Tuesday, October 11, 2011

မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြောင်းလဲတိုးတက်မှု အနေအထားကို ဆန်းစစ်ခြင်း

by Moenge Aung on Tuesday, October 11, 2011 at 9:13pm


The Voice Weekly Originally posted 11/10/2011 14:44PM
(Bangkok Post မှ “Understanding Burma's political development” သတင်းဆောင်းပါး၏ Online ဘာသာပြန်ဆိုချက်ကို ကူးယူဖော်ပြသည်)
 သက်တမ်းအားဖြင့် ခြောက်လသာ ရှိသေးသည့် မြန်မာအစိုးရသစ် အပေါ် ဒီမိုကရေစီ ပြောင်းလဲမှုများကို စတင်မိတ်ဆက်ရန် ပျက်ကွက်နေကြောင်း မြန်မာ့အရေး စောင့်ကြည့် လေ့လာသူ အများစုနှင့် နိုင်ငံခြား တိုင်းပြည်များက အပြင်းအထန် ဝေဖန်လျက် ရှိကြသည်။ အချို့က အစိုးရသစ်ကို ယုံကြည်ချက်ကြောင့် အကျဉ်းသားများ လွှတ်မပေးသည့် အတွက် ပြစ်တင်ဝေဖန် နေကြချိန်တွင် အချို့က ပိုမိုမြန်ဆန်သော ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် တောင်းဆိုနေကြသည်။ သို့သော်လည်း ကျွန်တော်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း အစိုးရအဖွဲ့၏ တာဝန် အရပ်ရပ်ကို ထမ်းဆောင်ခဲ့ရသူ တစ်ဦး ဖြစ်ခဲ့ခြင်းကြောင့် ထိုသို့ အပြစ်တင်သော မှတ်ချက်များသည် အနည်းဆုံး လက်ရှိကာလ အတွက် လက်တွေ့မကျ ခြေခြေမြစ်မြစ် မရှိဟု ကန့်ကွက်မိပါလိမ့်မည်။


 အနည်းဆုံး လက်ရှိအချိန်ကာလ အတွင်း၌ မြန်မာအစိုးရအပေါ် ပြစ်တင်ဝေဖန် နေသူများ အားလုံး အနေဖြင့် အပြောင်းအလဲများ အလျင်အမြန် ပြုလုပ်ရန် မြန်မာအစိုးရအပေါ် ဖိအားပေးခြင်း မပြုမီ အစိုးရ ရင်ဆိုင်နေရသော အခက်အခဲများကို နားလည် သဘောပေါက်အောင် ကြိုးစားကြပါဟု အကြံပေးလိုသည်။ အမေရိကန်ပြည်ထောင်စုတွင် မြန်မာအစိုးရသစ်၏ စွမ်းဆောင်မှုကို အကဲဖြတ် နေကြသော လေ့လာသူများက ယခင်က အုပ်ချုပ်ခဲ့သော တပ်မတော် အစိုးရနှင့် နှိုင်းယှဉ် ကြည့်လာကြသည်။ ဝေဖန် ဆန်းစစ်သူများစွာက လက်ရှိ အစိုးရလက်ထက် အနေအထားကို လွန်ခဲ့သော နှစ်ပေါင်း ၄၀ အတွင်း အုပ်ချုပ်ခဲ့သူများနှင့် နှိုင်းယှဉ် သုံးသပ်ကြသည်။ မိမိအနေဖြင့် ယခင်အစိုးရ အဆက်ဆက်သည် နိုင်ငံနှင့် လူမျိုးအတွက် ၎င်းတို့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ အကောင်းဆုံး အလုပ်အကျွေး ပြုခဲ့သည်ဟု ယုံကြည်မိပါသည်။ လက်ရှိအစိုးရ ရင်ဆိုင်နေရသည့် ပြဿနာများမှာ ကိုလိုနီဘဝဖြင့် နေထိုင်ခဲ့ရသည့် ကာလမှ စတင် အခြေခံခဲ့သော ပြဿနာများ ဖြစ်သည်။ အဆိုပါ ပြဿနာများကို အချိန်တိုအတွင်း ဖြေရှင်းနိုင်ရန် ဆိုသည်မှာ မမျှော်လင့်အပ် မမျှော်လင့်ကောင်းသော ကိစ္စသာ ဖြစ်ပေသည်။
 ယခင်အစိုးရ အဆက်ဆက်က သူတို့ အစွမ်းရှိသလောက် နိုင်ငံနှင့် ပြည်သူကို အလုပ်အကျွေး ပြုရန် ကြိုးစားခဲ့ကြသည်ဟု ဆိုလျှင် ယခုအစိုးရသည် ကိုလိုနီခေတ် အထိ ခြေရာကောက်၍ ရသော နိုင်ငံရေး ပြဿနာ ရင်းမြစ်များကို အမွေရခဲ့သည်ဟု ဆိုချင်သည်။ အဆိုပါ ဆိုးမွေများ အားလုံးကို အချိန်တိုအတွင်း ဖြေရှင်းရန် မျှော်လင့်လို့ မရနိုင်ပါ။ လက်ရှိ အာဏာရ သမ္မတ ဦးသိန်းစိန်က မတ်လအဖွင့် မိန့်ခွန်းတွင် ယင်း၏အစိုးရသည် အုပ်ချုပ်ရေးနှင့် ပြည်သူတို့၏ လူနေမှုအဆင့် တိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်မည်ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံလို ဆင်းရဲနွမ်းပါးသော နိုင်ငံမျိုးတွင် နိုင်ငံရေး တည်ငြိမ်မှုမရှိပဲ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်၍ မရနိုင်ပါ။ မြန်မာအစိုးရသည် ပညာရှင်များ၊ နိုင်ငံသားများနှင့် တိုင်ပင်ညှိနှိုင်းကာ ဖွံ့ဖြိုးရေး အစီအစဉ်များစွာကို ရေးဆွဲသွားမည် ဖြစ်သလို ပြည်ပနှင့် ပြည်တွင်း ပညာရှင်များထံမှ အပြုသဘောဆောင် လက်တွေ့ကျသော အကြံဉာဏ် အားလုံးကို နားထောင်သွားရန် ဆန္ဒရှိနေသည်။
 သို့သော် ယခင်ကကဲ့သို့ အစိုးရအပေါ် ပြစ်တင်ဝေဖန်မှုများကို လျစ်လျူရှုထားမည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ယခင်နှင့်မတူ ဆန့်ကျင်စွာပင် တိုင်းပြည်၏ ရေရှည်အကျိုးကို မျှော်ကိုးကာ နိုင်ငံသား အုပ်စုများ၊ နိုင်ငံခြား အစိုးရများ အားလုံးနှင့်အတူ လက်တွဲ လုပ်ဆောင်သွားရန် ဆန္ဒရှိနေပြီ ဖြစ်သည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် အစိုးရ အတိုက်အခံ မည်သူမဆို နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရိုးသားစွာ လက်တွဲလိုသည် ဆိုပါက အစိုးရကလည်း ပျော်ရွှင်စွာ လက်တွဲ ဆောင်ရွက်မည်သာ ဖြစ်သည်။ အလားတူပင် ကျွန်တော်တို့၏ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံးနှင့်လည်း အတူလက်တွဲ လုပ်ဆောင် သွားလိုသည်။ သို့သော်လည်း ယခင်အစိုးရက လက်စလက်န ထားခဲ့သည့် နယ်ခြားစောင့်တပ် အစီအစဉ်ကို မစွန့်လွှတ်သောကြောင့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုအများစုက လက်ရှိအစိုးရကို ပြစ်တင်ဝေဖန်လျက် ရှိကြသည်။ အမှန်စင်စစ် အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုတွင် လက်နက်ကိုင် တပ်မတော် တစ်ခုတည်းသာ ရှိနိုင်ပါလိမ့်မည်။

လက်ရှိအစိုးရက နယ်ခြားစောင့် တပ်အစီအစဉ်ကို စွန့်လွှတ်ခြင်း မရှိသော်လည်း ယင်းအစီအစဉ်ကို ငြင်းပယ်သော အပစ်ရပ် အဖွဲ့များအပေါ် အရေးယူ ဆောင်ရွက်ခြင်း လုံးဝ မပြုလုပ်ခဲ့ပါ။ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများအား ထိန်းချုပ်ခွင့် ပေးထားသော နယ်မြေများတွင် နှစ်ဖက်တပ်များ အကြား တိုက်ခိုက်မှု မရှိခြင်းသည် သက်သေပြနိုင်သော အချက်တစ်ခု ဖြစ်သည်။ အနောက်နိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှု မူဝါဒများကို ပြန်လည် အကဲဖြတ်ကြပါဟု ကျွန်တော် တိုက်တွန်းလိုပါသည်။ အရေးယူ ဒဏ်ခတ်သည့ှ် Sanctions များသည် ထိရောက်မှု မရှိသည့်အပြင် ပြောင်းပြန် အကျိုးသက်ရောက်ကြောင်းကို နိုင်ငံခြား အစိုးရ ခေါင်းဆောင်များ၊ ပညာရှင်များ မြောက်မြားစွာက လူသိရှင်ကြား ဝန်ခံခဲ့ကြပြီး ဖြစ်သည်။ Sanctions များသည် ဆင်းရဲနွမ်းပါးသော မြန်မာပြည်သူများအပေါ် မလိုလားအပ်သော ဆိုးကျိုးများသာ ပေးခဲ့သည်။ ဆင်းရဲတွင်း နက်လွန်းသော မြန်မာပြည်သူ အများစုကြီးမှာ နေ့စဉ်စားဝတ်နေရေးနှင့် လုံးပန်းနေရသောကြောင့် နိုင်ငံရေး ပြဿနာများကို အချိန်မပေးနိုင်ကြပါ။
 ထို့ကြောင့်ပင်လျှင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အစီအစဉ် မြောက်မြားစွာကို အကောင်အထည် ဖော်ရေးသည် အစိုးရသစ်၏ ဦးစားပေးကိစ္စ ဖြစ်လာခဲ့ရသည်။ မြန်မာနိုင်ငံ၏ နွမ်းပါးသော ပြည်သူများကို ကူညီရန် ဆန္ဒရှိကြသော နိုင်ငံသားများ၊ နိုင်ငံခြား အစိုးရများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ အားလုံးသည် လက်ရှိအစိုးရသစ်နှင့်အတူ ပူးပေါင်း ဆောင်ရွက်သင့်သည်။ ကျွန်တော်တို့ အားလုံးအတူတကွ ပူးပေါင်း လုပ်ဆောင်ကြမည် ဆိုလျှင် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ကာ နွမ်းပါးသော ပြည်သူတို့၏ ဘဝများလည်း ပိုမိုကောင်းမွန် လာလိမ့်မည်ဟု ကျွန်တော် ယုံကြည်စိတ်ချသည်။ နိုင်ငံခြား အစိုးရ ခေါင်းဆောင်များ၊ အစိုးရ ဝေဖန်ပြစ်တင်သူများ အနေဖြင့် အစိုးရသစ်အား နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အရှိန်မြှင့်ရန် ဆက်၍ ဖိအားပေးနေခြင်းမှာ မြန်မာနိုင်ငံအတွက် ကောင်းကျိုး မရှိနိုင်ပါ။
 အစိုးရ မှန်သမျှသည် ရှင်သန်နိုင်ရေးကို အဓိက ထားကြရသည့် အားလျော်စွာ မြန်မာအစိုးရသည်လည်း အခြားရွေးချယ်စရာ မရှိပါ။ အကယ်၍ အနောက် နိုင်ငံများက ဆက်၍ ပိတ်ဆို့မည်၊ ပို၍ပင် ပိတ်ဆို့ဦးမည် ဆိုပါက တရုတ်ကြီးနှင့် နီးစပ်အောင် တွန်းပို့ရာ ရောက်ပေလိမ့်မည်။ ကျွန်တော်တို့နိုင်ငံကို တရုတ်အစိုးရ၏ သြဇာခံ တိုင်းပြည်တစ်ခု မဖြစ်စေလိုပါ။ သို့သော် မြန်မာနိုင်ငံကို တရုတ်အပေါ် ပိုမို မှီခိုအားထား နေရသော နိုင်ငံမှတစ်ပါး အခြားရွေးချယ်စရာ လမ်းမရှိသော အခြေအနေမျိုး ရောက်အောင် အနောက်နိုင်ငံများက တွန်းမပို့သင့်ပေ။ အမှန်စင်စစ် ကမ္ဘာပေါ်မှ အခြားသော အစိုးရများ အားလုံးကဲ့သို့ပင် လက်ရှိမြန်မာ အစိုးရသည်လည်း တစ်ကိုယ်တော် မင်းသား မဟုတ်ပါ။
 မြန်မာနိုင်ငံသည် ယင်း၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းညွှန်မြေပုံကို ဆက်၍ အကောင်အထည် ဖော်ရမည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတကွ လုပ်ဆောင်နိုင်မည့် နည်းလမ်းကို အစိုးရက ရှာဖွေရမည်ဟု ယုံကြည်ထားကြသော တိုးတက် ပွင့်လင်းသူ တာဝန်ရှိ ပုဂ္ဂိုလ်များ မြန်မာနိုင်ငံတွင် အမှန်တကယ် ရှိနေပြီ ဖြစ်သည်။ တစ်ချိန်တည်းတွင် အဆိုပါ လစ်ဘရယ် ဝါဒီများသည် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ခြင်း မရှိကြပါ။ မြန်ဆန်သော နိုင်ငံရေး အပြောင်းအလဲကို ဆန့်ကျင်သော အင်အားစုများက ပြုပြင်ပြောင်းလဲရေး သမားများကို ဟန့်တား နှောင့်ယှက်လျက် ရှိကြသည်။
 ထို့အပြင် တိုက်ရိုက် စစ်အုပ်ချုပ်ရေး စနစ်သို့ပင် ပြန်လည်ရောက်ရှိ သွားနိုင်ပါသေးသည်။ တိုင်းပြည်၏ အရေးပေါ် အခြေအနေ ကာလမျိုးတွင် တပ်မတော်က အစိုးရအာဏာကို ထိန်းချုပ်နိုင်ရန် အခြေခံ ဥပဒေက ခွင့်ပြုထားသည်။ ယင်းသို့သာ ဖြစ်လာပါက အနာဂတ် ဒီမိုကရေစီ ဖွံ့ဖြိုးရေး မျှော်လင့်ချက်များ အဆုံးသတ် သွားပါလိမ့်မည်။ ထို့ကြောင့် နိုင်ငံ၏ နက်ရှိုင်းစွာ အမြစ်တွယ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာများကို ဖြေရှင်းရန် လက်ရှိ အစိုးရသစ်က အချိန်ယူနေခြင်းကို စိတ်ရှည် သည်းခံကြပါဟု နိုင်ငံခြားအစိုးရများနှင့်စိုးရိမ်ပူပန်သော နိုင်ငံသားပြည်သူများကို  တိုက်တွန်း ပြောကြားလိုပါသည်။ မြန်မာနိုင်ငံ အနေဖြင့် အပြည့်အဝ ဒီမိုကရေစီနိုင်ငံ ဖြစ်မလာသေးမီ ခရီးရှည် ချီတက်ရဦးမည် ဖြစ်သော်လည်း ဒီမိုကရေစီ စနစ်အတွက် မရှိမဖြစ် လိုအပ်သော နိုင်ငံရေး အဖွဲ့အစည်းများစွာ ရှိနေပြီ ဖြစ်သည်။ သို့သော် သန်စွမ်း ခိုင်မာလာရန် အချိန်လိုအပ်သည်။

အတိုက်အခံ နိုင်ငံရေး ပါတီ မြောက်မြားစွာ လွှတ်တော် အသီးသီးတွင် ရှိနေပြီ ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မှတ်ပုံတင် မထားသော NLD ပါတီကို လွတ်လပ်စွာ လှုပ်ရှားနိုင်ရန် အစိုးရက ခွင့်ပြုပေးထားသည်။ သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် သူတို့၏ သဘောထား ကွဲပြားမှုများကို ဘေးဖယ်ကာ တွေ့ဆုံခဲ့ကြပြီးနောက် ဤနိုင်ငံ၏ ပြည်သူများ အတွက် အတူတကွ လုပ်ဆောင်ရာတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက် သွားကြရန် အစိုးရ ခေါင်းဆောင်နှင့် NLD ခေါင်းဆောင် နှစ်ဦးစလုံးက သဘောတူခဲ့ကြသည်။ လက်ရှိ အစိုးရသည် မကြာမီအတွင်း သိသာထူးခြားသော စီးပွားရေးနှင့် နိုင်ငံရေး မူဝါဒများကို ချမှတ်တော့မည် ဖြစ်ပြီး ယင်းမူဝါဒ အသစ်များသည် နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေး ပြဿနာများ ပြေလည်မှုရစေရန် အထူးဒီဇိုင်း ထုတ်ထားခြင်း ဖြစ်သည်။
 မြန်မာနိုင်ငံအတွင်းမှ လူတိုင်းက မြင်တွေ့လိုကြသော နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်လာရေးအတွက် တစ်ခုတည်းသော နည်းလမ်းမှာ လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်း အားလုံးအကြား ပူးပေါင်းဆောင်ရွက်ခြင်းသာဖြစ်၍ ထိပ်တိုက်ရင်ဆိုင်သည့် နည်းလမ်း မဟုတ်ကြောင်း ပွင့်ပွင့်လင်းလင်း တင်ပြလိုက်ပါသည်။
 ယခုစာစုမှာ လက်ရှိမြန်မာ အစိုးရအဖွဲ့တွင် အကြီးတန်း တာဝန် ထမ်းဆောင်နေသူ တစ်ဦးက မြန်မာအစိုးရ၏ စဉ်းစား တွေးခေါ်ပုံများကို အမှန်အတိုင်း သိမြင်ဖော်ထုတ် ရေးသားထားသော ရှားရှားပါးပါး ဆောင်းပါးတစ်ပုဒ် ဖြစ်သည်။ မူရင်းစာရေးသူသည် ယခင်အစိုးရ လက်ထက်ကလည်း အဆင့်မြင့် တာဝန်များကို ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး မြန်မာ့ တပ်မတော်တွင်လည်း အကြီးတန်း ရာထူးထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ယခုဆောင်းပါးကို ၎င်း၏ လုံခြုံရေးအရ အမည်ဖော်ပြခြင်း မရှိဘဲ ရေးသား ပေးပို့ခဲ့ခြင်း ဖြစ်သည်။
Bangkok Post Editor

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...