တရားဥပဒေကို လက်တစ်လုံးခြား လုပ်နေသူများ
by Moenge Aung on Monday, October 24, 2011 at 1:48pm
Hot News Weekly Journal Originally posted
ငွေရှာရန်အတွက် နယ်ဝေးမှ ရန်ကုန်မြို့ကြီးသို့ ရောက်လာကြသည့် လူငယ်လေးတစ်ယောက်နှင့် ကျွန်တော် သိကျွမ်းခဲ့၏။ စကားစပ်မိ၍ အသည်းနှင့်ရင်းကာ အလုပ်လုပ်နေရသော သူ့အကြောင်းလည်း ကျွန်တော်သိရှိခဲ့ရ၏။ သူသည် နယ်မြို့ကလေးမှ ရန်ကုန်သို့ အလုပ်ရှာရန် လွန်ခဲ့သော တစ်နှစ်ခန့်က ထွက်လာခဲ့၏။ ရန်ကုန်မြို့တွင် အဆောင်ငှားနေ၏။ နယ်မှပါလာသော ပိုက်ဆံကို ချွေတာသုံးပြီး အလုပ်များလိုက်ရှာ၏။ သို့ရာတွင် နေစရိတ်၊ စားစရိတ်များကြောင့် နယ်မှပါလာသော ပိုက်ဆံများ တဖြည်းဖြည်း ကုန်ခမ်းလာလေ၏။ ထို့ကြောင့် အရက်ကုမ္ပဏီတစ်ခုတွင် အလုပ်ဝင်လျှောက် မိတော့၏။ အလုပ်ခွင်သို့ ဝင်ရောက်နိုင်ရန်အတွက် အင်တာဗျူးဖြေရ၏။ အင်တာဗျူးဖြေရာတွင် အရက်ကုမ္ပဏီပိုင်ရှင်သည် ထိုလူငယ်လေးအပါအဝင် ကျန်အလုပ်လာလျှောက်သည့် လူများအား သူ့ကုမ္ပဏီမှထုတ်သော အရက်ကို တစ်ခွက်ကုန်အောင် သောက်ခိုင်း၏။ ပြီးလျှင် သူ့ကုမ္ပဏီမှထုတ်သော အရက်၏အရသာကို တစ်ယောက်ချင်းစီမေး၏။ ထိုလူငယ်ကား ပိုင်ရှင်ကျေနပ်အောင် ဖြေဆိုနိုင်သည့်အတွက် အလုပ်ရသွားလေတော့၏။ သို့ရာတွင် ထိုလူငယ်လေးသည်ကား ငါးစာကိုမြင်ပြီး ငါးမျှားချိတ်ကိုတော့ သတိမမူနိုင်ခဲ့ပါ။
အလုပ်ဝင်ပြီး တစ်နှစ်ခန့်အကြာတွင် လူငယ်လေးသည် အရက်သမားလုံးလုံး ဖြစ်သွားလေတော့သည်။ အကြောင်းမှာ အရက်ကုမ္ပဏီတွင် အလုပ်လုပ်သော လူအများစုသည် ပိုင်ရှင်သူဌေး၏ စေခိုင်းချက်အရ အများသူငှာ သောက်သုံးကြသည့် အရက်ဆိုင်များသို့ မကြာမကြာ သွားရ၏။ အရက်ဆိုင်များသို့ ရောက်သောအခါ ၎င်းတို့ကုမ္ပဏီမှထုတ်သော အရက်ကို မှာယူသောက်သုံးစေ၏။ အရက်ဆိုင်အတွင်း လူအများ ကြားအောင်လည်း သူတို့ကုမ္ပဏီထုတ် အရက်၏ အရသာကို ချီးကျူးခိုင်း၏။ သို့မှသာ တခြားအရက် သောက်သုံးသူများသည် ၎င်းတို့ကုမ္ပဏီမှ ထုတ်သောအရက်ကို စိတ်ဝင်စားလာကြမည် ဖြစ်ပါသည်။ စီးပွားရေး မာယာသဘောမျိုးလည်း ဖြစ်၏။ ထိုကဲ့သို့ အရက်သောက်ပါများလာသည့် အခါတွင် ထိုလူငယ်များအပါအဝင် အလုပ်သမား အများစုသည် အရက်သမားဘဝသို့ ရောက်မှန်းမသိ ရောက်သွားကြလေတော့၏။ ၎င်းအလုပ်မှရသည့် လစာသည် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ လူငယ်လေးသည်ကား အရက်၏ ကျေးကျွန်ဖြစ်သွားရလေတော့သည်။ ဘုရားမကြိုက်၊ နတ်မကြိုက် မည်သို့သော သူတော်ကောင်းများ မနှစ်မြို့လှသည့် အလုပ်တစ်ခုကိုလည်း လုပ်မိသွားမည်ဖြစ်၏။
ထိုကိစ္စ၏ အဓိကတရားခံမှာ မည်သူဖြစ်သနည်း။ ၎င်းအဖြစ်အပျက်၏ ဖန်တီးရှင်သည် မည်သူဖြစ်သနည်း။ ဤသို့သော အကြောင်းအရာကို မွေးမြူလိုက်သောသူသည် မည်သူဖြစ်ပါသနည်း။ ကိုယ်ချင်းစာတရား ကင်းမဲ့သော အရက်ကုမ္ပဏီပိုင်ရှင်ပင် ဖြစ်သည်မဟုတ်လော။ ကိုယ်ကျိုးအတွက် စီးပွားရှာရာတွင် သူတစ်ပါး၏ ကိုယ်ကျင့်တရား၊ သိက္ခာ၊ ရခဲလှသည့် လူ့ဘဝတို့ကို မညှာမတာ ရက်ရက်စက်စက် လမ်းခင်းကြလေ၏။ ထိုသူတို့သည် ယခုဘဝတွင်တော့ လူပြန်မဖြစ်နိုင်တော့သည်မှာ သေချာလှပေ၏။ ထိုအရက်ကုမ္ပဏီပိုင်ရှင်သည် ရှေးဘဝကပြုခဲ့သည့် ကုသိုလ် အခက်အခဲလေးကြောင့် ယခုဘဝတွင်တော့ ငွေကြေးချမ်းသာပါသည်။ သို့ရာတွင် သူသည် နောင်ဘဝများစွာအတွက် အကုသိုလ်မျိုးစေ့များကို လှိုင်လှိုင်ပျိုးလေတော့၏။ ထိုသူမျိုးသည် မိမိကိုယ်ကျိုး စီးပွားအတွက် လိုအပ်လာမည်ဆိုပါက “ဘနဖူး သိုက်တူးမည့်” လူစားမျိုးပင်ဖြစ်သည်။ တရားဥပဒေကို လက်တလုံးခြားလုပ် လူသတ်နေခြင်းဖြစ်၏။ ထိုအရက် ကုမ္ပဏီပိုင်ရှင်သည် လူပေါင်းမည်မျှ သတ်ခဲ့သနည်း။ သူ၏ လူသတ်စက်ရုံကြီးကနေ အဆိပ်ပုလင်းပေါင်း မည်မျှ ထုတ်နိုင်ခဲ့ပြီးပြီလဲ။ ကျောက်သားအတိ ပြီးသောသူ၏ နှလုံးသားသာ သိပါမည်။
အရက်သမားဖြစ်နေသည့် လူငယ်လေးအတွက် ကျွန်တော့်ရင်နာ၏။ မြန်မာတစ်နိုင်ငံလုံးရှိ အရက်သမားမိသားစုဝင်များကို ကျွန်တော်ကိုယ်ချင်းစာ၏။ ကျွန်တော်တို့ မြန်မာဗုဒ္ဓဘာသာ လူမျိုးများသည် အတိတ်ဘဝ ရှိခဲ့သည်ကို ယုံကြည်ကြပါသည်။ အတိတ်ဘဝဟောင်းများ၌လည်း ဆွေးမျိုးတော်ခဲ့သည်မှာ မလွဲဧကန် အမှန်ဖြစ်၏။ ထို့ကြောင့် အရက်ကုမ္ပဏီပိုင်ရှင်များ သိထားသင့်သည်မှာ ၎င်းတို့ကုမ္ပဏီထုတ် အရက်ဖြင့် ဖျက်ဆီးနေသည့် လူအများစုသည် အတိတ်ဘဝပေါင်းများစွာက ယင်းတို့နှင့် ဆွေမျိုးတော်စပ်ခဲ့သူများ ဖြစ်ကြပါသည်။ အဖေလား၊ အမေလား၊ ညီအစ်ကို၊ မောင်နှမလား တစ်ဦးဦးတော့ ဖြစ်ကြပါလိမ့်မည်။ ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာဘုရားသည် လူတစ်ယောက်ဖြစ်ရခြင်းမှာ မလွယ်ဟု ဟောကြားခဲ့ပါသည်။ ဗြဟ္မာ့ပြည်မှ ကျလာသော အပ်တစ်စင်းနှင့် လူ့ပြည်ကအပ်တစ်စင်း ထိချင်သာထိမည်။ လူပြန်ဖြစ်ရမည်မှာ မလွယ်လှသည်ကိုတော့ ဗုဒ္ဓဘာသာဝင်တိုင်း သိရှိကြပါသည်။ ထို့အပြင် ကျယ်ဝန်းနက်ရှိုင်းလှသည့် သမုဒ္ဒရာကြီးထဲတွင် အနှစ်တရာပြည့်သော အချိန်မှ ရေပေါ်သို့ ခေါင်းလေးတစ်ခါသာ ပေါ်လာသည့် လိပ်ကန်းကြီး တစ်ကောင်ရှိသည်။
ထိုသမုဒ္ဒရာထဲသို့ ပေါက်တစ်ရာသာ ဖောက်ရသေးသည့် နွားလှည်းက ထမ်းပိုးတစ်ချောင်းကို ပစ်ချလိုက်ပါမည်။ ထိုထမ်းပိုးသည်လည်း လေတိုက်ရာ အရပ်လေးမျက်နှာသို့ မျောချင်ရာမျောနေပေလိမ့်မည်။ လိပ်ကန်းကြီးသည်လည်း အနှစ်တရာ ပြည့်ချိန်တွင် ရေပေါ်သို့ တစ်ခါပြန်ပေါ်လာခဲ့၏။ ထိုသို့သော အခိုက်အတန့်တွင် လိပ်ကန်းကြီး၏ ဦးခေါင်းနှင့် နွားလှည်းထမ်းပိုး၏ အပေါက်တို့သည် တည့်တည့်မတ်မတ် ဝင်ရောက်၍ စွပ်မိချင် စွပ်မိလိမ့်မည်။ သို့သော် လူ့ဘဝရဖို့ကား ထိုထက်ခက်၏။ ထို့ကြောင့် အလုပ်ရှင်ကြောင့် အရက်သမားဖြစ်သွားသော အထက်ပါ လူငယ်လေးသည်ကား ယခုဘဝတွင် လူဖြစ်ရသည်မှာ အပ်နှစ်စင်း ထိမိသည်ထက် ကံကောင်းပေ၏။ လိပ်ကန်းကြီးဦးခေါင်းနှင့် ထမ်းပိုးဝင်ရောက် စွပ်မိသည့် အဖြစ်ထက် ကံထူးခဲ့ပေစွ။ ဤကဲ့သို့ ရခဲလှသည့် လူငယ်လေး၏ ဘဝသည် အရက်ကုမ္ပဏီပိုင်ရှင်ကြောင့် ပျက်နေရပေ၏။ မိမိအသည်းကို အရက်အိုးထဲတွင် တစ်စစီ ခြွေပေးနေရရှာ၏။ လူတစ်ယောက်သည် အရက်မူးလျှင် ကံငါးပါးလုံအောင် မစောင်ထိန်းကြ။ မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ဒုစရိုက်မှုများသည် အရက်ကြောင့် ဖြစ်ခြင်းဟု အကြောင်းပြချက်က ထိပ်ဆုံးမှာပါ၏။
အရက်အလွန်သောက်သည့် လူတစ်ယောက်ကို ကျွန်တော် မေးခွန်းနှစ်မျိုး မေးခဲ့ပါသည်။ ပထမမေးခွန်းသည် “အရက်ဆိုသည့် အရာကို ခင်ဗျားဘာကြောင့် သောက်တာလဲ” ဟုဖြစ်၏။ ဒုတိယမေးခွန်းမှာ “အရက်သောက်လျှင် ခင်ဗျား သိစိတ်၊ မသိစိတ်တို့၌ ဘယ်လိုအကုသိုလ်စိတ်မျိုး ဖြစ်ပေါ်လာရသလဲ” ဆိုသည့် မေးခွန်းဖြစ်သည်။ အရက်သောက်သည့် ထိုလူက ပြန်ဖြေ၏။ “အရက်သောက်သောအခါ ရီဝေဝေမူးနေသည့် အရသာကို ကြိုက်၍သောက်သည်”။ ဒုတိယမေးခွန်းကိုဆက်၍ ဖြေ၏။ စာဖတ်သူများ နားနှင့်မနာ ဖဝါးနှင့်သာနာကြပါကုန်။ “အရက်သောက်၍ ရီဝေဝေမူးလာသည့် အချိန်အခါမျိုးတွင် သူတစ်ပါး သားမယားနှင့် သမီးပျိုများကို ပစ်မှားချင်သည့် စိတ်က သိစိတ် မသိစိတ်တို့၌ အလွန်ပြင်းပြသော ဆန္ဒတစ်ရပ် ဖြစ်ပေါ်လာရသည်” ဟု ဆိုထားပါသည်။ “၎င်းအကုသိုလ်စိတ်များသည် အရက်မူးပြေလျှင်တော့ ပျေက်ကွယ်သွားသည်” ဟု ဆိုထားပြန်သည်။ “ဒါဆို ခင်ဗျားမကောင်းတဲ့ အလုပ်မှန်းသိလျက်နှင့် မည်သို့ကြောင့် အရက်သောက်နေသလဲ” ဟု ၎င်းလူအား နောက်ဆက်တွဲ မေးခွန်းမေးလိုက်ပြန်၏။ “အရက်၏ အရသာကို စွဲလန်းနှစ်ခြိုက်နေသည်လည်း ဖြစ်၏။ ခန္ဓာကိုယ်သည်လည်း အရက်မသောက်ရလျှင် နေလို့ထိုင်လို့ မကောင်းတော့” ဟု ထပ်မံဖြေကြားပေးပါသည်။
သြော် ... အရက်သည် စဉ်းစားဉာဏ်ရှိသော လူတစ်ယောက်၏ ဘဝကို လွှမ်းမိုးနိုင်သည့် အရာပင်မဟုတ်ပါလော။ ကျွန်တော်၏ ကျေးဇူးကြီးလှသော ဗုဒ္ဓမြတ်စွာဘုရားသည် ကံငါးပါးကို လုံအောင်စောင့်ထိန်းခိုင်း၏။ ကံငါးပါးကျိုးပေါက်စေမည့် အရက်သောက်သောသူသည်လည်း မြတ်စွာဘုရား၏ ဆိုဆုံးမမှုကို မျက်ကွယ်ပြုရာနှင့်တူ၏။ အရက်ထုတ်လုပ်သည့် လူဆိုလျှင်တော့ ဗုဒ္ဓမြတ်စွာဘုရားကို ပုန်ကန်ခဲ့သည့် ဒေဝဒတ်၏ ကျေးကျွန်များသာ ဖြစ်ကြပေလိမ့်မည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် အရက်ထုတ်လုပ် ဖြန်ဖြူးရောင်းချနေသည့် အရက်ကုမ္ပဏီပေါင်းများစွာ ရှိပါသည်။ ၎င်းသူတို့ထံတွင်လည်း မိမိဘဝ ရပ်တည်မှုအတွက် ငွေရှာနေသည့် အလုပ်သမားများကို ငွေပြ၍ အလုပ်ခန့်ထားပါ၏။ “တစ်နိုင်ငံလုံးအရက်သမားဖြစ်လေ ၎င်းတို့ ချမ်းသာလေဖြစ်၏။” ထို့ကြောင့် လူအများ အရက်သမားဖြစ်လာအောင် စီးပွားရေးမာယာများဖြင့် စည်းရုံးသိမ်းသွင်း လာခဲ့ကြ၏။
ကြော်ငြာပိုစတာပုံများတွင် မောဒယ်မင်းသမီး ပုံများဖြင့် ညှို့ယူဖမ်းစား သွေးဆောင်ခြင်း၊ ၎င်းတို့ထုတ်လုပ်သော အရက်ပုလင်းအဖုံးများတွင် ကံစမ်းမဲများ ထည့်သွင်းပေးခြင်း၊ နိုင်ငံခြားခရီးစဉ်များ ထည့်သွင်းလာခြင်းစသည့် စီးပွားရေးမာယာများဖြင့် အပြိုင်အဆိုင် သိမ်းသွင်းလာကြလေတော့၏။
“ဘယ်သူသေသေ ငတေမာလျှင် ပြီးရော” ဆိုသည့် ဆောင်ပုဒ်ကို ၎င်းတို့၏ ကျောက်သားအတိပြီးသော နှလုံးသားထဲတွင် ချိတ်ဆွဲထားကြ၏။ အရက်ထုတ်လုပ် ဖြန်ဖြူးရောင်းချနေသည့် အရက်ကုမ္ပဏီ ပိုင်ရှင်များသည် တောလိုက်မုဆိုးများထက်ပင် ကြောက်စရာကောင်း၏။ တောလိုက်မုဆိုးများသည် သားကောင်များကို သတ်ဖြတ်၍ ၎င်းတို့ အိမ်ဦးခန်းများတွင် ချိတ်ဆွဲပြီး ဂုဏ်ယူတတ်ကြ၏။
အရက်ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသည့် အရက်ကုမ္ပဏီ ပိုင်ရှင်များသည်လည်း ၎င်းတို့ သုံးစွဲနေသည့် ရွှေ၊ ငွေ၊ အိုး၊ အိမ်၊ တိုက်တာများနှင့် နောက်ဆုံးပေါ် စီးတော်ယာဉ်များသည် လူအသည်းခြွေပြီးရသော ငွေနှင့်ဝယ်ယူ ခံစားကာ ဂုဏ်ယူနေတတ်ကြည် မဟုတ်ပါလော ...။ ထိုစည်းစိမ်ဥစ္စာများကို ကျွန်တော် အထင်မကြီး။ ထိုကဲ့သို့သော လူများကိုလည်း ကျွန်တော်မလေးစား။ အရက်ကုမ္ပဏီပိုင်ရှင်အား ပိုင်ဆိုင်သည့် သိန်းပေါင်းထောင်ချီတန်သည့် ဇိမ်ခံကားကြီးများထက် ရိုးသားသော ဆိုက်ကားသမားလေး တစ်ယောက်၏ ဆိုက်ကားကို ကျွန်တော် ပိုနှစ်သက်၏။ အရက်ကုမ္ပဏီပိုင်ရှင်များ ပိုင်ဆိုင်သည့် သိန်းပေါင်းထောင်ချီတန် တိုက်ကြီးများထက် ပဲပြုတ်သည်တစ်ယောက်၏ မိုးရွာလျှင်တောင် မိုးယိုနေသည့် တဲအိမ်ကလေးတစ်လုံးကို ကျွန်တော် မြတ်နိုးတန်ဖိုးထား၏။ နာမည်ကြီး ဗေဒင်ဆရာတစ်ယောက်က ကျွန်တော့်ဇာတာတွင် အရက်၊ ဘီယာတို့ကို ရောင်းချပြီး စီးပွားရေးရှာလျှင် အင်မတန်မှ ကြီးပွားမည်ဟု အတပ် ဟောကြားထားပါသည်။ လူအများ၏ ဘဝကို ပျက်စီးအောင် လုပ်ပြီးမှ ရသည့်ပိုက်ဆံကို ကျွန်တော်မလိုချင်။ မိမိကိုယ်ကျိုးစီးပွား ရှာရာလမ်းတွင် သူတစ်ပါးဘဝကို ပန်းခင်းလမ်းသဖွယ် အသုံးချ၍ မလျှောက်လှမ်းနိုင်ပါ။
ဒိုးစက်
0 comments:
Post a Comment