ပါပဲ "
မူရင်း ၊ ၊ Why women cry by Rah-Rah
(ဇေယျာ) 01/Oct/2011, Saturday, 9:00 pm
0 comments:
Post a Comment