Sunday, October 16, 2011

မဖြစ်စလောက် လောကဓံ

by သစ္စာနီ on Sunday, October 16, 2011 at 10:53pm

သူ ဆယ့်သုံးနှစ်သားအရွယ်တွင် မိခင်ထံမှ နားကပ်ကို ဖဲရိုက်ရန် ငွေလိုသဖြင့် အတင်းအဓမ္မ ချွတ်ခိုင်း နေသော ပထွေးအား နောက်မှနေ၍ ထင်း ချောင်းဖြင့် ရိုက်ကာ လှည့်မကြည့်ဘဲ အိမ်မှ  တစ်ခါတည်း ထွက်ပြေးလာခဲ့သည်။ နောက်ခြောက်လလောက်ကြာသောအခါ အသေးအဖွဲ ခိုးမှုကလေးများ ကျူးလွန်တတ်ကာ ကမ်းနားလမ်း တံတားပေါ်တွင် အိပ်လေ့ရှိသော သူ့ကို သက်ဆိုင်ရာက ဖမ်း၍ လူငယ်သင်တန်းကျောင်း တစ်ခုသို့ပို့လိုက်၏။

ထိုကျောင်းတွင် ခိုးတတ်သော သူ့ဓလေ့ပျောက်ခဲ့ရလေသည်။ တစ်ကြိမ်တွင် ရေချိုးခန်းတွင်းမှ သူခိုးလာခဲ့သော ဆရာတစ်ဦး၏ လက်ပတ်နာရီကို သူတို့အခန်းထဲတွင် ရှာဖွေတွေ့ရှိသွား၏။ ဝန်ခံရန် တုံ့ဆိုင်းတွေဝေနေသော သူ့ကိုယ်စား သူ့အခန်းဖော်က ဤနာရီကို သူခိုးခဲ့ ပါသည်ဟု ဝန်ခံခဲ့၏။
သူ့အခန်းဖော်မှာ အချိန်အားရလျှင် စာအုပ်နှင့် မျက်နှာ မခွာတတ်သော မျက်မှန်ထူထူနှင့် ပိန်ညှက်ညှက် လူငယ်တစ်ဦးဖြစ် ၏။ သူ့အိပ်ရာပေါ်တွင် ဂျက်လန်ဒန်၊ ဂေါ်ကီ၊ ဂျွန်စတိန်းဘက် ဆိုသူတို့၏ ဝတ္ထုစာအုပ်များကို အမြဲလိုလို တွေ့ရတတ်လေ့ ရှိ၏။ ယခင်က ကောင်းမွန်စွာ နေထိုင်ခဲ့သည်ကို ထောက်၍ ကျောင်းမှ မျက်မှန်ထူထူအား သက်ညှာစွာ အပြစ်ပေးခဲ့သည်။ ဤကိစ္စနှင့်ပတ်သတ်၍ သူ့  အခန်းဖော်သည် သေသည်အထိ စကားစပ်၍ပင် ပြောဆိုခြင်း မရှိခဲ့ချေ။ ဝန်ခံရလျှင် သူ့ဘဝတစ်လျှောက်လုံးတွင် သူသည် ထိုသူတစ်ယောက်ကို သာ ရှက်ရွံ့ခဲ့မိ၏။

ထိုကျောင်းတွင် ဘဝဆိုသည်မှာ စည်းချက်ကျကျ ရွေ့လျားနေသော ဇယားကွက်များသာ ဖြစ်၏။ စည်းချက်ကျကျ ဆိုသည်မှာ နှလုံး ခုန်သံ မဟုတ်ဘဲ ဝီစီမှုတ်သံဖြစ်၏။ အိမ်တွင် ကျန်ခဲ့သော သူ၏ မအေတူ ဖအေကွဲ ညီမလေးနှစ်ယောက်ကို တစ်ခါတစ်ရံ သတိရမိသောအခါများ တွင်သာ သူသည် လူသားတစ်ယောက်ဖြစ်ကြောင်း ကိုယ့်ကိုကိုယ် သတိရသွားတတ်သည်က လွဲ၍ သူသည် ရော်ဘာဖြင့် ပြုလုပ်ထားသော မြွေရုပ် တစ်ကောင်လို နေထိုင်ခဲ့၏။ ကျောင်းတွင် သူသည် လက်မှုပညာကိုသော်လည်းကောင်း၊ ကျောင်းစာကိုသော်လည်းကောင်း၊ စိတ်မဝင်စား။ ဆရာတွေက “မင်း... ဘာဖြစ်ချင်သလဲ” ဟု မေးကြသည်။ “ကျွန်တော် ဘာမှ မဖြစ်ချင်ဘူး”  ဟု သူ ဖြေခဲ့သည်။ သူသည် ဘာဖြစ်ရမည်နည်း။ သူ နားမလည်။ ထိုကိစ္စကို သူ တစ်ခါမှ တွေးမကြည့်ဖူးခဲ့။ သူ့ဘဝတွင် ရွေးချယ်ခွင့် အမှန်တကယ် ရှိသည်ဟု ဤမေးခွန်းထုတ်သူ ဆရာတွေ ကိုယ်တိုင်ကရော ယုံကြည်ပါ၏လော။ သူတို့ကိုယ်တိုင်ပင် ဇယားကွက်များ ဖြစ်နေကြသည်ဟု သူ ထင်မြင်၏။ ထိုဇယားကွက်ထဲမှ လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ဆယ်တန်းအောင်မြင်ခြင်းသာဖြစ်သည်ဟု သူ ယုံကြည်ကာ ဆယ်တန်းကို နှစ်ချင်းပေါက် အောင်မြင်အောင် သူ ဖြေဆိုခဲ့သည်။ သူ ဆယ်တန်း အောင်မြင်သောအခါ ကျောင်းမှ ဆက်သွယ်ကူညီပေးမှုဖြင့် ရုံးတစ်ရုံးတွင် အောက်တန်းစာရေးအလုပ် ရခဲ့၏။

သူ ကျောင်းမှ ထွက်လာသောအခါတွင် မျက်မှန်ထူထူနှင့် သူ့အခန်းဖော်မှာ အဆုတ်အအေးပတ်သော ရောဂါဖြင့် ကျောင်းတွင် သေဆုံးကာ ကျန်ရစ်ခဲ့လေသည်။ အခန်းဖော်၏ ပစ္စည်းများထဲမှ အမှတ်တရအဖြစ် သူ့ကို တစ်ခုခု ယူခွင့်ပြုသောအခါ သူသည် ဂျက်လန်ဒန်၏ “ချောက်ကမ်းပါးထဲမှ လူသားများ” ဆိုသော စာအုပ်ကို ယူလာခဲ့၏။ (ထိုစာအုပ်ကို ယခုထက်တိုင် သူ မဖတ်ခဲ့ဖြစ်ခဲ့ပါ။) ယခုအခါ သူသည် အသက် ငါးဆယ်နားနီးကာ သူ စတင် အလုပ်လုပ်ခဲ့သော ရုံးတွင်ပင် ဌာနခွဲစာရေးကြီးတစ်ဦး ဖြစ်နေလေသည်။

သူ အိမ်ထောင်ကျခဲ့သေးသည်။ တစ်ရပ်တည်းတွင် နေထိုင်သော ပေါင်တံရှည်ရှည် တစ်ခုလပ်မ တစ်ယောက်နှင့် ဖြစ်၏။ သူနှင့် သုံးနှစ်ခန့်သာ ပေါင်းကာ ထိုမိန်းမသည် လင်ငယ်နောက် လိုက်ပြေးလေသည်။ ငါးနှစ်အရွယ် မယားပါ သမီးကလေးသာ သူ့ထံတွင် သောင်တင် ကျန်ရစ်ခဲ့၏။ ထိုကလေးကို သူ့ဖခင်ရင်း နေထိုင်ရာမြို့သို့ သွားပို့၏။ သို့သော် နောက်အိမ်ထောင်နှင့်ဖြစ်ကာ ဆင်းရဲနွမ်းပါးနေသော ဖခင်ရင်းက လက်မခံနိုင်။ ထိုမြို့ကလေးမှအပြန်တွင် သူ့ဇာတိမြို့ကလေးကို ခရီးကြုံဝင်သွားခဲ့သည်။ ဒီတော့မှ သူ့အမေ သေဆုံးခဲ့သည်မှာ ငါးနှစ်ခန့်ရှိပြီဟု သူသိခဲ့ရသည်။ သူ့ကို တွေ့တော့ သူ့ညီမလေးတွေက မျက်ရည်ကျ၏။ သူ့ညီမလေးများမှာ သူနှင့် ခွဲခွာစဉ်ကလို ဂါဝန်ကလေးများနှင့် မဟုတ် ကြတော့ ကလေးတွဲလောင်းနှင့် အိမ်ထောင်သည်များ ဖြစ်နေကြလေပြီ။ သူ့ပထွေးမှာ ဖဲသာမက အရက်ပါ စွဲနေသူ ဖြစ်နေ၏။

ခွဲကာနီးတွင် သူ့အား “ဘုရားတရားကို မမေ့နဲ့” ဟုမှာရင်း အရက်ဖိုး တောင်းဖြစ်အောင် တောင်းလိုက်သေးသည်။သူ ပြုစုပျိုးထောင်ခဲ့သော သူ့မယားပါသမီးသည် သူနာပြုသင်တန်းအဆင်းတွင် အလုပ်တာဝန်ကျရာ နယ်ရောက်သွားရင်း နယ်တွင်ပင် ကျောင်းဆရာ တစ်ယောက်နှင့် အိမ်ထောင်ကျသွားသည်။ ထိုကျောင်းဆရာမှ သူ့အခန်းဖော်လို မျက်မှန်ထူထူနှင့် ဖြစ်၏။

သူ တစ်ကိုယ်တည်း ကျန်ရစ်ခဲ့သည်ဟု ဆိုနိုင်သည်။ သို့သော် သူကတော့ သူသည် မွေးကတည်းက တစ်သက်လုံး တစ်ကိုယ် တည်း နေလာခဲ့သူဟု ဆိုသည်။ အသိုင်းအဝိုင်းတွင် သူသည် ယခင်ကလိုပင် စကားနည်းမြဲ နည်းသူဖြစ်၏။ လူတွေနှင့်လည်း သိပ်အပေါင်းအသင်း မဖြစ်။ လူတွေဆိုတာ ယုန်အုပ် တစ်အုပ်ထဲက ယုန်တွေလိုပါပဲ။ အတူတူပဲဟု သူမြင်သည်။ အားလုံးမှာ သူလို ကိုယ်လိုသာ။ သူ အမှတ်မထင် ပြောခဲ့ သော ဘာမှမဖြစ်ချင်ဘူး ဆိုသောစကားမှာ သူ၏ လိုအင်ဆန္ဒ အစစ်အမှန်ဖြစ်ကြောင်း တစ်နေ့တခြား သူ သဘောပေါက်လာခဲ့သည်။ သူ့အတွက် အရေးကြီးတာ ဘာမှမရှိ။ နောက်ဆုံး အချစ် အမုန်းဆိုတာပင် အရေးမကြီး။ သူသည် သဘာဝအတိုင်းပင် တချို့ကို ချစ်၍ တချို့ကို မုန်းခဲ့သည်။  သို့သော် သူ့ဘဝတစ်ခုလုံးလိုပင် သူ့အချစ်နှင့် သူ့အမုန်းသည်လည်း ပေါ့ရွှတ်ရွှတ်သာ ဖြစ်ကြောင်း သိနေခဲ့၏။ သူ့ပထွေးဆုံးကြောင်း ညီမ တွေထံမှ သံကြိုးစာ ရောက်လာသောအခါ လူမရောက်သော်လည်း ငွေကြေးတချို့တင်ပို့ပေးခဲ့သည်။

အချိန်အား ရလာသဖြင့် တရားစာအုပ်တချို့ကို သူ ဖတ်ဖြစ်သော်လည်း ကောင်းစွာ နားမလည်ဘဲရှိသည်။ မကြာခဏ ဥပုသ် စောင့်ဖို့ကြိုးစားသော်လည်း ညနေပိုင်း ဆာလောင်မွတ်သိပ်မှုဒဏကို မခံနိုင်သဖြင့် မစောင့်ဖြစ်။

တနင်္ဂနွေလို ရုံးပိတ်ရက် တစ်ရက်တလေ၌ ပက်လက်ကုလားထိုင်တွင် ထိုင်ကာ ဘဝဆိုတာ ဘာလဲဟု စဉ်းစားမိ၏။ နောက်ဆုံး တွင် ထိုမေးခွန်းမှာ ဘာမှ မဟုတ်ပါဘူးဆိုသော အဖြေနှင့်သာ နိဂုံးချုပ်ရလေ့ရှိသည်။ အခုတော့ သူ့ဘဝသည် အတော်အတန် ပြည့်စုံနေပေပြီ။ မိုးလေ အတန်အသင့် လုံခြုံသော အိမ်လေး တစ်လုံးနှင့် ပုံမှန်လစာရှိနေသည်။ တစ်ခါတစ်ရံ ပွင့်တတ်သော ပန်းအိုး သုံး လေးအိုးလည်း ရှိသည်။ နေ့စဉ် သတင်းစာ တစ်စောင်လည်း ရှိသည်။ ပြောရမည်ဆိုလျှင် မယားပါသမီးက မွေးသော မြေးကလေး တစ်ယောက်ပင် ရှိနေလေသည်။ ပြီးတော့ လူတိုင်းဖြစ်လေ့ဖြစ်ထရှိသော သေလောက်သည့် ရောဂါတစ်ခုလည်း ယခုတော့ သူ့ခန္ဓာကိုယ်တွင် စွဲကပ်နေလေပြီ။ သွေးတိုးတဲ့။

ဆရာဝန်ထံမှ  ထိုစကားကို ကြားရသောအခါ ရုတ်တရက် သူ ပျော်ရွှင်သွား၏။  ကဲ... ဘာလိုသေးသနည်း။

“ဘဝမှာ တကယ်တမ်း လိုအပ်တာ အချိန်ကာလပဲ... အချိန်တန်တော့ ဘဝဟာ သူ့ဘာသာ အလိုလို ပြီးပြည့်စုံသွားတာပါပဲ...”

ယင်းမှာ ယခုအခါ သူ အမြဲ သုံးလေ့သုံးထရှိသော စကားတစ်ခွန်းပင်ဖြစ်လေသည်။

သစ္စာနီ (သရဖူ မဂ္ဂဇင်း၊ သြဂုတ်လ၊ ၁၉၉၅)

credit: thanthannaing (mmcybermedia)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...