နိုင်ငံရေး နှင့် မေတ္တာတရား
by Myo Chit Myanmar on Sunday, October 2, 2011 at 4:09am
ရေးသားသူ - မျိုးချစ်မြန်မာ
စာရေးသူ၏အမှာစာ ...
ချစ်လှစွာသော စာရှုသူတို့ကို ဦးစွာပထမ ပြောကြားလိုတာကတော့ ..
ဒီဆောင်းပါးဟာ နိုင်ငံရေးဆောင်းပါး လို့ခေါ်ချင်ရင် ရပေမယ့် တကယ်တမ်းကတော့ စာရေးသူရဲ့ “ သုံးသပ်အကြံပြု မေတ္တာရပ်ခံချက် “ လို့ ဘဲ ခေါ်စေချင်ပါတယ် ..
ဒီဆောင်းပါးကို မရေးသားခင် ရေးသားနေစဉ် ရေးသားပြီးချိန် ကာလ သုံးပါးလုံးမှာ စာရေးသူရဲ့ ရင်ထဲက မေတ္တာ ကရုဏာ စေတနာ နဲ့ သစ္စာ အားလုံးကို အရင်းခံထားတဲ့ ဆန္ဒ မှန်သမျှဟာ …
လက်ရှိ မြန်မာအစိုးရအဖွဲ့အစည်းအသစ် ဖက်မှ သော်လည်းကောင်း
ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖက်မှ သော်လည်းကောင်း
မည်သည့် ပြည်တွင်း/ပြည်ပ မြေပေါ်/မြေအောက် နိုင်ငံရေး/လူမှုရေး အဖွဲ့အစည်းများ ဖက်မှ သော်လည်းကောင်း
မည်သည့် တရားဝင်/တရားမဝင် လက်နက်ကိုင် အဖွဲ့အစည်းများ ဖက်မှ သော်လည်းကောင်း ထောက်ခံ ရပ်တည် ကာကွယ် ပြီးရေးသားထားတာ မဟုတ်ပါဘူး
မြန်မာပြည်သူပြည်သားများ အားလုံးရဲ့ အနာဂါတ် လှပသာယာစေရေး တစ်ခုထဲအတွက်ဘဲ ရှေးရှု ရည်ရွယ်ပြီး ရေးသားခဲ့ပါတယ် ဆိုတာကို စာရေးသူရဲ့ အနာဂါတ် မှ ကောင်းခြင်းများ အားလုံးနဲ့ လဲလှယ် ကျိန်တွယ် ပြောကြားလိုက်ပါတယ်။
အဆုံးထိဖတ်ပြီးရင် အနည်းငယ်မျှ လက်ခံနိုင်တယ်ဆိုရင်ဘဲ အထူး ကျေနပ် ဝမ်းသာ ပီတိ ဖြစ်ရမှာပါလို့ ကြိုတင် ကျေးဇူး ဥပကာယ တင်ရှိလိုက်ရပါကြောင်း ပြောကြားလိုက်ပါရစေ …
မျိုးချစ်မြန်မာ
______________________________________________________________
အပြောင်းအလဲ ရဲ့ ပဲ့တင်သံများ
ဦးသိန်းစိန် သမ္မတ ဖြစ်လာတဲ့ အရပ်သားအစိုးရသစ် သို့မဟုတ် စစ်မှုထမ်းဟောင်း အစိုးရ ဖွဲ့စည်းအပြီးမှာ နိုင်ငံတကာက မြန်မာနိုင်ငံရေးအဖွဲ့အစည်းများရဲ့ သရော်လှောင်ပြောင်ပြစ်တင်ရှုံ့ချမှုတွေဟာလဲ တစ်ခဲနက်ထဲ ထွက်ပေါ်လာခဲ့ပါတယ်။
ဒီဆောင်းပါးရဲ့ ဦးတည်ချက် ကနေ မလိုအပ်ဘဲ သွေဖီသွားစေမယ့် ဝေဖန်မှုတွေကို ထည့်မရေးတော့ပါဘူး
အားလုံးဘာတွေကြားနေခဲ့ကြရတယ်ဆိုတာ သိပြီးသားဖြစ်ပါလိမ့်မယ်။
အဓိကကျတဲ့အချက်တွေကိုဘဲ ကောက်နှုတ်တင်ပြပါရစေ။
(၁) အများစုက ဒါ သက်သက်မျက်လှည့်ပြတာ တကယ်တမ်းတော့ ဒီပုတ်ထဲက ဒီပဲတွေပါဘဲ ကုလားကြီးကနေ ဘာဘူကြီး ဖြစ်သွားတာ စသည်ဖြင့်ဝေဖန်ကြပါတယ်။
ဒီအတွက် ဘာမှ ပြောစရာမရှိပါဘူး။
နိုင်ငံတကာ အသိုင်းအဝိုင်းက စစ်တပ်အုပ်ချုပ်တဲ့ အစိုးရ ကို လက်မခံဘူးလို့ တင်းခံထားတဲ့အခါမှာ နိုင်ငံရေး သီအိုရီအရ ဒီလိုဘဲ လုပ်ပြရမှာပါဘဲ။
ရောမရောက်ချင်ရင် ရောမလို စတင် ကျင့်ကြံနေထိုင်ပြရမှာပါဘဲ။
ဘယ်လိုဘဲဖြစ်စေ ဒါဟာ မြန်မာ အစိုးရက နိုင်ငံတကာရဲ့ ဖိအားပေးမှုကို မသိမသာ လိုက်နာပြလိုက်တာ ဆိုတာ မေ့လိုက်လို့မရပါဘူး။
ဒါဟာ အတိုက်အခံတွေအတွက် အောင်မြင်မှုတစ်ရပ်လဲဖြစ်တယ် ဆိုတာကို မြင်အောင်ကြည့်တတ်ရပါမယ်။
ဒါကြောင့် မြန်မာ အစိုးရ အသစ်ဖွဲ့စည်းမှုကို အကြွင်းမဲ့ထောက်ခံပါတယ်။
(၂) ဒါဆိုရင် ဘာလို့ NLD ကို အာဏာပြန်မပေးတာလဲ
ဒီနေရာမှာ NLD ကို အာဏာပြန် ပေးမပေး ဆိုတာထက် လူသားတွေရဲ့ ကြောက်ရွံ့ခြင်းတရားကို အရင် ပြန်ဆန်းစစ်ရပါလိမ့်မယ်။
၁၉၉၀ ရွေးကောက်ပွဲတုန်းက မထင်မှတ်ထားတဲ့ ရလာဒ်ကို အဲ့ဒိတုန်းက ခေါင်းဆောင်ပိုင်းတွေက အစ လုံးဝတုန်လှုပ်သွားခဲ့ပါတယ်။
ငါတို့ မသိတဲ့ ငါတို့ကို မုန်းနေတဲ့ ပြည်သူတွေ ဒီလောက်တောင်များနေပြီလားဆိုတဲ့ သံသယ ဟာ စစ်အစိုးရရဲ့ ထိပ်သီး ခေါင်းဆောင်ပိုင်းတွေအထိ ဂယက်ရိုက် လွှမ်းမှိုးသွားခဲ့ပါတယ်။
ဒီတော့ လူ့သဘာဝအရ စစ်အစိုးရ ခေါင်းဆောင်တွေမှာ ပြည်သူတွေရဲ့ မေတ္တာ နဲ့ပါတ်သက်ပြီး မိမိကိုယ်ကို ယုံကြည်ခြင်း အလွန်အမင်းလျော့ပါးသွားခဲ့ပါတယ် ..။
ဒီမှာ တစ်ခု သတိရသင့်တာက .. သတ္တဝါတွေတိုင်းဟာ အရမ်းကြောက်လာရင် ကြောက်ကန် ပြန်ကန်တတ်ပါတယ်။
ကိုယ့်ကို သတ်ချင်လောက်အောင် မုန်းနေပြီလို့ သေချာသိထားတဲ့ လက်နက်မဲ့ (လူတစ်စု သို့မဟုတ် လူထု) ရဲ့လက်ထဲကို ကျည်အပြည့်ထည့်ထားတဲ့ သေနပ် တစ်လက် လွှဲပေးလိုက်ဖို့ဆိုတာ အဲ့ဒိ သေနပ်ကိုလက်ဝယ်ကိုင်ထားနိုင်ဆဲဖြစ်တဲ့ ကာယကံရှင်အတွက် အင်မတန် ရူးသွပ်တဲ့ စွန့်စားမှု ပါဘဲ။
ဒါဟာ လူ့သဘာဝအရ လက်တွေ့မှာ ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်တဲ့ လုပ်ရပ်တစ်ခုဆိုတာ သဘာဝကျပါတယ်။
ဒီတော့ ကြောက်ကန်ကန်ပြီး " ကဲ မင်းတို့နိုင်လဲ မပေးနိုင်ဘူးကွာ " လို့ မျက်စေ့မှိတ် နားပိတ် ငြင်းဆန်မှုဆိုတဲ့ သဘာဝကျတဲ့ အခြေအနေတစ်ခု ဖြစ်လာခဲ့တာပါဘဲ။
(၃) ဒါဆို နှစ် ၂၀ လောက်ကြီး ဘာလို့ အချိန်ဆွဲနေခဲ့တာလဲ
မိမိ နှင့် မိမိ ၏ မိသားစု ဘဝ အနာဂါတ် ပြည့်စုံ လုံခြုံရေးဆိုတဲ့ လူသားတွေရဲ့ အတ္တ ကိုဘဲယိုးမယ်ဖွဲ့ရပါလိမ့်မယ်။
တကယ်တမ်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတဲ့ Constitution ဟာ သေချာ အားထုတ်ကြိုးစားပြီး ရေးဆွဲခဲ့ရင် လအနည်းငယ်အတွင်းမှာတင် အပြီးရေးလို့ရပါတယ်။
နှစ် ၂၀ မကြာပါဘူး။
ဘာလို့ဆိုတော့ ဥပဒေရဲ့အခြေခံ တွေအားလုံးက မူရင်းအတိုင်းဘဲ ရှိနေဆဲပါဘဲ။
ပြင်ဆင်ပြောင်းလဲရတာလေးတွေ က အနည်းငယ်ဘဲရှိပါတယ်။
ဒါပေမယ့် အဲ့ဒိ နှစ် ၂၀ လုံးလုံး စစ် အစိုးရရဲ့ခေါင်းဆောင်ပိုင်းမှာ ဒါဟာ မေ့လျော့နေခဲ့တဲ့ ပုံပြင်တစ်ခု မဟုတ်ခဲ့ပါဘူး။
ဘယ်သူမှ အစ မဖေါ်ရင် အသာလေးနေနေတာကောင်းတယ် ဆိုတဲ့ ရေစုန်မျှော သီအိုရီ ကြောင့် အဲ့ဒိလောက်ကြာခဲ့တာပါ။
ဒီအတွက် အစိုးရဟောင်း နဲ့ ထပ်တူ အပြစ်ရှိခဲ့သူတွေဟာ နိုင်ငံတကာထောက်ပံ့မှုတွေ နဲ့ လည်ပါတ်နေခဲ့တဲ့ ပြည်တွင်း ပြည်ပ အတိုက်အခံ အဖွဲ့အစည်းတွေပါဘဲ။
" သူတို့က ဘာမှမလုပ်တော့လဲ ငါတို့က ဘာလုပ်လို့ရမှာလဲ " ဆိုတာဟာ အဖွဲ့အစည်းတစ်ခုကို ခေါင်းဆောင် နေတဲ့ Executive Decission ရှိသူ တစ်ယောက်ရဲ့ ပေးခွင့်မရှိတဲ့ Excuse (ဆင်ခြေ) တစ်ခုပါ။
7 July, အာဇာနည်နေ့ ဘုန်းမော်နေ့ ၈ လေးလုံးနေ့ တွေမှာ Statement တွေ ထုတ်တာ …
အဝတ်နီတွေ ခွပ်ဒေါင်းပုံ ခေါင်းစည်း လက်စည်းတွေ ပါတ်ပြီး ကြွေးကြော်သံတွေကို ပြည်ပကနေ အော်ဟစ်နေတာတွေ ဟာ မြန်မာ့ နိုင်ငံရေးကို သို့မဟုတ် မြန်မာ စစ်အစိုးရရဲ့ သဘောထားကို ဘယ်တုန်းကမှ အကျိုးသက်ရောက်မှု မရခဲ့တာကို နားလည်ဖို့ နှစ် ၂၀ လုံးလုံး မကြာသင့်ပါဘူး။
အဲ့လို လှုပ်ရှားမှုတိုင်းဟာ အာဏာရှိ အစိုးရကို ပန်းနဲ့ပေါက်ပြီး ကလူကျီစယ်နေသလောက်တောင် သက်ရောက်မှု ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ။
(၄) ဒါဆို ခုမှ အစိုးရအသစ်က ဘာ လို့ မင်းသားခေါင်းစွပ်နေတာလဲ
အခု အချိန်ဟာ အပြောင်းအလဲ ကို နိုင်ငံတကာက စောင့်ကြည့်ဝေဖန်နေတဲ့အချိန်ဖြစ်သလို
အတိတ် က ရခဲ့တဲ့ သံသယ တွေကို ရိုက်ချိုးပစ်ရမယ့် အချိန်လဲ ဖြစ်ပါတယ်။
ဒီတော့ အစိုးရအသစ်မှာ ယခင် အစိုးရတွေ အကောင်အထည် ဖေါ်မပေးနိုင်ခဲ့တဲ့ ကတိတွေ အားလုံးကို လက်တွေ့ ဖြည့်ဆည်းပေးရမယ့် အချိန်လဲ ဖြစ်နေတာကြောင့် ကတိအကြီးကြီးတွေ ပေးပြီး မတည်နိုင်ခဲ့တဲ့ အနေအထားမျိုး ပြန်မရောက်လေရအောင် လက်ရှိ အခြေအနေမှာ သူတို့ တကယ်လုပ်ပေးနိုင်တဲ့ အခြေခံအကျဆုံး လိုအပ်ချက်တွေကနေ စတင် ဖြည့်ဆည်းပေးနေတယ်ဆိုတာ ပေါ်လွင်နေပါတယ်။
လတ်တလော နေရာတိုင်းမှာ အော်ဟစ်နေကြတဲ့ မြစ်ဆုံရေကာတာဆောက်လုပ်ရေးကို ရပ်ဆိုင်းပေးလိုက်တာဟာ ဦးနေဝင်းအစိုးရ စတက်ခဲ့ကထဲက ခုထိ နှစ်ပေါင်း ၅၀ နီးပါးမှာ အစိုးရဖက်ကနေ ပြည်သူတွေ ရဲ့ ဆန္ဒကို ကြီးကြီးမားမား တွန်းလှန်အာခံမှု မရှိဘဲနဲ့ ပထမဆုံးအကြိမ် ပျော့ပြောင်းစွာ လိုက်လျောလိုက်တာလဲ ဖြစ်ပါတယ်။
ဒီ ကိစ္စ ကိုလဲ အမေရိကန် အစိုးရ UN နဲ့ ASEAN တို့ကလဲ ခုထက်ထိတော့ အလေးပေးပြီး ပြောဆိုခြင်း ကန့်ကွက်ခြင်း ဖိအားပေးခြင်း တွေ မလုပ်ခဲ့သေးတဲ့အတွက် ဒီ လိုက်လျောမှုဟာ ပြည်သူတွေရဲ့ ဆန္ဒ နဲ့ ရင်ထဲက အသံတွေကို တိုက်ရိုက်ဦးတည် တုံ့ပြန်လိုက်ခြင်းဖြစ်တယ် ဆိုတာ ထင်ရှားပါတယ်။
ဦးနေဝင်း အစိုးရ ၈၈ မှာပြုတ်ကျသွားတာဟာ ဆက်ရပ်တည်ဖို့ မဖြစ်နိုင်လောက်အောင် ကြီးမားနေတဲ့ လူထုအုံကြွမှု နဲ့ ပြည်သူတွေရဲ့ ဟုန်းဟုန်းတောက်နေပြီဖြစ်တဲ့ ဒေါသ တွေ ကို ကြောက်လန့်ပြီး ဆင်းပြေးသွားတာပါ။
ဒါဟာ သူ့ဆန္ဒ အလျောက် ဘယ်တွန်းအားပေးမှု မှ မပါဘဲ ကြည်ကြည်ဖြူဖြူ လိုက်လျောခဲ့တာ မဟုတ်တဲ့အတွက် ဒီဖြစ်ရပ်ကို စစ်အစိုးရရဲ့ လိုက်လျောမှုလို့ ကျွန်တော် မသုံးသပ်ပါဘူး။
ခု ဦးသိန်းစိန် အစိုးရ ရဲ့လိုက်လျောမှုတွေဟာ နိုင်ငံရေးပရိယာယ် လို့ ဘဲ ဆိုဆို မြန်မာ့သမိုင်းမှာ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးကထဲက တစ်ခါမှ မရှိဖူး မရဖူးခဲ့တဲ့ ပျော့ပြောင်းလာမှုတွေ ဆိုတာ သိသာနေတယ် ဆိုတာကို ဘယ်သူမှ ငြင်းလို့မရပါဘူး။
VOA လို အင်အားကြီး အတိုက်အခံ Media သတင်းဌာန အပြင် သူတို့ကို အမြဲ ဝေဖန် ပုတ်ခတ်နေတဲ့ သတင်းဌာန တွေ တော်တော်များများ ကို လွှတ်တော် ထဲ အထိ ဖိတ်ခေါ်ပြီး လွတ်လပ်စွာ သတင်းယူခွင့်ပေးခဲ့တာဟာ ကျွန်တော့်တစ်သက်မှာတော့ ဦးနေဝင်း အစိုးရ လက်ထက်ကနေ VOA ရဲ့ သက်တမ်းမှာ ပထမ ဆုံး ဖြစ်ပါတယ်။
အရင်တုန်းက လဖ္ဘက်ရည်ဆိုင်မှာ ဖွင့်နားထောင်မိရင်တောင် အဖမ်းခံခဲ့ရတဲ့ ပြည်ပ အသံလွှင့်ဌာန တစ်ခု ကို လွှတ်တော်ထဲအထိ ကြည်ဖြူဖိတ်ခေါ်ခဲ့တယ်ဆိုတာ သာမန်ထက် ထူးခြားတဲ့ ပျော့ပြောင်းခြင်းတစ်ခု ဆိုတာ VOA နဲ့ VOA မပြတ်နားထောင်သူတွေ အသိဆုံးဘဲဖြစ်မှာပါ။
(၅) နိုင်ငံရေးအကျဉ်းသားတွေကိုတော့ အရင် မလွှတ်ဘဲ ဘာလို့ ပြည်ပက မြန်မာတွေကို ဆွဲခေါ်နေသလဲ
အဲ့ဒိ အချက်က တကယ်ဆို လွယ်လွယ်လေး ဆွဲပြော ဆွဲတွေးလို့မရပါဘူး။
ကိုသူရ တို့ ကို မင်းကိုနိုင် တို့ဟာ ယုံကြည်မှု စိတ်ထားပြင်းထန်တဲ့ သူတွေ ဖြစ်တဲ့အလျောက် သူတို့ကို အစိုးရကလဲ ပကတိ ယုံကြည်မှု နဲ့ အကြွင်းမဲ့ လွတ်လပ်ခွင့်ကိုလဲ ချက်ချင်း ပေးဝံ့ ဦးမှာ မဟုတ်ပါဘူး။
ဒီတော့ လောလောဆယ် အပေါင်းလက္ခဏာ ရလာဒ်တွေကိုဘဲ နိုင်ငံတကာ နဲ့ ပြည်သူတွေကို လက်တွေ့ အကောင်အထည်ဖေါ်ပြမှု စတင်နေစဉ် ကာလအတွင်းမှာ အစိုးရအသစ်ဟာ
၎င်းတို့ကို တိုက်ရိုက် ကန့်ကွက် တုံ့ပြန်လာမယ်လို့ယူဆရသူတွေ ..
နိုင်ငံတကာ ရဲ့စောင့်ကြည့်မှု မျက်ဝန်းတွေထဲက မြန်မာ အရပ်သားအစိုးရအသစ် ရဲ့ ပုံရိပ်တွေ အပေါ် အနှုတ်လက္ခဏာ ထင်မြင်စရာ ဖန်တီး ပြုမူလာနိုင်တယ်လို့ ယူဆထားတဲ့သူတွေ .. ကို ပွဲမထုတ်ရဲ လုံးဝ လွှတ်မပေးလိုက်ရဲသေးတာလဲ ပုံမှန်သဘာဝပါဘဲ။
ဒါဟာလဲ အကြာကြီး ဖြစ်နေမှာ မဟုတ်ပါဘူး။
အစိုးရသစ် ရဲ့ ရပ်တည်မှုကို လူတွေ တကယ် ယုံကြည်လုနီးနီး တစ်ချိန်မှာတော့ နိုင်ငံရေးတက်ကြွသူတွေကို ပြန်လွှတ်ပေးလာမှာ သေချာပါတယ်။
ဒီ အပြောင်းအလဲတွေအားလုံးကို ကျွမ်းကျင်သူပေါင်းများစွာနဲ့ အပြန်ပြန် ပူးပေါင်းတွေးခေါ်စီစစ် ပြီးမှ လက်တွေ့ အကောင်အထည်ဖေါ်လုပ်ဆောင်ခဲ့တယ်ဆိုတာ တိုးတက်ပြောင်းလဲလာတဲ့ဖြစ်စဉ်တွေကို ကြည့်ရင် သိသာပါတယ်။
အစိုးရအသစ်ဟာ သူတို့ကို သွားပုပ်လေလွင့်ဝေဖန်မယ့် သူမျိုး
အပြင်းအထန် ဆန့်ကျင်မယ်သူမျိုးတွေထဲကတစ်ချို့ကို ခေတ္တ ထိန်းသိမ်းထားဆဲပေမယ့်
ပြည်သူတွေရဲ့ လေးစားကြည်ညိုမှု ကိုအပြည့်ရရှိထားသလို အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းမှာ သြဇာသက်ရောက်မှု နဲ့ လေးစားခံရမှု အများဆုံးရရှိထားတဲ့ ထဲက ပကတိ ငြိမ်းချမ်းရေးကိုသာ လိုလားမှန်း သူတို့ ကိုယ်တိုင်ပါ ယုံကြည်ထားပြီးသား ဒေါ်အောင်ဆန်းစုကြည် လို သူ တွေကို အရင် နှောင်ကြိုးဖြေပေး လူထုရဲ့ ရှေ့ကိုပြန်ထုတ်ပေးခဲ့ပါတယ်။
အခုဆို သူတို့ ပိတ်ပင်တားမြစ်ထားတဲ့ ကိုကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်း F.F.S.S ကိုတောင် အစိုးရ အသိအမှတ်ပြု အဖွဲ့အစည်းအနေနဲ့ ဖိတ်ခေါ် ဆက်ဆံခဲ့ပါတယ်။
ဒါဟာ ကောင်းမွန်တဲ့ အပြုအမူတွေပါ။
နိုင်ငံရေး အကျဉ်းသားတွေ အးလုံးကို တစ်ပြိုင်ထဲ လွှတ်ပေးလိုက်ရင် ဘာတွေ ဖြစ်လာမလဲဆိုတာကိုတော့ အာဏာပိုင်တွေက ၈၈ ရဲ့ စည်းလွတ်ဝါးလွတ် နေ့ရက်တွေ နဲ့ နှိုင်းယှဉ် သုံးသပ်နေဆဲပါ။
အဲ့ဒိတုန်းက လျှော့တွက်လိုက်မိလို့ အစိုးရ ယန္တရား ကြီး တစ်ခုလုံး ပြိုလဲသွားတာမျိုးကို ထပ်အဖြစ် မခံဖို့ သူတို့ စိုးရိမ်မှုကြောင့် ကြိုတင်ကာကွယ်ထားတယ်ဆိုတာ သဘာဝကျပါတယ်။ ။
ဒီအချက်တွေ အဖြေတွေ ဟာ ကျွန်တော် လေ့လာ နားလည်ထားတဲ့ သမိုင်းကိုဘဲ အခြေခံပြီး တင်ပြထားခြင်းဖြစ်ပါတယ်။
သာစေနာစေ ဆိုတဲ့ စိတ် လုံးဝ မပါပါဘူးဆိုတာ အာမခံပါတယ်။
ဒီတော့ လောလောဆယ် ကြားနေရတဲ့ သံသယ စကားတွေ ကဲ့ရဲ့ပစ်တင်မှုတွေ ဆွေးနွေးတင်ပြမှုတွေ ဟိုကဒီက ကြားလာရတာတွေ အများကြီးထဲမှာ လက်ရှိ နိုင်ငံရေးအခြေအနေ နဲ့ အစိုးရသစ် ရဲ့ စတင် ပြောင်းလဲမှုတွေ အပေါ် တကယ် လက်တွေ့ ကျကျ သဘာဝအတိုင်း သုံးသပ်နေတာထက်ကို ဘာလာလာ ဆော်မှာဘဲ ဆိုတဲ့ ပုံစံအသေ နဲ့ အသင့်ပြင်ထားတဲ့ နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးနေတဲ့ အယူအဆ နဲ့ တုံ့ပြန်မှု တွေကိုဘဲ တွေ့နေရပါတယ်။
ဒီလို အမူအကျင့် နဲ့ စိတ်ထားတွေကို ကျွန်တော် သတိထားမိတာလဲ နှစ်ပေါင်းများစွာကြာနေခဲ့ပါပြီ။
ခုလဲ ဆိုးကျိုးထက် ကောင်းကျိုးကို လိုလားတဲ့စိတ်နဲ့ ထောက်ပြချင်တာပါ။
တိုက်ဆိုင်မှုရှိခဲ့ရင် ခွင့်လွှတ်ပါလို့ ကြိုတင်တောင်းပန်ပါတယ်။
ကျွန်တော့် နီးစပ်တဲ့မိတ်ဆွေ နိုင်ငံရေးသမားဆိုသူတွေ လက်ကိုင်သုံးနေကျစကားတစ်ခွန်းရှိပါတယ်။
“ နိုင်ငံရေးသစ္စာ “ လို့ ဆိုပါတယ်။
ဒီစကား ရဲ့အနက်အဓိပ္ပါယ် က ရိုးရှင်းပေမယ့် ဘာသာပြန်ပုံတွေ လွဲမှားနေတာ တွေ့ရပါတယ်။
နိုင်ငံရေးသစ္စာဆိုတဲ့ စကားလုံး ရဲ့ အဓိပ္ပါယ်က ကိုယ့်နိုင်ငံ နဲ့ လူမျိုးအတွက် ကောင်းကျိုးရှိမယ် ဆိုရင် ကိုယ် နဲ့ ကိုယ့် မိသားစု ရဲ့ အနာဂါတ် ရှေ့ရေး ပုဂ္ဂလိက ခံစားမှု အကျိုးအမြတ် နဲ့ အဆုံးရှုံးခံ စတေးရမှု ဆိုတာတွေကို လုံးဝ ထည့်မတွက်ဘဲ ကိုယ်ကျိုးစွန့် သင့်ရင် စွန့်ရဲရမယ် ဆိုတဲ့ နိုင်ငံပေါ်ထားတဲ့ သစ္စာပါ။
ဒါပေမယ့် နိုင်ငံရေး သမားလို့ ခံယူထားသူတွေ
တော်လှန်ရေး လုပ်နေတယ် လို့ ခံယူထားသူတွေ အများစု ရဲ့ ဖွင့်ဆိုချက်က
နိုင်ငံရေးသစ္စာဆိုတာ …
နိုင်ငံရေး နဲ့ ပါတ်သက်ရင် ရန်သူ (အစိုးရ) နဲ့ ရန်သူရဲ့ နောက်လိုက်တွေကို ထောက်ခံသူတွေ ကို သေသည်အထိ နားလည်ခွင့်လွှတ် စရာအကြောင်းမရှိ
ကောင်းကောင်းဆိုးဆိုး မှားမှားမှန်မှန် ဆန့်ကျင်ကြ
ဘယ်တော့မှ လေးစားဦးညွတ်စရာမလို
ရန်သူ လုပ်ရပ်မှန်သမျှ ပြဒါးတစ်လမ်းသံတစ်လမ်း
သူကဖြူဆို ကိုယ်ကမဲ ပြတ်ပြတ်သားသား ဆန့်ကျင်ပြရမယ်
လို့ နားလည်ထားကြတာ တွေ့ရပါတယ်။
အဲ့ဒိ အယူအဆ ဟာ အကြီးအကျယ် မှားယွင်းနေပါတယ်။
အစိုးရ ဘာလုပ်လုပ် လက်မခံဘူး လို့ သတ်မှတ်ထားတာ ..
သူတို့အမြဲမှားတယ် လို့ သတ်မှတ်ထားတာဟာ ..
တနည်းအားဖြင့် ..
ငါဘဲ အမြဲမှန်တယ် လို့ ခံယူတားတာပါဘဲ။
ဒီတော့ ဒီ အယူအဆ ဟာ နိုင်ငံရေးအပေါ်မှာ ထားတဲ့ သစ္စာ မဟုတ်တော့ပါဘူး။
မိမိ ရဲ့ မကျေနပ်မှု အတ္တ နဲ့ မာန အပေါ်မှာဘဲ မြဲမြံနေတဲ့ “ အတ္တသစ္စာ “ ပါ။
နိုင်ငံ နဲ့ လူမျိုး ကိုတကယ် ကောင်းစားစေချင်ရင် ငါဘယ်သူ သူဘယ်ဝါ ဆိုတဲ့ ပုဂ္ဂိုလ်စွဲဆိုတာ အရင်ဆုံးစွန့်လွှတ်ပြီးသားဖြစ်နေရပါမယ်။
တိုင်းပြည်ကောင်းစားဖို့ တကယ်လုပ်ပေးနိုင်ရင် ဘယ်သူဘဲဖြစ်စေ လက်ခံနိုင်ရပါမယ်။
သူလဲ အမှားလုပ်မိသလို ငါလဲ အမှားမကင်းဘူး ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ ဆင်ခြင်တုံတရား ရှိနေရမှာပါ။
နောက်ဆုံး မိမိ ရဲ့အကြီးမားဆုံး မဟာရန်သူတော်ကြီးဖြစ်နေပါစေ အများရဲ့အကျိုးအတွက် မာန ကို ခဝါချပြီး ဒူးထောက် ပေါင်းဆိုလဲ ရဲရဲကြီး ဒူးထောက် နိုင်ရပါမယ်။
အဲ့ဒါကမှ နိုင်ငံ့အပေါ်ထားတဲ့ နိုင်ငံရေးသစ္စာ အစစ်ဖြစ်ပါတယ်။
ငါ့ ခံစားမှုဆိုတဲ့ ငါအစွဲ ကို ဖြုတ်နိုင်မှ သစ္စာစစ်မှန်မှာပါ။
ဒါကို ဒိထက်လဲ ထပ်မပြောချင်တော့ပါဘူး။
ကိုယ်ဘယ်သူ ကိုယ်ဘယ်လို ဆိုတာ အရွယ်ရောက်ပြီးသူတိုင်းသိနားလည်ပြီးသားမဟုတ်လား ..။
ဒီတော့ လက်ရှိ ကြားနေရတဲ့ အသံတွေထဲမှာ ..
ပြည်ပ က လူတွေ ပြန်လာလို့ရပြီ ဆိုတော့ ပြန်ဝင်သွားကြတယ်။
သီးလေးသီးလဲ ပြန်ဝင်သွားတယ်။
ဟိုကလဲ ကတိအတိုင်း မဖမ်းဘူး။
ဒါကိုတွေ့တော့ အဲ့ဒိ ဖြစ်ရပ်ကို အကောင်းပြောဖို့ အပြစ်ကြီးတစ်ခုလို ရှောင်ရှားပြီးတော့ ...
အပြင်ကလူတွေ အထဲ ပေးမလာခင် နိုင်ငံရေးသမားတွေ ကိုတော့ အရင် မလွှတ်ဘူး
ဒါ လုံးဝ အဓိပ္ပါယ် မရှိဘူး
ဆိုတာတွေ စ ကြားရတယ်။
ဒီကြားထဲမှာလဲ နိုင်ငံရေးသမား တစ်ချို့ စလွှတ်ပေးခဲ့ပါတယ်။
ဒါပေမယ့် ကိုသူရ (ဇာဂနာ) တို့ ကိုမင်းကိုနိုင်တို့ တော့ မပါသေးဘူး ဆိုပြီး အော်ကြပြန်ရော။
လွှတ်တော်မှာ VOA အထိတောင် ပေးဝင် လိုက်တယ်။
ဒါလဲ နိုင်ငံရေးသမားတွေ ကို လွှတ်မပေးသေးသမျှ တရားမျှတ တဲ့ လွှတ်တော် မဟုတ်သေးဘူး ဆိုကြပြန်ရော။
ခု အားလုံး အသံပျောက်မတတ်အော်နေတဲ့ မြစ်ဆုံ ကိစ္စ
ဒီလောက် ခေါင်းမာခဲ့ဖူးတဲ့ အစိုး ရ က တစ်သက်နဲ့တစ်ကိုယ် ထူးထူးခြားခြား လူထုကို အလျှော့လဲပေးလိုက်ရော
နိုင်ငံရေးသမားတွေ ကိုတော့ မလွှတ်ပေးသေးဘူး
ဒါ နိုင်ငံရေး ပရိယာယ် ပါ အလကားအပိုတွေ ဆိုတဲ့ အသံတွေဘဲ ထပ်ထွက်လာပြန်တယ်။
ဒီတော့ ကျွန်တော် အမှန်အတိုင်းပြောရရင် အားနာလာပါတယ်။
ကျွန်တော် တို့ လူမျိုးတွေ ဟာ အင်မတန် ယဉ်ကျေးကြတာပါ။
တခုခု ကိုယ့်ကို ပေးဆပ်လိုက်တိုင်း ကျေးဇူးတင်ပါတယ် လို့ တုံ့ပြန်ဦးညွတ်တတ်တဲ့ လူမျိုးတွေပါ။
ခုမှ ဘာလို့ အဲ့ဒိ ဓလေ့လေးကို မေ့ထားကြတာလဲ။
သူတို့က ရိုင်းခဲ့ဖူးလို့ ငါတို့လဲ အမြဲပြန်ရိုင်းမယ်ဆိုတာ နိမ့်ကျတဲ့ အတွေးအခေါ်တစ်ခုပါ
မြတ်ဗုဒ္ဓ ဘုရားရှင် ဟောခဲ့တဲ့ မင်္ဂလာတရားတော်ထဲမှာ ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ရမယ် လို့လဲ ပါပါတယ်။
အဲ့ဒိ တရားတော်ထဲ မှာ ကျေးဇူးတင်ရပုံ အသေးစိတ်အနေနဲ့
အတိတ် နှင့် လက်ရှိ အခြေအနေပေါ်မူတည်၍ တို့
ကျေးဇူးပြုသူ ၏ နောက်ကြောင်း ရာဇဝင် ကိုမူတည်၍ တို့ ဆိုတဲ့ ခြွင်းချက်တွေ မပါပါဘူး။
ရန်သူ ဖြစ်နေပါစေ ကျေးဇူးရှိရင် ကျေးဇူးရှင် ပါဘဲ
ကျေးဇူး တင်သင့် တင်ထိုက် တင်နိုင် ပါတယ်။
ခုကိစ္စ ဟာ ဦးသိန်းစိန် နဲ့ အစိုးရ ဖက်က မလိုက်လျောလို့ မရလောက်အောင် နိုင်ငံတကာ ဖိအားအပေးခံနေရတဲ့ ကိစ္စ မဟုတ်ဘူးဆိုတာ နားလည်ပေးနိုင်ဖို့လိုပါတယ်။
ပြည်သူတွေဆန္ဒ ကြောင့်ဖြစ်လာတဲ့ သီးသန့် ဖိအားဆိုတာကတော့ ဘယ်အစိုးရလက်ထက်တုန်းက မှ ခေါင်းထဲတောင် အထည့်ခံရဖူးခဲ့တာ မဟုတ်ပါဘူး။
ဒါနဲ့ ပါတ်သက်ပြီး ပြောချင်တာက ...
စစ်မှန်တဲ့ပြောင်းလဲမှုတိုင်းဟာ အသေးမွှားဆုံး အဆင့်လေးတွေကနေ စ ရပါတယ်
အရမ်းကွာဝေးတဲ့ ပန်းတိုင်တစ်ခုကိုရောက်ဖို့ နှေးကွေးသေးငယ်တဲ့ ခြေလှမ်းတစ်ခုကနေ အစပြုရမှာပါဘဲ
ချက်ချင်းကြီး ဖုံးဒိုင်းဆိုပြီး လိုတရ အောင် ဘယ်သူကမှ မစွမ်းဆောင်နိုင်ပါဘူး
မြန်မာတွေ အားလုံး နေ့ချင်းညချင်း ဆန္ဒမှန်သမျှ ပြည့်ဝသွားအောင် ဆိုတာ ဦးသိန်းစိန် တင် မဟုတ်ဘူး ဒေါ်အောင်ဆန်းစုကြည် နဲ့ UN နဲ့ OBAMA နဲ့ သုံးစုပေါင်းတောင် မတတ်နိုင်ပါဘူး။
အခုက အစိုးရအသစ် နဲ့ ပြည်သူတွေ ကြားမှာ နှစ်ဖက်လုံးက မရဲတရဲ သွေးတိုးစမ်းနေတဲ့ကာလ ပါ
အမြဲတမ်း ရန်ဖြစ်နေကြ သူနှစ်ဦးဟာ ချက်ချင်းကြီး တည့်ပြလိုက်ရမှာကို ရှက်နေသလို အိုးတိုးအမ်းတမ်း အနေအထားဟာ အစိုးရ နဲ့ ပြည်သူ တွေ ကြားမှာလဲ ဖြစ်ကောင်းဖြစ်နေတတ်ပါတယ်။
အစိုးရ ရဲ့ သိသိသာသာ စတင်ပြသလာတဲ့ နူးညံ့မှု မှန်သမျှ ကို ပြည်သူတွေ နဲ့ အတိုက် အခံ အားလုံးက အတိတ်က အာဃာတတွေ ကို သဘောထားကြီးစွာ ခေတ္တ မေ့ဖျောက်ထားပြီး အစိုးရ ကောင်းတာလုပ်ရင် လုပ်သလို ထောက်ခံအားပေး ထုတ်ဖေါ်ချီးကျူးမှုတွေ များများ လုပ်ပေးတော့မှ လူထု နဲ့ အစိုးရ ရဲ့ ကြားမှာ ပျောက်ဆုံးနေတဲ့ ချစ်ကြည်ရင်းနှီးမှု အစစ်အမှန်တစ်ခု ကို ပြန်တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
လူဆိုတာ ကိုယ့်ကို ချီးမွှန်းရင် အားပေးရင် မကြိုက်တဲ့သူ မရှိပါဘူး။
လူတိုင်းဟာ Appreciate (ကျေးဇူးသိတတ်နားလည်) တာကို ကြိုက်တာသဘာဝပါဘဲ။
အစိုးရ ဖြစ်ဖြစ် စစ်သား ဖြစ်ဖြစ် သူတို့လဲ ချစ်တတ် မုန်းတတ် စိတ်ဆိုး နာကြည်း သနား ဝမ်းနည်း အားငယ် တတ်တဲ့ .. ခံစားမှုတွေ ရောပြွန်းနေတဲ့ လူသားတွေ ဘဲ ဖြစ်ပါတယ်။
ဒီနေရာမှာ အမြဲသိနားလည်ထားရမှာက လူတစ်ယောက် ဘယ်လောက်မှားခဲ့မှားခဲ့ အမှန်ကို နည်းနည်းလေးဘဲဖြစ်ဖြစ် ပြန်လုပ်ပြလာတဲ့အခါ သူ့ကို လုံးဝ ပုံစံသွင်းပေးနိုင်တာ ဘေးလူတွေ ရဲ့ တုံ့ပြန်မှုပါ။
သူဘယ်လောက်ဘဲ ကောင်းအောင် ကျိုးစားနေပြပြ အမြဲတမ်း ဒီအရင်က အပြစ် ကိုဘဲ ပြန်ပြန်ပြောပြီး သူဘာလုပ်လုပ် မကောင်းတဲ့ဖက်ကဘဲ အမြဲ နှိမ့်ချ ပျက်ရယ်ပြု တိုက်ခိုက် ဝေဖန် ပြောဆိုခြင်းဟာ လူတစ်ယောက်ရဲ့ အတ္တကို ဒေါသ လမ်းမှားပေါ်ကို ပြန်ဆွဲခေါ်နေတာမျိုး ဖြစ်စေပါတယ်။
ဘာလုပ်လုပ် မကောင်းတာဘဲ ပြောနေမယ့် တူတူ ဘာကိစ္စ ကောင်းပြနေစရာလိုသေးလဲ ဆိုတဲ့ စိတ်မျိုးဟာ သာမန်အရပ်သား မှာတောင် ဖြစ်တတ်သေးရင် ဝန်ကြီးချုပ် သမ္မတ လွှတ်တော်ကိုယ်စားလှယ် ဆိုတဲ့ ပုဂ္ဂိုလ်ကြီးများ မှာလဲ ဖြစ်လာနိုင်တဲ့ လူသားဆန်တဲ့ ခံစားမှု တစ်ခုဖြစ်ပါတယ်။
ကျွန်တော်တို့အားလုံး နှစ်ပေါင်းများစွာ စွဲကိုင်ထားတဲ့ အမုန်းတွေ အာဃာတ တွေ ရန်ညှိုးတွေ ကို မေတ္တာ ရဲ့ စွမ်းအား တစ်ခုထဲနဲ့ဘဲ ဖျက်ဆီး ပစ်လိုက်ကြစေချင်ပါတယ်။
ပြည်သူ နဲ့ အစိုးရ တကယ်ပြေလည်သွား မှ သာ ကျွန်တော်တို့ အားလုံး ငြိမ်းချမ်းတဲ့ အိမ်ထောင်တစ်ခု ကိုပြန်တည်ဆောက်နိုင်မှာပါ။
ဒိအပြင် တခြားနည်းမှန်သမျှ အကြမ်းဖက်တာ လက်နက်ကိုင်တာတွေ မှန်သမျှဟာ နောက်ဆုံး ပြည်သူတွေဘဲ နစ်နာခြင်းနဲ့ အပြီးသတ် ကျဆုံးခဲ့ပြီးတာကို ကမ္ဘာ့သမိုင်းမှာရောမြန်မာ့ သမိုင်းမှာပါ အကြိမ်ကြိမ် တွေ့ခဲ့ရပြီးပြီဘဲ။
ဒီတော့ ကျွန်တော် အားလုံးကို မေတ္တာရှေ့ထားပြီး ရပ်ခံချင်တာက လက်ရှိအစိုးရကို အလုံးစုံ ကြီး မယုံရသေးရင်တောင် ခဏလေးတော့ အချိန်ပေးပြီး စောင့်ကြည့်ပေးကြပါ။
ဒီမိုကရေစီ လိုလားသူတွေ ဖြစ်ကြောင်းပြသ တဲ့အနေနဲ့ သူတို့ကိုလဲ သံသယအကျိုးခံစားခွင့် (Benefit Of Doubt) ဆိုတဲ့ လူသားတိုင်းမှာ ရှိတဲ့ လူ့အခွင့်အရေး တစ်ခုကို ပေးလိုက်ကြပါ။
စောင့်ကြည့်နေရင်း ဆိုးတာတွေ့လို့ ဝေဖန်မယ်ဆိုရင် ကောင်း တာတွေ့ရင်လဲ ထုတ်ဖေါ်ပြီး အသိအမှတ်ပြုပေးကြပါ။
ကိုယ့်ကို စေတနာပေါက်လို့ ထမင်းချက်ကျွေးတဲ့သူကို ဟင်းမကောင်းဘူး ပြော
ဟင်းကောင်းအောင်ချက်တော့လဲ ငါးပိရည်တို့စရာမပါဘူး ပြော
ငါးပိရည်တို့စရာ လုပ်ပေးတော့လဲ အချိုပွဲက ဘယ်မလဲ လို့ တောင်းဆိုတဲ့ အပြုအမူ မျိုးဟာ လောဘကြီးလွန်းရာ ရောက်သလို စေတနာ ကုန်ခမ်းသွားစေတတ်ပါတယ်။
ဖြေးဖြေးပေါ့နော် တဖြည်းဖြည်း ရလာမှာပေါ့
အကုန်လုံးတော့ တစ်ချိန်ထဲ တစ်ပြိုင်ထဲ ဘယ်ရမလဲလေ
ခဏလေးတော့ စောင့်သင့်စောင့်ရမှာပေါ့
အကြာကြီးလဲ စောင့်ခဲ့ရပြီးပြီဘဲ မဟုတ်လား
အရေးအကြီးဆုံးက တစ်နေ့ ရွှေဥ တစ်လုံး စ ဥလာတဲ့ ငန်းကြီးကို ရင်ခွဲ မသတ်မိကြပါစေနဲ့ လို့ သတိပေးချင်ပါတယ်။ ။
အဆုံးသတ်မှာပြောချင်တာကတော့ ...
အမိနိုင်ငံကိုချစ်လို့ အမိနိုင်ငံရဲ့ အကျိုးကို တကယ်လိုလားတယ်ဆိုရင် အရေးအကြီးဆုံးက မိမိ တို့ ရဲ့ ကိုယ်ပိုင်ခံစားမှုတွေ ဖြစ်တဲ့ အတ္တတွေ မာန တွေ နာကျည်းမှုတွေ နဲ့ ပြည့်နှက်နေခဲ့တဲ့ နေ့စွဲအဟောင်းတွေ အတိတ်ဟောင်းတွေ မှတ်ဥာဏ်အဟောင်းတွေ ထဲက အစွန်းအထင်းတွေ အားလုံးကို နားလည် ခွင့်လွှတ် ကြိုဆိုခြင်းဆိုတဲ့ မေတ္တာတရား နဲ့ ဆေးကြောပြစ်ပြီး နှစ်ငါးဆယ်ကျော် အစိုးရ နဲ့ ပြည်သူတွေကြားမှာ နှစ်ဖက်လုံးကို တစ်မြိုက်မြိုက်လောင်ကျွမ်းနေခဲ့တဲ့ အမုန်းဆိုတဲ့ မီးတောက် ကြီးကို မေတ္တာ ဆိုတဲ့ ရေစက်တွေနဲ့ ငြိမ်းသတ်နိုင်အောင် ကြိုးစားကြပါလို့ အားလုံးကို လေးစားစွာ အနူးအညွတ် တိုက်တွန်းလိုက်ပါတယ်။ ။
အမိမြေ ထာဝရ တိုးတက်ငြိမ်းချမ်းရေး သို့ တိုက်ရိုက် ဦးတည်၍ …
မျိုးချစ်မြန်မာ
မူရင်း - http://myochitmyanmar.blogspot.com/2011/10/blog-post.html
0 comments:
Post a Comment