ဒီမိုကရေစီ လေ့လာရေးစာစဉ် အခန်း(၃) အပိုင်း(၃)
လူမှုရေးပဋိညာဉ်ပြုမှု
သီအိုရီ
(Social
Contract Theory)
အချို့သော နိုင်ငံရေးအတွေးအခေါ် ပညာရှင်များသည်
ပြည်သူလူထု အကျိုးစီးပွားကို အထူးအလေးပေး တွေးခေါ် ဖော်ထုတ်ကြသည်။ နိုင်ငံရေး အတွေးအခေါ်ပညာရှင်
ရူးဆိုး (Jean Jacques Rousseau, 1712-1788) က ပြည်သူလူထု အကျိုးစီးပွားဆိုသည်ကို အထွေထွေစိတ်ဆန္ဒ
(General Will) ဟူ၍ ဖော်ထုတ် တင်ပြထားသည်။ အထွေထွေ စိတ်ဆန္ဒဆိုသည်မှာ လူ့အဖွဲ့အစည်း တရပ်လုံးအတွက် စုပေါင်းကာ တည်ရှိသည့် ဘုံအကျိုးစီးပွားဖြစ်ပြီး
၎င်းသည် အမြဲတမ်းမှန်ကန်နေသော အရာဖြစ်ကြောင်း ရူးဆိုးက ဆိုသည်။ သို့ရာတွင် ထိုအထွေထွေစိတ်န္ဒကို
ပုံဖော်တည်ဆောက်ရာတွင် နိုင်ငံသားတဦးချင်းကို ဘာလိုအပ်နည်းသနည်းဟု မေးခွန်းထုတ်ရာမှ
တုန့်ပြန်လာသော စကားများအပေါ် အခြေခံ၍ တည်ဆောက်လျှင်ကား အတောသတ်နိုင်မည် မဟုတ်ကြောင်းကိုလည်း
သတိပေး ပြောကြားခဲ့သည်။ ထိုသို့မေးလိုက်ပါက တဦးချင်းစီ၏ ဆုံးခန်းမတိုင်သော လောဘနှင့်
လိုအင်ဆန္ဒများကို တွေ့ရမည်ဖြစ်သဖြင့် လူ့အဖွဲ့အစည်းကြီးအတွက် အန္တရာယ်ပင် ကျရောက်နိုင်ပါသည်။
လူ့အဖွဲ့အစည်းကြီး၏ စုပေါင်းအကျိုးစီးပွားနှင့် တဦးချင်း၏ အကျိုးစီးပွားကို ချိုးဖောက်ခြင်းမရှိသည့်
ဘောင်အတွင်းက ပြုလုပ်ခြင်းကိုသာ အထွေထွေစိတ် ဆန္ဒကောက်ယူနေစရာမလိုဘဲ တာဝန်ရှိသူများ
အလိုအချှောက် သိရှိပြီး အကောင်းဆုံးဖြစ်အောင် စီမံခန့်ခွဲ အုပ်ချုပ်ရမည်ဟူသော အချက်ကို
ဖော်ထုတ်ခြင်းဖြစ်သည်။ သို့မှသာ ပြည်သူလူထုကြီးကလည်း ၄င်းတို့ အကျိုးစီးပွားအတွက် တောင်းဆိုတိုက်ပွဲဝင်မှု
ပြုစရာမလိုဘဲ စိတ်လက်သက်သာစွာဖြင့် လူ့အဖွဲ့အစည်းကြီးတွင် ပါဝင်နေထိုနိုင်ကြမည်ဟု ယုံကြည်သည်။
ဤသဘောတရားသည် လူ့အဖွဲ့အစည်းအတွင်း လူမှုရေး ပဋိညာဉ်ပြုမှု သီအိုရီဖြစ်ကြောင်း ရူးဆိုးက
ဖော်ထုတ်ခဲ့သည်။ ပြည်သူများအချင်းချင်း အကြားတွင် လည်းကောင်း၊ ပြည်သူများနှင့် အစိုးရ
အာဏာပိုင်များ အကြားတွင်လည်းကောင်း ပြည်သူလူထု အကျိုးစီးပွားကို ဦးထပ်ထားရသည့် အေးချမ်းတည်ငြိမ်သော
လူ့အဖွဲ့အစည်း တည်ဆောက်ရန် ပဋိညာဉ်ပြုထားရသော သီအိုရီဖြစ်သည်။
ရူးဆိုး၏ အတွေးအခေါ်ကို အသုံးချသည့် အချို့သော
ပုဂ္ဂိုလ်များသည် ရူးဆိုး၏ အထွေထွေ ဆန္ဒကို ဘက်တဘက်တည်းမှ မိမိလိုရာ ဆွဲယူအဓိပ္ပာယ် ကောက်ကာပြည်သူလူထုကို
ဆန္ဒကောက်ခံ မေးမြန်းရန်မလိုဘဲ အစိုးရသဘောအတိုင်းသာ အရာရာကို စီမံအုပ်ချုပ်ခြင်း ပြုလုပ်ရာ
တပါတီ အာဏာရှင် ဒီမိုကရေစီ (Totalitarian Democracy) အဖြစ် ဦးတည်သွားလေသည်။ ဒုတိယ
ကမ္ဘာစစ်မဖြစ်မီက ဥရောပတွင် ပေါ်ပေါက်ခဲ့သော အာဏာရှင်များဖြစ်သည့် မူဆိုလိုနီနှင့် ဟစ်တလာတို့သည်
ရူးဆိုး၏ အထွေထွေ စိတ်ဆန္ဒကို ဘက်တဘက်တည်းမှ အဓိပ္ပါယ်ကောက်ယူကာ ပြည်သူလူထု အကျိုးစီးပွားအတွက်ဟုဆိုကာ
ဒီမိုကရေစီအလွဲသုံးမှုကြောင့် အာဏာရှင်စနစ် (Totalitarianism) ကို မွေးထုတ်ပေးလိုက်လေသည်။
ထိုအာဏာရှင်တို့၏ အကြောင်းပြချက်မှာ ပြည်သူလူထုသည် ၄င်းတို့ အကျိုးစီးပွားအတွက် ၄င်းတို့ကိုယ်တိုင်
ဖော်ထုတ်နိုင်၊ စီမံခန့်ခွဲနိုင်သော အရည်အချင်းပြည့်ဝမှု မရှိဟူသော အကြောင်းပြချက်ဖြစ်သည်။
ဤအကြောင်းပြချက်မျိုးသည် ယနေ့ကမ္ဘာပေါ်တွင် ပုံသဏ္ဍာန်မျိုးစုံနှင့် ပေါ်ပေါက်နေသော အာဏာရှင်မျိုးစုံ
တို့၏ တူညီသော အကြောင်းပြချက် ဖြစ်နေသည်ကို တွေ့ရသည်။
လူမှုရေးပဋိညာဉ်ပြုမှု သီအိုရီ၏ အဓိကအနှစ်သာရသည်
လူပုဂ္ဂိုလ်တဦးချင်းစီသည် အကျိုးတူစီးပွား တခုအတွက်လည်းကောင်း၊ တယောက်တည်း သီခြားရပ်တည်ခြင်း
မပြုနိုင်သဖြင့် လည်းကောင်း၊ လူ့အဖွဲ့အစည်းဖြင့် နေထိုင်လာခြင်းဖြစ်ပြီး အချင်းချင်းကြား
စောင့်ထိန်းရမည့် ကျင့်ဝတ်နှင့်အခွင့်ကာကွယ်မှုကို ဖော်ဆောင်ခြင်းဖြစ်သည်။ အကျိုးတူစီးပွားကို
လုပ်ဆောင်ရန်အတွက် အစိုးရအာဏာပိုင်များ ထာရှိရေးကို သဘောတူသော်လည်း ပုဂ္ဂိုလ်တဦးချင်းစီ၏
လွတ်လပ်မှု အခွင့်အရေးအား ထိခိုက်မှုပြုသည်ကိုကား လက်ခံကြမည်မဟုတ်ပေ။ ထိုအခြေအနေများကြားတွင်
လူမှုရေးပဋိညာဉ်ပြုမှုကို ဖော်ထုတ်ထားခြင်းဖြစ်သည်။ ရူးဆိုးထက် စောလျှင်စွာ လူမှုရေးပဋိညာဉ်ပြုမှု
သီအိုရီ သဘောတရားကို ဖော်ထုတ်ခဲ့သော ထင်ရှားသည့် နိုင်ငံရေးအတွေးအခေါ် ပညာရှင် နှစ်ဦးခဲ့သည်။
၎င်းတို့မှာ ဟော်ဘ်စ် (Thomas Hobbes,1588-1679) နှင့် ဂျွန်လော့ခ် တို့ဖြစ်သည်။ ထိုသူနှစ်ဦးတို့၏
လူမှုရေး ပဋိညာဉ်ပြုမှု သီအိုရီအပေါ်ရှုမြင်မှုသည်။ အချင်းချင်းအကြား ကြီးစွာသော ခြားနားမှုများ
ရှိသကဲ့သို့ ရူးဆိုး၏ အတွေးအခေါ် များနှင့်သည် များစွာ ခြားနားနေပြန်သည်။ ဟော့ဘ်စ်၏
အလိုအရ လူမှုရေးပဋိညာဉ်ပြုမှု သီအိုရီသည် လူ့အဖွဲ့အစည်းကြီး ဘေးအန္တာရယ်နှင့် ကြုံကြိုက်လာရသောအခါတွင်
ထိုဘေးအန္တရာယ်ကြီးကို ကျော်လွှားနိုင်ရေးအတွက် တဦးချင်း မစွမ်းဆောင်နိုင်သဖြင့် စုပေါင်းကာကွယ်ရန်
လိုအပ်ခြင်းဖြစ်ရာ လူပုဂ္ဂိုလ်တဦးချင်းစီသည် လူ့အဖွဲ့အစည်းကြီးတွင် အချင်းချင်း ပဋိညာဉ်ပြု
ဝင်ရောက်လာကြသည်ဟုဆိုသည်။ ထို့ပြင် အန္တရယ်ကို ကျော်လွှားနိုင်စေရန် အချုပ်အခြာ အာဏာပိုင် အဖွဲ့ကို
ဖွဲ့စည်းပြီး အာဏာများ အပ်နှင်းရန် လိုအပ်သည် ဟုဆိုသည်။ ထိုအချုပ်အခြာ အဏာအရသာ ဘေးအန္တရာယ်ကို
ကျော်လွှားနိုင်ပြီး လိုအပ်သလို ထိုအာဏာပိုင်အဖွဲ့သည် အသက်သွင်းမောင်းနှင်း အား(Coercion)
ကိုလည်း ပိုင်ဆိုင်စေရမည်ဟုဆိုသည်။ အာဏာပိုင်အဖွဲ့ထံ အပ်နှင်းထားသော အာဏာသည် အာဏာအပ်ပေးလိုက်သူများက
ပြန်လည်၍ ထိန်းညှိခြင်းပင် မပြုနိုင်သော သဘောဆောင် သည်အထိ ဟောဘ်စ်က လိုလားသည်။ လူ့အဖွဲ့အစည်းကြီးသည်
အန္တရာယ်ကို စုပေါင်းကာကွယ်ရန် လိုအပ်သောအခါများ ရှိသကဲ့သို့ အစဉ်ထာဝရအန္တရာယ် ကျရောက်နေခြင်းမျိုးကား
မဟုတ်တတ်ပါ။
အန္တရာယ်ကျရောက်သော အခါမျိုးတွင် ဟော်ဘ်စ်၏ လူမှုရေး ပဋိညာဉ်ပြုမှုသီအိုရီကို
လူ့အဖွဲ့အစည်းအတွင်း လက်ခံကျင့်သုံးနိုင်ဖွယ် ရှိသော်လည်း သာမန်ငြိမ်းချမ်းနေသော အခြေအနေမျိုးတွင်
အသုံးဝင်မည်မဟုတ်ပေ။ ဟော်ဘ်စ်က “ကြောက်ရွံ့ခြင်းနှင့်ကျွန်ုပ် အမွှာအဖြစ် မွေးဖွားခြင်းခံခဲ့ရသည်”
ဟူ ပြောဖူးသည်။ ဟော်ဘ်စ်၏ ဘ၀အစဦးပိုင်း တွင်အင်္ဂလိပ်ပြည်တွင်းစစ်၏ ရိုက်ခတ်မှုကြောင့်
စိုးရိမ်ကြောင့် စိုးရိမ်ကြောက်ရွံ့မှုများကို ရင်ဆိုင်ခံစားခဲ့ရသည်။ သူ၏အတွေးအခေါ်များတွင်
ထိုစိုးရိမ်ကြောက်ရွံ့မှုမျိုး လူ့အဖွဲ့အစည်းအတွင်း ကျရောက်လာပါက ဖယ်ရှားပစ်နိုင်မည့်
နည်းလမ်းများကို ဦးစားပေးတွေးခေါ်ရင်း သူ၏ လူမှုရေးပဋိညာဉ်ပြုမှု သီအိုရီတွင် ထိုသဘောတရားများက
လွှမ်းမိုးနေရာ ယူခဲ့သည်။
လူမှုရေးပဋိညာဉ်ပြုမှု သီအိုရီနှင့်ပတ်သက်၍
ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တဦးမှာ ဂျွန်လော့ခ် ပင်ဖြစ်သည်။ သူ၏ လူမှုရေးပဋိညာဉ်ပြုမှုသီအိုရီသည်
ဒိမိုကရေစီထွန်းကားသော ယနေ့ခေတ်ကာလတွင် ထောက်ခံမှုအများဆုံးရရှိနေသည်။ ဂျွန်လော့ခ်၏
အယူအဆများသည်။ ဟော်ဘီစ်ကို ဆန့်ကျင်ရင်းပေါ်ထွက် လာခဲ့သည်။ သူက လူ့အဖွဲ့အစည်းအတွင်း
အချို့ပြဿနာများကို တဦးချင်း ဖြေရှင်းရန် မစွမ်းဆောင်နိုင်သဖြင့် ဥပဒေနှင့်အညီ အစိုးရတရပ်ကို
ဖွဲ့စည်းပြီး လုပ်ဆောင်ရမည်ဟုဆိုသည်။ ထိုအယူအဆအရ ဂျွန်လော့ခ်က ၄င်း၏ လူမှုရေးကဋိညာဉ်ပြုမှု
သီအိုရီကို စတင်ခဲ့သည်။ လူပုဂ္ဂိုလ်တဦးချင်းစီသ်ည မြို့ပြလုံခြုံရေးနှင့် အကာအကွယ်များကို
လူ့အဖွဲ့အစည်းထံမှ ရယူခံစားနိုင်ရေးအတွက် တသီးပုဂ္ဂ လွတ်လပ်ခွင့်နှင့် အခွင့်အရေးအချို့ကို
ဆုံးရှုံးခံရေပေမည်။ ၄င်းအစိုးရ၏ တာဝန်သည် ပြည်သူလူထု အကျိုးစီးပွားကို ကာကွယ်ရန် အတွက်ဖြစ်သည်။
ထိုသို့ကာပေးခြင်း တာဝန်ကို ထမ်းဆောင်ရန် ပျက်ကွက်ပါက ထိုအစိုးရ ဖယ်ရှားနိုင်ခွင့်ရှိသည်။
အဘယ်ကြောင့်ဆိုသော် အစိုးရအဖွဲ့စည်းရခြင်း၏ အဓိကရည်ရွယ်ချက်ကိုက ပြည်သူလူထုကို ကာကွယ်ပေးမည့်
တာဝန်ကို ထမ်းဆောင်ရန် ဖြစ်နေသောကြောင့်ဖြစ်သည် စသည်ဖြင့် ဂျွန်လော့ခ်၏ လူမှုရေးပဋိညာဉ်ပြုမှု
သီအိုရီက ဖော်ပြသည်။
ယနေ့ ဒီမိုကရေစီထွန်းကားသော ကမ္ဘာကြီးတွင်
ဟော်ဘ်စ်နှင့်ရှုးဆိုးတို့၏ လူမှုရေးပဋိညာဉ်ပြုမှု သီအိုရီများသည် ပြည်သူများဘက်က ရပ်တည်
တွေးခေါ်ပေးခြင်းထက် အုပ်ချုပ်သူအစိုးရများဘက်က ရပ်တည် တွေးခေါ် ပေးခြင်းဖြစ်ကြောင်း
အများက ရှုမြင်လာကြသည်။ သို့သော် လူ့အဖွဲ့အစည်းအတွင်း လူမှုရေးပဋိညာဉ်ပြုမှုတရပ် ရှိနေသည်ဆိုသည့်
အချက်ကိုကား အားလုံးလက်ခံသည်။ ထိုပဋိညာဉ်၏ အောက်တွင်ပင် လူ့အဖွဲ့အစည်းကို အုပ်ချုပ်ရန်
အစိုးရများ ဖွဲ့စည်းထားရမည်ကိုလည်း လက်ခံထားကြသည်။ ထိုအစိုးရသည် အစိုးရအကျိုးစီးပွားထက်
ပြည်သူလူထု အကျိုးစီးပွားကို အဓိကထား၍ တာဝန်များကို ထမ်းဆောင်ရန်ကိုလည်း အားလုံးက လက်ခံထားကြသည်။
ဒီမိုကရေစီ နိုင်ငံရေးစနစ်နှင့် ကိုက်ညီသော အတွေးအခေါ်များ ပါရှိသည့် ဂျွန်လော့ခ်၏ လူမှုရေးပဋိညာဉ်ပြုမှု
သီအိုရီသည်သာ ယနေ့ခေတ် ဒီမိုကရေစီနိုင်ငံရေးတွင် နေရာယူလျက်ရှိသည်။ ဂျွန်လော့ခ် အတွေးအခေါ်များအတိုင်း
အာဏာများ ကန့်သတ်ထားသော အစိုးရများကိုသာ ဖော်ဆောင်ထားကြသည်။ ပြည်သူကို အများဆုံး အကျိုးပြုမည့်
အစိုးရမျိုးကိုသာ ပြည်သူလူထု ဖော်ထုတ်ကြပေသည်။ ဂျွန်လော့ခ်နှင့်တူသော အတွေးအခေါ်များဖြင့်
လူမှုရေး ပဋိညာဉ်ပြုမှု သီအိုရီကို ဖော်ထုတ်သော အခြားထင်းရှားသည့် ပုဂ္ဂိုလ်မှာ အမေရိကန်လွတ်လပ်ရေး
ကြေညာစာတမ်း (၁၇၇၆ ခုနှစ်) ကို ရေးသားရာတွင် ပါဝင်သူ ဂျက်ဖာဆန်ဖြစ်သည်။
ဒီမိုကရေစီ စီးပွားရေးသီအိုရီ
(Economic
Theory of Democracy)
သာမန်ပြည်သူများအနေဖြင့် ၄င်းတို့၏ အကျိုးစီးပွားအစစ်မှန်ကို
ဖော်ထုတ်ရန် စွမ်းဆောင်ခြင်း မပြုနိုင်သည့် အခြေအနေမျိုးနှင့် ကြုံရသောအခါမျိုးရှိတတ်သည်။
ထိုအခါမျိုးတွင် ပြည်သူများအတွက် အုပ်ချုပ်သော စစ်မှန်သည့် ဒီမိုကရေစီ အစိုးရဖြစ်ပါက
လုပ်ဆောင်ရန် နည်းလမ်းမှာ အသိအမြင် ဗဟုသုတ ကြွယ်ဝသော ပြည်သူများထဲမှ အစုအဖွဲ့၊ ပြည်သူ့ခေါင်းဆောင်း
ကိုယ်စားယှယ်များကတဆင့် ဖော်ထုတ် ပြောဆိုသော ပြည်သူ့အကျိုးစီးပွားကို လိုက်လံအကောင်အထည်
ဖော်ခြင်းသာဖြစ်သည်။ ဤသို့သော လုပ်ဟန်မျိုးသည် ကိုယ်စားပြုဒီမိုကရေစီစနစ် ထွန်းကားသည့်
ယနေ့ ကမ္ဘာ့နိုင်ငံရေးတွင် ရှေ့တန်းမှ ပါနေသည်။ ပြည်သူ့ကိုယ်စားလှယ် လုပ်မည့်သူများသည်
သာမန်ပြည်သူများထက် နိုင်ငံရေးတွင် ကျွမ်းကျင်မှုရှိအောင် ကြိုးပမ်းအားထုတ်နေခြင်းဖြင့်
ကိုယ်စားပြု ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးသမားများအဖြစ် ပါဝင်နေကြသည်။ နိုင်ငံရေးသမားများသည်
ပြည်သူတို့၏ အကျိုးစီးပွားကို အမှန်တကယ် လုပ်ကိုင်ဆောင်ရွက် ပေးသည့် ပုဂ္ဂိုလ်များ ဖြစ်ရန်မှာ
လိုအပ်ချက်ကြီး ဖြစ်လာပြီး ထိုသို့သော ပုဂ္ဂိုလ်များကိုသာ ပြည်သူလူထုက ၄င်းတို့၏ ကိုယ်စားလှယ်အဖြစ်
ရွေးချယ်ကြပေလိမ့်မည်။ ဤနည်းအားဖြင့် ကိုယ်စားပြု ဒီမိုကရေစီစနစ်တွင် သီအိုရီတရပ်
အခိုင်အမာ ပေါ်ထွန်းလာကြောင်းကို အန်သိုနီဒွန်းစ်က ၁၉၅၇ ခုနှစ်တွင် ရေးသား ထုတ်ဝေသော
ဒီမိုကရေစီ စီးပွားရေးသီအိုရီ (An Economic Theory of Democracy) စာအုပ်တွင် ရေးသားဖော်ပြထားသည်။
ဒီမိုကရေစီနိုင်ငံရေးစနစ်တွင် နိုင်ငံရေးပါတီများနှင့်
နိုင်ငံရေးသမားများက ပြည်သူ့ကိုယ်စားလှယ်များ အဖြစ် အာဏာရရှိလာအောင် ရွေးကောက်ပွဲများတွင်
ဝင်ရောက်ယှဉ်ပြိုင်ပုံကို စီးပွားရေးသမားများ ဈေးကွက်တွင် ရောင်းကုန်ကို အပြိုင်အဆိုင်ရောင်းချပုံနှင့်
ခိုင်းနှိုင်းဖော်ပြခြင်းကြောင့် ထိုသီအိုရီကို ဒီမိုကရေစီ စီးပွားရေးသီအိုရီဟု ဒွန်းစ်က
တင်စားခေါ်ဝေါ်လိုက်ခြင်း ဖြစ်သည်။
ပြည်သူလူထုကြီးသည် ၄င်းတို့၏အကျိုးစီးပွားကို
ဖော်ဆောင်ပေးမည့် ပုဂ္ဂိုလ်၊နိုင်ငံရေးသမားများကိုသာ ရွေးချယ်လိုကြသည်။ အပြန်အလှန်အားဖြင့်
အရွေးခံရသော ပြည်သူ့ကိုယ်စားလှယ် နိုင်ငံရေးသမားများက လည်း ပြည်သူ့အကျိုးစီးပွားလိုအပ်ချက်ကို
သိရှိပြီး ဖြည့်ဆည်းအကောင်အထည်ဖော်ပေးနိုင်ရန်လိုအပ်သည်။ ထိုသဘောတရားတွင် ပြည်သူလူထုကြီးသည်
ဈေးကွက်နှင့်တူပြီး နိုင်ငံရေးသမားများသည် ဈေးကွက်(ပြည်သူ လူထု) အကြိုက် ရောင်းကုန်များ
(ပြည်သူ့အကျိုးစီးပွားကိုဖော်ဆောင်ပေးမည့် ပေါ်လစီများ) ထုတ်လုပ်ခြင်းနှင့် တူနေပါသည်။
ရောင်းကုန်နှင့်ဈေးကွက် သဟဇာတဖြစ်ပါမှ စီးပွားရေးစနစ်တစ်ခု ဖွံ့ဖြိုးနိုင်မည်ဖြစ်သကဲ့သို့
ပြည်သူလူထုနှင့် နိုင်ငံရေးသမားများအကြား ဆက်သွယ်မှုသဟဇာတဖြစ်ပါမှ ဒီမိုကရေစီ နိုင်ငံရေးစနစ်တစ်ရပ်
အောင်မြင်ဖြစ်ထွန်းလာနိုင်မည်ဖြစ်ကြောင်း ဒွန်းစ်က အခိုင်အမာ ထောက်ပြထားသည်။
ဒွန်းစ်၏ သီအိုရီသဘောတရားများကို ဒီမိုကရေစီထွန်းကားသော
ကမ္ဘာ့မြောက်ခြမ်း နိုင်ငံများတွင် ကျယ်ကျယ်ပြန့်ပြန့် လေ့လာတွေ့ရှိနိုင်သည်။ နိုင်ငံရေးပါတီများသည်
ရောင်းကုန်နှင့်တူသော ၄င်းတို့၏ ပြည်သူ့ အကျိုးစီးပွားကို ပြုလုပ်ပေးမည့် ပေါ်လစီများချပြကာ
မဲဆွယ်စည်းရုံးခြင်း ပြုလုပ်ကြသည်။ ဈေးကွက်နှင့်တူ သော ပြည်သူလူထုကြီးသည် ၄င်းတို့၏
အကျိုးစီးပွားကို တကယ်ဖော်ဆောင်ပေးနိုင်မည်ဟု ယူဆသော ပါတီ သို့မဟုတ် ပါတီကိုယ်စားလှယ်များကို
အလေးပေးရွေးချယ်လိုက်ကြသည်။
ဒီမိုကရေစီ စီးပွားရေးသီအိုရီ သဘောတရားတွင်
အရေးကြီးသော ကိစ္စတစ်ခုမှာ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများက ပြည်သူလူထုလိုလားသော
အကျိုးစီးပွားအကြောင်း လေ့လာမှု တစ်နည်းအားဖြင့် ပြည်သူ့အသံ ပြည်သူ့ဆန္ဒ (Public
Opinion) ကို အခါမလပ် စုံစမ်းသိရှိနေရန်ပင်ဖြစ်သည်။ သို့မှသာ ဈေးကွက် ၏၀ယ်လိုအားကို
ကုန်ထုတ်လုပ်သူက မှန်မှန်ကန်ကန်ထုတ်လုပ်နိုင်ပေမည်။ ယနေ့ ဒီမိုကရေစီထွန်းကားသော နိုင်ငံများတွင်
လူထုဆန္ဒ စစ်တမ်းကောက်ယူမှုများ ပြုလုပ်လျက် ရှိကြသည်ကို တွေ့ရသည်။
ABSDF မှထုတ်ဝေသော ဒီမိုကရေစီ လေ့လာရေးစာစဉ်မှ ကူးယူဖေါ်ပြပါသည်။
0 comments:
Post a Comment