Saturday, October 8, 2011

ဘီလ်ဂိတ်နှင့် တွေ့ဆုံခြင်း



 

ဘီလ်ဂိတ်စ်သည် ကမ္ဘာ့အကြီးအကျယ်ဆုံး ကွန်ပျူတာဆော့ဖ်ဝဲ ထုတ်လုပ်သည့် မိုက်ခရိုဆော့ဖ် ကုမ္ပဏီ၏ အကြီးအကဲအဖြစ်မှ စွန့်ခွာကာ ဘီလ်နှင့်မယ်လင်ဒါဂိတ်စ် ဖောင်ဒေးရှင်းအလုပ်များကိုသာ အာရုံစူးစိုက် လုပ်ဆောင်နေတော့သည်။ နည်းပညာလောကတွင် ပြောစမှတ်ဖြစ်စရာ အကောင်းဆုံးသူတစ်ဦး ဖြစ်ခဲ့ သော ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးအဖြစ် မဂ္ဂဇင်းကြီးအစောင်စောင်မှ အကြိမ်ကြိမ်ရွေးချယ်ခံရဖူးသည့် ကွန်ပျူတာလောကသားတစ်ဦးဖြစ်သူ ဘီလ်ဂိတ်စ်ကို CNET.com က ယခုနှစ်အစပိုင်းတွင် တွေ့ဆုံ မေးမြန်း ထားသည်များမှ ကောက်နှုတ်ဖော်ပြလိုက်ပါသည်။

ခုတစ်လော လုပ်ထားတဲ့ အင်တာဗျူးတစ်ခုမှာ ခင်ဗျားအမျိုးသမီးက ခင်ဗျားတော့ အလုပ် တွေများ နေလေရဲ့လို့ ပြောတယ်။ ဘာတွေများ လုပ်နေတာ ပါလဲ။ 
လက်တွေ့လောကထဲဝင်ပြီး လိုအပ်နေတာတွေ ရှာပြီး တိုးတက်အောင်လုပ်ပေးတဲ့ ပျော်စရာ ကောင်းတာ တွေ လုပ်နေတာပါ။ ကင်ညာနဲ့ တောင်အာဖရိကကို ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက သွားခဲ့တယ်။ အဲဒီမှာ အေအိုင် ဒီအက်စ်ရောဂါက ကြောက်စရာကောင်းအောင် ကပ် အသွင်ရှိ နေတုန်းဆိုတာ တွေ့ရတယ်။ ဒါကြောင့် အဲဒါ ကို ဟန့်တားနိုင်မယ့် သိပ္ပံပညာရှင်တွေရဲ့ အလုပ်တွေကို ပံ့ပိုးမယ်။

ပြဿနာတွေ ဖြေရှင်းဖို့ ဘာတွေ တီထွင် ဖန်တီးရှာဖွေ ဖို့လိုအပ်ပါသလဲ။ 
ဥပမာကောင်းတွေက အမေရိကန်ရော အာဖရိကအတွက် ပါရှိပါတယ်။ တကယ်လို့ ပညာရေးမှာသာ အသစ်တွေ မဖန်တီးဘူးဆိုရင် တက္ကသိုလ်ပညာရေးကို ပိုကောင်းအောင်မလုပ်ဘူးဆိုရင် ပညာရေးကို လိုအပ်နေ တဲ့သူတွေ အများကြီးထဲက လူနည်းစုလေးပဲ ရတာမျိုး ဖြစ်သွားမယ်။ ကျွန်တော်က အဲဒါမျိုးကို ဒေါ်လာနှစ်သိန်းတန် ပညာရေးလို့ခေါ်တယ်။ ခင်ဗျား ပုဂ္ဂလိကတက္ကသိုလ် တစ်ခုခုမှာ ကျောင်းစရိတ် အပြည့်ပေးပြီး တက်ရပြီဆိုမှ တော့ စရိတ်ထောင်းပြီးပေါ့ဗျာ။
ဒီတော့ ဒါမျိုးကို လူများစုကြီး သင်ရအောင် ဘယ်လိုလုပ်မလဲ။ အဲလိုနဲ့ မသင်ရတဲ့သူတွေ မရှိအောင် ဘယ်လိုလုပ်မလဲ။ အကောင်းဆုံးအဖြေက တီထွင်ဖန်တီးဖို့ပေါ့။ အဲဒါကသင်ခန်းစာတွေကို အင်တာနက် ကနေ တင်ပေးထားလိုက်တာမျိုး ဖန်တီးတာပေါ့။ အင်တာနက်မှ တဆင့် အပြန်အလှန် သင်ပေးတာမျိုးတွေ လုပ်ပေးနိုင်တယ်။

အဲလိုမျိုးတွေထဲက ဖြစ်နိုင်တာတွေက အကောင်းဆုံး ပါမောက္ခတွေ စာသင်ထားတာတွေကို ဗီဒီယို ရိုက်ကူးပြီး ဘယ်နေရာက ကျောင်းသားမဆို အင်တာနက်ကတစ်ဆင့် သင်ယူနိုင်အောင် လုပ်တာ မဟုတ်လား။ အဲလို အွန်လိုင်းစာသင်ခန်းတွေ အများကြီးထဲက တစ်ချို့ကို ခင်ဗျား စမ်းသုံးကြည့်ဖူးမယ်လို့ ထင်ပါတယ်။ ဥပမာ မက်ဆာချူးဆက်နည်းပညာ သိပ္ပံက သင်ခန်းစာမျိုး ပေါ့။ အဲလို စာသင်ခန်းတွေ ထဲက ခင်ဗျားဘာတွေများ လိုက်လေ့လာဖူးသလဲ။ 
ဟုတ်ပါတယ်။ အသင်ကောင်းတဲ့ ဆရာတစ် ယောက်က သင်ပေးတာမျိုးရဖို့ဆိုတာ အခြေခံ လိုအပ် ချက်တစ်ခုပါ။ ဒါပေမယ့် ဘယ်တက္ကသိုလ်မှာမှအကောင်း ဆုံးချည်းပဲဆိုတဲ့ စာသင်ချိန်တွေ အမြဲရှိမနေနိုင်ဘူး။ ဒီတော့ စာသင်ကောင်းတဲ့ဆရာ တစ်ယောက်တွေ့ပြီဆိုရင် သူသင်တာကို မှတ်တမ်းတင်ရိုက်ကူးထားလိုက်တဲ့ နည်းနဲ့ သူများတွေပါ အဲဒါကို ပြန်ကြည့်လို့ရအောင် ခင်ဗျားကူညီ နိုင်တယ်။ ပြီးတော့ အဲဒါကို ဘယ်နေရာမှာ ရှာကြည့်နိုင် တယ်ဆိုတာ သူများတွေကို ပြန်ပြောနိုင်တယ်။ သင်္ချာတို့၊ ရူပဗေဒတို့ကို အွန်လိုင်းကနေ သင်ဖို့ဆိုရင် အဲဒါမျိုးတွေ ဖြစ်နိုင်တာပါပဲ။ တကယ်လည်း ဖြစ်နေတာပဲ။ www. academicearth.org ဆိုရင် သင်ခန်းစာပေါင်း ဘာသာရပ် ပေါင်းအများကြီး စုစည်းထားတဲ့နေရာပဲ။

အွန်လိုင်းကနေသင်တဲ့ သင်ခန်းစာကိုပါရတဲ့ ကျောင်းသားတွေက စာသင်ခန်းထဲမှာပဲ တစ်ချိန်လုံး ထိုင်ပြီး သင်ရတဲ့ ကျောင်းသားထက် စာပိုရတယ်ဆို တဲ့ သုတေသနရလာဒ်တစ်ခု တွေ့ရတယ်။ အဲလိုမျိုး တွေ့ဖူးပါသလား။ 
ဟုတ်ပါတယ်။ အွန်လိုင်းကသင်တာ အတော် ကောင်းတယ်ဆိုတာ အကြောင်းပြချက်နှစ်ခု ရှိပါတယ်။ တစ်ခုက ကမ္ဘာ့အကောင်းဆုံး သင်ခန်းစာကို ခင်ဗျား ဘယ်နေရာကမဆို ရနိုင်တယ်။ ဘယ်အချိန်မဆိုလဲ ရနိုင် တယ်။ ခင်ဗျားသာ အွန်လိုင်းမှာ ချိတ်လိုက်လို့ကတော့ ရပြီပေါ့။ အဲဒါမျိုးလွန်ခဲ့တဲ့ ငါးနှစ်ကတောင် မရနိုင်သေး ဘူး။ နောက်အကြောင်းတစ်ခုကတော့ အပြန်အလှန် သဘော ရှိတာ။ ခင်ဗျားသိပြီးသား အကြောင်းဆို ကိုယ့် ဘာသာ ကျော်ပစ်လိုက်လို့ရတယ်။ ပြီးတော့ သိပ်မရှင်း တာမျိုးတွေ ကိုယ်သိထားတာ လက်တွေ့အလုပ်လုပ် မလုပ်ဆိုတာမျိုးတွေကို ဆော့ဖ်ဝဲက တစ်ခါတည်း မှန်မမှန် စစ်ပေးတာမျိုး။
အဲဒီလို ကိုယ်စိတ်ကြိုက်ရွေးပြီး သင်လို့ရတာမျိုး ရဖို့ဆိုတာ တကယ့်အခြေခံ အခြေအနေတစ်ခုပါ။ ဥပမာ ဆိုရင်ဗျာ သင်္ချာမှာ အမှတ်သိပ်မကောင်းတဲ့ ကလေး တစ်ယောက်က သူဘယ်နေရာမှာလွဲနေပြီး ဘယ်မှာမှား နေတယ်ဆိုတာ သူမသိသေးလို့ပဲ။ ဟုတ်ပြီ ဒါဆိုရင် သူက အဲဒါကို စာသင်ခန်းထဲမှာ ထိုင်ပြီး အကြိမ်ကြိမ်သင် ခဲ့ဖူး တာတောင် သူ့ကို ဒီထက်ပိုအသေးစိတ်ရှင်း ပြဖို့လိုနေတာ ပေါ့။ သူ့ကို ကောင်းကောင်းမရှင်းပြခဲ့တာမျိုးနဲ့ သူ့ကို ဥပမာကောင်းကောင်းပေးပြီး မရှင်းပြခဲ့တာမျိုး ဖြစ်နိုင် တယ်။ ဒီတော့ သူ့ကို ဗီဒီယိုတွေနဲ့ တခြားနည်းလမ်းတွေနဲ့ ရှင်းပြလိုက်တာမျိုး အွန်လိုင်းကနေ သူရနိုင်တယ်။ ကျွန်တော့်အတွက်ကတော့ တော်တော်ကို ခက်ခဲတဲ့ အယူအဆ သီအိုရီတစ်ခုကို နားလည်ဖို့ဆိုရင် ရူပဗေဒ သင်ခန်းစာတော်တော်များများကို လိုက်ကြည့်လိုက်တယ်။ ကိုယ့်ဟာကိုယ်ပြောရရင် ငါနားလည်ပြီလားပေါ့။ ဒီ သင်ခန်းစာကိုပဲ ဆရာအမျိုးမျိုးကနေ ရှင်းပြတာကို ကြည့်မိလိုက်ရင် ကိုယ်နားလည်ထားတာကို ပိုမိုပြီး သဘောပေါက်လာတာမျိုး ဖြစ်တတ်ပါတယ်။

အရင်တုန်းက ခင်ဗျားနဲ့ တော်တော်လေး ရင်းနှီးတဲ့ သူတွေဆီ ခင်ဗျားအီးမေးလ်တွေ ပို့တတ် တယ်လို့ သိထားပါတယ်။ ဒါပေမယ့် အခုအဲဒါထက် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဆက်သွယ်လာနေပြီနော်။ တွစ်တာ (Twitter) မှာလည်း ခင်ဗျားဝင်လာပြီ။ ပြီး တော့ thegatesnotes.com ဆိုတဲ့ ကိုယ်ပိုင် website ကိုလည်း စလိုက်ပြီ။ အဲဒီနည်း တွေသုံးရတဲ့ ခင်ဗျားရဲ့ ပန်းတိုင်က ဘာပါလဲ။ 
ဟုတ်ပါတယ်။ အင်တာနက်က ကျွန်တော်အခု လုပ်နေတာမျိုးတွေ လုပ်လို့ရအောင် အဆင်သင့်ရှိနေတာ ပါ။ ကျွန်တော်ခရီးတစ်ခုသွားပြီဆိုရင် ဓာတ်ပုံတွေရိုက် မယ်။ အဲဒီထဲမှာ ကိုယ်ပျော်စရာကောင်းခဲ့တာတွေ စိတ် လှုပ်ရှားစရာ ကောင်းတာတွေပါမယ်။ ပြီးတော့ လူတွေ စိတ်ဝင်စားကြည့်ချင်တဲ့ဟာတွေ ပါမယ်။ ဒီတော့ အဲဒါ တွေကို အင်တာနက်ပေါ်တင်ပေးလိုက်ပြီး ဝေမျှတာ ဘယ်လောက်လွယ်လဲ။ တင်လိုက်ရုံပဲလေ ဘာမှထပ်ပြီး လိုက်လုပ်စရာကို မလိုတော့ဘူး။ ကျွန်တော် စာအုပ်တစ်ခု ဖတ်တယ်ဆိုပါတော့။ အဲဒီစာအုပ်ကို ဖတ်ရကောင်းနိုးနဲ့ စောင့်စားနေတဲ့ သူတွေရှိလိမ့်မယ်။ အဲဒီတော့ ကျွန်တော် ဖတ်ပြီး အမြည်းပေးထားတာကို တွေ့သွားရင် သြော် ဒီ စာအုပ်က ဒါမျိုးပါလားလို့ သိသွားတာပေါ့။
အဲဒါကြောင့် အဲလို ဝေမျှရတာတွေက တကယ် စိတ်ချမ်းသာစရာ ကောင်းပါတယ်။ ပြီးတော့ အွန်လိုင်းလူ့ အဖွဲ့အစည်းမှာ ပါဝင်နေထိုင်ရတာလည်း တကယ့်ကို နေလို့ထိုင်လို့ ကောင်းတဲ့ ကိစ္စပါ။ ကျွန်တော်က အဲလို လူမျိုးပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်မိုက်ခရိုဆော့ဖ် က ထွက်လာတော့ ကျွန်တော်ကိုယ်ပိုင် ၀က်ဘ်ဆိုက်ကို မဖန်တီးခဲ့သေးပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်လလောက် တုန်းက ကျွန်တော်စဉ်းစားတယ်။ ပြီးတော့ ဒါကိုဆက်လုပ် ဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့ ရက်တွေတုန်းကတော့ တွစ်တာမှာ နည်းပါးပါး သတင်းဆောင်းပါး ရေးလိုက်သေးတယ်။ ပြီးတော့ အဲဒီကနေ နည်းနည်းပါးပါး လေ့လာတယ်။ ပြီး တော့ အဲဒီလေ့လာတာကနေ ကျွန်တော့်ကိုယ့်ကိုယ်ကို ခေတ်နဲ့ မျက်ခြေမပြတ်အောင် လုပ်နေတယ်။

ကြည့်ရတာ အဲဒီအင်တာနက် လူမှုရေးကွန်ရက်တွေက ခင်ဗျားရဲ့ ဖောင်ဒေးရှင်း အလုပ် တွေ အပါအ၀င် ဆက်သွယ်ရေးလုပ်တဲ့ပုံစံတွေကို အကုန် ပြောင်းပစ်လိုက်တဲ့ပုံပဲ။ ဟေတီငလျင် တုန်းက တူညီကြတဲ့ပုဒ်တွေကို ပြောတာပါ။ အလှူအတန်းတွေကို အဲဒါတွေပေါ်ကနေပဲ လုပ်ကြ တာတွေ့တယ်လေ။ အချင်းချင်းလည်း အဲဒီကနေ မြန်မြန်လှူကြဖို့ ပြောကြတယ်။ လှူပြီးပြီ လားပေါ့။ အဲဒါမျိုးက ဖောင်ဒေး ရှင်းရဲ့အလုပ်တွေ ပိုမြန်စေတယ်ဆိုတော့ အဲလို ဖြစ် နေတာတွေကို ခင်ဗျားလည်း စိတ်ဝင်စားပါသလား။ 
ကျွန်တော့်အထင်တော့ အဲဒါမျိုးကို ဖန်တီးဖို့ဆို တာထက် အဲဒါကို သုံးဖို့ကအခွင့်အရေးကောင်း ဖြစ်နေ သလားပေါ့။ အဲဒါမျိုးက အခု ကျွန်တော်တို့ ရှေ့မှာတော့ အကျိုးအမြတ် ဖြစ်နေစေတာပဲလေ။

ခင်ဗျားရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်ကို အမြဲတမ်း အသက် ၀င်အောင်လုပ်ရအုံးမှာလား။ ပြီးတော့ ခင်ဗျားရဲ့ လှုပ်ရှားမှုတွေကို တွစ်တာမှာရော ၀င် ပြောနေအုံးမှာလား။ 
ခင်ဗျား ပြောတာဟုတ်တယ်။ တစ်ပတ်သုံးကြိမ် လောက်တော့ လုပ်ဖြစ်မှာပေါ့။ အဲဒီတစ်ခုက တစ်ချို့က အကြာကြီးတွေးပြီးမှ လုပ်ထားရတာမျိုး စာအုပ်တစ်အုပ် အကြောင်းလိုမျိုးတို့၊ ပြဿနာတစ်ခုခုအကြောင်းတို့ပေါ့။ တစ်ချို့တစ်လေတွေကျတော့လည်း အဖြစ်အပျက် တစ် ခုခုကို ထောက်ပြဆွေးနွေးတာမျိုးပေါ့။ ကျွန်တော် လူတွေ ဘာတွေ စိတ်ဝင်စားကြသလဲဆိုတာတွေ လေ့လာနေ တယ်။ ဒီနှစ်မှာ ကျွန်တော့်အတွက် ဘာတွေ စိတ်ဝင်စားဖို့ ကောင်းလဲဆိုတာလည်း လေ့လာနေတယ်။ ဒီနှစ်ဟာ ကျွန်တော်ဒီဂျစ်တယ် ကမ္ဘာထဲကို ပြန်လာတဲ့နှစ်ပါပဲ။
  
ဘီလ်ဂိတ်စ်ကိုယ်ရေးအကျဉ်း
 

ဝီလျံဟင်နရီဘီလ်ဂိတ်စ်ကို ၁၉၅၅ ခုနှစ် အောက်တိုဘာလ ၂၈ ရက် တွင် မွေးဖွားခဲ့သည်။ သူသည် အမေရိကန်နိုင်ငံသားဖြစ်သည်။ လက်ရှိတွင် ၀ါရှင်တန်၌ နေထိုင်သည်။ သူ၏ပိုင်ဆိုင်မှုမှာ အမေရိကန် ဒေါ်လာ ၅၃ ဘီလီယံရှိသည်။ သူသည် ၂၀၀၈ ခုနှစ်တွင် ကမ္ဘာ့တတိယမြောက် အချမ်းသာဆုံး ဖြစ်ခဲ့သည် မှလွဲ၍ ၁၉၉၅ မှ ၂၀၀၉ ခုနှစ်အတွင်း နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရွေးချယ်သတ်မှတ် ခံရသူ ဖြစ်သည်။ သူသည် မိုက်ခရိုဆော့ဖ်ကုမ္ပဏီကြီး၏ အမှုဆောင်အရာရှိချုပ်အဖြစ်နဲ့ ဆော့ဖ်ဝဲဖန်တီး ရေးသားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် စာအုပ်ပေါင်း များစွာကို တစ်ဦးတည်း ရေးသားခြင်းနှင့် အခြားသူများနှင့် ပူးပေါင်းရေးသားခြင်းတို့ ပြုလုပ်ခဲ့သည်။ သူသည် တစ်ကိုယ်ရေသုံး ကွန်ပျူတာများ ပေါ်ပေါက်လာရေး အစဦးတီထွင် ဖန်တီးသူတစ်ဦးအဖြစ်လည်း ကျော်ကြားသည်။

သူသည် ၂၀၀၀ ခုနှစ်တွင် သူ၏ဇနီးမယ်လင်ဒါ နှင့်အတူ တည်ထောင်ထားသည့် ဘီလ်နှင့်မယ်လင်ဒါ ဂိတ်စ်ဖောင်ဒေးရှင်းကို စတင်ခဲ့ပြီး သူ၏ပိုင်ဆိုင်မှုအများစုကို ထိုဖောင်ဒေးရှင်းအပါအ၀င် အခြားလူမှုရေး အဖွဲ့အစည်းများထံ လှူဒါန်းခဲ့သည်။ ထိုထဲတွင် သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများလည်း ပါဝင်သည်။ ကမ္ဘာ့ ထိပ်တန်းတက္ကသိုလ်ဖြစ်သည့် ဟားဗတ်တက္ကသိုလ်သို့ တက်ရောက်ခွင့်ရသော်လည်း ၁၉၇၅ ခုနှစ်တွင် ကျောင်းမှ ထွက်ခဲ့သူဖြစ်သည်။ ဂိတ်စ်သည် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးဖြစ်သည့် မိုက်ခရိုဆော့ဖ်မှလည်း ၂၀၀၈ ခုနှစ် ဇွန်လ ၂၇ ရက်တွင် ထွက်ခွာခဲ့သည်။


http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1212373&xgs=1&xg_source=msg_share_post မှ ...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...