Monday, October 3, 2011

မျက်ကန်း မျိုးချစ်စိတ်

by Lu Cifer on Monday, October 3, 2011 at 9:05pm

 Racism က “ကောင်းသလိုလို” ယူဆပြီး လက်ခံထားတဲ့သူတွေ တော်တော်များများ တွေ့နေရပါတယ်။ ဒီနေ့ ကျနော် Facebook မှာ မြစ်ဆုံဆည်ကို ကန့်ကွက်ရေးနဲ့ ပတ်သတ်တဲ့ group တခုကို ဝင်ကြည့်မိတော့ မြစ်ဆုံဆည်က တရုတ်အစိုးရနဲ့ ပူးပေါင်းပြီး လုပ်တာမို့ တရုတ်ကို ကန့်ကွက်တဲ့ အနေနဲ့ “တယုတ်” လို့ အားလုံး တညီတညွတ်တည်း ပြောင်းရေးကြရအောင် ဆိုပြီး နှိုးဆော်တဲ့ သူတောင် ရှိပါသေးတယ်။ မြစ်ဆုံဆည်ကို သဘာဝ ပတ်ဝန်းကျင် ရှုထောင့်နဲ့ မကြိုက်မယ့် တရုတ်တွေ၊ ကန့်ကွက်မယ့် တရုတ်တွေ လည်း အများကြီး ရှိမှာပဲ။ လူမျိုးစွဲ တယူသန်မှုက အချင်းချင်း မျက်နှာပျက်စရာ ကောင်းပါတယ်။


တရုတ်နိုင်ငံ အစိုးရ မကောင်းတိုင်း တရုတ်အားလုံးကို မုန်းကြေး တိုက်ခိုက်ကြေး ဆိုရင် …..မြန်မာအစိုးရက တိုင်းရင်းသားတွေ အပေါ် နှိပ်စက်နေတာတွေ၊ ပေါ်တာဆွဲတာတွေ၊ မုဒိမ်းကျင့်တာတွေကို ကြည့်ပြီး မြန်မာအားလုံး မုဒိမ်းကောင်တွေ၊ ကြီးနိုင်ငယ်ညှဉ်းကောင်တွေလို့ ပြောလာကြရင်ကော ကျနော်တို့ ဘယ်လို ခံစားရမလဲ။ ခက်တာက ကျနော်တို့ နိုင်ငံက အစိုးရဘက်ကရော၊ အတိုက်အခံဘက်က တချို့ကပါ လူမျိုးရေးနဲ့ ခုချိန်ထိ မှိုင်းတိုက်လို့ ကောင်းနေတုန်း။

လူမျိုးပျောက် မပျောက် ဆိုတာကတော့ ကျနော် လက်ခံထားတဲ့ အနိစ္စ ရှုထောင့်က ကြည့်ရင် ဘယ်ဟာကမှမှ မမြဲတာ။ တနေ့ ပျောက်မှာပဲ။ လူမျိုးတင် မဟုတ်ဘူး၊ ကမ္ဘာကြီးပျက်ပြီး လူအားလုံးလည်း ပျောက်ချင် ပျောက်သွားမှာပဲ။ လူမျိုးပျောက်တာနဲ့ ပတ်သတ်ပြီး ကျနော် တခါတော့ ပြောဖူးတယ်။ ပျူလူမျိုးတွေ ပျောက်သွားတော့ ဘယ်သူကများ ဝမ်းနည်းနေလို့လဲ။ အခုခေတ်ရှိနေတဲ့ လူမျိုးတွေက ဘယ်သူက ပျူလူမျိုး တွေပျောက်ဆုံးမှု အတွက် ဝမ်းနည်းနေလို့လဲ။ လူမျိုးတမျိုး ဆက်လက် တည်မြဲရေးအတွက် အခုရှိနေတဲ့ လူမျိုးတွေကသာ ပူပန်နေကြတာ၊ ပျောက်မပျောက် ဘယ်သူမှ သေချာ မပြောနိုင်သလို ပျောက်သွားခဲ့ရင်လည်း နောက်ခေတ်ရဲ့ လူမျိုးအသစ်တွေက အထူးတလည် ဝမ်းနည်းနေမှာ မဟုတ်ပါဘူး။ သူတို့ဘာသာသူတို့ အဆင်ပြေနေရင် ဝမ်းသာနေမှာပါပဲ။

အခုခေတ် ကျနော်တို့ ကိုယ်တိုင်ကို ကျနော်တို့ ပြန်မေးကြည့်ရအောင်။ ဆုနှစ်ခုထဲက ကြိုက်တဲ့ ဆုတခုကို တောင်းလို့ ရတယ် ဆိုပါစို့။ ရှေးတုန်းက ပျူလူမျိုးတွေ မပျောက်ရေး (ဒါမှမဟုတ်) ခုခေတ် ရှိနေတဲ့ မြန်မာတွေ ချမ်းသာရေးဆို ကျနော်တို့ ဘာကို ရွေးမတုန်း? ခုခေတ်လူတွေ ချမ်းသာရေးကိုပဲ ရွေးမှာမို့လား။

ဘာသာရေးတွေ အားလုံးနီးပါးမှာ ကောင်းတဲ့ အချက်တခုက လူမျိုးစွဲ မရှိတာပါ။ ဒါပေမယ့် အဲဒီ့ ကောင်းတဲ့ အချက်ကျတော့ တော်တော်များများက လျစ်လျူရှုထားကြတယ်။
ဒီမိုကရေစီ၊ လူ့အခွင့်အရေး အော်နေတဲ့သူတွေလည်း သေချာစဉ်းစားဖို့တော့ လိုတယ်။ ကိုယ်က ဒီမိုကရေစီတွေ လူ့အခွင့်အရေးတွေကို တဘက်မှာ အော်နေပြီးတော့ တဘက်မှာ တခြားသူတယောက်ရဲ့ လွတ်လပ်ပိုင်ခွင့်ကို လိုက်ချုပ်ချယ်နေပြီ ဆိုရင်တော့ ကိုယ်တောင်းတဲ့ အယူအဆကို ကိုယ်ကိုယ်တိုင် လက်မခံနိုင်သလို ဖြစ်နေပြီ။

လူ့အခွင့်အရေးတွေ ဒီမိုကရေစီတွေ အော်နေတဲ့ ခေတ်မှာ racism အတွက် နေရာ မရှိတော့ပါဘူး။ လူမျိုးခြားကို မယူချင်တဲ့သူကတော့ မယူနဲ့ပေါ့။ ကိုယ့်အယူအဆ ကိုယ့်ခံယူချက်နဲ့ ကိုယ်ပေါ့။ ဒါပေမယ့် ယူမယ့်သူကို ကန့်ကွက်တာတွေ ဝေဖန်တာတွေ နှိမ့်ချတာတွေကတော့ ဒီခေတ်ကြီးမှာ လုံးဝ မရှိသင့်တော့ပါဘူး။


အောက်ကစာကတော့ စာရေးဆရာမ ကြည်အေးရဲ့ ဟောင်းနေပေမယ့် ခေတ်မီနေဆဲ စာပါ။

“ရာဇဝင်အဆက်ဆက်မှာ လူမျိုး အချင်းချင်းပေါင်းပြီး လူမျိုးသစ်ဖြစ်လာတာ၊ လူမျိုးတစ်မျိုးက တစ်မျိုးကို မျိုသွားတာတွေ ရှိသားပဲ။ တရုတ်ခေါ်ခေါ်၊ အင်္ဂလိပ်ခေါ်ခေါ် လူတွေလည်း လူလူချင်း ရောနှောသွားတာပဲ၊ အထွေးတော့ ဘာမှ ကန့်ကွက်စရာ မရှိပါဘူး၊ ဗမာမှ ယူမယ် စိတ်မကူးပါဘူး။ တကယ်တော့ ဂျာမန်ကောင်းကင်မှာ ဂျူးလူမျိုးတွေ ပြာကျတဲ့ အငွေ့နဲ့ မှောင်မည်းသွားတဲ့ အဖြစ်မျိုးသာ ကြောက်စရာ ရွံစရာပါ”





ကောင်းကင်ကို
အောက်တိုဘာ ၂၊ ၂၀၁၁

http://moemaka.com/2011/10/fake-patriotism-%E1%80%99%E1%80%BA%E1%80%80%E1%80%B9%E1%80%80%E1%80%94%E1%80%B9%E1%80%B8-%E1%80%99%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%80%85%E1%80%AD%E1%80%90/

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...