မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတနှင့်
ပြည်ထောင်စု အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို သတင်းစာဆရာကြီးများ၊ တက်ကြွစွာ
လှုပ်ရှားသူများ၊ ပြည်သူများအားလုံးက လှိုက်လှဲစွာ ကြိုဆိုကြကြောင်း
သတင်းရရှိပါသည်။
ယနေ့ (စက်တင်ဘာလ ၃၀ ရက်နေ့) ရက်စွဲဖြင့် လွှတ်တော်သို့ ပေးပို့ခဲ့သော
မြစ်ဆုံစီမံကိန်းရပ်ဆိုင်းကြောင်း နိုင်ငံတော်သမ္မ၏ သ၀ဏ်လွှာ သတင်းကို
သိရှိရပြီးနောက် ယခုကဲ့သို့ ၀မ်းမြောက်စကား ပြောကြားခဲ့ခြင်းဖြစ်သည်။
လူထုစိန်ဝင်း
အခုအချိန်အထိ ကြားရသမျှ သတင်းတွေထဲမှာတော့ ဒီသတင်းဟာ မင်္ဂလာအရှိဆုံး
ဖြစ်တယ်။ ဒါကြောင့်မို့ ၀မ်းသာအားရ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။
ဒီလုပ်ရပ်ဟာ အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒအပေါ် တန်ဖိုးထားလေးစား၊
ပြည်သူကို မဆန့်ကျင်တဲ့ သဘောကိုလည်း ဆောင်တဲ့အတွက် အစိုးရရဲ့ အပေါ်မှာ
ပြည်သူလူထုရဲ့ သဘောထား အမြင်တွေ အများကြီးပြောင်းလဲ သွားနိုင်ပါတယ်။ နှစ်
၅၀ အစိုးရနဲ့ ပြည်သူအကြား အတားအဆီးဖြစ်နေတဲ့ နံရံတွေကို
ဖြိုလှဲချနိုင်လိမ့်မယ်လို့ယူဆပါတယ်။ ဒီဧရာဝတီကိစ္စကို အခုလို
မြန်မြန်ဆန်ဆန် အစိုးရက ဆုံးဖြတ်ချက်ချခဲ့တာဟာ ပြည်သူတစ်ရပ်လုံး
မကြုံဖူးတဲ့ စည်းလုံးညီညွတ်မှု ပြသနိုင်လိုက်တာ ဖြစ်တယ်လို့ ယူဆပါတယ်။
ဒီကိစ္စမှာ ပြည်သူတွေဟာ ဘယ်ပါတီ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်ရဲ့
စည်းရုံးမှုမပါဘဲ သူတို့ကိုယ်ပိုင် အသိဆန္ဒနဲ့ သူတို့ရဲ့ ဆန္ဒသဘောထားတွေကို
ဖော်ထုတ်ခဲ့ကြတာဟာ အားလုံးသော ပြည်သူတစ်ရပ်လုံးအတွက် တူညီသော အမျိုးသား
အကျိုးစီးပွားဖြစ်တယ်လို့ သိနားလည်တဲ့အတွက် အခုလိုစည်းရုံးမိကြတာ ဖြစ်တယ်။
ဒီလိုစည်းရုံးမှုမျိုးကို ဆက်လက်ကိုင်တွယ် ထိန်းသိမ်းသွားမယ်ဆိုရင် ဘယ်လို
အတားအဆီးမျိုးကိုမဆို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ အခုချိန်မှာ
ပြည်သူတစ်ရပ်လုံးက
ကမ္ဘာမကြေ မြန်မာပြေ တို့ဘိုးဘွား အမွေအနှစ်မို့
ချစ်မြတ်နိုးပေ စတဲ့ နိုင်ငံတော်သီချင်းကို တစ်နိုင်ငံလုံး
အုံးအုံးကြွက်ကြွက် ကြွေးကြော်သီဆိုပြီး ဧရာဝတီမြစ်ကြီးနဲ့ တစ်ကွ
အမိနိုင်ငံတော်ကြီးကို ကိုလိုနီလက်ဟောင်း လက်သစ်မှန်သမျှရဲ့ အန္တရာယ်က
တွန်းလှန်ကြပါလို့ နှိုးဆော်လိုက်ချင်ပါတယ်။
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပေးရန် CPI ကုမ္ပဏီနှင့် Asia World
ကုမ္ပဏီ တို့ကို တရားဝင် မေတ္တာရပ်ခံ ကန့်ကွက်ခဲ့သည့် Eleven Media Group ၏
CEO ဒေါက်တာ သန်းထွဋ်အောင်
လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်၊ သမ္မကြီး ဦးသိန်းစိန် အစိုးရအနေနဲ့
ပြည်သူလူထုဆန္ဒကို လိုက်လျှောပေးခဲ့ခြင်းဟာ အစိုးရတစ်ရပ်အနေနဲ့ နှစ်ပေါင်း
၅၀ ကာလအတွင်း အရဲရင့်ဆုံးခြေလှမ်းဖြစ်ပါတယ်။ ပြည်သူတွေရဲ့ဆန္ဒဆိုတာ
ပြည်သူတွေရဲ့စိတ်ခံစားမှုထက် ပိုမြင့်ပါတယ်။ မိမိတို့ရဲ့ဆန္ဒအမှန်ကို
ရဲရင့်တည်ကြည်စွာ ဖော်ထုတ်ခဲ့ကြသူတွေ အားလုံးနဲ့ ဒီဆုံးဖြတ်ချက်ကို
ရဲရင့်စွာ ဆုံးဖြတ်ခဲ့ကြသူ အားလုံးကိုလည်း EMG အနေနဲ့ အထူးပဲ
ကျေးဇူးတင်ရှိပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ နှစ်ပေါင်း ၆၀ ကျော် သွေးကွဲနေခဲ့ရတဲ့ ကျွန်တော်တို့
ပြည်ထောင်စုကြီးအတွက် ကောင်းမွန်တဲ့ ပထမဆုံး ခြေလှမ်းပဲဖြစ်ပါတယ်။
သမ္မတကြီးရဲ့ ဦးဆောင်မှုနဲ့ ကျွန်တော်တို့အားလုံး မြစ်ဆုံမှာ
ပြန်ဆုံတွေ့ကြနိုင်ဖို့ မျှော်လင့်ပါတယ်။
ဦးအုန်း(ဒုဥက္ကဌ ၊ FREDA)
ပါတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်နေတဲ့သူတစ်ဦး အနေနဲ့
၂၀၁၁ခုနှစ်ရဲ့ အကောင်းဆုံး သတင်းတစ်ခုလို့ သုံးသပ်ပါတယ်။ မြစ်ဆုံဆိုတာ
ကချင်ပြည်နယ်ရဲ့ ယဉ်ကျေးမှုတစ်ခုပါ၊အဓိကအားဖြင့် ကချင်ပြည်နယ်က ဒေသခံတွေက သူ
တို့ရဲ့ ယဉ်ကျေးမှုတွေကို ဖျက်ဆီးတာကို မကျေနပ်နိုင်သလို
မျိုးချစ်စိတ်ရှိတဲ့ ပြည်သူတွေအားလုံးကလည်း ဒီကိစ္စကို လက်ခံချင်ကြမှာ
မဟုတ်ပါဘူး။ ဒါပြည်သူအားလုံးရဲ့ ဆန္ဒပါ။ဒါ့ကြောင့် ကျွန်တော်တို့ အနေနဲ့လည်း
ရာဇ၀င်မှာ အမဲစက် မထင်အောင် ချင့်ချင့်ချိန်ချိန် လုပ်ကြဖို့
တတ်နိုင်သလောက် မေတ္တာရပ်ခံမှုတွေ ပြုလုပ်နေကြရတာ ဖြစ်ပါတယ်။ ဒီဆန္ဒကို
သမ္မတကြီးက လိုက်လျော ပေးတဲ့အတွက် လေးစားပါတယ်။ အရမ်းကိုကျေနပ်ပါတယ်။
ဆက်ပြီး အကြံပြုချင်တာ တစ်ခုက ကချင် ပြည်နယ်တစ်ခုလုံးက biodiversity
အလွန်ပေါ်တဲ့နေရာ ဖြစ်ပါတယ်။ သစ်ခွမျိုးစိတ်ပေါင်း ၈၀၀ကျော်
ရှိတယ်။ဆင်၊ကျား၊ကျားသစ်၊သက်ဝံ ကအစရှိတဲ့ နေရာတွေရှိတယ်။အင်
မတန်တန်ဖိုးရှိတဲ့ နေရာဖြစ်ပါတယ်။ ဒီနေရာမျိုးကို ecotourism အဖြစ်
ပြုလုပ်ပြီး ပိုက်ဆံရှာလို့ရပါတယ်'' ဟု FREDA မှ ဒုတိယဥက္ကဌ ဦးအုန်းက
ပြောကြားခဲ့သည်။
ဦးစိုးညွန့်(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံငှက် နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း)
"မြစ်ဆုံစီမံကိန်းရပ်တာ ၀မ်းသာစရာအကောင်းဆုံး သတင်းပါပဲ။
ဒီစီမံကိန်းရပ်ဖို့ အားလုံးပူးပေါင်း ဆောင်ရွက်ခဲ့ကြတယ်။ ပူးပေါင်းမှု
အားကြောင့်သာ ဒီလိုရလဒ်ရလာတာပါ။ မြစ်ဆုံကို ချစ်တဲ့သူ၊ ဧရာ
ဝတီကိုချစ်တဲ့သူ၊ မြန်မာနိုင်ငံကို ချစ်တဲ့သူအားလုံးက မဖြစ်သင့်တဲ့
စီမံကိန်းကို ၀ိုင်းဝန်းကာကွယ်ခဲ့ကြတယ်။ ဒီလိုအောင်မြင်မှု ရလာတာကတော့
အားလုံးအတွက် ၀မ်းသာစရာပေါ့။ ကြိုဆိုပါတယ်"
ဆရာအော်ပီကျယ်
“၀မ်းသာပါတယ် သမ္မတတစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုကို
လုပ်လိုက်တယ်လို့ ယူဆပါတယ်။ ဒီအစိုးရလက်ထက်မှာ ရပ်ဆိုင်းလိုက်တဲ့အတွက်
ဒီအစိုးရလက်ထက်တစ်ခုစာတော့ သေချာသွားတာပေါ့။ အဓိကကတော့ Eleven အပါအ၀င်
ဧရာဝတီကို အားလုံး ပြည်သူတစ်ရပ်လုံး ၀ိုင်းလုပ်တဲ့အောင်မြင်မှုပဲလို့
ယူဆပါတယ်။”
ဒေါက်တာတူးဂျာ(မြစ်ကြီးနားမြို့)
မြစ်ဆုံစီမံကိန်းကို ရပ်လိုက်တဲ့ သတင်းက အရမ်းကို ၀မ်းသာကြိုဆိုပါတယ်။
ဒါဟာသမ္မတကြီးရဲ့သဘောထားကြီးမှု၊ အမြော်မြင်ကြီးမှုကို မြင်ရပါတယ်။ နောက်ပြီး
ပြည်သူတွေရဲ့အသံကို အလေးထားတယ်ဆိုတာကိုလည်း ပြလိုက်တဲ့သဘောပါ။
ပြည်သူတွေရဲ့အသံကို အလေးထား၊ နားထောင်ပေးတဲ့ အတွက် ဒီမိုကရေစီနိုင်ငံကို
ဦးတည်နေပြီလို့လည်း မြင်ပါတယ်။ ဒါကိုကြိုဆိုပါတယ်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီး
ဒီမနက်ကြားရတဲ့ သတင်းကတော့ တကယ့် မင်္ဂလာသတင်းပါပဲ။ ပြည်သူတွေရဲ့ တကယ့်ဆန္ဒ
သဘောထားကို နားထောင်ပြီး ဆုံးဖြတ်လိုက်တဲ့ ကိစ္စပဲလေ။ ဒီကိစ္စကလွှတ်တော်မှာ
မဲခွဲပြီးဆုံးဖြတ်မယ်ဆိုရင်တောင် လွှတ်တော်အတွင်းမှာ ရှိနေတာက
အစိုးရတစ်ရပ်ရဲ့လူတွေပဲလေ။ အဲဒီထဲကလူတွေအနေနဲ့ ကိုယ့်ဆန္ဒကြောင့်ပဲဖြစ်စေ၊
အဂတိမကင်းတဲ့ ကိစ္စတစ်ခုခုကြောင့်ပဲဖြစ်စေ ထောက်ခံတယ်ဆိုတာမျိုး
ဖြစ်လာနိုင်သေးတယ်။ အဲဒီလိုဖြစ်လာခဲ့ရင်လည်း ပြည်သူရဲ့ တကယ့်
အသံစစ်စစ်ကတော့ မြစ်ဆုံစီမံကိန်းက မဖြစ်သင့်ဘူးဆိုတာ ဖော်ညွှန်းနေမှာပါပဲ။
မြန်မာနိုင်ငံသား အားလုံးအတွက် အရေးပါတဲ့ ဧရာဝတီရယ်၊ ကချင်လူမျိုးတွေအတွက်
အထွတ်အမြတ်ထားရာ မြစ်ဆုံလို ဒေသမှာ လုပ်မယ့်ကိစ္စက လုံးဝမဖြစ်သင့်တာလေ။
အဲဒါကို ပြည်သူ့ဆန္ဒတစ်ခု တည်းကြည့်ပြီး ရပ်ဖို့ ဆုံးဖြတ်လိုက်တာဟာ အင်မတန်
ဝမ်းသာစရာ ကောင်းတဲ့၊ ကြည်နူးစရာကောင်းတဲ့ သတင်းလို့ ခံစားမိပါတယ်။ ကြားရတာ
အင်မတန်မင်္ဂလာရှိတဲ့ သတင်းပါပဲ။
ဒေါက်တာ ဖုန်းဝင်း
“အစိုးရအဖွဲ့က ဒီလိုဆုံးဖြတ်လိုက်တာ ကောင်းပါတယ်။ ကျွန်တော်ကတော့
အချက်သုံးချက်နဲ့ ပြောချင်တယ်။ ပထမတစ်ချက်ကတော့
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု
ကိုချင့်ချိန်ပြီး လုပ်နိုင်မယ်ဆိုရင် နိုင်ငံဟာ ရေရှည်တည်တံ့ပြီး
sustainable development ဖြစ်တဲ့ နိုင်ငံဖြစ်လာမှာပဲ။ ဒီလို မူဝါဒမျိုးချ
မှတ်ရင် အစိုးရအတွက်၊ ပြည်သူအတွက်၊ တိုင်းရင်းသားတွေအတွက် ကောင်းတယ်။
ဒုတိယတစ်ချက်ကတော့ ဒီလိုရပ်ထားတာဟာ အရင်ကလုပ်ချင်တဲ့သူနဲ့ မလုပ်ချင်တဲ့
သူတွေကြားက ပဋိပက္ခတွေကို ပြီးသွားစေတယ်။ နည်းသွားစေတယ်။ နောက်ဆုံး
အချက်ကတော့ မြစ်ဆုံစီမံကိန်းဟာ မလုပ်သင့်တဲ့ကိစ္စမို့လို့ ပြန်စဉ်းစားပါလို့
အားလုံးက ကန့်ကွက်ခဲ့ ကြတယ်။ နိုင်ငံသား တာဝန်ကျေပွန်အောင်
ရပ်တည်ခဲ့ကြတယ်။ ရလာ တဲ့ရလဒ်ကလည်း ကောင်းတယ်။ ကျွန်တော့်အမြင်ကတော့ တခြား
ကိစ္စတွေမှာလည်း ဒီလိုသာ ဆက်လုပ်သွားနိုင်မယ်ဆိုရင် တစ်နေ့မှာ သွားချင်တဲ့
ရည်ရွယ်ချက်ဆီ ရောက်မယ်ဆိုတာပါပဲ”
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်နေသူတစ်ဦး
မြန်မာနိုင်ငံက ပြည်ထောင်စု တိုင်းရင်းသားတွေ အတွက် မင်္ဂလာသတင်းပါ။
မြစ်ဆုံကို ရပ်ပေးတဲ့အတွက် အတိုင်းမသိ ၀မ်းသာတယ်။ ဒေသခံတွေ
နောင်လာနောက်သားတွေ အတွက် ရတက်မအေးဘူး ဖြစ်နေရတာတွေ မဖြစ်တော့ဘူးပေါ့။
မြစ်ကြီး မကောတော့ဘူးပေါ့။ ဒါဟာ ဧရာဝတီကို အသက်ဆက်ပေးလိုက်ရုံတင်
မဟုတ်ပါဘူး။ တိုင်းရင်းသားအားလုံးကိုပါ အသက်ဆက်ပေးလိုက်တာပါ။
ကိုသီဟ၊ စီးပွားရေးလုပ်ငန်းရှင်၊ အသက် ၃၀ နှစ်၊ မြစ်ကြီးနားမြို့
မြစ်ဆုံစီမံကိန်း ရပ်တယ်ဆိုတဲ့သတင်းကို ကြားရတော့ ပြောမပြတတ်အောင်ပဲ
ဝမ်းသာပါတယ်။ မြစ်ကြီးနားမြို့က ဒေသခံအားလုံးအတွက် သာမကပဲ ကချင်ပြည်နယ်
တစ်ပြည်နယ်လုံးက တိုင်းရင်းသား တွေအားလုံးအတွက်ပါ ၀မ်းသာတာပါ။
မြစ်ဆုံစီမံကိန်း လုပ်နေတဲ့ကာလက စိုးရိမ်ပူပန်မှုတွေလည်း အခုတော့
ပျောက်သွားရတာပေါ့။ သတင်းကောင်းပါပဲ။ နောက်ဘယ်တာ့မှ
ထပ်မဆောက်ပါစေနဲ့လို့လည်း ဆုတောင်းပါတယ်။
ဒေါ်ငွေကြိုင်(အသက် ၆၀ နှစ်၊ ရှမ်း စုတောင်ရပ်ကွက်၊ မြစ်ကြီးနားမြို့)
“ရပ်လိုက်ပြီလား။ တကယ်ရပ် လိုက်ပြီလား။ ၀မ်းသာလိုက်တာကွယ်။ မြစ်ဆုံကို
လုပ်နေတုန်းက စိတ်ပူတာ မပြောပါနဲ့တော့။ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။
တစ်မြို့လုံးပဲ။ တစ်ပြည်လုံးပဲ။ ဒါက သဘာဝပျက်စီးမှာလေ။ အားလုံး
ဒုက္ခရောက်မှာ။ အခုလိုကြားရတာ ၀မ်းသာလိုက်တာ။”
ကိုမရစ်နော်ဆန်း(မြစ်ကြီးနားမြို့)
“ကျွန်တော့်အမြင် ပြောရရင်တော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာလည်း
ပါဝင်ဆောင်ရွက်နေတော့ သဘာဝအတွက်လည်း အလွန်အရေးကြီးတာ နားလည်ထားတယ်။ ကိုယ်က
သစ်ပင်တစ်ပင်တောင် မနည်း စိုက်နေရတဲ့အချိန်မှာ သူ့ဘာသာသူ သဘာဝအရ ဖြစ်ထားတဲ့
ရှုခင်းလှပတဲ့ နေရာတစ်ခုကို ဘာလို့ဖျက်ဆီးမလဲ။ ဒီဆည်ကြီးဆောက်လိုက်လို့
ရလာမယ့် အကျိုးထက် ဆုံးရှုံးရ မှာက ပိုနေပါတယ်။ နောက်ပြီး ကျွန်တော်တို့
ကချင်တိုင်းရင်းသားတွေ အတွက်လည်း ယဉ်ကျေးမှု အမွေတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကို
ရပ်လိုက်တာ လုံးဝ ထောက်ခံတယ်။ ကြိုဆိုတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး
တားကြပြုကြတဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးတင်တယ်။”
ဦးပေါဟိန်း(နာယက၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်း)
“အင်မတန်ဝမ်းသာပါတယ်။ ဆည်တည်ဆောက်မှုကြောင့် နှစ်ရှည်လများ ခံစားရမယ့်
အများပြည်သူနဲ့ ပြည်သူလူထုအားလုံးရဲ့ စိုးရိမ်စိတ်ကို အလေးထားပေးတဲ့အတွက်
ဝမ်းသာတယ်။ ဒီမိုကရေစီ ရဲ့ အနှစ်သာရဖြစ်တဲ့ အများဆန္ဒဆိုတာကို
ရှေ့တန်းတင်ထားတဲ့အတွက်လည်း ဒီမြစ်ဆုံကိစ္စဟာ နိုင်ငံရဲ့
ဒီမိုကရေစီလမ်းကြောင်းမှာ ပထမဆုံး မှတ်ကျောက်တင်ရမယ့် ကိစ္စလို့တောင်
မြင်မိတယ်။ မြစ်ဆုံဆည် ကိစ္စနဲ့ပတ်သက်ပြီးတော့ အချက်အလက်ခိုင်ခိုင်လုံလုံနဲ့
ထောက်ပြသွားကြတဲ့ ပညာရှင်တွေကိုလည်း လေးစားပါတယ်။ အထူးသဖြင့် EMG နဲ့
ဒေါက်တာသန်းထွဋ်အောင်ကို လည်း ကျေးဇူးတင်ပါတယ်။ အချုပ်အနေနဲ့တော့
ဒီမိုကရေစီအရသာ ကို စပြီး ခံစားလိုက်ရတာပါပဲ။”
ဦးကျော်သူ(အတွင်းရေးမှူး၊ ဒဂုံဆိပ်ကမ်း စက်မှုဇုန်)
“ကြားရတာ အရမ်းဝမ်းသာဖို့ ကောင်းပါတယ်။ တိုင်းရင်းသားတွေ ဒေသခံတွေလည်း
အရမ်းကို ပျော်ရွှင်သွားကြမှာပါ။ ပြည်သူတစ်ရပ်လုံးလည်း သူတို့ရဲ့ဆန္ဒ၊
စိုးရိမ်စိတ်တွေကို အလေးထားပေးတာ တွေ့ရလို့ ၀မ်းသာကြမှာပါ။ ပြည်သူက
ရွေးကောက်လို့ ပြည်သူဆန္ဒကို ပြန်အလေးထားတယ်ဆိုတဲ့ အချက်ကတော့ တော်တော်ကို
အားတက်စရာပါပဲ။ မြစ်ဆုံဆည်ကိစ္စအတွက် မလုပ်သင့်ဘူး၊ ပြန်လည်
စဉ်းစားပေးပါဆိုပြီး ရဲရဲဝံ့ဝံ့သတ္တိရှိရှိ ပြောခဲ့လုပ်ခဲ့ကြတဲ့ EMG
နဲ့အခြားမီဒီယာ အချို့နဲ့ ပညာရှင်တွေ အားလုံးကို လေးစားမိပါတယ်။
အစိုးရသစ်အနေနဲ့လည်း ပြည်သူအတွက် ပြည်သူ့ဆန္ဒ ကို အလေးထားကြောင်း
မြစ်ဆုံကိစ္စက မှတ်ကျောက်တစ်ခုအဖြစ် ထင်ကျန်တော့မှာပါ။ အရမ်းဝမ်းသာပါတယ်။”
ဦးရဲမင်းအောင်(အတွင်းရေးမှူး၊ မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်များ အသင်း)
“မင်္ဂလာရှိတဲ့ သတင်းပါပဲ။ ဒီလိုဖြစ်လာအောင် တိုက်တွန်းပေးတဲ့ EMG
အပါအ၀င် လေ့လာပြောကြားခဲ့တဲ့ ပညာရှင်တွေအားလုံးကိုလဲ လေးစားပါတယ်။
အထူးသဖြင့် အစိုးရရဲ့ အများပြည်သူ စိတ်ချမ်းသာမှု၊ ကျေနပ်မှုအပေါ် အလေးအနက်ထား
လုပ်ဆောင်ပေးတဲ့အချက်ကိုလည်း အားရကျေနပ်မိပါတယ်။ ဆက်ပြီးတော့လည်း
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုသာ လွှတ်
ပေးခဲ့မယ်ဆိုရင် အများပြည်သူအားလုံး ထပ်ပြီးပျော်ရွှင်ရဦးမှာပါ။ ဒီမိုကရေစီ
လမ်းစဉ်ဖြစ်တဲ့ အများပြည်သူဆန္ဒကို ဦးထိပ်ထား လုပ်ဆောင်ပေးတယ်။
အိမ်နီးချင်းနိုင်ငံနဲ့လည်း ရေရှည်ဆက်ဆံနိုင်အောင် သိမ်မွေ့စွာ
ဖြေရှင်းသွားဦးမယ် ဆိုတာကိုလည်း ထည့်ပြောသွားတဲ့အတွက် အစိုးရနဲ့
ပြည်သူကြားမှာ သားရွှေအိုးထမ်းတဲ့ ကိန်းပါပဲ။ မြစ်ဆုံဆည်ဆောက်မှ
သားရွှေအိုးထမ်းတဲ့ကိန်း မဟုတ်ပဲ အခုမှ တကယ့် ရွှေအိုးထမ်းတဲ့ကိန်းပါပဲ။”
ဦးအောင်လှထွန်း (Reuters)
ကျွန်တော့်အတွက် ဒီအစိုးရ လက်ထက်မှာ ဒီထက်ဝမ်းသာစရာ ကောင်းတဲ့သတင်း
မကြားဖူးသေးဘူး။ ဒါဟာ ၀မ်းသာစရာ အကောင်းဆုံးပါ။ ဒုတိယက ဒေါ်အောင်ဆန်းစုကြည်
နဲ့ သမ္မတကြီး တွေ့တဲ့သတင်းပဲ။
ကိုလေး (အင်းဝဂုဏ်ရည်) မန္တလေးမြို့
''ကြားသိရရခြင်း သမ္မတကြီးနဲ့တစ်ကွ တရုတ်ပြည်သူနဲ့ တရုတ်အစိုးရကိုပါ
ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် တရုတ်အပေါ်ကို ဘယ်လောက် စိတ်ဆိုးလဲဆိုရင်
ဗိုလ်ချုပ်အောင်ဆန်း ဖွဲ့စည်းခဲ့တဲ့ AFO(ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့) ဆိုပြီး
ဖွဲ့စည်းခဲ့သလို မြစ်ဆုံကိစ္စနဲ့ပတ်သက်ပြီး ACO(တရုတ်ဆန့်ကျင်ရေးအဖွဲ့
ဖွဲ့ဖို့တောင် စဉ်းစားမိတယ်။ တရုတ်နဲ့မြန်မာဆိုတာ ဆွေမျိုးပေါက်ဖော်
တော်စပ်တယ်ဆိုတာ လက်ခံသိရှိပြီး ရေရှည် တည်တံ့နိုင်ပါစေ။
အိမ်နီးနားချင်းကောင်း ရေရှည်ဖြစ်နိုင်ပါစေ''
မန္တလေးမြို့မှ ရုပ်သေးပညာရှင် ဆရာဒေါ်မမနိုင်
‘''ဧရာဝတီက မြန်မာနိုင်ငံရဲ့ အမှန်တကယ်လိုအပ်တဲ့ မိခင်မြစ်ကြီးပါ။
ဆရာမအနေနဲ့အနုပညာအလုပ်ကို အဓိလုပ်နေရပေမယ့် ဧရာဝတီအတွက် လုပ်ဆောင်နေသူတွေ၊
ကြားနေရတဲ့သတင်းတွေကြောင့် ကိုယ်ကိုတိုင်မပါဝင်နိုင်ပေမယ့်
ဧရာဝတီမြစ်ကြီးအတွက် အမြဲတမ်းဆုတောင်းနေပါတယ်။
မြန်မာနိုင်ငံသားဖြစ်တဲ့အတွက် ဧရာဝတီကို ချစ်တဲ့စိတ်က
တော့လူတိုင်းရင်မှာရှိမှာပါ။ အခုလို လုပ်ငန်းစဉ်ရပ်နားထား မယ်ဆိုတဲ့အတွက်
ဆရာမနေနဲ့ ၀မ်းသာပါတယ်။ တစ်ဦးနဲ့တစ်ဦးကြား တင်းမာမှုကြီးကြီးမားမား
မဖြစ်ခင်ရပ်လိုက်တဲ့ အတွက်လည်းဝမ်းသာပါတယ်''
စိမ်းရောင်စို Activities အဖွဲ့ဝင် ဆရာမင်းထက်ငြိမ်းချမ်း
''အခုလိုလွှတ်တော် ၅ နှစ်အတွင်း ရပ်ထားမယ်လို့ သိရပါတယ်။
အဲ့ဒီအတွက်ကြိုဆိုပါတယ်။ ဒါပေမယ့် ရေရှည်ထိပါ ရပ်တန့်သင့်ပါတယ်။
ပြည်သူ့ဆန္ဒကို အလေးထားပြီး မြစ်ဆုံစီမံကိန်းကို ဒီလွှတ်တော် ၅ နှစ်အတွင်း
မဟုတ်ဘဲ နောင်အချိန်ထိ အပြီးအပြတ် ဆုံးဖြတ် လုပ်ကိုင်သွားနိုင်ဖို့
မျော်လင့်ပါတယ်။ အခုမြစ်ဆုံစီမံကိန်း တစ်ခုတွင်မဟုတ်ဘဲ
ဧရာဝတီမြစ်ကြောင်းတစ်လျောက်လုံးရဲ့ ပျက်စီးမှုတွေ
ပြုပြင်ထိန်းသိမ်းမှုတွေအတွက် နောက်မျိုးဆက်တွေ ထိတိုင်အောင်
ဧရာဝတီနဲ့ပတ်သက်ပြီး ပညာပေး စုပေါင်းထိန်းသိမ်းဖို့ လိုအပ်ပါတယ်''
မန္တလေးတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးသိန်းဇော်
''ဒီဧရာဝတီမြစ်ဆုံစီမံကိန်းကြီး ရပ်သွားတာကို ကြိုဆိုပါတယ်။ ငွေကြေးနဲ့
တန်ဖိုးဖြတ်လို့မရတဲ့ အမွေအနှစ်တွေ၊ သဘာဝအလှတရားတွေကို သဘာဝအတိုင်းရှိနေတာ
အကောင်းဆုံးပါပဲ။ ကိုယ့်လှေကိုယ်ထိုးခဲ့တာတွေ၊
ကိုယ့်မြင်းကိုယ်စိုင်းခဲ့တာတွေကို အတိတ်မှာပဲ ထားခဲ့စေချင်ပါတယ်။
ပြည်သူတွေရဲ့အသံတွေ ပညာရှင်တွေရဲ့အသံတွေကို အမြဲနားထောင်နိုင်ပါစေ''
မောင်သစ်လွင်(လူထု) သတင်းစာဆရာကြီး
''၀မ်းသာပါတယ်။
အစိုးရအနေနဲ့ ပြည်သူလူထုရဲ့သဘောထားကို အသိအမှတ်ပြုပြီး ဒီစီမံကိန်းကို
ရပ်ပေးတဲ့အတွက် ကျေနပ်ပါတယ်။ ဧရာဝတီ ကိုအရင်ကတည်းက ချစ်ခဲ့တဲ့လူတွေဖြစ်လို့
နောင်လာမယ့် အစိုးရတွေမှာလည်း ဒီစီမံကိန်းဆက်အကောင်အထည်မဖော်ဖြစ်အောင်
လှုံ့ဆော်စည်းရုံးသွား ကြရပါဦးမယ်။ ဒါမှသာ ဧရာဝတီက အဓွန့်ရှည်
တည်တံ့နေမှာဖြစ်ပါတယ်'' |
မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင်
ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ
ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က စက်တင်ဘာလ ၃၀ ရက်နေ့တွင် လွှတ်တော်သို့ အချက် (၁၀)ချက်ပါသည့် သ၀ဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။
အဆိုပါအချက်
၁၀ ချက်ထဲတွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင်
ရပ်ဆိုင်းထားမည်ဆိုသည့်အချက် ပါဝင်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦသိန်းစိန်မှ
မြစ်ဆုံဆည် တည်ဆောက်ခြင်း ရပ်ဆိုင်းရသည့်အပေါ် မိမိတို့အစိုးရသည် ပြည်သူဆီမှ
ဆင်းသက်လာသည့် အခွင့်အာဏာအရ တာဝန်ယူလုပ်ဆောင်ကြခြင်းဖြစ်၍ အများပြည်သူ
ဆန္ဒအရ မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင်
ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပေးပို့ထားခြင်းဖြစ်သည်။
“မိမိတို့အစိုးရသည် ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသည့်
အစိုးရဖြစ်သည်နှင့်အညီ ပြည်သူများ၏ဆန္ဒကို အလေးထားရပါသည်။ ပြည်သူများ၏
စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။
သို့ပါ၍ မိမိတို့ အစိုးရလက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို
မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည် ဖြစ်ပါသည်။ နိုင်ငံတော်အတွက် လိုအပ်နေသည့်
လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အန္တရာယ်မရှိနိုင်သည့် အခြားသော ရေအားလျှပ်စစ်
စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အိမ်နီးချင်း မိတ်ဆွေနိုင်ငံ ဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့်
ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်းများကို
မိတ်ဝတ်မပျက်စေဘဲ သဘောတူညှိုနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော်သို့
အသိပေးအကြောင်းကြား အပ်ပါသည် “ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ
လွှတ်တော်သို့ ပေးပို့သော သ၀ဏ်လွှာတွင် ဖေါ်ပြပါရှိပါသည်။
ပြည်ထောင်စုသမ္မတနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး စာအမှတ်
၁၅၁(၂)/၈/၃ဖြင့် လွှတ်တော်သို့ ပေးပို့ခဲ့သည့် (၂၉-၉-၂၀၁၁)နေ့စွဲပါ
နိုင်ငံတော်သမ္မတ၏ အချက် (၁၀) ချက်ပါ
သ၀ဏ်လွှာအပြည့်အစုံမှာအောက်ပါအတိ
ုင်းဖြစ်သည်။
၁။ ပထမအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ပြည်သူတို့၏
အကျိုးငှာ အားသွန်ခွန်စိုက် ကျင်းပပြုလုပ်နေသည့် ဥက္ကဋ္ဌကြီးနှင့်တကွ
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာကြပါစေရန် ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
၂။ တစ်ချိန်တည်း၌ပင် မိမိတို့ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့်
ပြည်နယ်အစိုးရ အဖွဲ့များအနေနှင့်လည်း ကောင်းမွန်သော အုပ်ချုပ်ရေး၊
သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်ရေး၊ ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားရေး၊
တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေး နှင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ဟန်ချက်ညီစွာ
ဆောင်ရွက်လျက်ရှိပါသည်။
၃။ တိုင်းရင်းသားပြည်သူအပေါင်းတို့
၏ တူညီသော မျော်မှန်းချက်သည်
နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးရေး
တို့
ဖြစ်ပါသည်။ ပြည်ထောင်စုအစိုးရသည် တိုင်းရင်းသားပြည်သူတို့၏ ဆန္ဒနှင့်အညီ
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး
အတွက် ဥပဒေပြင်ပသို့ ရောက်ရှိနေသည့်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား ထာဝရငြိမ်းချမ်းရေးရရှိရန်
ဆက်သွယ်ကမ်းလှမ်း ဖိတ်ခေါ်ဆောင်ရွက်ခဲ့ရာ ယခုအခါ အထူးဒေသ(၂) ''၀''
အဖွဲ့နှင့် အထူးဒေသ(၄) အဖွဲ့တို့သည် ပြည်နယ်အဆင့်
သဘောတူညီချက်များရရှိခဲ့ပြီး ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများပင်
စတင်ဆောင်ရွက်လျက် ရှိနေပြီဖြစ်ပါသည်။ အချို့အဖွဲ့များသည်လည်း
ပြည်နယ်အစိုးရများထံ ငြိမ်းချမ်းရေးရယူရန် ဆက်သွယ်ဆောင်ရွက်မှုများ
ရှိနေပါသည်။
၎။ တစ်ချိန်တည်း၌ပင် အကြောင်းအမျိုးမျိုးကြောင့်
ပြည်ပသို့ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားတိုင်းရင်းသား
များအားလည်း
ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသသို့ပြန်လာလိုပါက ပြန်လာနိုင်ရန် စိစစ်လက်ခံခဲ့ရာ
တစ်ချို့ပြန်လာနေကြပြီဖြစ်ပါသည်
။ အကျဉ်းသားများလွှတ်ပေးရေးကိစ္စမျာ
းကိုလည်း
ဖွဲ့စည်းပုံအခြေခံဥပဒေပါ အပ်နှင်းထားသည့် အခွင့်အာဏာအတွင်းမှ
ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ အမျိုးသားအကျိုးစီးပွားအတွက် ထိုသို့
အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေချိန်တွင် ပါတီအချို့နှင့်
အင်အားစုအချို့တို့သည် အစိုးရအခက်အခဲ အကြပ်အတည်းတွေ့အောင်၊
တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်ကြံရွယ်၍ လှုပ်ရှားလုပ်ဆောင်မှုများ
ပြုလုပ်နေကြသည်ကို စိတ်မချမ်းမြေ့ဖွယ် တွေ့ရှိနေရပါသည်။
၅။ တိုင်းပြည်ခေတ်မီဖွံ့ဖြိုးရေး
အတွက် စိုက်ပျိုးရေးကို
အရှိန်အဟုန်မပျက်တိုးတက်အောင် ဆောင်ရွက်ရင်း၊ စက်မှုနိုင်ငံထူထောင်နိုင်ရန်
ရည်ရွယ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်
။ ထိုသို့
ကြိုးပမ်းဆောင်ရွက်ရာတွင် စက်မှုနိုင်ငံထူထောင်နိုင်ရန် လျပ်စစ်စွမ်းအင်
လိုအပ်ချက်သည် အဓိကကျပါသည်။ လျပ်စစ်စွမ်းအင်ရရှိနိုင်သည့် နည်းလမ်းများအနက်
အနျူမြူစွမ်းအင်ထုတ်လုပ်သုံးစွဲ
ရေးမှာ ကမ္ဘာ့ဖြစ်စဉ်များအရ
အန္တရာယ်ကြီးမားလှသည့်အပြင် ငွေကြေးမပြည့်စုံမှု၊ နိုင်ငံရေးအရ အများသူငါ
လက်မခံမှုတို့ကြောင့် မိမိတို့နိုင်ငံအတွက် မဖြစ်နိုင်သော ကိစ္စဖြစ်ပါသည်။
ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ကျောက်မီးသွေးသယံဇာတမှာလည်း
တစ်နိုင်ငံလုံးအတွက် လုံလောက်မှုမရှိသည်ကို ကိုယ်စားလှယ်တော်ကြီးများ
အသိပင်ဖြစ်ပါသည်။
၆။ မြန်မာ့ပင်လယ်ပြင်မှ သဘာဝဓာတ်ငွေ့ထွက်ရှိသော်လည်း
ပြည်ပအရင်းအနှီးများဖြင့် ထုတ်လုပ်သည့်ကိစ္စဖြစ်၍
မိမိတို့လိုအပ်သလောက်မရနိုင်ဘဲ အချို့အ၀က်သာ ခွဲဝေရရှိပါသည်။
ပြည်ပချေးငွေဖြင့် အရင်းအနှီးအချို့ထည့်ဝင်ထားခဲ့
ရာ အနာဂတ်တွင်
အကျိုးခံစားရမည်ဖြစ်သော်လည်း လောလောဆယ်တွင်မူ ချေးငွေအပေါ် အတိုးများအရစ်ကျ
ပေးဆပ်နေရသည့် အခြေအနေဖြစ်ပါသည်။ ကုန်းတွင်း၌ သဘာဝဓာတ်ငွေ့
ရှာဖွေထုတ်လုပ်နေသော်လည်း ပြည်တွင်းသုံးစွဲရန်အတွက်ပင်
လုံလောက်မှုမရှိသေးပါ။
၇။ မြန်မာနိုင်ငံတွင် ပြည့်ဖြိုးမြဲဖြစ်သော
ရေအားလျှပ်စစ်ထုတ်ယူနိုင်သည့် သဘာဝကပေးထားသော မြစ်ချောင်းများရှိနေသဖြင့်
အဆိုပါမြစ် ချောင်းများမှ ပြည်တွင်း၊ ပြည်ပအရင်းအနှီးများရယူ၍
လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရေးအတွက် တပ်မတော်အစိုးရလက်ထက်တွင်
ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခင်က ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ(
၂)ရုံ၊
သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ(၇)ရုံသာရှိခဲ့
ပြီး စုစုပေါင်းစက်တပ်
ဆင်အား (၅၂၉)မဂ္ဂါဝပ်ရှိခဲ့ရာမှ နောက်ထပ်လျှပ်စစ်ဓာတ်အားပေးစက်ရ
ုံ (၂၃)ရုံ၊
စက်တပ်ဆင်အား (၂၈၃၁)မဂ္ဂါဝပ် တိုးတက်ဆောင်ရွက်ခဲ့ပါသည်။
၈။ နှစ် (၃၀) လျှပ်စစ်မဟာဗျူဟာစီမံကိန်းအရ
နောက်ထပ်ရေအားလျှပ်စစ်စီမံကိန်း
(၆၄)ခုနှင့် ကျောက်မီးသွေး
ဓာတ်အားပေးစက်ရုံ(၃)ခုအပါ အ၀င် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် စက်တပ်ဆင်အား
မဂ္ဂါဝပ်(၄)သောင်းကျော် ထုတ်လုပ်နိုင်သည့် အလားအလာများရှိပါသည်။
အဆိုပါစီမံကိန်းများတွင် ကချင်ပြည်နယ်ရှိ မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်းနှင့်
ဧရာဝတီမြစ်ဆုံစီမံကိန်း(၈)ခုအပါ
အ၀င်ဖြစ်ပါသည်။
၉။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ငွေကြေးအရင်းအနှီးဖြင့်
ဧရာဝတီမြစ်ဆုံရေအားလျှပ်စီမံကိ
န်းကို ပထမအဆင့် ဆောင်ရွက်ရန်စတင်ခဲ့ရာ
ယခုအခါတွင် အဆိုပါမြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း
အောက်ပါစိုးရိမ်ပူပန်မှုများ ရှိလာခဲ့ပါသည် -
(က) ကချင်ပြည်နယ်သာမက မြန်မာနိုင်ငံအတွက်ပါ သဘာဝကပေးထားသည့် (Land Mark) ဖြစ်သည့် မြစ်ဆုံ သဘာဝအလှ ပျောက်ကွယ်သွားနိုင်ခြင်း။
(ခ) မြစ်ညာပိုင်းရှိ တိုင်းရင်းသား ကျေးရွာများ ရေမြုပ်၍ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးပျက်စီးနိုင်ခြင်း။
(ဂ) ပုဂ္ဂလိကများမှ ငွေကြေးအရင်းအနှီးများစွာ စိုက်ထုတ်၍
စီးပွားဖြစ်စိုက်ထုတ်ထားသည့် ရော်ဘာစိုက်ခင်းများနှင့် ကျွန်းစိုက်ခင်းများ
ပျက်စီးသွားနိုင်ခြင်း။
(ဃ) ရာသီဥတုဖောက်ပြန်မှုကြောင့် မြောက်ဖျားရှိ
ရေခဲတောင်များအရည်ပျော်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊
အင်အားပြင်းထန်သည့် ငလျင်လှုပ်ခြင်းတို့ ဖြစ်ပေါ်လာပါက မြစ်ဆုံဆည်ပျက်စီးပြီး
ဆည်အောက်ပိုင်းရှိ မြို့ရွာများနှင့် ပြည်သူများ
သေကြေပျက်စီးမှုရှိနိုင်ခြင်း။
(င) ဧရာဝတီမြစ်ကြီး ထိခိုက်ပျက်စီးနိုင်ခြင်း စသည်ဖြင့် ပြည်သူအချို့မှ စိုးရိမ်ပူပန်မှု ရှိနေကြသည်ကို မိမိတို့ သိရှိနေရပါသည်။
၁၀။ မိမိတို့အစိုးရသည် ပြည်သူမှရွေးချယ်တင်မြှောက်ထား
သည့်
အစိုးရဖြစ်၍ ပြည်သူများ၏ ဆန္ဒကို အလေးထားရပါမည်။ ပြည်သူများ၏
စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။
သို့ပါ၍ မိမိတို့အစိုးရလက်ထက်တွင် မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ
ရပ်ဆိုင်းထားမည်ဖြစ်ပါသည်။ နိုင်ငံတော်အတွက်လိုအပ်နေသည့်
လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အန္တရာယ်မရှိနိုင်သည့် အခြားသော
ရေအားလျပ်စစ်စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည်
ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်သည့် တရုတ်
ပြည်သူ့သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့်သက်ဆိုင်ေ
သာ
စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူလက်ခံအောင်
ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်
ပါကြောင်း ဤလွှတ်တော်သို့ အသိပေး အပ်ပါသည်။
မီးပြတိုက်
0 comments:
Post a Comment