ဗီဒီယို ကြည့်သူများ
Cloud Cuckoo Land created a doc.
တစ်နေ့က READER'S DIGEST မဂ္ဂဇင်း အဟောင်း တစ်အုပ် မှာ ကာတွန်း ကလေး တစ်ပုဒ် ကိုတွေ့ လို့ စိတ်ဝင်တစား ကြည့်မိတယ်။ ကာတွန်းမှာ ဖော်ပြ ထားတဲ့ ပုံကတော့ ဒီလိုပါ။ ကျောင်းသား ကလေး တစ်ဦး က စာအုပ်တွေကို ဖင်ခုထိုင် ထားပြီး ဗီဒီယို ကားကို ကြည့်နေတယ်။ သူကြည့်နေတဲ့ ဗီဒီယိုကားမှာ လူ တစ်ယောက်က လက်တစ်ဖက် ကနေ သေနက် တစ်လက် ကိုကိုင်ပြီး ပစ်ကာ လက်တစ်ဖက်က အရက်ပုလင်း ကို ကိုင်ထား ပါတယ်။ကျောင်းသား ကလေး ဖင်ခုထိုင်ထားတဲ့ စာအုပ်တွေ ကတော့ Ethics ဆိုတဲ့ ပြည်သူ့နီတိ စာအုပ်၊ History ဆိုတဲ့ သမိုင်း စာအုပ်၊ Literature ဆိုတဲ့ စာပေနဲ့ သက်ဆိုင်တဲ့စာအုပ်၊ General Knowledge ဆိုတဲ့ အထွေထွေဗဟု သုတနဲ့သက်ဆိုင်တဲ့စာအုပ်၊ Science ဆိုတဲ့ သိပ္ပံပညာ ရပ်ဆိုင်ရာစာအုပ်၊ Mathematics ဆိုတဲ့ သင်္ချာပညာ စာအုပ်တို့ဖြစ် ကြတယ်။ အဲဒီစာအုပ် တွေအနားမှာ ပြန့်ကျဲနေတဲ့ စာအုပ် ကတော့ ATLAS ဆိုတဲ့ မြေပုံ စာအုပ် ပါပဲ။ ကာတွန်းကို ကြည့်ပြီး ကျွန်တော် စဉ်းစားကြည့် မိတယ်။ လူငယ်တွေဟာ စိတ်ဝင်စားရမယ့် အရာတွေထက် စိတ် မဝင်စားရမယ့်အရာတွေကို စိတ်ဝင် စားနေကြ သလား။ အားလုံးကိုတော့ မဆိုလိုပါဘူး။ လူငယ်အနည်းစုကပဲ စိတ်ဝင်စားကြ တာဆိုရင် လည်း တော် သေးတာပေါ့လို့ စိတ်အေးလို့မရပါ ဘူး။
မကောင်းတဲ့ အပြုအမူတွေ ဆိုတာက ကူးစက်လွယ်ပါတယ်။ ကမ္ဘာပေါ်မှာ အကြမ်းဖက်မှု တွေဖြစ်နေတယ်။ တချို့အကြမ်းဖက် မှုတွေက နိုင်ငံရေးအယူအဆတွေ၊ ဘာသာရေး အယူအဆ တွေကြောင့် မဟုတ်ဘဲ စိတ်ရူးပေါက်ပြီး လုပ်ချင် တာလုပ်ကြတာတွေလို့ ထင်မြင်မိ ပါတယ်။ ဥပမာဆိုရရင် နော်ဝေနိုင်ငံ က လူငယ်လေ့ကျင့်ရေး စခန်းမှာ ပစ်ခတ်တာမျိုးနဲ့ ယခု လောလော ဆယ် သတင်းကြီးနေတဲ့ အင်္ဂလန် နိုင်ငံက ရုန်းရင်း ဆန်ခတ်ဖြစ်မှုတွေ ပါပဲ။ ဒီ့အပြင် စာသင်ကျောင်းတွေမှာ ပစ်ခတ်တာတွေကိုလည်း မကြာခဏ ဆိုသလို ဖတ်ရှုရပါ သေးတယ်။ တစ်ခါက လည်း အမေရိကန်နိုင်ငံမှာ ဘော်လ်တီမိုးနဲ့ဝါရှင်တန်ဥယျာဉ်
စိတ်ကူးပေါက်တာလုပ်တဲ့ သူတွေ၊ စိတ်ရူးပေါက်တာလုပ်တဲ့ သူတွေကြောင့် အပြစ်မဲ့တဲ့သူတွေ သေကျေထိခိုက်ဒဏ်ရာရတာတွေဟာ စိတ်မကောင်းစရာ၊ ဝမ်းနည်းကြေကွဲ ဖွယ်ရာ မလိုလား အပ်တဲ့ ဖြစ်ရပ်တွေပဲ ဖြစ်ပါတယ်။ ကာတွန်းထဲက ကျောင်းသား လေး ဖင်ခုထိုင်ထားတဲ့ စာအုပ်တွေထဲ က အပေါ်ဆုံးက စာအုပ်ဖြစ်တဲ့ Ethics ဆိုတဲ့ ပြည်သူ့နီတိက လူတိုင်း အလေးထား သင့်တဲ့ အရာပဲဖြစ်တယ်။ ဟိုးအရင် ကျွန်တော့် ဦးလေးတွေ အခြေခံပညာ အထက်တန်း ကျောင်း တက်စဉ်အခါတုန်းက ပြည်သူ့နီတိကို ကျောင်းတွေမှာသင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။ နီတိဆိုတာ ကျင့်ဝတ် တရားပါပဲ။ လူ့ကျင့်ဝတ်ကို သိမှပဲ လူပီသမှာ ဖြစ်ပါတယ်။ ဗီဒီယိုကားကို ထိုင်ကြည့်နေတဲ့ ကျောင်းသားကလေးပုံကို ကြည့်ပြီး ဆရာတော် ဦးဇော်တိကရဲ့ တရား တစ်ပုဒ်ကို အမှတ်သွားရမိတယ်။ “အခုခေတ်ကတော့ ဗီဒီယိုတွေ အင်မတန်များပါတယ်။ ဗီဒီယိုတစ်ခွေ ကြည့်တယ်ဆိုရင် အချိန်တစ်နာရီ၊ နှစ် နာရီလောက်ကြာတယ်။
အညောင်း လည်းမိတယ်။ ပြီးတော့ ဗီဒီယိုထဲက ပါတဲ့ မြင်ကွင်းတွေ၊ အာရုံတွေက စိတ်ထဲကို ဝင်လာပြီး စိတ်ကို ပင်ပန်း အောင်လုပ်နေတော့တာပဲ။ စိတ် လှုပ်ရှားစရာတွေ အများကြီးဖြစ် တယ်။ လောဘဖြစ်စရာတွေလည်း အများကြီးဖြစ်လာတယ်။ အတုမယူ သင့်တာတွေ ယူမိလျက်သားဖြစ်သွား တတ်တယ်။ ကြောက်စရာ၊ လန့်စရာ တွေပါရင်လည်း ကြောက်လန့်နေ တတ်တယ်။ ဒါ့ကြောင့် စိတ်ဓာတ် ခိုင်မာတဲ့ သူဖြစ်မလာ နိုင်တော့ဘူး။ ဒါတွေအားလုံးဟာ စိတ်ကို ပင်ပန်း အောင်လုပ်နေတာပါနော်။ အာရုံတွေ ဟာ ကိုယ့်ကို ဂုဏ်သိက္ခာမရှိအောင် လုပ်ပစ်နေ တာပါ။ ဒီလိုအာရုံ အမျိုး မျိုးရဲ့ နှိပ်စက်မှုကို ကိုယ်က လက်သင့် ခံနေရင် စိတ်မှာ ငြိမ်းချမ်းမှုမရှိတော့ ဘူး။ စိတ်မှာ ငြိမ်းချမ်းမှုမရှိတော့ရင် တကယ်လေးနက်မှု မြင့်မြတ်မှုကို သိဖို့ မလွယ်တော့ဘူး” ဒီ့အပြင် ဆရာတော်က ဒီလို ဆက်ပြီး ဟောပါသေးတယ်။
“ကျောင်းပိတ်ရက်ဆိုရင်လည်း ကလေးတွေရော၊ လူကြီးတွေရော အပျင်းပြေအောင် ဗီဒီယိုငှားကြည့်ကြ၊ တီဗီဂိမ်းတွေ ဆော့ခိုင်းနဲ့နေကြပြန် တယ်။ ဗီဒီယိုတွေဆိုတာ အပျင်းပြေ ကြည့်ရင်းကြည့်ရင်းနဲ့ ဦးနှောက်မရှိတဲ့ လူ၊ စဉ်းစားဥာဏ်မရှိတဲ့ လူဖြစ်သွား တတ်တယ်။ ဗီဒီယိုများများကြည့်လေ လေးနက်တဲ့ အတွေးအခေါ် မရှိလေ ဖြစ်တော့မှာပဲ။ ဗီဒီယိုဂိမ်းတွေ ဆိုတာ လည်း ကလေး တွေကို ဥာဏ်ရှိတဲ့ ကလေးတွေဖြစ်အောင် လုပ်မပေးနိုင် ပါဘူး” ဆရာတော်ရဲ့ဟောကြားချက် ကို သဘောတူတဲ့ သူလည်းရှိပါမယ်၊ သဘောမတူတဲ့သူလည်းရှိပါ့မယ်။ တကယ် တော့ ဗီဒီယိုဆိုတာ enter-tainment ဆိုတဲ့ ဖျော်ဖြေမှုပါ။ ဖျော်ဖြေမှုကနေ ကိုယ့်အတွက် ဗဟု သုတဖြစ်လာနိုင်တယ်ဆိုရင်တော့ အမြတ်ပေါ့။ အဲဒီလိုမှ မဟုတ်ဘဲ ဆရာတော်ဦးဇောတိက ဟောကြား သလိုဖြစ်ခဲ့ရင် ကိုယ့်အတွက် အများ ကြီးနစ်နာပါတယ်။
အခုတစ်လော ကျွန်တော်တို့ ဆီမှာ ခေတ်စားနေတာက ကိုရီးယား ဇာတ်လမ်းတွဲတွေပါ။ အဲဒီဇာတ်လမ်း တွဲတွေကို ကူးယူထားတဲ့ ဗီစီဒီခွေ တွေ၊ ဒီဗီဒီခွေတွေလည်း အပြင်မှာ ဝယ်ယူလို့ရ တာတွေရှိပါတယ်။ အဲဒီ ဇာတ်လမ်းတွဲတွေက အပြုအမူသရုပ် ဆောင်မှုတွေဟာ ကျွန်တော်တို့ ယဉ်ကျေးမှုနဲ့အတော်ကလေးဖီလာ ဆန့်ကျင်မှုဖြစ်နေတာတွေကိုလည်း တွေ့ရပါ တယ်။ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီးလည်း ကျွန်တော် ဆောင်းပါးတစ်ပုဒ်ရေးဖူးခဲ့ပါ သေး တယ်။ အခု တင်ပြချင်တာကတော့ လူနေမှုစရိုက်နဲ့ပတ်သက်တဲ့ အချက် ပါပဲ။ မိန်းကလေး ပျိုလေးတွေ အရက် သောက်တာ၊ ဘီယာသောက်တာကို ခဏထားဦး၊ လင့်ကျင့်ဝတ်၊ မယား ကျင့်ဝတ်တွေကို ဖောက်ဖျက်ပြီး လူမှုရေးဖောက်ပြန်မှုတွေကို အသား ပေးရိုက်ကူးထားတဲ့ ဇာတ်လမ်းတွေကို အချိန်ပေးကြည့်ရှု နေကြတာကို တွေ့ရ တော့ စိတ်မသက်မသာဖြစ်မိတယ်။ တစ်ခါကလည်း ဂျာနယ် တစ်စောင်မှာ သတင်းဆောင်းပါး တစ်ပုဒ်ကို ဖတ်လိုက်ရတယ်။
ကုမ္ပဏီ တစ်ခုမှာ ဈေးကွက်ရှာဖွေရေးတာဝန် ကို ထမ်းဆောင်နေတဲ့ မန်နေဂျာ အမျိုးသားနဲ့ ဈေးကွက်ရှာဖွေရေး ဝန်ထမ်းအမျိုးသမီးလေးတို့ ငြိစွန်း ကြတဲ့ သတင်းပါ။ လွတ်လွတ် ကင်းကင်း လူပျို၊ အပျိုဆိုရင်တော့ အကြောင်း မဟုတ်ဘူးပေါ့။ အခုတော့ နှစ်ဦးစလုံး အိမ်ထောင်တွေနဲ့ဆိုတော့ ရှင်းကြလင်းကြရတဲ့အကြောင်း ဖတ် လိုက်ရတယ်။ ကိုရီးယားဇာတ်လမ်းတွဲ တွေရဲ့ အကျိုးဆက် လို့လည်း ပြောတဲ့ သူက ပြောကြတယ်။ ကျွန်တော့်ကို ကုမ္ပဏီမန်နေဂျာ မိတ်ဆွေတစ်ဦးက ကိုရီးယား ဇာတ်လမ်းတွဲတွေရဲ့ ဆိုးကွက်တွေကို ဆောင်းပါးရေးဖို့ တိုက်တွန်းပါတယ်။ ကျွန်တော်က “ကောင်းကွက်တွေ လည်းရှိပါသေးတယ်ဗျာ၊ အဲဒါတွေ ရှာကြံပြီးကြည့်ပေါ့” လို့ ပြောလိုက် မိတယ်။ အတုယူသင့်တာကို အတုယူပြီး အတုမယူသင့်တာကို အတုမယူမိဖို့ ကိုယ့်ရဲ့ စဉ်းစား ဥာဏ်က အရေးကြီး ပါတယ်။
ကျွန်တော်တို့ ငယ်ငယ်က လူကြီးသူမတွေရဲ့ ဆုံးမစကားတစ်ခွန်း ကို ကြားယောင်မိသေးတယ်။ “လူငယ် ဆိုတာ အတုယူမှား တတ်တယ်” တဲ့။ ဟုတ်ကဲ့ စဉ်းစားတွေးခေါ် ဆင်ခြင် သုံးသပ် နိုင်မှုက အရေးကြီးပါတယ်။ စာအုပ်စာပေတွေထဲမှာ အတု ယူ သင့်တာလည်းရှိတယ်။ အတု မယူသင့်တာ လည်းရှိတယ်။ ရုပ်ရှင် တွေထဲမှာလည်း အတုယူသင့်တာ ရှိသလို အတုမယူသင့် တာလည်း ရှိပါတယ်။ အဲဒီလိုပါပဲ ဗီဒီယို ဇာတ်လမ်း တွေထဲမှာလည်း အတု ယူသင့်တာရော အတုမယူသင့်တာပါ ရှိနေကြတယ်။ အဲဒါတွေကို စဉ်းစား ဆင်ခြင် သုံးသပ်နိုင်ဖို့ ကိုယ့်ရဲ့ အရည် အချင်းပေါ်မှာ မူတည် နေပါတယ်။
သူရထိုက်( အခွင့်အလမ်းဂျာနယ်)
0 comments:
Post a Comment