ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၄) ၊ အပိုင်း(၃)
တရားဝင်အုပ်ချုပ်စီရင်ပိုင်ခွင့်နှင့်
လူထုထောက်ခံမှု
ရှေ့ဟောင်းအီဂျစ်နိုင်ငံသားတို့က
သူတို့၏ ဖါရိုးဘုရင်သည် နတ်ဘုရားဖြစ်သည်ဟု ယုံကြည် ကြသောကြောင့် ၊ ထိုဘုရင်၏ အမိန့်များသည်
ဖိနှိပ်ချုပ်ချယ်သော အမိန့်များဖြစ်လင့်ကစား လိုက်နာ ဆောင်ရွက်လေ့ရှိသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းကလည်း
သန်းပေါင်းများစွာသော ဂျပန်စစ်သား များနှင့် အရပ်သားများသည် ၄င်းတို့၏ မြင့်မြတ်သော
ဧကရာဇ်ဘုရင်အတွက် ဆန္ဒပြင်းပြစွာ အသက် ပေးလှူခဲ့ကြသည်။ ၁၉၃၀ နှင့် ၁၉၄၀ ပြည့်လွန်နှစ်များအတွင်းက
ဂျပန်စစ်တပ်မှ ၀ါဒဖြန့်ချိရေးမှူးများ၏ အဆိုအရ စစ်မြေပြင်တွင် သေအံ့မူးမူးဖြစ်နေသည့်
ဂျပန်စစ်သားများ၏ နောက်ဆုံးရေရွတ်သံမှာ “တင်နော်ဟေကာ၊ ဘန်ဇိုင်း” (ဧကရာဇ်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ)
ဆိုသော စကားဖြစ် သည်ဟူ၏။ စစ်အတွင်းက ဂျပန်စစ်ဝါဒတို့၏ ကျူးကျော်နယ်ချဲ့ရေးဝါဒများမှာ
ကိုယ့်သေတွင်းကို တူးဘိသကဲ့သို့ မိမိသာ နစ်နာစရာရှိသော်လည်း သူတို့ကို ဆန့်ကျင်ခဲ့သူ
နည်းပါးလှသည်။ တရုတ် ပြည်တွင် မင်မင်းဆက် (၁၃၆၈-၁၆၄၄ အေဒီ) နှင့် ချင်မင်းဆက် (၁၆၄၄-၁၉၁၂အေဒီ)
ဘုရင်များ အုပ်စိုးနေစဉ်ကာနှင့် ရုရှားနိုင်ငံတွင် ဇာဘုရင်များ စိုးစံနေစဉ်ကာလတို့တွင်
အုပ်စိုးသူများကို နိုင်ငံသား များက တိုင်းပြည်၏ ဖခင်သဖွယ် ယူမှတ်ခဲ့ကြသည်။ စတာလင်၏
ကြမ်းတမ်းခတ်ထန်သော အုပ်စိုးမှု အောက်တွင် ဆိုဗီယက်ပြည်သူတို့က အလားတူယူဆခဲ့ကြသည်။
သို့ဖြစ်သောကြောင့်
ထိုအုပ်စိုးသူ များကို ပြည်သူတို့က ရိုသေကျိုးနွံခဲ့ကြရကြောင်း သံသယဖြစ်စရာမလိုပါ။
ရှေ့ဟောင်းဂရိနိုင်ငံ ရောမနိုင်ငံနှင့် အမေရိကန်ပြည်တွင်းစစ်မတိုင်းမီက တောင်ပိုင်းပြည်နယ်များရှိ
ကျေးကျွန်းများသည် ပြင်းထန်စွာ ဖိနှိပ်ခံရပြီး တခါတရံကျေးကျွန်များက ပြန်လည်ပုံကန်မှုများ
ရှိခဲ့သည့်တိုင်အောင် ကျေးကျွန်စနစ်ကို နိုင်ငံတော်က တရားဝင်ပြဌာန်းထားသည့် အခြေအနေကို
လက်သင့်ခံခဲ့ကြသည်။ အထက်ပါဥပမာတို့သည် နိုင်ငံတော်အသီးသီးထံ၌ အမျိုးမျိုးသော တရားဝင်အုပ်ချုပ်စီရင်ပိုင်ခွင့်နှင့်
ယင်းတို့၏ ကွဲပြားခြားနားသော အရင်အမြစ်တို့ တည်ရှိနေကြောင်း ပြဆိုလျှက်ရှိပေသည်။ ဒီမိုကရေစီ
လူ့ဘောင်တွင် နေထိုင်လျှက်ရှိနေသူများ သို့မဟုတ် ဤလူ့ဘောင်မျိုးကို တောင်းတလျှက်ရှိနေသူများ
အနေဖြင့် ယင်းကဲ့သို့သော ဖိနှိပ်သည့် နိုင်ငံတော်မျိုးကို ရိုသေကျိုးနွံနေရခြင်းနှင့်
ဤဖြစ်ရပ်အား တရားဝင်ဖြစ်အောင် ပြုမူကြံဆောင်ကြခြင်းတို့ကို အဓိပ္ပါယ်ကင်းမဲ့လှသည်ဟု
ယူဆကြမည်သာ ဖြစ်သည်။ သို့သော် တရားဝင်သော အုပ်ချုပ်စီရင်ပိုင်ခွင့်ဟူသည် လူတစ်ဦးချင်းစီ၏
ကိုယ်ပိုင်ဆင်ခြင် မှုနှင့်သာ အဓိကပတ်သက်ပါသည်။ နိုင်ငံတော်တရပ်လုံးကို တရားဝင်သည်ဟု
လူထုက ယျေဘုယ အားဖြင့် ယုံကြည်ပြီဆိုပါက ကိုယ်ပိုင်အယူအဆသဘောအရ တရားဝင်သည်သာ ဖြစ်သည်။
တနည်း ဆိုရင်လျှင် တရားဝင်အုပ်ချုပ်စီရင်ပိုင်ခွင့်သည် လူထုထောက်ခံမှုအပေါ်တွင် မူတည်ပေသည်။
တရုတ်တွေးခေါ်ပညာရှင်
မင်ဇူက ကောင်းကင်ဘုံကပြောသော စကားသည် လူသားတို့ထံမှ လာသည်ဟု ဆိုခဲ့ဖူးပါသည်။ အုပ်ချုပ်သူတစ်ဦး၏
အုပ်ချုပ်မင်းလုပ်နိုင်သော အခွင့်အရေးသည် ထိုပုဂ္ဂိုလ်ကို မိမိတို့အား အုပ်စိုးသူအဖြစ်
ပြည်သူတို့က လိုလားလက်ခံမှုအပေါ်တွင် ထင်ဟပ်မှီတည် နေပေသည်။
ဤနေရာတွင်
သက်ဆိုင်ရာနိုင်ငံရေး ခေါင်းဆောင်တို့တွင်ရှိသော တရားဝင်အုပ်ချုပ်စီရင်ပိုင် ခွင့်အာဏာနှင့်
နိုင်ငံတော်၏ နိုင်ငံရေးစနစ်တွင်ရှိသော တရားဝင်အုပ်ချုပ်စီရင်ပိုင်ခွင့်အာဏာတို့၏ ကွဲပြားခြားနားချက်ကို
သိရှိရန်လိုအပ်လာပါသည်။ ၁၉၉၂ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ တွင် တမ္မတဂျော့ဘွတ်ရှိသည်။
သမ္မတလောင်း ဘီလ်ကလင်တန် ရှုံးနိမ့်ခဲ့ပါသည်။ ဆန္ဒမဲပေးသူတို့၏ အမြင်တွင် သမ္မတဂျော့ဘွတ်သည်
(ဥပမာ-စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းသည်ဆိုသည်ကာ) တရားဝင် အုပ်ချုပ်စီရင်ပိုင်ခွင့်အာဏာကို
ဆုံးရှုံးသွားရပြီဖြစ်သည်။ သို့သော်လည်း အခြေခံဥပဒေ၌ အခြေစိုက် ထားသော အမေရိကန်နိုင်ငံရေးစနစ်၏
တရားဝင်မှုအပေါ် ပြည်သူတို့၏ ယုံကြည်သက်ဝင်ခြင်းသည် တစ်စုံတစ်ရာ အပြောင်းအလဲမရှိခဲ့ပါ။
စင်စစ်အားဖြင့် သမ္မတရွေးပွဲတွင်း မဲဆန္ဒပေးခဲ့ခြင်းကို၌က နိုင်ငံရေးစနစ်၏ တရားဝင်မှုကို
ပြည်သူတို့က ယုံကြည်ကြောင်း ပြဆိုခဲ့ပြီးဖြစ်သည်။ တရုတ်ပြည်၏ ရှည်လျားသော သမိုင်းကြောင်းတစ်လျှောက်တွင်
မင်းဆက်များ သို့မဟုတ် တော်ဝင်မျိုးနွယ်များအနေ ဖြင့် အကျင့်ပျက်ပြားပြီး အရည်အချင်းချို့တဲ့လာသော
အချိန်တွင်မှသာ နောက်ထပ် မင်းဆက်သစ် တစ်ခုက အစားထိုးနေရာယူခဲ့လေ့ရှိသည်။ (တရုတ်ပြည်၏
အဓိကမင်းဆက်တို့သည် ပျမ်းမျှအားဖြင့် နှစ်ပေါင်း ၃၀၀ မျှ တည်တံ့ခဲ့ကြသည်။) တရုတ်ပြည်၏
ဘုရင်စနစ်သည် တရုတ်သမ္မတနိုင်ငံတော် တည်ထောင်သည့် ၁၉၁၂ ခုနှစ် တော်လှန်ရေးကြီး မတိုင်မီအထိ
မပြောင်းမလဲ တည်တံ့ခဲ့လေသည်။ ၁၉၁၂ ခုနှစ် ကျမှာသာ ဘုရင်စနစ်၏ တရားဝင်မှုကို အောင်မြင်စွာ
စိန်ခေါ်အံတုနိုင်ခဲ့ခြင်းဖြစ်ပါသည်။ သို့ဖြစ်ရာ တရားဝင်အုပ်ချုပ်စီရင်ပိုင်ခွင့်နှင့်
စပ်လျဉ်းလာလျှင် အစားထိုးခန့်အပ်ခြင်းမျိုး ဖြစ်ပေါ်လာနိုင် သော ခေါင်းဆောင်တစ်ဦးချင်းထက်
နိုင်ငံရေးစနစ်တရပ်လုံးအား ပြည်သူလူထု၏ ထောက်ခံအားပေး မှုက ပို၍အရေးပါလေသည်။
နိုင်ငံတော်တရပ်လုံးကို
တရားဝင်၊မ၀င် သုံးသပ်ကြရာ၌ ကိုယ်ပိုင်ဆင်ခြင်မှုသဘောအရ မည်ကဲ့သို့ သုံးသပ်ကြမည်နည်း။
နိုင်ငံရေးသိပ္ပံပညာရှင် ဂျူအန်လင့်စ် (Juan
Lintz) က တရားဝင် အုပ်ချုပ်စီရင်ပိုင်ခွင့်ကို အဓိပ္ပါယ်ဖွင့်ဆိုရာ၌ နိုင်ငံရေးစနစ်များသည်
မပြည့်စုံမှုများနှင့် မအောင်မြင်မှု များ ရှိနေလင့်ကစား အခြားတည်ရှိနိုင်သည့် စနစ်များထက်သာလွန်ကောင်းမွန်ကြသည်
ဟူသော ယုံကြည်ချက်ကြောင့် ဤစနစ်များအတိုင်း ပြည်သူတို့လိုက်နာကြစေရန် တောင်းဆိုပိုင်ခွင့်ရှိသည်ဟု
ဆိုခဲ့လေသည်။ (ဲJuan Lintz Legitimacy of
democracy and socioeconomic system p.65) တနည်းဆိုရသော် ပြည်သူတို့အနေဖြင့် နိုင်ငံတော်တရပ်၏
မူဝါဒများအား လုံးဝဥဿုံကျေနပ်လက်ခံ နိုင်ခြင်း မရှိသည့်တိုင် အဆိုပါ နိုင်ငံတော်သည်
တရားဝင်နိုင်ငံတော်ဖြစ်သည်ဟု ယုံကြည်လျှင် အကျိုး ထူးပါဝင်ဆောင်ရွက်ကြရသည်ဟု ဆိုလိုရင်းဖြစ်သည်။
၁၉၉၂ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ တွင် သမ္မလောင်းများဖြစ်ကြသည့် ဂျော့ဘွတ် ဘီလ်လင်တန်နှင့်
ရော့စ်ပီးရိုးတို့ သုံးဦးအနက်တဦးဦး အားရွေးချယ်ရမည့် ကိစ္စကို မကျေနပ်နိုင်ဘဲ ထိုသူတို့တက်သာလွန်သော
သမ္မတလောင်းများ ရှိတန် ရာသည်ဟု မဲဆန္ဒရှင်တို့က ထင်မြင်ကောင်း ထင်မြင်ခဲ့ကြပေလိမ့်မည်။
သို့တိုင်အောင်ပင် အမေရိကန် နိုင်ငံရေးစနစ်ကြီးတစ်ခုလုံးအနေဖြင့် ( ချို့ယွင်းချက်များရှိနေသည့်တိုင်အောင်)
အဆင်သင့်ရနိုင် ကောင်းသော အခြားစနစ်များထက် သာလွန်နေသေးသည်ဟု မဲဆန္ဒရှင်များက ယုံကြည်လက်ခံထား
ကြပါသည်။ ၀င်စတန်ချာချီ (Winstonchurchill)
တစ်ခါက ဆိုခဲ့ဖူးသကဲ့သို့ ဒီမိုကရေစီသည် ကောင်း မွန်လှသော အစိုးရပုံစံတစ်ရပ်မဟုတ်ပါ။
သို့သော် ကျွန်ုပ်တို့တွင် ရှိတတ်သမျှသော ပုံစံများအနက် ဒီမိုကရေစီသည် အကောင်းဆုံးပုံစံဖြစ်ပါသည်ဟုသာ
ဆိုရပေလိမ့်မည်။ ထို့ကြောင့်လည်း တရားဝင် သောနိုင်ငံတော်တစ်ရပ်လုံးသည် လူထုထောက်ခံမှုကို
အနိမ့်ဆုံးအတိုင်းအတာတစ်ခုထိ ရရှိတတ်ကြ ခြင်းဖြစ်သည်။
သို့ရာတွင်
တရားမ၀င်သော နိုင်ငံတော်တို့သည် လူထုထောက်ခံမှုကို မရရှိကြသဖြင့် ၄င်းတို့၏ အာဏာတည်မြဲရေးအတွက်
နိုင်ငံသာတို့အား အမိန့်အာဏာဖြင့် အတင်းအကျပ်ခိုင်းစေခြင်း အင်အား သုံး၍ အကြမ်းဖက်ခြင်း
စသည်တို့အပေါ်တွင် တိုး၍တိုး၍ အားကိုးအားထားပြုလာကြရသည်။ အမှန် စင်စစ် နိုင်ငံသားတို့၏
ပူးပေါင်းကူညီမှုကို ရရှိစေရန်အတွက် နိုင်ငံတော်က မည်၍မည်မျှအာဏာသုံး၍ အတင်းအကျပ်စေခိုင်းရသည်
ဆိုသည့်အချက်သည် ယင်းနိုင်ငံတော်၌ တရားဝင်အုပ်ချုပ်စီရင်ပိုင်ခွင့် ရှိ၊ မရှိဆိုသည့်အချက်ကို
တိကျစွာ ညွှန်းဆိုဖော်ပြနိုင်လေသည်။ န၀တ အနေဖြင့် ရန်ကုန်နှင့် အခြား မြို့ကြီးများ၏
မြို့လယ်ကောင်တို့တွင် စစ်တပ်များ ထားရှိရခြင်း နယ်စပ်ဒေသများတွင် လူမျိုးစုအဖွဲ့ အစည်းများ
အခြားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုက်ပွဲများဖြစ်ပွားလျက်ရှိခြင်း စသည်တို့ကို
ထောက်ရှုပါက ၄င်းတွင် လူထုထောက်ခံမှုလည်းမရှိ၊ တရားဝင်အုပ်ချုပ်စီရင်ပိုင်ခွင့်လည်း မရှိသည့်
အဖြစ်ကို ထင်ရှားစွာတွေ့ရှိရမည်ဖြစ်ပါသည်။
၁၉၉၁ ခုနှစ်၌
ဆိုဗီယက်ယူနီယံ ပြိုကွဲခဲ့ရခြင်းမှာလည်း တရားဝင်အုပ်ချုပ်စီရင်ပိုင်ခွင့် သိသာ စွာချို့ယွင်းခဲ့ခြင်းနှင့်
လူထုထောက်ခံမှုကင်းမဲ့ခြင်းတို့ကြောင့် ဖြစ်သည်။ ဆိုဗီယက်ယူနီယံသည် အလွန်အင်အားတောင့်တင်းလှသဖြင့်
ရာစုနှစ်များစွာ တည်တံ့လိမ့်မည်ဟု အနောက်တိုင်းလေ့လာ သူများစွာက ထင်မှတ်ယုံကြည့်ခဲ့ကြရသော်လည်း
ရုတ်ခြင်းဆိုသလို ပြိုကွဲပျက်စီးသွားခဲ့ရသည်။ ဤသို့ ဖြစ်ခဲ့ရခြင်းမှာ စီးပွားရေးအကျပ်အတည်းတွေ့ခြင်းနှင့်
လူနေမှုအဆင့်အတန်းနိမ့်ကျသွားခြင်း သက်သက်တို့ကြောင့် မဟုတ်ပါ။ နိုင်ငံအတော်များများသည်
စီးပွားရေးအကျပ်အတည်းများ တွေ့ကြုံ ကြရသော်လည်း ၄င်းတို့၏ တရားဝင်အုပ်ချုပ်စီရင်ပိုင်ခွင့်မှာ
အပြောင်းအလဲမရှိလှချေ။ ပြယုဂ်အားဖြင့် ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း စီးပွားရေးကျဆင်းမှု
အကြီးအကျယ် ကြုံတွေ့ခဲ့ရသော ဗြီတိန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့ကို ဆိုဗီယက်ယူနီယံပြိုကွဲရခြင်းမှာ
မတ်ခ်စ်-လီနင် ၀ါဒ၏ တန်ဖိုးကျဆင်း ကုန်ခန်းသွားခဲ့ခြင်းနှင့်လည်း ပတ်သက်ပါသည်။ လူမျိုးငယ်များဖြစ်ကြသော
ယူကရိန်း လစ်သူဝေးနီး ယား နှင့် ဂျော်ဂျီယာ လူမျိုးအုပ်စုတို့သည်း ဆိုဗီယက်နိုင်ငံတော်အား
သစ္စာစောင့်သိခြင်းကို ရုတ်သိမ်း ၍ ယင်းမှ ခွဲထွက်ရေးအတွက် မဲဆန္ဒပေးခဲ့ကြသည်။ ၁၉ ရာစုအလယ်ပိုင်းလောက်လည်း
အမေရိကန် ပြည်ထောင်စုသည် တရားဝင်အုပ်ချုပ်စီရင်ပိုင်ခွင့်ဆိုင်ရာ အကျပ်အတည်းတစ်ရပ်နှင့်
အကြီးအကျယ် ရင်ဆိုင်ခဲ့ရဖူးသည်။ ထိုစဉ်က အမေရိကန်တောင်ပိုင်းပြည်နယ်များသည် ပြည်ထောင်စုမှ
ဖဲ့ထွက်ကာ အမေရိကန်ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရန် ကြိုးစားခဲ့ကြသည်။ ရလဒ်အားဖြင့်
၁၈၆၁ ခုနှစ်မှ ၁၈၆၅ ခုနှစ်အထိ ပြည်တွင်းစစ်ကြီး ဖြစ်ပွားခဲ့ပြီး ၀ါရှင်တန်မြို့ရှိ
ပြည်ထောင်စုအစိုးရက အမေရိ ကန်ပြည်ထောင်စိုကို အတင်းအကျပ်ပြည်လည်ပေါင်းစည်းစေရန် စီမံခဲ့ရသည်။
ပြည်တွင်းစစ်ကြီး ပြီးသည့်နောက်တွင်မှသာ ပြည်ထောင်စုနိုင်ငံတော်၏ တရားဝင်အုပ်ချုပ်မှုအာဏာသည်
တဖြည်းဖြည်း ပြန်လည် ခိုင်ခံ့လာခဲ့သည်။ မျက်မှောက်ကာလတွင် တောင်ပိုင်းပြည်နယ်သားများသည်
သတို့၏ ပြည်နယ်ခွဲထွက်ရေးအတိတ်နှင့် ထိုကာလက သူရဲကောင်းများအတွက် ဂုဏ်ယူဝံ့ကြွားစိတ်တို့
ရှိကောင်းရှိမည်ဖြစ်သည့်တိုင် သူတို့ကိုယ်သူတို့ အခြေခံအားဖြင့် အမေရိကန်နိုင်ငံသားများအဖြစ်
ခံယူ ကြလေသည်။
လူထုထောက်ခံမှုကို
လှုံ့ဆော်ဖန်တီးပေးနိုင်သည့် တရားဝင်အုပ်ချုပ်စီရင်ပိုင်ခွင့်၏ အရင်းအ မြစ်တို့ အမျိုးမျိုးကွဲပြားနေသည့်တိုင်အောင်
ဒီမိုကရေစီနိုင်ငံတော်တို့သည် ဒီမိုကရေစီနည်းမကျသော နိုင်ငံတော်တို့ထက်စာလျှင် လူထုထောက်ခံမှုနှင့်
တရားဝင်အုပ်ချုပ်ရေးအာဏာတို့ကို ပိုမိုရရှိကြသည်။ ယင်းသို့ဖြစ်ရခြင်းမှာ အောက်ဖော်ပြပါ
အကြောင်းနှစ်ချက်ကြောင့်ဖြစ်သည်။
(၁) နိုင်ငံသားတို့သည်
တရားမျှတသော ရွေးကောက်ပွဲတို့အားဖြင့် မိမိတို့ကြိုက်နှစ်သက်ရာ အစိုးရမျိုးကို ရွေးချယ်ပိုင်ခွင့်ရှိသည့်အပြင်
မိမိကိုယ်တိုင်လည်း ပုံမှန်ဖြစ်စေ မကြာခဏဖြစ်စေ အစိုးရ ယန္တရားတွင် ပါဝင်ဆောင်ရွက်နိုင်ခွင့်
ရှိသည်။ ထိုသို့ ရွေးချယ်ရာတွင်လည်း အတင်းအကျပ်ခိုင်းစေခံရ ၍ ရွေးချယ်ရခြင်းမျိုးမဟုတ်ပေ။
ဆိုလိုသည်မှာ နိုင်ငံသားတို့သည် မိမိကြိုက်နှစ်သက်သည့် မည်သည့် ပုဂ္ဂိုလ်ကိုမဆို နိင်ငံတော်၏
တန်ပြန်လက်စားချေမည့် ဘေးအန္တရာယ်မှ ကင်းရှင်းစွာ ရွေးချယ်နိုင်ကြ သည် ထို့ကြောင့်လည်း
လျို့ဝှက်မဲပေးစနစ်သည် ဤကိစ္စတွင် အထူးအရေးကြီးခြင်းဖြစ်သည်။ ရှေ့ခေတတ် ရုရှားနိုင်ငံသားများနှင့်
တရုတ်နိုင်ငံသားများသည် သူတို့ကို အုပ်စိုးခဲ့သည့် ဇာဘုရင်များ နှင့် ဧကရာဇ်ဘုရင်များကို
သူတို့ကိုယ်တိုင် ရွေးချယ်တင်မြှောက်ခဲ့ခြင်းမဟုတ်ပါ။ ဤကဲ့သို့သော ဒီမိုကရေစီနည်းမကျသည့်
အုပ်ချုပ်မှုမျိုးကို နိုင်ငံသားတို့က ထောင်ခံကြသည်ဆိုဦး ယင်းထောင်ခံမှု မျိုးသည် စိတ်ပါလက်ပါ
ထောက်ခံမှုမျိုးမဟုတ်ပဲ အများနှင့် မျှောလိုက်ကြသော ထောက်ခံမှုမျိုးသာ ဖြစ်ပါလိမ့်မည်။
အာဏာလက်ဝယ် ရှိနေသော ရီဂျင်းမ်တရပ်ကို လူထုက လက်ခံနေရခြင်းမှာ အခြား သင့်တော်သော ထွက်ပေါက်မရှိ၍သာ
လက်ခံနေကြရခြင်းဖြစ်သဖြင့် “မျှော်လင့်ချက်ကင်းမဲ့ခြင်းမှ ရလာအပ်သော တရားဝင်အုပ်ချုပ်စီရင်ခွင့်
အာဏာ” ဟုခေါ်ဆိုနိုင်ကြပေသည်။
(၂) ဒီမိုကရေစီိနိုင်ငံတော်တို့သည်
လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးတို့ကို ကာကွယ် စောင့်ရှောက်ရန်အတွက် သိန္နိဠာန်ပြုထားကြရသည်။
သင်တင့်ကောင်းမွန်၍ ဂုဏ်သိက္ခာရှိသောဘ၀ မျိုးအား ပိုင်ဆိုင်နိုင်ကြစေရန်အတွက် ထိုအခွင့်အရေးတို့ကို
မဖြစ်မနေ အကာအကွယ်ပေးရန် လိုအပ် ပါသည်။ ဆင်ခြင်တုံတရားရှိသည့် လူတိုင်းသည် ဤအခွင့်အရေးတို့ကို
လက်လွှတ်ဆုံးရှုံးခံလိုကြမည် မဟုတ်ပါ။ ဒီမိုကရေစီနိုင်ငံတော်တို့သည် ဤအခွင့်အရေးများကို
ကာကွယ်စောင့်ရှောက်ရာတွင် စိတ်ပါလက်ပါနှင့် ထိရောက်စွာ ကာကွယ်စောင့်ရှောက်လေ့ရှိသောကြောင့်
လူထုထောက်ခံမှုကို ပိုမို ရရှိနိုင်ခြေ ရှိသည့်အတွက် ဒီမိုကရေစီနည်းမကျသော နိုင်ငံတော်တို့ထက်
ပိုမိုသာလွတ်သော တရားဝင် အုပ်ချုပ်စီရင်ပိုင်ခွင့်ကိုလည်း ရရှိနိုင်ခြေရှိပါသည်။
တင်ပြချက်
(၂) နှင့်စပ်လျဉ်း၍ ချွင်းချက်မျာရှိခြင်းကို ဖေါ်ပြလိုပါသည်။ ဂျာမနီနိုင်ငံ၏ ၀ိုင်မာ
သမတနိုင်ငံ (Weimar Republic) သည် ဒီမိုကရေစီနိုင်ငံတော် တစ်ရပ်ဖြစ်ခဲ့သော်လည်း ၁၉၃၀
ခုနှစ် များအတွင်း၌ ဂျာမနီနိုင်ငံ၏ စီးပွားရေး ချွတ်ခြုံကျလှသည်ဖြစ်ရာ ပြည်သူတို့သည်
ဤသမတနိုင်ငံ တော်မျိုးထက် အာဏာရှင် နိုင်ငံတော်မျိုးကို ပိုမိုလိုလားလက်ခံကြသဖြင့်
အဒေါ့ဖ် ဟစ်တလာ၏ ရီဂျင်းမ်က အာဏာရရှိခဲ့လေသည်။ ၁၉၅၀ ခုနှစ်များအတွင်း ပါလီမန်ဒီမိုကရေစီစနစ်ကို
အခိုက်အတန့် မျှကျင့်သုံးခဲ့သော အင်ဒိုနီးရှားနိုင်ငံတွင်လည်း တည်ငြိမ်မှုကင်းမဲ့လာခြင်းကြောင့်
၁၉၅၇ ခုနှစ်၌ သမတဆိုကာနိုက (လက်တွေ့တွင် စစ်အုပ်ချုပ်ရေးနိုင်ငံတော်တရပ်ဖြစ်သည့်)
“လမ်းညွှန်ဒီမိုက်ရေစီ” ကို ပြဠာန်းကျင့်သုံးခဲ့လေသည်။ ယေဘုယျအားဖြင့် လူအများအဖို့
စားဝတ်နေရေးသည် လွတ်လပ် ရေးထက်ပို၍ အရေးကြီးလေ့ရှိပါသည်။ ချိနဲ့သော ဒီမိုကရေစီနိုင်ငံမျိုးတွင်
လုံခြုံရေးကင်းမဲ့စွာ နေထိုင် ကြရမည်ထက် တောင့်တင်းခိုင်မာသော အာဏာရှင်အစိုးရတစ်ရပ်-ဥပမာ
စစ်အစိုးရက ပေးလာမည့် လုံခြုံရေးအာမခံချက်မျိုးကို လက်သင့်ခံလို ကြပေလိမ့်မည်။ သို့သော်
အခြားသောအရာခပ်သိမ်းတို့ သာ ထပ်တူထပ်မျှ တူညီနေမည်ဆိုပါက ပြည်သူတို့သည် ဒီမိုကရေစီနိုင်ငံတစ်ရပ်ကိုသာ
ပို၍ နှစ်သက် ကြပေလိမ့်မည်။
စင်စစ်အားဖြင့်
သမိုင်းကြောင်းတစ်လျှောက်တွင် ခဏတာမျှဖြစ်စေ၊ ဒီမိုကရေစီ အစိုးရမျိုး ရရှိဖူးသော၊ သို့မဟုတ်
ထိုအစိုးရမျိုး တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးသော နိုင်ငံများမှ ပြည်သူတို့သည် ဒီမိုကရေစီကို
ဆန္ဒပြင်းပြစွာ လိုလားတောင့်တလျက် ရှိကြသည်။ မြန်မာ၊ ထိုင်း၊ တောင်ကိုရီးယား၊ ရုရှ နှင့်
အရှေ့တောင်အာရှနိုင်ငံတို့မှ ပြည်သူတို့သည် ဒီမိုကရေစီရရှိရေးအတွက် အသက်ပင် စွန့်ခဲ့ကြ
သည်။ ဝေဖန်သူများက ထိုသူတို့သည် ဒီမိုကရေစီကို ပြည့်ပြည့်၀၀ သဘောပေါက်ကြသူများ မဟုတ်
ကြဟူ၍လည်းကောင်း၊ တိုးတက်သော ဒီမိုကရေစီ နိုင်ငံအများစုမှာ ကြွယ်ဝချမ်းသာကြသည်ကို မြင်သောကြောင့်
လွတ်လပ်သော အုပ်ချုပ်စီရင်ပိုင်ခွင့်ကို လိုလားသည်ထက် လူသုံးကုန်ပစ္စည်းဖူလုံ ရေးကိုသာ
လိုလားတောင့်တကြခြင်းဖြစ်သည်ဟူ၍လည်းကောင်း မှတ်ချက်ချကြပါသည်။ သူတို့၏ အဆိုတွင်
မှန်ကန်သော အချက်အလက်အချို့ ပါရှိကောင်း ပါရှိနိုင်ပါသည်။ သို့ရာတွင် နိုင်ငံတော်က
နိုင်ငံသားတို့အား ဆက်ဆံရာတွင်၊ လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေး စံချိန်စံညွှန်းတို့နှင့်အညီ
သိမ်မွေ့စွာ ဆက်ဆံပိုင်ခွင့်အတွက်၊ ကမ္ဘာ့လူသားတို့၏ တောင်းဆိုချက်သည် နိုင်ငံနှင့်ယဉ်ကျေးမှု
နယ်နိမိတ်တို့ကို ကျော်လွန်ပျံ့နှံ့၍ ပဲ့တင်ရိုက်ခက်လျက် ရှိနေပြီဆိုခြင်းကိုမူ အဆိုပါဝေဖန်သူများက
ငြင်းချက်ထုတ်နိုင်လိမ့်မည် မဟုတ်ပါ။
ဆက်လက်ဖေါ်ပြပါမည်။
ကက်နက်အေ မက်ကေးရေးသား၍
ဒေါင်းညိုဘာသာပြန်ဆိုသော
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ စာအုပ်မှ ကူးယူတင်ပြပါသည်။
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ စာအုပ်မှ ကူးယူတင်ပြပါသည်။
0 comments:
Post a Comment