တစ်မတ်သား နှစ်ဆယ့်ငါးပြား
by Seaman Nayminthu on Monday, October 17, 2011 at 8:15am
အလယ်တန်းကျောင်းသားဘ၀ရောက်တော့ တစ်မတ်စေ့၊ ငါးမူးစေ့လေးတွေ မုန့်ဖိုးရတတ်ပါတယ်။ အဲဒီအချိန်က ဇီးမဆလာထုပ်လေးတွေထဲမှာ ထင်တယ်၊ ပြားစေ့လေးတွေ ပါလာတတ်တယ်ဗျ။
တစ်ခါရရင် တစ်ပြား။ ရတဲ့ပြားစေ့လေးတွေကို စုစုထားရာက ငါးပြားပြည့်ရင် ငါးပြားတန်မုန့်၊ ဆယ်ပြားပြည့်ရင် ဆယ်ပြားတန်မုန့် ဆိုင် မှာဝယ်စားလို့ရတော့ ဟုတ်နေတာပဲ။ ပြားစေ့မို့ တန်ဖိုးမရှိဘူးဆိုပြီး ဘယ်ဈေးဆိုင်ကမှ ယူဖို့ငြင်းတာမရှိပါဘူး။
လွန်ခဲ့တဲ့တစ်လလောက်က VOA သတင်းထောက် ဒေါ်ခင်စိုးဝင်း နေပြည်တော်ကိုရောက်ခိုက်မှာ လွှတ်တော် ထဲစစ်ဗိုလ်တစ်မတ်သားပါဝင်နေမှုနဲ့ ပတ်သက်ပြီး တပ်မတော်သားကိုယ်စားလှယ်တစ်ဦးကို တွေ့ဆုံမေးမြန်း ခဲ့ပါတယ်။ တပ်မတော်သားကိုယ်စားလှယ်က “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အရပ်ရပ်မှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်ဖို့ ပြဌာန်းထားပြီးဖြစ်တာကြောင့် သူတို့ရဲ့တည်ရှိမှုထက် သူတို့ ဘာတွေပြောတယ်၊ဘယ်လိုလုပ်ဆောင်တယ်ဆိုတာတွေကို အလေးထားကြည့်ရှုဖို့” ပြောဆိုသွားတာကို ကြားသိလိုက်ရပါတယ်။
ဒီနေရာမှာ ကျနော်ဆွေးနွေးလိုတာက လွှတ်တော်ထဲကိုရောက်လာတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောတူခွင့်ပြုချက်နဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာကြတာ မှန်ပေမယ့် ကိုယ်စားလှယ်တစ်ဦးချင်းကို ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ခေါင်းခေါက်ရွေးချယ်ထားတာတော့ မဟုတ်ပါဘူး။ အဲဒီလိုလုပ်ဆောင်ဖို့လည်း အခြေအနေအရမဖြစ်နိုင်ပါဘူး။ ဒါကြောင့် သူတို့အားလုံးဟာ လူတစ်ဦးတစ်ယောက်တည်းရဲ့ စိတ်ကြိုက်ရွေးချယ်မှုအောက်မှာမရှိပါဘူး။
သက်ဆိုင်ရာ စစ်တိုင်းဌာနချုပ် အကြီးအကဲများနဲ့ ကာကွယ်ရေးဌာနအလိုက် ဒါရိုက်တာကြီးများက စီစစ် ရွေးချယ်လိုက်သူတွေကို ကာကွယ်ရေးဦးစီးချုပ်က ထပ်ဆင့်အတည်ပြုပေးလိုက်တဲ့သဘောပါ။ ပထမအကြိမ် လွှတ်တော်အစည်းအဝေးတွေ မကျင်းပမီက ကျနော့်မိတ်ဆွေတစ်ဦး ထိတွေ့ကြုံဆုံခဲ့ရတာလေးကို အလျဉ်းသင့် လို့ဖော်ပြပေးချင်ပါတယ်။
“ ကျနော် ဇန်န၀ါရီ ပထမပတ်လောက်ကနေ .. လလည်လောက်အထိ နေပူတော်မှာ ရှိနေတယ် ၊
ကျနော်တို့နဲ့ အသက်တူလောက်ရှိမယ့် လွှတ်တော်ထဲဝင်ကြရမယ့်လူတွေ တွေ့ခဲ့သေးတယ် ၊ လက်ရုံးတပ်တွေရဲ့ Senior ဗိုလ်မှူးတွေပေါ့ဗျာ..ကကယာ ၊ ကကထုတ် ၊ ကကသံ ၊ ကကကွန် ၊ အသစ်ဖွဲ့တဲ့ ကကကိန်း တို့က ဒါရိုက်တာလူကြီးတွေ သဘောကျပြီး သွက်လက်တဲ့ အရာရှိ တွေ ၂၅% ထဲ ပါသွား ကြတယ်။
ဒါကို ကျနော်တို့ ကြိုဆိုရမယ် ၊ တကယ်တမ်း ယှဉ်ကြကြေးဆိုရင် ပညာတတ်တဲ့ အသိုင်းအ၀ိုင်း အုပ်ချုပ်တာက ပိုပြီး သင့်တော်မယ်ထင်ပါတယ်၊ (အဲ.. ပညာတတ်ပြီး ပိုယုတ်မာရင်တော့ ကမ်းကုန်ပြီပေါ့ဗျာ)
နိုင်ငံခြားတိုင်းပြည်တစ်ခုရဲ့ ဟိုတယ်မှာ.. မြန်မာ E.O တစ်ယောက် တီဗီ မဖွင့်တတ်လို့ ဘေးနားက အရာရှိတွေက ပျက်ရယ်ပြုဘူးတယ် ၊ အဲဒါကတော့ ဆေးဘုတ်နဲ့ ထွက်သွားတဲ့ CNED ထုတ်လုပ်ရေးတပ်ဖွဲ့က ဒုတပ်ဖွဲ့မှူး ဗမ….. ပါ.. ကျနော်နဲ့ ပုဂှိုလ်ရေး အရမ်းခင်တဲ့လူ.. သူကိုယ်တိုင် ပြောပြလို့ တီဗီမဖွင့်တတ်တဲ့ ဇတ်လမ်းကို သိရတာ . နောက် တပ်ဖွဲ့မှူး တစ်ယောက်ကလည်း ကျနော့်ကို သူ့အတင်းပြောဘူးတော့မှ ကျနော် လည်း ယုံတာလေ.. ဒါက မသုံးဘူးတဲ့လူဆိုဖြစ်တတ်ပါတယ် ၊ ဒါပေမယ့် ၄-၅ နှစ်သား ကလေးတွေသိနေတဲ့အရာ (အိမ်မှာ သုံးနေကျပစ္စည်းဖြစ်နေတော့) ပြောရင်လွန်တယ်ဖြစ်မယ် ၊ အဲဒါမျိုး ကျနော်တို့ အုပ်ချုပ်သူတွေ ဖြစ်မှာ ကျနော် ကြောက်မိတယ်။
ဒါတောင် အဲဒီ ဗိုလ်မှူးက ဘီအီး ပြီးပြီးသားလူနော်..ကဲ .. ဘီအီးလည်း မပြီးဘူး ၊ အတန်းပညာလည်း မရှိပဲ .. ပညာရေးကို ဆရာလုပ်လိုက် ၊ အင်ဂျင်နီယာတွေကို လက်ညိုးထိုးပြီး လမ်းညွန်လိုက် ၊ ကျန်းမာရေး ကိုသွားပြီး လမ်းညွန်လိုက် လုပ်နေတဲ့ နိုင်ငံတော် ဆရာကြီးများပြောတဲ့အတိုင်း လုပ်ရင်လေ.. ခုန တီဗီမဖွင့်တတ်တာ ထက်များ ဆိုးမလား မသိဘူး နော်..တီဗီဖွင့်မရတာ ပြသနာမရှိဘူး ။ ပြည်သူပြည်သားတွေ မျက်လုံး ပိတ်နေမှဖြင့်...ဘယ် Remote Control နဲ့ ဖွင့်ရမလဲဗျာ....”
ကျနော်တို့ရေတပ်က အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ်(၁)ဦး၊ပြည့်သူ့လွှတ်တော်မှာ(၆)ဦး၊ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ (၁၂)ဦး၊ စုစုပေါင်း (၁၉)ဦးရွေးချယ်ခံရပါတယ်။ အဲဒီအထဲမှာ ကျနော်နဲ့ လက်ပွန်းတတီးနေခဲ့ဖူးသူ(၂)ဦးပါဝင်ပါတယ်။ ကျနော့်အတွေ့အကြုံအရ ပြောရရင် တစ်ဦးက ဆက်ဆံရေး ပြေပြစ်သူ၊ ကိုယ်ချင်းစာနာတတ်သူ၊ ရဲဘော်တွေရဲ့အခက်အခဲကိုဖြေရှင်းပေးတတ်သူဖြစ်ပြီး၊ နောက်တစ်ဦး ကတော့ ကိုယ်ကျိုးစီးပွားကြည့်သူ၊ ငါတကောကောသူ၊ စစ်သည်တွေအပေါ်ရိုင်းပြစွာဆက်ဆံတတ်သူ၊ အမိန့်ကို လက်ကိုင်ပြု တတ်သူ ဖြစ်ပါတယ်။
သူတို့(၁၉)ဦးမှာ ဘွဲ့ရပြီးမှ အရာရှိသင်တန်းတက်တဲ့ OTS ကျောင်းဆင်းတွေ၊ စစ်တက္ကသိုလ်DSA ကျောင်းဆင်း တွေ၊ တပ်မတော်နည်းပညာတက္ကသိုလ်DSTA ကျောင်းဆင်းတွေ ပါဝင်နေတာပါ။
တပ်မတော်သားကိုယ်စားလှယ်တွေဟာ လွှတ်တော်အတွင်းမှာ ၂၅ ရာခိုင်နှုန်းသော အော်တိုမက်တစ်ကိုယ်စား လှယ်တွေအဖြစ် တစ်စုတစ်စည်းတည်းရှိနေတာမှန်ပါတယ်။
သို့သော် တပ်မတော်(ကြည်း၊ရေ၊လေ)ဆိုတဲ့ တာဝန်ထမ်းဆောင်ပုံသဘာဝ ခြားနားမှုတွေ၊ ကျွမ်းကျင်မှုဆိုင်ရာ မတူညီမှုတွေရှိနေသလို မတူကွဲပြားတဲ့ စစ်ကျောင်းကြီးတွေက မွေးထုတ်ပေးလိုက်တဲ့ စစ်ခေါင်းဆောင်တွေ လည်းဖြစ်ပါတယ်။
ဒီတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေအပေါ် ဘယ်လိုသဘောထားမလဲဆိုတဲ့ကိစ္စမှာ ရှုမြင် ချဉ်းကပ်ပုံအနေအထားက အရေးကြီးမယ်ထင်ပါတယ်။
လွှတ်တော်တွင်းက သူတို့အစုလေးကို တစ်မတ်စေ့အနေနဲ့ မြင်မယ်ဆိုရင်တော့ တစ်ခုတည်းသောအရာ၊ ထိုးဖောက်ဝင်ရောက်ဖို့ခက်ခဲတဲ့အရာအဖြစ် ကျစ်လစ်ခိုင်မာအားကောင်းမှုကိုသာ တွေ့ရမှာပါ။
ဒီလိုမဟုတ်ပဲ ပြားစေ့လေးတွေအဖြစ်နဲ့ ကြည့်တတ်မြင်တတ်မယ်ဆိုရင်တော့ သူတို့တစ်ဦးချင်းရဲ့ တွေးခေါ်မှုပုံစံ နဲ့တကွ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခြားနားချက်လေးတွေကို တွေ့မြင်နိုင်မှာပါ။
အပြင်ပန်းကြည့်ရင် ပြားစေ့အားလုံး တစ်ပုံစံတည်းဖြစ်ပေမယ့် အရောင်အသွေးနဲ့ သစ်လွင်မှုမှာတော့ မတူညီ နိုင်ပါဘူး။ အရောင်မွဲ ညစ်ပေနေတဲ့ပြားစေ့လေးတွေ ပါလာသလို၊ ပွန်းပဲ့ရာနဲ့ ပြားစေ့တွေလည်း ရှိနိုင်ပါတယ်။ အသစ်ချပ်ချွတ်နီးပါး အရောင်လက်လက်လေးတွေလည်း ပါမှာပါ။
ကျနော်သိမြင်သလောက်ပြောရရင်တော့ စစ်သားဆိုတာ သံမဏိစက်ရုပ်တွေမဟုတ်ဘဲ သူလိုကိုယ်လိုလူသား စစ်စစ်တွေသာဖြစ်ပြီး၊ လူ့သဘာဝကို ဆန့်ကျင်၍မရသူများသာ ဖြစ်ပါတယ်။
ဒါကြောင့်မို့သူတွေတစ်တွေ အချင်းချင်းကြားမှာရှိတဲ့ အသွင်ကွဲအဆင်ကွဲ မတူခြားနားချက်လေးတွေကို သိအောင်လေ့လာချဉ်းကပ်ပြီး တစ်ဦးချင်းတစ်ယောက်ချင်း ယုံကြည်နားလည်မှုမှစ၍ ဖြစ်စေ လက်တွဲဆောင် ရွက်နိုင်ဖို့ကြိုးစားနိုင်မယ်ဆိုရင် မြန်မာပြည်အပြောင်းအလဲတွေ နောက်ပြန်ဆုတ်လို့ မရနိုင်တော့တဲ့ အခြေအနေ ကိုရောက်ရှိ သွားမယ်လို့ တွေးတောဆင်ခြင်မိပါတယ်။
အားလုံးကိုလေးစားချစ်ခင်လျက်ပါ။
နေမင်းသူ
၁၆ အောက်တိုဘာ ၂၀၁၁
0 comments:
Post a Comment