ဒီမိုကရေစီ လေ့လာရေးစာစဉ် အခန်း(၃) အပိုင်း(၄)
အာဏာကန့်သတ်
အစိုးရ
Limited
Government
အနည်းဆုံးအုပ်ချုပ်သော
အစိုးရသည် အကောင်းဆုံးအစိုးရဖြစ်သည်။
Government
Is the Best Which Goerns Least
အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်ထားရေးသည်
ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်တွင် မရှိမဖြစ် လုပ်ဆောင်ရမည့် ကိစ္စဖြစ်သည်။ ဒီမိုကရေစီ
အုပ်ချုပ်ရေးစနစ်နှင့် ဆန့်ကျင်သည့်အခြားသော အုပ်ချုပ်ရေးစနစ် များတွင် အစိုးရ၏အာဏာကို
ကန့်သတ်ထားမှုမပြုနိုင်ဘဲ အစိုးရကသာ ပြည်သူလူထု များ၏ လွတ်လပ်မှုအခွင့်အရေးကို ကန့်သတ်ထားသည်ကိုတွေ့ရသည်။
ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်တွင် ပြည်သူတို့၏ လွတ်လပ်မှုအခွင့်အရေးကို ထိခိုက်ခြင်းမရှိစေရန်အတွက်
အစိုးရ၏အာဏာကို ကန့်သတ်ရန် လိုအပ်ခြင်းဖြစ်သည်။
ဒီမိုကရေစီနှင့် ဆန့်ကျင်သော အုပ်ချုပ်ရေးစနစ်များတွင်
အစိုးရအခွင့်အာဏာကို ကျင့်သုံးခွင့် ရှိသူများ သည် ပုံစံတစ်မျိုးမျိုးဖြင့် ထိုရာထူးကို
ဆက်ခံခြင်းဖြင့် ရရှိတတ်ကြသည်။ ထို့ကြောင့် ဤနည်း အားဖြင့် အာဏာရလာသော ပုဂ္ဂိုလ်များသည်
၎င်းတို့လက်ဝယ်မှ အာဏာကို ပြည်သူများက ထိပါး ယှဉ်ပြိုင်ခြင်းမပြုနိုင်သော အားနည်းချက်ကို
အခွင့်ကောင်းယူကာ အာဏာအလွဲသုံးစားမှု များဖြင့် အုပ်ချုပ်ခြင်းမျိုးဖြစ်လာသည်။ အကြွင်းမဲ့
သက်ဦးဆံပိုင်ဘုရင်စနစ် (Absolute Monarchism) တွင် သမိုင်းတစ်လျှောက် အုပ်ချုပ်ရေးအာဏာ
ကို ဆက်ခံခြင်းဖြင့် ရယူခဲ့ကြပြီး အာဏာအလွဲသုံးစား အုပ်ချုပ်မှုများ ပြုခဲ့ကြောင်း ၁၇-၁၈
ရာစုများတွင် ပေါ်ထွန်းခဲ့သော နိုင်ငံရေးအတွေးအခေါ်ပညာရှင်များက အခိုင်အမာ ဖော်ထုတ်ပြောဆိုခဲ့ကြသည်။
ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို အလေးပေး တွေးခေါ်သော ပညာရှင်များသည် အဆိုပါအချက်ကို
အခိုင်အမာထောက်ပြပြီး အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်ရန် ကြိုးပမ်းလာကြသည်။
ဆက်ခံခြင်းအားဖြင့် အာဏာရရှိလာသော အစိုးရ သို့မဟုတ် ပုဂ္ဂိုလ်၏အာဏာကို ကန့်သတ်ရန်အတွက်
နည်းလမ်းမျိုးစုံကို ဖော်ထုတ်ခဲ့ကြသည်။
ဆက်ခံခြင်းဖြင့် အာဏာရရှိသော နိုင်ငံများအဖြစ်
မြင်သာသောနိုင်ငံများမှာ ဘုရင် သို့မဟုတ် ဘုရင်မ အုပ်ချုပ်လျက်ရှိသော နိုင်ငံများ(Kingdom)
ဖြစ်ကြသည်။ သို့သော်ထိုနိုင်ငံများတွင် ဘုရင်များ၏အာဏာသည် အကြွင်းမဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်ကဲ့သို့
လုပ်ပိုင်ခွင့်အာဏာမရှိတော့ဘဲ အာဏာကို အောက်တွင်တင်ပြထား သော နည်းလမ်းများဖြင့် ကန့်သတ်ထားပြီး
တကယ့်လက်တွေ့အုပ်ချုပ်ရေးရာ ကိစ္စများကို ပြည်သူ့ကိုယ်စား လှယ်များက ဆောင်ရွက်လျက်ရှိသည်။
ထိုနိုင်ငံများတွင် အာဏာကို ဆက်ခံခြင်းဖြင့် ရရှိသော ဘုရင် သို့မဟုတ် ဘုရင်မသည် နိုင်ငံတော်၏
ဦးသျှောင် (Head of State) အနေဖြင့်သာ တည်ရှိသည်။
ကမာ့နိုင်ငံအများစုမှာ အာဏာကို ဆက်ခံခြင်းနည်းဖြင့်
ရရှိခြင်းစနစ်မဟုတ်ဘဲ ရွေးချယ်တင် မြှောက်သော သမတက အုပ်ချုပ်သည့် သမတနိုင်ငံ
(Republic) များ ဖြစ်ကြသည်။ သမတတွင် အထူး လုပ်ပိုင်ခွင့် အာဏာရှိသောစနစ်
(Presidentialism) တွင်ဖြစ်စေ ၊ သမတကနိုင်ငံတော် ဦးသျှောင်အဆင့် တွင်သာရှိပြီး ပါလီမန်က
အထူးလုပ်ပိုင်ခွင့်ရှိသော စနစ် (Parliamentarism) တွင်ဖြစ်စေ သမတအပါ အ၀င် အုပ်ချုပ်ရေးအာဏာများကို
ကျင့်သုံးမည့် အာဏာပိုင်အားလုံးသည် ရွေးချယ် တင်မြှောက်ခံပြီးမှ အာဏာရရှိသော သူများဖြစ်သည်။
သို့ရာတွင် ဤသို့ရွေးချယ်တင်မြှောက်ရုံမျှဖြင့် အစိုးရ၏ အခွင့်အာဏာ ကို ကန့်သတ်ရန် လုံလောက်အကြောင်းတရား
တရပ်မဟုတ်ပါချေ။ အရွေးချယ်ခံ ပုဂ္ဂိုလ်များ အာဏာရ ပြီးမှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နှင့်
ဆန့်ကျင်လျက် အာဏာရှင်အုပ်ချုပ်ရေးစနစ်များ ဖော်ဆောင်နေ သည်ကို ကမ္ဘာ့အရပ်ဒေသ အတော်များများတွင်
တွေ့မြင်နေကြရသည်။ နိုင်ငံအကြီးအကဲ အာဏာကို ဆက်ခံယူနေသော ဘုရင့်နိုင်ငံများတွင် ကျင့်သုံးနေသော
ဒီမိုကရေစီသည် ရွေးချယ်တင်မြှောက်ခြင်းနည်း ဖြင့် အာဏာရလာသော နိုင်ငံများထက် များစွာ
အဆင့်မြင့်မားနေသည်ကိုလည်း တွေ့ရသည်။ ထို့ကြောင့် အစိုးရ၏အာဏာကိုကန့်သတ်ရေးမှာ နိုင်ငံတော်
ဦးသျှောင်နေရာအတွက်ကို ဆက်မဟုတ်ပါ။ ဆက်လက်၍ တင်ပြမည်ဖြစ်သော အကြောင်းတရားများ အရသာ
အစိုးရ၏ အာဏာကိုကန့်သတ်ခြင်းဆိုသည့် အကျိုး တရားကို အကျိုးတရားကို ရရှိပသည်။
အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာ ကန့်သတ်ရေးနှင့်ပတ်သက်၍
လူမှုရေး ပဋိညာဉ်ပြုမှုကို ဖော်ထုတ်သူ ဂျွန်လော့ခ်၏ တင်ပြချက်များတွင် အခိုင်အမာ တွေ့ရှိရသည်။
လူတိုင်းတွင် သဘာဝက အပ်နှင်းထားသော အခွင့်အရေးများရှိပြီး ၄င်းတို့ကို လွတ်လပ်စွာကျင့်သုံးခွင့်ရှိသ်ည။
ထိုသို့ကျင့်သုံးရာတွင် အခြားသူများ၏ လုံခြုံမှုနှင့် အခွင့်အရေးကို ထိခိုက်မှုမျာ ဖြစ်စေနိုင်သဖြင့်
ထိုဖြစ်ရပ်မျိုးကို ထိန်ညှိရန်အတွက် ပြည်သူ့ ကိုယ်စားလှယ်များဖြင့် အစိုးရဖွဲ့စည်းပြီး
လုပ်ပိုင်ခွင့် အာဏာ အပ်နှင်းပေးရသည်။ ဤသဘောတရားသည် လူပုဂ္ဂိုလ် တဦးစီအကြောင်းနှင့်
လူးတဦးချင်းစီနှင့် လူ့အဖွဲ့အစည်းအကြား လူမှုရေးပဋိညာဉ်ပြုမှု ဘဘောတရားလည်း ဖြစ်သည်။
ဤပဋိညာဉ်ပြုမှု သဘောတရား ပေါ်ပေါက်လာရခြင်းသည် လူပုဂ္ဂိုလ်တဦးချင်းစီ၏ အသက်ရှင် ရပ်တည်မှုအခွင့်အရေး၊
လွတ်လပ်မှုအခွင့်အရေး၊ ပိုင်ဆိုင်မှုအခွင့် အရေးကို လူ့အဖွဲ့အစည်းကြီးအတွင်း ဖော်ဆောင်ရာတွင်
ကြုံတွေ့ရမည့် အခက်အခဲများကို ဖြေရှင်းရန်အတွက်ဖြစ်သည်။ ထို့ကြောင့် လူမှုရေးပဋိညာဉ်ပြုမှုအရ
ပေါ်ပေါက်လာသော အစိုးရအား လူပုဂ္ဂိုလ်တဦးချင်းစီ၏ အခွင့်အရေးကို ချိုးဖောက်ရန် ခွင့်ပြုမည်မဟုတ်ပေ။
ထို့ကြောင့် အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်ရန်အထူးလို အပ်လှပေသည်။ အကယ်၍ အစိုးရ၏
လုပ်ပိုင်ခွင့်အာဏာများက ပုဂ္ဂိုလ်တဦးချင်းစီ၏ အခွင့်အရေးကို လူ့အဖွဲ့အစည်းအတွက် လိုအပ်ချက်အရ
မဟုတ်ဘဲ ချိုးဖောက်လာလျှင် ခုခံခွင့်ရှိကြောင်း ဂျွန်လော့ခ်က ထုတ်ဖော်ခဲ့သည်။ ဂျွန်လော့ခ်သည်
၎င်း၏ အယူအဆ အတွေးအခေါ်များကို ၁၆၈၈ ခုနှစ်တွင် ဖြစ်ပွားသော အင်္ဂလိပ်တော်လှန်ရေးအပြီးတွင်
ထုတ်ဝေသော အစိုးရစာချုပ်နှစ်ရပ် (Two Treaties of Government) စာအုပ်တွင် ထုတ်ဖော်ခဲ့သည်။
အဓိကအားဖြင့် ဘုရင်များ၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်ရန် ထုတ်ဖော်ခဲ့ခြင်း ဖြစ်သောလည်း
ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်တရပ်တွင် မရှိမဖြစ် လိုအပ်ချက်ဖြစ်သော အစိုးရ၏ အာဏာကို
ကန့်သတ်ရေးအတွက် ခိုင်မာသော အတွေးအခေါ်ကို ဖော်ထုတ်ခဲ့သူအဖြစ် ဂျွန်လော့ခ်ကို အသိအမှတ်ပြု
ကြသည်။
အစိုးရအာဏာကို ကန့်သတ်ထားခြင်းနှင့် ပတ်သက်၍
အောက်ပါစံများအရ လေ့လာမှုပြုကြသည်။
(က) လူထုအချုပ်အခြာ အာဏာပိုင်မှု၊
(ခ ) ကိုယ်စားပြုအစိုးရ၊
(ဂ ) ကာလအပိုင်းအခြားအလိုက် ကျင်းပသော ရွေးကောက်ပွဲများ၊
(ဃ) အခြေခံဥပဒေနှင့်အညီ အုပ်ချုပ်ခြင်း။
လူထု၏
အချုပ်အခြာ အာဏာပိုင်မှု
(Popular
Soverignty)
အစိုးရ၏ အာဏာကို ကန့်သတ်နိုင်ရေးအတွက် လူထု၏
အချုပ်အခြာ အာဏာပိုင်မှုဆိုသည့် သဘောတရားသည် နိုင်ငံရေးစနစ်တွင် စိမ့်ဝင်ယုံကြည်မှု ရှိစေရန်လိုအပ်သည်။
အထက်တွင် တင်ပြခဲ့သည့် အတိုင်းအကြွင်းမဲ့သက်ဦးဆံပိုင် စနစ်အထိလူထုအခြာ အာဏာပိုင်မှု
သဘောတရားသည် နိုင်ငံရေးစနစ်တွင် သက်ဝင်ယုံကြည့်မှု မရှိခဲ့ပေ။ အချုပ်အခြာ အာဏာသည် ဘုရင်များထံတွင်သာရှိသည်။
ဘုရင်သည် အကြွင်းမဲ့သော အာဏာကို ပိုင်ဆိုင်သည်။ အရာခပ်သိမ်းကို လုပ်နိုင်သည်ဆိုသည့်
သဘောတရားများသာ အနိုင်ယူနေခဲ့သည်။ အချုပ်အခြာ အာဏာပိုင်မှုဆိုသော ဝေါဟာရသည် ပြင်သစ်ဘာသာစကား
(Sovereign) မှ လာခြင်းဖြစ်ပြီး ၄င်းအဓိပ္ပါယ်မှာ “ထိပ်ဆုံး၌ရှိခြင်း သို့မဟုတ်
အခြားသူများ၏ အထွဋ်အထိပ်အရာ” ဟူ၍ ဖြစ်သည်။ ၁၆ ရာစုနှစ် အလယ်ပိုင်းတွင် ပေါ်ထွန်းခဲ့သော
ပြင်သစ်နိုင်ငံရေး အတွေးအခေါ်ပညာရှင် ဘော်ဒင် (Jean Bodin,1529-1596) က အချုပ်အခြာအာဏာတွင်
အကြွင်းမဲ့ဖြစ်သော (Abosolute) ထာဝရအတည် ဖြစ်သော (Perpetual)၊ ခွဲခြားမရသော
(Indivisible) ဟူသည့် အနှစ်သာရရှိသည်ဟု အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်။ သို့ရာတွင် ဘော်ဒင်က
အချုပ်အခြာအာဏာကို ဘုရင်က ကျင့်သုံးခြင်းနှင့် ပတ်သက်၍မှု ဆန့်ကျင်တွေးခေါ် ပြောဆိုခြင်းမျိုးမပြုခဲ့ပေ။
ဘော်ဒင်၏ နောက်ပိုင်း ပေါ်ထွက်လာသော နိုင်ငံရေးအတွေးခေါ် ပညာရှင်များကသာ အချုပ်အခြာ အာဏာပိုင်ရှင်များ
တနည်းအားဖြင့် အချုပ်အခြာအာဏာ၏ အရင်းအမြစ်များ မည်သူတို့ဖြစ်သည်ကို တွေးခေါ်ဖော်ထုတ်ခဲ့သည်။
အချုပ်အခြာ အာဏာ၏ ပိုင်ရှင် အရင်းအမြစ်ကို
ရှာဖွေဖော်ထုတ်ရာတွင် နိုင်ငံရေးအတွေးအခေါ် ပညာရှင်များက အဆင့်ဆင့် အမေးအဖြေပုံစံဖြင့်
ပြုလုပ်ခဲ့ကြသည်။ ပထမ သူတို့မေးသော မေးခွန်းမှာ ဘုရင်သည် အချုပ်အခြာ အာဏာပိုင်ရှင်
ဟုတ်ပါသလား ဆိုသည့်မေးခွန်းဖြစ်သည်။ အဖြေကား “မဟုတ်ပါ”၊ အကြောင်းမှာ နေ့တဓူဝ အုပ်ချုပ်ရေး၊
စီမံခန့်ခွဲရေးများကို ဆောင်ရွက်နေသူတို့မှာ ပါလီမန်သာဖြစ်သဖြင့် ဘုရင်သည် အချုပ်အခြာအာဏာ
ထိန်းချုပ်ရေးတွင် တိုက်ရိုက်ပတ်သက်ခြင်းမရှိ၍
ဖြစ်သည်။ သို့ဆိုလျှင် “ပါလီမန်သည် အချုပ်အခြာအာဏာကို ပိုင်ပါသလား” ဆိုသည့်အချက်ကို
ဒုတိယမေးခွန်းအဖြစ် မေးလာကြသည်။ အဖြေကား“မဟုတ်ပါ”၊အကြောင်းမှာ ပါလီမန်သည် ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေ ပြဌာန်းချက်များနှင့်အညီ ရွေးချယ်တင်မြှောက်ခံရသော ပြည်သူ့ကိုယ်စားလှယ်များဖြင့်သာ
ဖွဲ့စည်းထားခြင်း ဖြစ်ရာ ထိုကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှမ်းမိုးခြင်း၊
ကွဲလွဲဆန့်ကျင်စွာ ဆောင်ရွက်ခြင်း မပြုနိုင်လော” ဆိုသော မေးခွန်းကို တတိယမေးခွန်းအဖြစ်
မေးလာကြသည်။ အဖြေကား “မဟုတ်ပါ” ၊ အကြောင်းမှာ ထိုအဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို
ပြည်သူလူထုက ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း ပြုလုပ်နိုင်သည်။ “ပြည်သူလူထုကြီးကို မည့်သည့်အရာကမျှ
လွှမ်းမိုးနိုင်သေးသနည်း၊ ပြည်သူလူထုကြီးကား အချုပ်အခြာ အာဏာပိုင်ရှင်ဖြစ်ပါသလား” ဆိုသည့်
မေးခွန်းကို နောက်ဆုံးမေးခွန်း အဖြစ်မေးလာကြသည်။ “ပြည်သူလူထုကြီးကို မည်သည့်အရာကမျှ
လွှမ်းမိုးခြင်း၊ မပြုနိုင်တော့ပါ။ ပြည်သူလူထုကြီး ကျင့်သုံးနိုင်သော အာဏာသည် အကြွင်းမဲ့ဖြစ်သော၊
ထာဝရအစဉ်မပြတ်သော တခုတစည်းတည်း ဖြစ်သော အာဏာဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထုကြီးသည်
အချုပ်အခြာအာဏာ၏ အရင်းအမြစ်နှင့် ပိုင်ရှင်ဖြစ်သည်” ဟူသော အဆုံးသတ်အဖြေကို ရရှိသည်။
အထက်ပါ စဉ်းစားဆင်ခြင်းမှုတွင် အဓိပ္ပါယ် အကောက်မလွဲစေရန်
အချက် (၂) ချက်ကို ရှင်းလင်း တင်ပြရန် လိုပါသည်။ ပထမအချက်မှာ အချို့သော နိုင်ငံများ၏
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ပါလီမန်သည် အချုပ်အခြာအာဏာပိုင်ကြောင်း ပြဌာန်းချက်ဖြစ်သည်။
ထိုပြဌာန်းချက်သည် ပြည်သူများ၏ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပါလီမန်ကို အချုပ်အခြာအာဏာ
အပ်နှင်းထားခြင်းဖြစ်ရာ ကိုယ်စားလှယ်ဆိုသည့် အတိုင်း အစစ်အမှန်မဟုတ်သည်မှာ ထင်ရှားနေပါသည်။
ထို့ပြင် ထိုကိုယ်စားလှယ် များကို ခန့်ထားခြင်း၊ ပယ်ဖျက်ခြင်းကို ပြုလုပ်နိုင်သော အာဏာမှာ
ပြည်သူများလက်အတွင်း ရှိနေခြင်းကလည်း အချုပ်အခြာအာဏာ ပိုင်ရှင်မှာ ပြည်သူများသာဖြစ်ကြောင်း
ထင်းရှားစေပါသည်။
ဒုတိယ ရှင်းလိုသ်ည့်အချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေက
အချုပ်အခြာအာဏာပိုင် မဟုတ်ဆိုသော အချက်ဖြစ်သည်။ အခြေခံဥပဒေသည် အာဏာတည်ဆဲ အချိန်တွင်
အစိုးရ အာဏာပိုင်များရော၊ ပြည်သူများကပါ လိုက်နာစောင့်ထိန်းရသော ဥပဒေဖြစ်သည်။ သို့သော်
၎င်းကို ပြည်သူများက တရားဝင် ဖျက်သိမ်းပိုင်ခွင့်ရှိရာ ပြည်သူများကသာ အချုပ်အခြာအာဏာ
ပိုင်ရှင်းများဖြစ်သည်။ အချို့နိုင်ငံများတွင် စစ်တပ်အာဏာသိမ်းမှုများ ဖြစ်ပွားပြီး
အခြေခံဥပဒေကို ဖျက်သိမ်းတတ်ရာ ထိုအာဏာသိမ်းခေါင်းဆောင် များက အချုပ်အခြာအာဏာ ပိုင်သည်ဟူ၍မရပါ။
အကြောင်းမှာ အခြေခံဥပဒေကို တရားဝင်ဖျက်သိမ်း နိုင်ခွင့် အာဏာသည် ပြည်သူများမှလွဲ၍ အခြားမည်သူ့တွင်မျှမရှိပါ။
ထို့ကြောင့် မျက်မှောက်ခေတ်တွင် အချုပ်အခြာ
အာဏာပိုင်ရှင်သည် ပြည်သူလူထုသာ ဖြစ်ကြောင်း အားလုံးက လက်ခံသဘောပိုက်ထားပြီး ဖြစ်သည်။
သို့သော် ပြဿနာမှာ လက်တွေ့ကျင့်သုံးရာတွင် ပြည်သူလူထု၏ အချုပ်အခြာအာဏာပိုင်မှု အခန်းကဏ္ဍကို
ပစ်ပယ်ခြင်း ဖြစ်သည်။ အချုပ်အခြာ အာဏာပိုင်ရှင် မည်သူဖြစ်ကြောင်း စဉ်းစားဆင်ခြင်စဉ်က
အဆင့်ဆင့် ပြုလုပ်ခဲ့သော အမေးနှင့်အဖြေ ဖြစ်စဉ်တွင် အဆင့်ဆင့်သော နိုင်ငံရေး ဖြစ်ပေါ်တိုးထက်မှု
ဖြစ်စဉ် (Process of Political Progress) ကိုတွေ့ခဲ့ရပြီး ဖြစ်သည်။ ထိုလုပ်ငန်းဖြစ်စဉ်ကို
အဆင့်ဆင့်တိုင်းတွင် လိုအပ်ချက်နှင့်အညီ ပြည်သူလူထုက ထိန်းချုပ်ခွင့်ရခြင်းသည် ပြည်သူလူထုထံတွင်
အချုပ်အခြာ အာဏာပိုင်ရှင်မှုရှိခြင်းကို ပေါ်လွင်စေပါသည်။ ထိုနိုင်ငံရေးဖြစ်စဉ်ကို ပြည်သူလူထုက
ထိန်ချုပ်ခြင်း မပြုနိုင်ပါက အာဏာပိုင်များသည် အာဏာရှင်အဖြစ်သို့ ဦးတည်သါားပြီး ပြည်သူလူထု၏ အချုပ်အခြာ အာဏာပိုင်မှု
အခန်းကဏ္ဍမှာ အဓိပ္ပါယ်မဲ့သွားလေတော့သည်။
ပြည်သူလူထု အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့်
တိုက်ရိုက်ဆက်စပ်နေသော အကြောင်းအရာ တရပ်မှာ ပြည်သူလူထု၏ နိုင်ငံရေးပူးပေါင်းဆောင်ရွက်ခွင့်
ရှိရေးပင်ဖြစ်သည်။ နိုင်ငံရေး ပူးပေါင်း ဆောင်ရွက် ခွင့်ကို အကြောင်းအမျိုးမျိုးပြကာ
ကန့်သတ်ခြင်း၊ ပိတ်ပင်တားဆီးခြင်းသည် ပြည်သူလူထု အချုပ်အခြာမှုကို ဥပေက္ခာပြုလိုက်ခြင်းဖြစ်သည်။
ABSDF မှထုတ်ဝေသော ဒီမိုကရေစီ လေ့လာရေးစာစဉ်မှ ကူးယူဖေါ်ပြပါသည်။
0 comments:
Post a Comment