ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၅) ၊ အပိုင်း(၂)
နိုင်ငံရေးဘ၀၏ ကောင်းမြတ်မှု
ကြင်ဖော်နှစ်ဦးတို့ အိမ်ထောင်ဘက်ပြုကြရာတွင်
စီးပွားရေးအရ ဖူလုံမှု မျိုးရိုးမတိမ်ကောအောင် စောင့်ရှောက်မှုနှင့် ကာမဆန္ဒကို ဖြေဖျောက်မှု
အစရှိသည့် လက်တွေ့အကြောင်းရင်းများ ပါဝင်သည့်အပြင် သေတဖန်သက်တဆုံး ရိုးမြေကျ ပေါင်းသင်းရလောက်အောင်
မြင့်မြတ်သော အကြောင်းတရားများ ဖြစ်သည့် ချစ်ခြင်းမေတ္တာနှင့် မိသားစုဘ၀တို့သည်လည်း အဓိကကျသောနေရာမှ
ပါဝင်ပါသည်။ ထို့ကြောင့်လည်း အိမ်ထောင်မှုကို ကောင်းမြတ်သော ကိစ္စတစ်ရပ်ဖြစ်သည်ဟု ကျွန်ုပ်တို့ယေဘုယျ အားဖြင့် ယူဆကြခြင်းဖြစ်ပါသည်။
နိုင်ငံရေးဘ၀တွင်လည်း တိုင်းတစ်ပါးရန်သူတို့၏
ထိပါးနှောက်ယှက်မှုမှ လုံခြုံရေး စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှု လူမှုရေးဖူလုံမှု ပြည်တွင်း၌
တရားဥပဒေစိုးမိုးမှု အစရှိသည့် လက်တွေ့ အကြောင်းအရင်းများ ပါဝင်သည့်အပြင် ဒီမိုကရေစီနိုင်ငံတော်တစ်ရပ်တွင်
နိုင်ငံရေးအသိုက်အ၀န်းဟူသည် ကောင်းမြတ်ခြင်းနှင့် ပြည့်စုံသည်ဟု အစဉ်အမြဲယုံကြည်ယူဆ
ခံရလေ့ရှိပါသည်။
ဒီမိုကရေစီနိုင်ငံတော်တစ်ရပ်က စီမံအုပ်ချုပ်သော
လူ့အဖွဲ့အစည်းတစ်ခုတွင် လူသားချင်းဆက်ဆံရေး သည် တန်းတူညီမျှသော အခွင့်အရေနှင့် ဂုဏ်သိက္ခာအပေါ်၌
အခြေစိုက်သောကြောင့် ဤသို့ကောင်းမြတ်ရ ခြင်းဖြစ်ပါသည်။ လူ့အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်တိုင်းသည်
အချင်းချင်းအကြားတွင်ဖြစ်စေ၊ သက်ဆိုင်ရာနိုင်ငံရေး ခေါင်းဆောင်များနှင့်ဖြစ်စေ၊ အပြန်အလှန်ဆက်သွယ်ရာတွင်
သူတို့၏ ဗီဇအသိနှင့် ယဉ်ကျေးမှုအစဉ်အလာတို့ ကိုသာမက ထက်မြတ်သော အသိဥာဏ်ပညာကိုပါ အသုံးချပိုင်ခွင့်ရှိကြသည်။
ထို့ကြောင့်လည်း မိမိ ကြမ္မာကို မိမိကိုယ်တိုင် စီမံဖန်တီးခွင့်ရှိသော လူ့အဖွဲ့အစည်းတစ်ရပ်သည်
လူသားတို့အသက်ရှင်နေထိုင်ရန် အကောင်း မွန်ဆုံးသော ဘ၀အခြေအနေတစ်ရပ်ဖြစ်သည်ဟု ဒီမိုကရေစီဘက်သားများက
သက်ဝင်ယုံကြည်ကြခြင်းဖြစ် သည်။ ဒီမိုကရေစီနိုင်ငံတို့မှ နိုင်ငံသားများသည် သူတို့၏
လွှတ်တော်ကိုယ်စားလှယ်များအတွက် မဲဆန္ဒပေးကြ ရုံသက်သက်မျှသာမက နိုင်ငံရေးနှင့် ပတ်သက်သော
ကိစ္စရပ်များ ပြဿနာများနှင့် စပ်လျဉ်း၍ လွတ်လပ်စွာ ဆွေးနွေးကြခြင်းအားဖြင့် နိုင်ငံရေးဘ၀တစ်ခုလုံးတွင်
ကိုယ်တိုင်ကိုယ်ကျပါဝင်ဆောင်ရွက်လေ့ရှိကြသည်။ နိုင်ငံရေးဘ၀တွင် ထိုကဲ့သို့ ဝေပုံကျပါဝင်ဆောင်ရွက်ခွင့်ရှိသော
လူ့အဖွဲ့အစည်းသည် ကောင်းမြတ်သော လူ့အဖွဲ့အစည်းဖြစ်သည်ဟု နိုင်ငံသားတို့က ယုံကြည်ကြလေသည်။
ဤသို့သော နိုင်ငံရေးဘ၀အားဖြင့်သာ နိုင်ငံသားအချင်းချင်းတို့က မိမိတို့အားလုံးသည် လူ့အဖွဲ့အစည်း၏
မိသားစုဝင်များဖြစ်ကြသည် ဟူသောအသိ ဖြင့် အချင်းချင်းရိုင်းပင်းကူညီကြသည့် နိုင်ငံသားချင်း
သွေးစည်းညီညွှတ်မှုတစ်ရပ်ကို ပေါ်ပေါက်စေနိုင်ပါသည်။
ဒီမိုကရေစီနည်းမကျသည့် နိုင်ငံတော်များနှင့် ထိပ်တန်းဗျူရိုကရက် အရာရှိကြီးများက
အုပ်ချုပ်သည့် နိုင်ငံတော် များတွင် အဆိုပါ သွေးစည်းညီညွှတ်မှုမျိုးကို ရှာဖွေတွေ့ရှိနိုင်လိမ့်မည်
မဟုတ်ပါ။ နိုင်ငံသားချင်း သွေးစည်းညီ ညွှတ်မှုသည် နည်းပညာသဘောဆောင်သည့် ထက်အောက်စဉ်ဆက်
နိုင်ငံရေးမျိုးမှ ပေါ်ထွက်လာနိုင်ကောင်း သည့် ရလဒ်တစ်ခုလည်းမဟုတ်ပါ။ စင်စစ်ကဲ့သို့သော
မြင့်မြတ်သည့် သွေးစည်းညီညွှတ်မှုမျိုးသည် စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော်တို့တွင်သာ
ပေါ်ပေါက်တည်ရှိနိုင်မည် ဖြစ်ပါသည်။
နိုင်ငံသားဆိုသည်မှာ
“နိုင်ငံသား” ဆိုသည်မှာ နိုင်ငံရေးအသိုက်အ၀န်းတစ်ခု၏ အဖွဲ့ဝင်ပုဂ္ဂိုလ်တစ်ဦးကို
ဆိုလိုခြင်းဖြစ်ပါ သည်။ နိုင်ငံရေးအသိုက်အ၀န်း ဟုဆိုရာတွင် အမျိုးသားရေးမူဝါဒနှင့်
ပတ်သက်သောရည်မှန်းချက်များနှင့် ယင်းရည်မှန်းချက်တို့ ပြည့်ဝအောင်မြင်စေရန် ကျင့်သုံးသည့်နည်းလမ်းများကို
ရွေးချယ်ရသော နိုင်ငံရေးဘ၀ တစ်ရပ်တွင် အဆိုပါပုဂ္ဂိုလ် အနေဖြင့် ပါဝင်ဆောင်ရွက်ပိုင်ခွင့်နှင့်
တာဝန်ထမ်းဆောင်ပိုင်ခွင့်ရှိသည့် အသိုက်အ ၀န်းတစ်ရပ်ကိုဆိုလိုခြင်းဖြစ်ပါသည်။ နိုင်ငံသားပြစ်မှုကို
မဲဆန္ဒပေးခြင်းဖြင့်လည်းကောင်း၊ ပြည်သူလူထုနှင့်ပတ် သက်သော ဌာနများတွင် တာဝန်ထမ်းဆောင်နိုင်ရန်အတွက်
ယှဉ်ပြိုင်ရွေးကောက်ခံခြင်းအားဖြင့်လည်းကောင်း၊ နိုင်ငံရေးကိစ္စရပ်များ ကို မိမိ၏ နိုင်ငံသားတို့နှင့်
တိုင်ပင်ဆွေးနွေးခြင်းအားဖြင့်လည်းကောင်း၊ လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးတို့ကို
တန်ဖိုးထားလေးစားသော လူနေမှုဘ၀ အတိုင်းကျင့်ကြံနေထိုင်ခြင်းအားဖြင့် လည်းကောင်း ဖော်ကျူးပြသနိုင်သည်။
သမိုင်းကြောင်းအရဆိုလျှင် နိုင်ငံသားယောက်ျားများအနေနှင့် နိုင်ငံသား တို့ဖြင့် ဖွဲ့စည်းထားသော
တပ်မတော်တပ်ဖွဲ့များတွင် စစ်ရေးတာဝန်းများကို မလွှဲမသွေပါဝင်ထမ်းဆောင်ကြလေ့ ရှိသည်။
အခန်း (၁) ၏ နိဂုံးပိုင်းတွင် ဖော်ပြခဲ့သော
အဓိပ္ပါယ်ဖွင့်ဆိုချက်အားဖြင့် ထပ်မံဖွင့်ဆိုရလျှင် ဒီမိုကရေစီ နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသော
နိုင်ငံသားတစ်ဦးသည် အများနှင့်သက်ဆိုင်သော ကိစ္စရပ်များကို ဆောင် ရွက်ရာတွင် သူ၏ ဗီဇအသိစိတ်၊
ယဉ်ကျေးမှုအစဉ်အလာနှင့် အသိဥာဏ်ပညာတို့ကို လွတ်လပ်စွာအသုံးချနိုင် သည်။ “နိုင်ငံသား”
၏ အနက်အဓိပ္ပါယ်နှင့် ဖီလာဆန့်ကျင်သော စကားတစ်ရပ်မှာ “အုပ်ချုပ်ခံ” ဟူသည့် စကား ရပ်ဖြစ်သည်။
အုပ်ချုပ်ခံဟူသည်မှာ နည်းပညာရှင် အုပ်ချုပ်သူများအပါအ၀င် အခြားအထက်တန်းလွှာတို့က ပေးသောအမိန့်များကို
(မိမိ၏ အသိဥာဏ်ပညာကိုမသုံးဘဲ) လိုက်နာရုံ လိုက်နာတတ်သည့် ဗီဇစိတ်နှင့် ယဉ်ကျေးမှုမျှသာရှိသော
ပုဂ္ဂိုလ်များပင်ဖြစ်သည်။ ဤသို့သော အုပ်ချုပ်ခံပုဂ္ဂိုလ်တို့သည် လူမှုနို်င်ငံရေး ထက်
အောက်စဉ်ဆက် ဇယားတွင် အနိမ့်ဆုံးအဆင့်၌ တည်ရှိကြသည်။ နိုင်ငံသားတို့မှာမူ ဤကဲ့သို့
မဟုတ်ဘဲ ညီမျှ သောအခြေခံရပိုင်ခွင့်တို့ကို ခံစားနိုင်ကြသည်။
ဤအခန်းတွင်
အောက်ပါအချက်များကို ဆွေးနွေးကြပါစို့
(၁) “နိုင်ငံသား” ဟူသည့် သဘောတရား၏ နောက်ခံသမိုင်းကြောင်း
(၂) အမေရိကန်ပြည်ထောင်စု၏ နိုင်ငံသားဘဝ
(၃) နိုင်ငံသားဘ၀နှင့် လူမျိုးစု
“နိုင်ငံသား” ဟူသည့်သဘောတရား၏
နောက်ခံသမိုင်းကြောင်း
“နိုင်ငံသား”
ဆိုသည့်သဘောတရားသည် အနောက်တိုင်း နိုင်ငံတစ်နိုင်ငံဖြစ်သည့် ရှေ့ခေတ် ဂရိနိုင်ငံ တွင်
စတင်ပေါ်ထွန်းခဲ့သော အယူအဆတစ်ရပ်ဖြစ်ပါသည်။ အထက်တစ်နေရာတွင် ဖော်ပြခဲ့သကဲ့သို့ ရှေ့ခေတ်
ဂရိနိင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော မြို့ပြနိုင်ငံငယ်များစွာ တည်ရှိခဲ့ပါသည်။
အင်္ဂလိပ်၊ ပြင်သစ်နှင့် အခြား ဥရောပ ဘာသာတို့တွင် နိုင်ငံရေးဟု အဓိပ္ပါယ်ထွက်သော ဝေါဟာရ
(ဥပမာ အင်္ဂလိပ်ဘာသာတွင် Politics) သည် စင်စစ်အားဖြင့် မြို့ပြနိုင်ငံဟု အဓိပ္ပါယ်ရသည့်
ဂရိဝေါဟာရ (Polis) မှ ဆင်းသက်လာ ခြင်းဖြစ်ပါသည်။ အလားတူပင် (democracy) ဆိုသည့် အင်္ဂလိပ်ဝေါဟာရသည်လည်း ဂရိဘာသာမှပင် ဆင်းသက်လာခြင်း
ဖြစ်ပါသည်။ ယင်း၏အဓိပ္ပါယ်မှာ ပြည်သူတို့၏ အုပ်ချုပ်ရေး ဟူ၍ဖြစ်ပါသည်။ (Demos= ပြည်သူ kratos အုပ်ချုပ် ရေး)
ထိုစဉ်က
ဂရိမြို့ပြနိုင်ငံများတွင် နေထိုင်ကြသူတို့ကို အဆင့်အတန်းအမျိုးမျိုးဖြင့်ခွဲခြားသတ်မှတ်ခဲ့ကြ
သည်။ အဆိုပါမြို့ပြနိုင်ငံများအနက် ဒီမိုကရေစီနည်းလမ်းအကျဆုံး မြို့ပြနိုင်ငံဖြစ်သည့်
ဘီစီ ၅ ရာစုနှစ် အေသင်မြို့ပြနိုင်ငံတွင် နေထိုင်ခဲ့ကြသော လူဦးရေး ၃၁၅.၀၀၀ အနက် ထက်ဝက်ခန့်မှ
နိုင်ငံသားများ ဖြစ်ကြ သည်။ ကျန်သည့်လူဦးရေ၏ သုံးပုံတစ်ပုံခန့်မှာ ကျွန်များဖြစ်ပြီး
ကျန်သူတို့မှာ ကျွန်မဟုတ်သည့် ဒေသနေ နိုင်ငံများနှင့် အခြားဂရိမြို့ပြနိုင်ငံတို့မှ
နိုင်ငံသားများဖြစ်ကြပါသည်။ အရေအတွက်အားဖြင့် တစ်သိန်းလေး သောင်းမှ တစ်သိန်းခုနှစ်သောင်းခန့်မျှရှိမည့်
နိုင်ငံသားမိသားစုဝင်များအနက် အရွယ်ရောက်ပြီးသော အမျိုးသား များသာလျှင် အေသင်မြို့ပြ
အစိုးရတွင် ပါဝင်ဆောင်ရွက်ပိုင်ခွင့်ရှိပါသည်။ အမျိုးသားများနှင့်ယှဉ်လျှက် အမျိုး
သမီးများ၏ လူမှုရေးအဆင့်အတန်းနိမ့်ကျပါသည်။ ထို့ကြောင့် ခေတ်သစ်အတွေးအမြင်အရ စစ်မှန်သော
နိုင်ငံ သားများဟု ခေါ်ဆိုရလောက်သည့် အေသင်နိုင်ငံများမှ အရေအတွက်အားဖြင့် နှစ်သောင်းခွဲ
သုံးသောင်ခန့် သာရှိမည့် လူနည်းစုသာဖြစ်ခဲ့သည်။
ထိုစဉ်ကရှိခဲ့သောနိုင်ငံသားဘ၀သည်။
မျိုးရိုးစဉ်ဆက် ဆက်ခံရသော သဘောရှိသည်။ ဘီစီ ၅ရာစုနှစ် အေသင်နိုင်ငံတွင် အေသင်နိုင်ငံသား
မိဘနှစ်ပါးမှ မွေးဖွားခဲ့သူကိုသာလျှင် နိုင်ငံသားအဆင့်အတန်း အပ်နှင်း လေ့ရှိသည်။ နိုင်ငံခြားသားများကို
နိုင်ငံသားအဖြစ် ခံယူခွင့်ပြုခြင်းမျိုး မရှိသလောက်ရှားပါးခဲ့သည်။ သိုဖြစ်ရာ အေသင်မြို့ပြနိုင်ငံနှင့်
အခြားဂရိမြို့ပြနိုင်ငံများတွင် ရှိခဲ့သော နိုင်ငံသားဆိုင်ရာ အယူအဆများ ရှေ့ကရှိခဲ့သော
မျိုးနွယ်စု (Clam) သို့မဟုတ် လူမျိုးစု (Tribe) ဆိုင်ရာအယူအဆသဘောမျိုးမျှသာ ရှိခဲ့သည်။
စင်စစ် အေသင် နိုင်ငံသားများကို လူမျိုးစုဆယ်စုအဖြစ် ပိုင်းခြားသတ်မှတ်နိုင်ပါသည်။
ဘီစီ
၅ရာစုနှစ် အေသင်နိုင်ငံ၌ နိုင်ငံသာအရည်အချင်းပြည်မီသူ အမျိုးသားများ ပါဝင်ဆောင်ရွက်
ရရှိ ခဲ့သော နိုင်ငံရေးစနစ်သည် လူ့သမိုင်းတစ်လျှောက်မှ ထိုအချိန်ထိ တည်ရှိခဲ့သော အခြားနိုင်ငံရေးစနစ်များနှင့်
နှိုင်းယှဉ်လျှက် ဒီမိုကရေစီ အကျဆုံးနိုင်ငံရေးစနစ် ဖြစ်ခဲ့သည်။ ထိုစဉ်က စနစ်နှင့်ညီမျှလောက်သည့်
တစ်ခုတည်းသော ဥပမာမှာ အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်းရှိ နယူးအင်္ဂလန်ုဒေသ၏ မြို့လူထု
အစည်းအဝေးပွဲ စနစ်ဖြစ်သည်။ ဤအစည်းအဝေးပွဲသို့ သက်ဆိုင်ရာ ကျေးရွာတစ်ရွာသို့မဟုတ် မြို့တစ်မြို့၏
နိုင်ငံသားတို့ ပြုင်တူတက်ရောက်ကြသည်။ မိမိတို့လူ့အဖွဲ့အစည်း၏ အရေးကြီးသော ကိစ္စရပ်တို့ကို
ဆွေးနွေး ခြင်း မဲဆန္ဒဖြင့် ဆုံးဖြတ်ခြင်းတို့ကို ပြုလုပ်လေ့ရှိသည်။ အေသင်နိုင်ငံတွင်
နိုင်ငံသားတို့အား ပြည်သူ့ဝန်ထမ်း အဖြစ် အချိန်ကာလအကန့်အသတ်ဖြင့် ကျပန်းရွေးချယ်တာဝန်ပေးအပ်လေ့ရှိသည်။
တစ်ကြိမ်ထက်ပို၍ ရွေးချယ်ခံပိုင်ခွင့်မရှိချေ။ သို့ဖြစ်ရာ နိုင်ငံသာတော်တော်များများ
သို့မဟုတ် အများစုသည် နိုင်ငံရေး ခေါင်းဆောင်မှုအတွေ့အကြုံကို အထိုက်အလျောက် ရရှိခဲ့ကြသည်။
နိုင်ငံသာတို့သည် အုပ်စုတစ်စုချင်းအားဖြင့် ဖြစ်စေ၊ ညီလာခံခေါ်ယူ၍ဖြစ်စေ၊ စုဝေးကြပြီးလျှင်
ကျပန်းရွေးချယ်ထားသော လူ ၅၀၀ ပါဝင်သည့် ကောင်စီတစ်ရပ်ကို ဖွဲ့စည်းကြသည်။ ယင်းကောင်စီသည်
အုပ်ချုပ်ရေးနှင့် ဥပဒေပြုလုပ်ငန်းများကို ဆောင်ရွက် သည်။ စစ်ရေးနှင့် သံတမံရေးကိစ္စရပ်များအတွက်
တာဝန်ရှိသည့် စစ်ဗိုလ်ချုပ် ဆယ်ဦးကိုသာ ခေတ်သစ်ရွေး ကောက်ပွဲများနှင့် သဏ္ဍာန်တူသောနည်းစနစ်ဖြင့်
သတ်မှတ်ထားသော ကိုယ်စားလှယ်လောင်းများမှ ထပ်ဆင့်ရွေးချယ်သည့် စနစ်အားဖြင့် နိုင်ငံသားများက
ရွေးချယ်ခန့်အပ်ကြသည်။ ထိုခေတ်က တရားစီရင်ရေး စနစ်သည်လည်း အလွန်ဒီမိုကရေစီနည်းကျသော
တရားစီရင်ရေးစနစ်ဖြစ်ခဲ့သည်။ တရားရေး အမှုကိစ္စများကို တရားစီရင်အဖွဲ့ဝင်လူကြီးပေါင်း
နှစ်ရာကျော်ပါဝင်သည့် အဖွဲ့တို့အားဖြင့် ကြားနာဆုံးဖြတ်ကြသည်။ အေသင်နိုင် ငံ၏ နိုင်ငံရေးစနစ်တွင်
ဤတရားစီရင်ရေးအဖွဲ့ကြီးများသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
အစဉ်အလာ
ရန်ဘက်နိုင်ငံဖြစ်သည့် စပါတာနိုင်ငံ (Sparta)
နှင့် ဖြစ်ပွားသော စစ်ပွဲတွင်ကျဆုံးခဲ့သည့် စစ်သည်တို့အားရည်စူး၍ ပြုလုပ်သည့် အထိမ်းအမှတ်
အသုဘအခန်းအနားတစ်ခု၌ ထင်ရှားသည့်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသမားကြီး ပယ်ရီကဲလစ်
(Pericles၊ ၄၉၀-၄၂၉ ဘီစီ) က အေသင်နိုင်ငံတွင်
ကျဆုံးသည့် ဒီမိုကရေစီကျင့်စဉ်၏ သရုတ်သဏ္ဍာန်ကို ထုတ်ဖော်ပြောဆိုခဲ့ရာတွင် “ဤကျင့်စဉ်သည်
လူမှုရေးအဆင့် အတန်းကိုအမှုမထားဘဲ တန်းတူညီမျှမှုရရှိရေးကိုသာ အလေးထားပါသည်။ အေသင်နိုင်ငံတွင်
နိုင်ငံသားတို့၏ လွတ်လပ်မှုရှိရေးသည် ပဓာနကျလှပြီး ဤလွတ်လပ်မှုသည် အစိုးရအဖွဲ့တွင်သာမက
ကျွန်ုပ်တို့၏ သာမာန်လူ နေမှုဘ၀အထိ ပျံ့နှံ့သက်ရောက်မှုရှိပါသည်။ သို့ဖြစ်ရာ နိုင်ငံသား
အချင်းချင်းတစ်ဦးနှင်တစ်ဦး ၀န်တိုစိတ်ဖြင့် စောင်ကြပ်ကြည့်ရှုရန် ဝေးစွ။ တစ်ပါးသူက
သူ၏ ဆန္ဒအလျောက် ပြုမူဆောင်ရွက်နေသည်ကို မိမိ၏ ဆန္ဒနှင့် မညီရကောင်းလားဟူ၍ ဒေါသစိတ်မျှပင်
မဖြစ်ပေါ်ကြပါ” ဟု ပြောကြားခဲ့သည်။ ပယ်ရီကဲလစ်က “လွတ်လပ် ပွင့်လင်းသော လူ့အဖွဲ့အစည်း”
၏ ကောင်းမြတ်မှုကို ချီးကျူးပြောဆိုခဲ့ရာတွင် “ကျွန်ုပ်တို့၏ မြို့ပြနိုင်ငံ ကမ္ဘာ့ အလယ်၌
လွတ်လပ်ပွင့်လင်းမှုအားဖြင့် မှတ်ကျောက်အတင်ခံနိုင်ပြီး (နိုင်ငံခြားသားတို့ အေသင်နိုင်ငံ၌
အခြေ စိုက်မှုကို တားမြစ်သည့်) နိုင်ငံသားအက်ဥပဒေအားဖြင့် ထိုသူတို့၏ ပညာလေ့လာသင်ယူမှုကို
တားမြစ်မထား ပါ” ဟုပြောဆိုခဲ့သည်။ ၄င်းသည် ဒီမိုကရေစီစနစ်၏ တန်ဖိုးတစ်ရပ်ဖြစ်သည့်
“ဆွေးနွေးတိုင်ပင်ခြင်း အရေးပါမှု” ကိုလည်း အသိအမှတ်ပြုခဲ့သည်။ “ ဆွေးနွေးတိုင်ပင်ခြင်းကို
ထိရောက်စွာ တုန့်ပြန်ဆောင်ရွက်ခြင်း၏ ခလုပ်က သင်း အဖြစ် ရှုမြင်ခြင်းမျိုးထက် ဆင်ခြင်တုံတရားနှင့်
ပြည့်စုံသည့် တုံ့ပြန်ဆောင်ရွက်မှုတိုင်း အတွက် မလွဲမသွေ ကြိုတင်ဆောင်ရွက်အပ်သည့် အရာတစ်ခုအဖြစ်
ကျွန်ုပ်တို့ယူဆသည်” ဟု ပယ်ရီကလစ်က ပြောဆိုခဲ့ပါသည်။ ဤအယူအဆများသည် သရုတ်သကန်အားဖြင့်
ခေတ်မီလွန်းလှသည်ဖြစ်ရာ လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော် ကပြောဆိုခဲ့သော စကားများဖြစ်သည်
ဟု ယုံကြည်နိုင်ရန် ခက်ခဲပေသည်။
ဆိုခဲ့ပြီးသည့်အတိုင်း
အေသင်နိုင်ငံသားတို့သည် အခွင့်ထူးရသီးသန့်အုပ်စုတစ်ခုဖြစ်သည် ဂရိဘာသာ အားဖြင့် (metics) ဟု ခေါ်သော ဒေသနေနိုင်ငံခြားသားများအနေဖြင့်
နိုင်ငံရေးကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခွင့် မရရှိခဲ့ကြပါ။ ကျေးကျွန်များအတွက်လည်း
အလားတူပင်ဖြစ်သည်။ အမျိုးသမီးများကိုလည်း အများပြည်သူတို့နှင့် ပတ်သက်သောကိစ္စရပ် များတွင်
ပါဝင်ဆောင်ရွက်ခြင်းမှ တာမြစ်ခဲ့သည်။ (ခေတ်သစ် ဒီမိုကရေစီနိုင်ငံများတွင်ပင် အမျိုးသမီးများဆန္ဒမဲပေးပိုင်ခွင့်ကို
၂၀ ရာစုအစပိုင်းတွင်မှ ရရှိခဲ့ခြင်းဖြစ်သည်)
အခွင့်ထူးခံနိုင်ငံသားစနစ်ဖြစ်သော်လည်း
အေသင်နှင့် အခြားမြို့ပြနိုင်ငံများတွင် ပေါ်ထွန်းခဲ့သော “နိုင်ငံသားအယူအဆ” သည် တိုးတက်သောအမြင်ရှိသည့်
အယူအဆဖြစ်ခဲ့သည်။ ပယ်ရိကလစ် နှင့် ခေတ်ပြိုင် နိုင်ငံတို့ရှိ လူသားအများစု စင်စစ်အားဖြင့်
၁၉ရာစုနှစ် ရောက်သည်အထိ ကမ္ဘာ့လူသားအများစုသည့် ကိုယ့် ကံကြမ္မာကို ကိုယ်ဖန်တီးသော “
နိုင်ငံသားများ” မဟုတ်ခဲ့ကြချေ။ ၄င်းတို့သည် ဘုရင်များ သို့မဟုတ် မင်းဆက် ပေါင်းများစွာအထိ
တည်တံ့သော ဧကရာဇ်နိုင်ငံများ သို့မဟုတ် ဆွေမျိုးတော်စပ်မှုအရ ပူးပေါင်းဖွဲ့စည်းထား သော
လူမျိုးစုခေါင်းဆောင်များ၏ “အုပ်ချုပ်ခံလူသားများ” သာဖြစ်ခဲ့ကြသည်။ ခြွင်းချက်တစ်ရပ်မှာ
အိန္ဒိယနိုင်ငံ ဖြစ်သည်။ အိန္ဒိနိုင်ငံ၏ မြောက်ပိုင်းဒေသ၌ ဖော်ပြပါ ဂရိနိုင်ငံများနှင့်
ဆင်တူသော အဆင့်အတန်းရှိပြီး ယောက်ျားများဖြင့် ဖွဲ့စည်းထားသော လွှတ်တော်များက စီမံအုပ်ချုပ်သည့်
သမတနိုင်ငံများတည်ရှိခဲ့ဖူးသည်။ ဗုဒ္ဓသာသနာတော်၏ သံဃာအဖွဲ့အစည်းများတွင်လည်း ခေတ်ဦးပိုင်း
အိန္ဒိနိုင်ငံ၏ ပြည်နယ်များတွင် တည်ရှိခဲ့ သော သမတနိုင်ငံ၏ သဘောသဘာဝ ထင်ဟပ်လျက်ရှိသည့်
ဗုဒ္ဓကိုယ်တော်တိုင်သည် ထိုခေတ်လူထုဆွေးနွေး ပွဲများတွင် တွေ့ရလေ့ရှိသည့် ဆွေးနွေးတိုင်ပင်မှုမျိုးနှင့်
အကျွမ်းဝင်ခဲ့သည့်အလျောက် ဤအယူအဆကို သံဃာ အဖွဲ့အစည်းအတွင်း ပြဌာန်းကျင့်သုံးခဲ့သည်။
သို့ရာတွင် ဤအိန္ဒိယနိုင်ငံများတွင် စောစောပိုင်း အေဒီရာစုနှစ်များ အတွင်း ပျောက်ကွယ်သွားခဲ့ကြပြီး
ယင်းတို့နေရာတွင် ဘုရင့်နိုင်ငံများနှင့် ဧကရာဇ်ာနိုင်ငံများ ပေါ်ထွန်းလာခဲ့ သည်။ တရုတ်ပြည်တွင်မူ
ထိုသို့သော နိုင်ငံသားအဖွဲ့အစည်းများ မတည်ရှိခဲ့ချေ။ ဤသို့ဖြစ်ရခြင်းမှာ (အုပ်ချုပ်
သူအား အုပ်ချုပ်ခံတို့၏ “ဖခင်” အဖြစ်ယူဆသည့်) “မိသားစုနိုင်ငံ” အယူအဆလွှမ်းမိုးလွန်းသောကြောင့်
ဖြစ်တန်ရာသည်။ အထူးသဖြင့် ဘီစီ ၂ ရာစုတွင် ကွန်ဖြူးရှပ်ဝါဒကို တရုတ်ဧကရာဇ်ဘုရင်များက
လက်ခံလိုက် သည့်နောက်ပိုင်းတွင် ဤအယူအဆပိုမို တောင့်တင်း ခိုင်ခံ့လာခဲ့သည်။
အီတလီနိုင်ငံ
အလယ်ပိုင်းရှိ ရောမမြို့နိုင်ငံတွင် သီးသန့်ထွန်းကားလာခဲ့သော နိုင်ငံသားအယူအဆ သည်။
ဂရိတို့၏ နိုင်ငံသားအယူအဆနှင့် နေရာများစွာတွင် ဆင်တူခဲ့သည်။ အင်္ဂလိပ်ဝေါဟာရ citizen သည် လက်တင်ဝေါဟာရ cives မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ရောမတို့၏
နိုင်ငံသားအယူအဆတွင် အလွန်အရေး ပါသော အချက် ၂ ချက်ပါဝင်သည်။ ပထမတစ်ချက်မှာ နိုင်ငံသာအဖြစ်ပြောင်းလဲ
ခံယူပိုင်ခွင့် ရှိသည်ဆိုသော အယူအဆကို စတင်ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး၊ ဒုတိယအချက်မှာ
နိုင်ငံသားတို့၏ တရားဝင် ရပိုင်ခွင့်များကို ဂရိတို့ ထက်ပိုမိုတိကျစွာ ညွှန်းဆိုဖော်ပြထားသည့်
ဥပဒေများ ပြဌာန်းကျင့်သုံးခဲ့ခြင်း ဖြစ်သည်။ ရောမ လူမျိုးတို့သည် “တရားဥပဒေ စိုးမိုးမှု”ကို
စွဲမြဲစွာ ယုံကြည်ခဲ့ကြသည်။ နိုင်ငံသားအဖြစ် ပြောင်းလဲခံယူပိုင်ခွင့်ရှိသည် ဟူသော အယူအဆနှင့်
တရားဥပဒေတို့ စိုးမိုးမှုတို့အားဖြင့် ရောမနိုင်ငံသားဘ၀သည် ဂရိနိုင်ငံသားဘ၀ကဲ့သို့ ပမာဏ
သေးငယ်ပြီး အခွင့်ထူးခံ သဘောသက်ရောက်သည့် အဖြစ်မှ ကျော်လွန်၍ အနှစ်သာရပိုမိုပြည့်စုံပြီး
လူတိုင်းနှင့် သက်ဆိုင်သော အဖြစ်သို့ ရောက်ရှိလာခဲ့သည်။
ရောမတို့သည်
ဂရိတို့နှင့်မတူဘဲ ကြီးမားကျယ်ပြန့်ပြီး ရေရှည်တည်တံ့သော အင်ပါယာတစ်ရပ်ကို ထူထောင်နိုင်ခဲ့သည်။
ကနဦးပိုင်းတွင် ရောမသည် ဂရိမြို့ပြနိုင်ငံများကဲ့သို့ သေးငယ်သော မြို့ပြနိုင်ငံတစ်ခုသာ
ဖြစ်ခဲ့သည်။ ထိုမှသည် အီတလီနိုင်ငံ အလယ်ပိုင်း၊ ထိုနောက် အီတလီနိုင်ငံတစ်နိုင်ငံလုံးပါဝင်သည့်
ဒေသအထိ သြဇာအာဏာ ကျယ်ပြန့်လာခဲ့သည်။ ထိုအခါ အဆိုပါနယ်မြေများတွင် နေထိုင်ကြသော ရောမလူမျိုးမဟုတ်သူ
တို့သည် ရောမဥပဒေ၏ ကာကွယ်စောင့်ရှောက်မှုကို ခံစားပိုင်ခွင့် နှင့် ရောမဆီးနိတ်သို့လည်းကောင်း၊
ဥပဒေပြု အဖွဲ့သို့လည်းကောင်း ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ရွေးချယ်ပိုင်ခွင့်တို့ပါဝင်သော
ရောမနိုင်ငံသားအခွင့် အရေးကို ရရှိခဲ့ကြသည်။ အေဒီ ၂ ရာစု အရောက်တွင်မူ ရောမအင်ပါယာ၌
မြေထဲပင်လယ်နှင့်ထိစပ်နေသော နိုင်ငံအားလုံး သာမက ဝေးလံသောနယ်မြေများဖြစ်သည့် ဗြီးတိန်၊
အာမေနီးယားနှင့် မက်ဆိုပိုတေးမီးယား တို့ပင် ပါဝင်လာခဲ့သည်။ ထို့အတူ နိုင်ငံသားရပိုင်ခွင့်များကိုလညး
အင်ပါယာ အတွင်းနေ ပြည်သူတို့အား တစ်စ ထက်တစ်စ တိုးချဲ့ပေးအပ်လာခဲ့သည်။ အေဒီ၂၁၂ ခုနှစ်
တွင်မူ ဧကရာဇ်ဘုရင် ကာရာကာလာ Caracalla
က ရောမ ဧကရာဇ်နိုင်ငံတွင် နေထိုင်ကြသည့် လွတ်လပ်သူ (ကျွန်မဟုတ်သူ) အားလုံးသည် လက်တွေ့အားဖြင့်
ရောမ နိုင်ငံသားများဖြစ်သည်ဟု ထုတ်ပြန်ကြေညာခဲ့လေသည်။
ရောမအင်ပါယာခေတ်၏
နိုင်ငံသားဘ၀သည် ဂရိနိုင်ငံ ပယ်ရီကလဲစ် ခေတ်က အေသင် နိုင်ငံသာဘ၀ နှင့် သိသိသာသာ ကွဲပြားခြားနားပါသည်။
ရောမနိုင်ငံ၊ အထူးသဖြင့် အေဒီ ၁ ရာစု၌ ရောမအင်ပါယာထူထောင် ပြီးနောက်တွင် နိုင်ငံသားတို့အနေဖြင့်
အစိုးရအဖွဲ့၌ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရန် အခွင့်အလမ်းနည်းပါခဲ့သည်။ နိုင်ငံသားတို့အတွက် အုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်ပတ်သက်ရန်ထက်
တရားဥပဒေပါ ရပိုင်ခွင့်များကို ရရှိရန် ပိုမို အရေးကြီးခဲ့သည်။ တစ်နည်းအားဖြင့် ရောမနိုင်ငံသားတစ်ဦးသည်
ရွေးကောက်ပွဲများတွင် မဲဆန္ဒပေးခြင်း၊ အများပြည်သူတို့နှင့် ပတ်သက်သောဌာနများတွင် ၀င်ရောက်တာဝန်ထမ်းဆောင်ခြင်းမျိုး
မရှိသည့်တိုင်အောင် နိုင်ငံသားမဟုတ်သူတို့ထက် သာလွန်သောဥပဒေပါ အခွင့်ရေးကို ခံစားပိုင်ခွင့်ရှိသည်။
ယနေ့ခေတ် ဒီမိုကရေစီ နိုင်ငံအများစု၌ နိုင်ငံသားတို့သည် နိုင်ငံရေးဘ၀တွင် တိုက်ရိုက်ပါဝင်ပတ်သက်နိုင်သည့်
အခွင့်အလမ်းနည်းပါး ကြသော်လည်း နိုင်ငံသားရပိုင်ခွင့်ကိုမူ ရယူခံစားနိုင်ကြသောကြောင့်
အေင်ခေတ် ဒီမိုကရေစီကျင့်စဉ်ထက် ရောမခေတ် ဒီမိုကရေစီကျင့်စဉ်နှင့် ပိုမို နီးစပ်သည်ဟု
ဆိုနိုင်ပါသည်။
အေဒီ
၅ ရာစုနှစ်တွင် ရောမအင်ပါယာ ကျဆုံးသွားပြီးနောက် ဥရောပတွင် မြေရှင်ပဒေသရာဇ်စနစ် ပေါ်ထွန်းလာခဲ့သည်။
ထိုအခါ နယ်စားပယ်စားများက သက်ဆိုင်ရာ မြေရှင်ပဒေသရာဇ်ကို ခြွင်းချက်မရှိ သစ္စာ ခံရသည်
ဆိုသော အယူအဆသည် လွတ်လပ်သော နိုင်ငံသားအယူအဆကို အစားထိုးလိုက်လေသည်။ နိုင်ငံရေးနှင့်
လူမှုဆက်ဆံရေးတို့သည် အလွန်အမင်းမညီမမျှ ဖြစ်လာခဲ့ပြီး အာဏာကို မျိုးရိုးစဉ်ဆက် ဆက်ခံရ
သော သဘောသို့ သက်ရောက်လာခဲ့သည်။ ယင်း မြေရှင်ပဒေသရာဇ်ခေတ်သည် ရာစုနှစ်ပေါင်း မျာစွာတည်တံ့
ခဲ့လေသည်။ ဤအတောအတွင်း ရှေးခေတ် ဂရိနိုင်ငံနှင့် ရောမနိုင်ငံတို့တွင် ပေါ်ထွန်းခဲ့သည့်
မြို့ပြနိုင်ငံများနှင့် ဆင်တူသော ဖလောရင့်စ် (Florence) နှင့် ဗင်းနစ် (Venice)
မြို့များကဲ့သို့ သီးခြားလွတ်လပ်သည့် မြို့ပြနိုင်ငံ လေးများ အီတလီနိုင်ငံတွင် ဆက်လက်တည်ရှိခဲ့သည်။
သို့ရာတွင် ရှေးခေတ်ဂရိနှင့် ရောမ အယူအဆများကို နည်းနာခံယူခဲ့သော “နိုင်ငံသားအယူအဆ”
သည် အနောက်နိုင်ငံများ၏ နိုင်ငံရေးဘ၀တွင်
အဓိကအခန်း ကဏ္ဍမှ ပါဝင်လာခဲ့သည်မှ ၁၈ ရာစုနှောင်းပိုင်းကာလ အရောက်တွင်မှ ဖြစ်သည်။
ပို၍ တိတိကျကျဆိုရလျှင် အမေရိကန်တော်လှန်ရေး (၁၇၇၅-၁၇၈၃) နှင့် ပြင်သစ်တော်လှန်ရေး
(၁၇၈၉-၁၇၉၉) တို့ပေါ်ပေါက်လာသော အခါတွင်မှ ဖြစ်သည်။ အဆိုပါ တော်လှန်ရေးနှစ်ခုတွင် ဦးဆောင်ဦးရွက်
ပြုခဲ့ကြသော ခေါင်းဆောင်များအနေ ဖြင့် ၄င်းတို့သည် ရက်စက်ကြမ်းကြုတ်သော သက်ဦးဆံပိုင်စနစ်ကို
တိုက်ဖျက်နေခြင်းမျှသာမကဘဲ ရှေးခေတ် ကတည်ရှိခဲ့သော နိုင်ငံသားအဖွဲ့အစည်းများကို ပြန်လည်
တည်ဆောက်နေခြင်း ဖြစ်သည် ဟု လည်း ယုံကြည် ခဲ့ကြလေသည်။ ၁၉ ရာစုအနောက်တွင်မူ နိုင်ငံသားအယူအဆ၏
စေ့ဆော်မှုကြောင့် ဥရောပနှင့် လက်တင် အမေရိကက ဒေသတို့တွင် အလားတူ တော်လှန်ရေးများ ပေါ်ပေါက်လာခဲ့လေသည်။
နိုင်ငံသာအယူအဆ
ဖြစ်ပေါ်တိုးတက်မှုသမိုင်းတွင် အထူးအရေးပါသော မှတ်တမ်းတစ်စောင်မှာ ပြင်သစ်တော်လှန်ရေး၏
အစဦးပိုင်းကာလဖြစ်သော ၁၇၈၉ ခုနှစ် သြဂုတ်လ၌ ပြင်သစ်အမျိုးသားညီလာခံက အတည်ပြုခဲ့သော
“လူသားနှင့် နိုင်ငံသားအခွင့်အရေး ကြေညာစာတမ်းကြီး” ဖြစ်သည်။ ဤကြေညာစာတမ်း ကြီးတွင်
နိုင်ငံသားအခွင့်အရေးများအဖြစ် အခြားသူတို့အား ထိခိုက်နစ်နာမှု မရှိစေပဲ ကျင့်သုံးနိုင်သည့်
လွတ်လပ်ခွင့် ပြည်သူတို့၏ ယေဘုယျ သဘောဆန္ဒကို ထင်ဟပ်စေပြီး ၄င်းတို့ကိုယ်တိုင်ဖြစ်စေ၊
ကိုယ်စားလှယ် များမှတစ်ဆင့် ဖြစ်စေ၊ ရေးဆွဲပြဌာန်းနိုင်သည့် “ဥပဒေပြုပိုင်ခွင့်” ၊
“လွတ်လပ်မျှတစွာ တရားစီရင်ပိုင်ခွင့်” ၊ “လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်” ၊ “မိမိ၏
သဘောဆန္ဒကို လွတ်လပ်စွာထုတ်ဖော်ပြသခွင့်” နှင့် ”ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုခွင့်” အစရှိသည်တို့ကို
ဖော်ပြခဲ့လေသည်။ ဤနိုင်ငံသားအခွင့်အရေးတို့အနက်
အချို့ကို လွန်ခဲ့ သည့် နှစ်ပေါင်း နှစ်ထောင်ကျော်ကတည်းက ပယ်ရီကလဲစ် ပြောကြားခဲ့သော
ကျဆုံးစစ်သည် အထိမ်းအမှတ် မိန့်ခွန်းတွင် တိုက်ရိုက် မဟုတ်သည့်တိုင် သွယ်ဝိုက်၍ ညွှန်းဆိုဖော်ပြခဲ့ခြင်းမှာ
စိတ်ဝင်စားစရာကောင်းလှသည်။ ပြင်သစ်တော်လှန်ရေးကာလအတွင် ပြင်သစ်ပြည်သူတို့သည် မိမိတို့ကိုယ်
မိမိတို့ monsieur (ဦး) နှင့် madame (ဒေါ်) ဟု ခေါ်ဝေါ်သုံးစွဲမည့်အစား citoyen (နိုင်ငံသား) နှင့် citoyenne (နိုင်ငံသူ) ဟု သုံးစွဲ ခေါ်ဝေါ်
ခဲ့ကြလေသည်။ monsieur နှင့် madame ဟူသော အသုံးအနှုန်းကို ပြင်သစ်ပြည်တွင်
၁၇၈၉ ခုနှစ် မတိုင်မီက တည်းက သုံးစွဲခဲ့ကြပြီး လေးစားမှုကို ပြသသည့် အသုံးအနှုန်းအဖြစ်
ယနေ့ထက်တိုင် သုံးစွဲနေဆဲဖြစ်သည်။
ဆက်လက်ဖေါ်ပြပါမည်။
ကက်နက်အေ မက်ကေးရေးသား၍
ဒေါင်းညိုဘာသာပြန်ဆိုသော
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ စာအုပ်မှ ကူးယူတင်ပြပါသည်။
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ စာအုပ်မှ ကူးယူတင်ပြပါသည်။
0 comments:
Post a Comment