Tuesday, October 11, 2011

လမ်းလျှောက်မိုင် တက်စရာ ကတ်သီးကတ်သတ်နည်းအဖြာဖြာ

by Than Htike Soe on Tuesday, October 4, 2011 at 8:54am
            လမ်းလျှောက်ခြင်းသည် ကျန်းမာရေးကို ကောင်းမွန်စေ၏ ၊ လမ်းလျှောက်ခြင်းသည် ကိုယ်ခန္ဓာကို ကျစ်လျစ်သွယ်လျစေ၏ ၊ တစ်နေ့ ခြေလှမ်းတစ်သောင်း ရောက်အောင်လျှောက်ပါ… စသည် စသည်ဖြင့် လမ်းလျှောက်ခြင်းနဲ့ ပက်သက်သော တိုက်တွန်းအားပေး စကားပေါင်းများစွာကို စာဖတ်သူအနေနဲ့ ကြားရလွန်း၍ ရိုးပင်နေလောက်ပေပြီ။ တစ်နေ့တစ်နေ့ အလုပ်က ရှုပ်ကရှုပ်ပါသနဲ့ စာရေးဆရာတို့ ပြောသလို လမ်းက ဘယ်လျှောက်နိုင်မှာလဲ စာရေးဆရာတို့ရဲ့လို့ ပြောသူများကလည်း ပြောချင်ပေ လိမ့်မည်။ ထိုလူများအတွက် တစ်နေ့တစ်နေ့ နေရင်းထိုင်ရင်း သွားရင်းလာရင်း လမ်းလျှောက်မိုင်တွေ တက်နေစေမည့် ကတ်သီးကတ်သတ် နည်းကလေးများကို စုဆောင်းတင်ပြမည်ဖြစ်ပါသည်။ မအားလို့ လမ်းမလျှောက်နိုင်ဘူး ဆိုသူများအတွက် အောက်မှာ ပေးထားသည့် ကတ်သီးကတ်သတ်နည်း ကလေး များက အသုံးဝင်ပါလိမ့်မည်။


၁။ ဆေးခန်းမှာ ဆရာဝန်နဲ့ တွေ့ဖို့ စောင့်နေရချိန်မျိုးမှာ ထိုင်စောင့်မနေပါနဲ့။ အခန်းထဲမှာ ဟိုဒီ ဗယ်ညာ လမ်းလျှောက်ပြီး စောင့်ပါ။ ထိုနည်းဖြင့် နေရင်းထိုင်ရင်း လမ်းလျှောက်မိုင်လေးတွေ တက်နေမည်ဖြစ်သည်။

၂။ ရှောပင်းစင်တာမှာ ဟင်းချက်စရာတွေ သွားဝယ်ပါသလား။ ကိုယ် ဝယ်ချင်သည့် ဟင်းချက်စရာ ဝယ်ပြီးတာနဲ့ တန်းမထွက်ဘဲ အပြင်တန်းတွေ ဟိုပတ်ဒီပတ် နည်းနည်း ပတ်ကြည့်ခြင်းဖြင့် လမ်းလျှောက်မိုင်လေးတွေ ပိုတက်လာမည်ဖြစ်သည်။

၃။ ရုံးမှာ အပေါ့အပါးသွားချင်လို့ သန့်စင်ခန်းဝင်သည့်အခါ ကိုယ့်ရုံးခန်းအထပ်မှာရှိသည့် သန့်စင်ခန်းကို မသွားဘဲ အပေါ်ထပ်သို့မဟုတ် အောက်ထပ်တွေမှာရှိသည့် သန့်စင်ခန်းတွေကို သွားခြင်းဖြင့် ရုံးမှာ အလုပ်မအားလို့ လမ်းမလျှောက်ဖြစ်သူများ လမ်းလျှောက်မိုင်လေးတွေ ပိုရလာမည်ဖြစ်သည်။

၎။ ကော်ဖီသောက်ရင် ထိုင် မသောက်ပါနဲ့။ ကော်ဖီသောက်ရင်း လမ်းလျှောက်ပါ။

၅။ တီဗီကြည့်ရင် ရီမုတ်ကိုင်မထားပါနဲ့။ ရီမုတ်ကို တစ်နေရာမှာ ထားထားပါ။ လိုင်းပြောင်းချင်ရင် ထိုင်နေရာက ထပြောင်းခြင်းဖြင့် တီဗီကြည့်ရင်းတောင် လမ်းလျှောက်မိုင်လေးတွေ တက်နေအောင် လုပ်နိုင်ပါသည်။

၆။ ကိုယ်ပိုင်ကားနဲ့ ရုံးတက်သူဆို ရုံးခန်းပေါက်ဝနားနဲ့ အနီးဆုံး ကားပါကင်ကို တစ်ခြားလူများနဲ့ လုရပ်နေမည့်အစား ရုံးခန်းပေါက်ဝနဲ့ ခပ်လှမ်းလှမ်းမှာ ရပ်ထားပြီး ရုံးခန်းဆီ လမ်းလျှောက်သွားခြင်းဖြင့် လမ်းလျှောက်မိုင်ကလေးများ တက်လာမည်ဖြစ်သည်။

၇။ ကလေး ကျူရှင်သွားကြိုလို့ ကိုယ်ရောက်သည့်အချိန်က လွှတ်မည့်အချိန်ထက် စောနေသေးသည်ဆို ကျူရှင်ရှေ့ ရပ်စောင့်မနေပါနဲ့။ ကျူရှင်နားတစ်ဝိုက် ပတ်လျှောက်နေခြင်းဖြင့် ပတ်ဝန်းကျင်ဗဟုသုတလည်း တိုးပွားမည်ဖြစ်သလို လမ်းလျှောက်မိုင်တွေလည်း တက်လာမည်ဖြစ်သည်။

၈။ ရထားစီး ကားစီးရင်း ဖြစ်နိုင်ရင် ကိုယ်သွားမယ့်နေရာနဲ့ တစ်ဘူတာအလို တစ်မှတ်တိုင်အလိုမှာ ဆင်းပြီး သွားလိုရာကို လမ်းလျှောက်သွားခြင်းသည်လည်း ခရီးသွားရင်း ကျန်းမာရေးလိုက်စားနည်းတစ်နည်းဖြစ်ကြောင်း မမေ့သင့်။

၉။ ရေချိုးခန်းထဲ သွားတိုက်ရင်းလည်း လမ်းလျှောက်ပါ။ မတ်တပ်ကြီးရပ် ကိုယ့်ရုပ်ကြီးကိုယ် မှန်ထဲပြန်ကြည့်ပြီး သွားတိုက်မနေပါနဲ့။

၁၀။ စာလာလို့ အိမ်ရှေ့စာတိုက်ပုံးမှာ စာသွားယူမယ် ပြင်ပါသလား။ စာတိုက်ပုံးဆီ တန်းမသွားသေးဘဲ ခြံဝင်းထဲ တစ်ပတ်လောက် ပတ်လိုက်ပါဦး။ ပြီးရင် ဘေးအိမ်က အိမ်နီးချင်းနဲ့လည်း ရာသီဥတုအကြောင်း၊ ကျန်းမာရေးအကြောင်း သာကြောင်းမာကြောင်းလေးတွေ ပြောလိုက်ပါဦး၊ ပြီးမှ စာတိုက်ပုံးဆီ စာသွားယူခြင်းဖြင့် နေရင်းထိုင်ရင်း လမ်လျှောက်မိုင်လေးတွေ ပိုရနေမည်ဖြစ်သည်။

၁၁။ ဝယ်စရာ ခြမ်းစရာရှိလို့ စတိုးဆိုင်မှာ ဝယ်ပြီး၊ ဝယ်လာသည့်ပစ္စည်းကလည်း ကိုယ် တစ်နိုင်စာ သယ်လို့ရသောပစ္စည်းဖြစ်မည်၊ အိမ်နဲ့ကလည်း နီးမည်ဆို ပစ္စည်းတွေ လက်ကဆွဲပြီး လမ်းလျှောက်ပြန်ခြင်းဖြင့် လမ်းလျှောက်မိုင်တွေ ပိုရလာမည်ဖြစ်သည်။

၁၂။ ရုံးမှာ ပြောစရာ အသိပေးစရာ ကိစ္စတစ်ခုခု ရှိလာသည့်အခါ လုပ်ဖော်ကိုင်ဖက်ဆီကို ကိုယ့်အလုပ်စားပွဲကနေ အီးမေး ဒါမှမဟုတ် ဂျီတော့နဲ့ လှမ်းပြောလိုက်တာမျိုး မလုပ်ဘဲ ကိုယ်တိုင်ကိုယ်ကျ သွားပြောပါ။ ထိုသို့ သွားပြောခြင်းဖြင့် လမ်းလည်း လျှောက်ဖြစ်သွားမည်ဖြစ်သလို လုပ်ဖော်ကိုင်ဖက်ချင်းလည်း ပိုရင်းနှီးနွေးထွေးလာမည်ဖြစ်သည်။

၁၃။ ညည ထမင်းစားပြီးရင် မိသားစုတွေ ခဏတစ်ဖြုတ် လမ်လျှောက်ထွက်သည့် အကျင့်လေး လုပ်ထားပါ။ ထိုသို့ လုပ်ထားခြင်းဖြင့် လမ်းလျှောက်မိုင်များလည်း ပိုရလာမည်ဖြစ်သလို မိသားစုများလည်း နွေးနွေးထွေးထွေး ပိုရှိလာမည်ဖြစ်သည်။

၁၄။ နေ့လယ် ထမင်းစားပြီးရင် တစ်ရေးအိပ်မည့်အစား လမ်းထွက်လျှောက်နေတာ ပိုကောင်းသည်။ လမ်းလျှောက်ရင်း အလုပ်အကြောင်းလည်း ခေါင်းအေးအေး စဉ်းစားနိုင်မည်ဖြစ်သလို လမ်းလျှောက်မိုင်လေးများလည်း ပိုရလာမည်ဖြစ်သည်။

၁၅။ ဖုန်းပြောရင် ငုတ်တုတ်ကြီး ထိုင်မပြောပါနဲ့။ လမ်းတစ်လျှောက်လျှောက်နဲ့ ဖုန်းပြောခြင်းသည် ဖုန်းပြောလို့လည်း ပိုကောင်းသလို အညောင်းအညာလည်း ပြေမည်ဖြစ်သည်။

၁၆။ နောက်တစ်ခေါက် အစည်းအဝေးလုပ်တဲ့အခါ ဖြစ်နိုင်ရင် မတ်တပ်ရပ် လမ်းလျှောက်ပြီး အစည်းအဝေးလုပ်နိုင်တဲ့ အနေအထားမျိုးဖြစ်အောင် အစည်းအဝေးခန်းကို ပြင်ဆင်ထားပါ။ မတ်တပ်ရပ် လမ်းလျှောက်ပြီး လွတ်လွတ်လပ်လပ် ဆွေးနွေးသည့်အခါ ဆွေးနွေးရတာ ပိုအာသွက်ကြောင်းကို ထိုသို့ ဆွေးနွေးဖူးသူတိုင်း သိကြသည်။ အာပိုသွက်သလို သွေးလည်ပတ်မှုလည်း ပိုသွက်လာမည်ဖြစ်သည်။

၁၇။ ဈေးဝယ်ဖို့ ရှောပင်းစင်တာကို သွားပါသလား၊ ဒါဆို အထဲ ဝင်မဝယ်ခင် အပြင်ဘက်ကနေ တစ်ပတ်လောက် ပတ်ကြည့်ပါဦး။ ထိုသို့ ပတ်ကြည့်ခြင်းဖြင့် ခင်းကျင်းထားပုံများကို မြင်ရမည်ဖြစ်သလို လမ်းလျှောက်မိုင်များလည်း ပိုတက်လာမည်ဖြစ်သည်။

၁၈။ ရုံးမှာ ကွန်ပျူတာရှေ့ တစ်နေကုန် ထိုင်ရသူများအနေဖြင့် ကွန်ပျူတာကို တစ်နာရီခြား နှစ်နာရီခြားလောက်တစ်ခါဖြစ်ဖြစ် အလမ်း (alarm) ပေးထားပါ။ အလမ်း မြည်လာရင် တစ်မိနစ် နှစ်မိနစ်လောက်ဖြစ်ဖြစ် လမ်းထလျှောက်ခြင်းဖြင့် အညောင်းလည်း ပြေ၊ အပျင်းလည်း ပြေမည်ဖြစ်သည်။

၁၉။ ဓာတ်လှေကားနဲ့ ငါနဲ့ မတည့်ဘူးကွလို့ ကိုယ့်ကိုယ်ကို ပြောထားပါ။ ပြောထားတဲ့အတိုင်းလည်း ဓာတ်လှေကားနဲ့ တစ်ကယ် စိတ်ကောက်ပစ်လိုက်ပါ။ ဓာတ်လှေကားဆို မျက်နှာကို မကြည့်ချင်ဘူးဆိုပြီး ကိုယ့်ဖာသာ လှေကားက တက်ပါ။ ဆင်းပါ။

၂၀။ ညနေ ညနေတွေ ဖြစ်နိုင်ရင် သူငယ်ချင်းတွေနဲ့ အပြင်မှာ ဟိုလျှောက် ဒီလျှောက်နဲ့ ပျော်ပျော်ပါးပါး အပြင်ထွက်စားပါ။ ထိုသို့ စားခြင်းဖြင့် ဟိုသွား ဒီသွားနဲ့ လမ်းပိုလျှောက်ဖြစ်သွားလိမ့်မည်။

                                                                                                          သန်းထိုက်စိုး
Ref: 20 Simple Ways to Get More Steps In Your Day by Su Reid-St. John


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...