Tuesday, October 25, 2011

26.10.2011 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Wednesday, October 26, 2011 at 5:42am
 
 

ဟောလိဝုဒ်မင်းသမီး အယ်မာတော်မ်ဆင်ဟောလိဝုဒ်မင်းသမီး မြန်မာနိုင်ငံခရီး
ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး အယ်မာတော်မ်ဆင် ဟာ Action Aid အင်ဂျီအို အဖွဲ့ နဲ့ မြန်မာနိုင်ငံ သွားတဲ့ အခါမှာ သူစကား ပြောခဲ့သူ တွေက မြန်မာ နိုင်ငံ မှာ ပြုပြင်ပြောင်းလဲမှု တွေ ရှိနေပြီ လို့ ပြောကြောင်း ဘီဘီစီကို ပြောပါတယ်။
သူစကား ပြောခဲ့တဲ့သူတွေ ထဲမှာ အစိုးရ အရာရှိ တွေနဲ့ရော ဒေါ်အောင်ဆန်းစုကြည် အပြင်၊ အရပ်သား အဖွဲ့အစည်းတွေ၊ နိုင်ငံရေး အကျဉ်းသား ဟောင်းတွေ ပါဝင် ပုံ ကိုလည်း အယ်မာ က ပြောပြပါတယ်။
သမ္မတ ဦးသိန်းစိန် ဟာ ပြုပြင်ပြောင်းလဲမှု ကို လိုလားသူ တယောက် ဖြစ်လို့ Action Aid အဖွဲ့ အနေနဲ့လည်း ကူညီမှုတွေ ပြုလိုပုံ၊ အဲဒီလို မကူညီကြရင် အာဏာရှင် လက်အောက်က လွတ်မြောက်လာ ကြတဲ့ တခြားနိုင်ငံတွေ မှာလို ပရမ်းပတာ ဖြစ်သွားနိုင်တယ် လို့ အယ်မာ က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တော့ နိုင်ငံရေး အရ လှုပ်သာ ရှားသာတဲ့ နေရာ တနေရာ ရှိနေပြီ လို့ ယူဆရပါတယ်။ သူ့စကား အရ ပြောရရင် အဲဒီ နေရာကို မှန်မှန် ကန်ကန် နဲ့ လိုအပ်တဲ့ အချိန်မှာ ဝင်ယူနိုင်မယ် ဆိုရင်တော့ ပိုပြီး ချဲ့ထွင်သွားနိုင် မယ်လို့ ဆိုပါတယ်။
အဲဒီနေရာကပဲ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ အဖြေတခု ရဖို့လိုသလို တိုင်းရင်းသား အရေး မပြေလည်ရင် ဒီမိုကရေစီလည်း အခြေတည်လို့ မရနိုင်တဲ့ အကြောင်းနဲ့ မှားယွင်းတဲ့ သြဇာ သက်ရောက်မှု တွေ လည်း ဒေါ်အောင်ဆန်းစုကြည်က မလိုလား တဲ့ အတွက် သတိ နဲ့ ယှဉ်တဲ့ အပြုသဘော ဆောင်တာ ကို မြင်ခဲ့တဲ့ အကြောင်း အယ်မာတော်မ်ဆင် က ဘီဘီစီ ကိုပြောပါတယ်။

Ennahda ပါတီ ခေါင်းဆောင်တူနီးရှား ရွေးကောက်ပွဲ လွတ်လပ်ပြီးမျှတ တယ်လို့ သုံးသပ်
တူနီးရှားနိုင်ငံက ပထမဆုံး ဒီမိုကရေစီ ရွေးကောက်ပွဲမှာ အလယ်အလတ် ကျတဲ့ အစ္စလာမ် ဝါဒ လမ်းစဉ်လိုက်တဲ့ Ennahda ပါတီက အနိုင်ရသွားပြီး ပါတီစုံ ဒီမိုကရေစီကို အတူတကွ ထူထောင်ဖို့ ကတိကဝပ် ပြုခဲ့ပါတယ်။
ကနဦး ရလဒ်တွေ အရ အန်နာ့ဒါက မဲအများဆုံး အနိုင်ရခဲ့ပြီး ဖွဲ့စည်းပုံ အသစ် ရေးဆွဲမှာ ဖြစ်သလို ယာယီ သမ္မတကိုလည်း တင်မြှောက်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီ ကနဦး ရလဒ်တွေအရ မဲ အပြတ်အသတ် အနိုင်ရပေမယ့် သတ်မှတ်ထားတဲ့ အမတ်နေရာ အများစုကိုတော့ ရနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
သူ့ရဲ့ အဓိက ပြိုင်ဖက် ဖြစ်တဲ့ အလယ် လက်ကျာယိမ်း ဝါဒီ ပီဒီပီ ပါတီကတော့ ရှုံးနိမ့်ကြောင်း ဝန်ခံခဲ့ပါတယ်။
တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ တူနီးရှား ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရား မျှတမှု ရှိတယ်လို့ နိုင်ငံတကာက လာရောက် လေ့လာသူတွေက ချီးကျူးခဲ့ကြပါတယ်။

ဆီးရီးယား လုံခြုံရေးတပ်တွေ ဆေးရုံမှာ စောင့်ဖမ်း
ဆီးရီးယား နိုင်ငံမှာ အစိုးရက သူတို့ကို ဆန့်ကျင်ရေး ဆန္ဒပြမှုတွေက ဆက်လက် ချေမှုန်းဖို့ ကြိုးစားနေရာမှာ ဆေးရုံတွေကို နှိမ်နင်းမှု ယန္တရား သဖွယ် အသုံးချနေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး Amnesty International အဖွဲ့ကြီး က ပြောပါတယ်။
လုံခြုံရေး တပ်ဖွဲ့တွေက ဆေးရုံမှာ စောင့်ပြီး ဖမ်းနေတယ် ဆိုတဲ့ သတင်းတွေ ထွက်နေတာ ကြောင့် ဆန္ဒပြပွဲတွေမှာ ဒဏ်ရာ ရသွားသူ အများအပြားဟာ ဆေးရုံကို သွားရောက် ဆေးကု ရမှာကို ကြောက်ရွံ့နေကြတယ်လို့ ဆိုပါတယ်။
မျက်မြင် သက်သေတွေရဲ့ ပြောပြချက်အရ ဆန္ဒပြပွဲက ဒဏ်ရာရသူတွေကို အစိုးရ ဆေးရုံ တွေကနေ ခေါ်ဆောင်သွားတာ ခံခဲ့ရသလို သူတို့ကို ဆေးကုပေးတဲ့ ဆရာဝန် ၊ သူနာပြု တွေကိုလည်း ဖမ်းဆီး နှိပ်စက်ခဲ့တယ်လို့ သိရကြောင်း Amnesty က ပြောပါတယ်။
ဆန္ဒပြပွဲက ဒဏ်ရာရသူတွေဟာ ယာယီ ရွက်ဖျင်တဲက အဖြစ်လုပ်ထားတဲ့ ဆေးခန်းမှာ ကုသမှု ခံယူနေရပြီး အဲဒီမှာ အသည်းအသန် ဒဏ်ရာရသူတွေ အတွက် သွေးနဲ့ ဆေးပစ္စည်းတွေ အလုံအလောက် မရှိဘူးလို့ ဆရာဝန်တွေက Amnesty အဖွဲ့ကို ပြန်ပြောပြခဲ့ ပါတယ်။

EU အဖွဲ့ဝင် ဆက်ဖြစ်ရေး ဗြိတိန် ပါလီမန် ဆွေးနွေး
အသက် အငယ်ဆုံး ဗြိတိန် ဝန်ကြီးချုပ် David Cameron
ဥရောပ သမဂ္ဂမှာ ဗြိတိန်က အဖွဲ့ဝင် ဆက်လက် ပါဝင်နေရေးနဲ့ ပတ်သက်လို့ လူထု ဆန္ဒခံ ယူဖို့ သင့် မသင့် ဆိုတာကို ဗြိတိသျှ ပါလီမန်မှာ အပြင်းအထန် အခြေအတင် ဆွေးနွေးခဲ့ကြတဲ့ အတွက် ဝန်ကြီးချုပ် ရာထူး ဒေးဗစ် ကင်မရွန် အဖို့ အကြီးမားဆုံး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အဲဒီလို ခက်ခက်ခဲခဲ ဆွေးနွေးခဲ့ရပေမယ့် အစိုးရဖက်က မဲအများစုနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။
အခုလို ဥရောပ သမဂ္ဂမှာ စီးပွားရေး ပြဿနာ ရင်ဆိုင်နေရချိန်မှာ အခုလို မဲခွဲတာဟာ မှားယွင်းမှု တခုဘဲလို့ ပြောခဲ့တာကြောင့် မစ္စတာ ကင်မရွန်တယောက် ပါလီမန်ထဲမှာ အကြီးအကျယ် မေးမြန်း ပြောဆို ဝေဖန် ခံခဲ့ရပါတယ်။

ဆော်ဒီ သံအမတ်ကို လုပ်ကြံသူ အပြစ်မရှိကြောင်း လျှောက်ထား
အပြစ်မရှိဘူးလို့ Mansoor Arbabsiar လျှောက်ထား
New York မြို့မှာ အမေရိကန် ပြည်ထောင်စု ဆိုင်ရာ ဆော်ဒီ သံအမတ်ကို လုပ်ကြံ သတ်ဖြတ်ဖို့ ကြံစည်ခဲ့သူ Mansoor Arbabsiar က သူ့မှာ အပြစ်မရှိဘူးလို့ တရားရုံးမှာ လျှောက်လဲခဲ့ ပါတယ်။
အသက် ၅၆နှစ်ရှိပြီ ဖြစ်တဲ့ အမေရိကန် နိုင်ငံသား ခံယူထားပြီး အီရန် ပတ်စပို့ ကိုင်ဆောင် ထားသူ မစ္စတာ အာဘတ်ဘ်ဆီးရားဟာ ဝါရှင်တန်မြို့က စားသောက်ဆိုင် တခုမှာ ဆော်ဒီ သံအမတ်ကို သတ်ဖြတ်ဖို့ ကြိုးစားမှုနဲ့ တရားစီရင် ခံနေရတာ ဖြစ်ပါတယ်။
ဒီကြံစည်မှုမှာ အီရန် အစိုးရ ထိပ်တန်း အရာရှိတွေ ပါဝင်ခဲ့တယ်လို့ အမေရိကန် အစိုးရက ပြောပြီး ဒီစွပ်စွဲချက်ကို အီရန်ဖက်က အပြင်းအထန် ငြင်းဆိုထားပါတယ်။

ဒွန်မောင်း လေဆိပ် ပိတ်ရပြီ
ဘန်ကောက် ရေကြီး တာ ပိုများလာ
ထိုင်းနိုင်ငံ ဘန်ကောက် မှာ ရေကြီးတဲ့ ဧရိယာ ပိုများ လာနေပြီး ဘန်ကောက် က ဒုတိယ အကြီးဆုံး ဖြစ်တဲ့ ဒွန်မောင်း လေဆိပ် မှာ လေကြောင်း ခရီးစဉ် တွေ အားလုံး ရွှေ့ဆိုင်း လိုက်ရ ပါတယ်။
ဘန်ကောက် မြို့ မြောက်ဘက်ပိုင်းမှာ ရှိတဲ့ အဲဒီ ဒွန်မောင်း လေဆိပ် ကို ကာရံ ထားတဲ့ အဆီး အတား တွေ ကို ရေ က ကျော်လာ နေတဲ့ အတွက် အခုလို လုပ်လိုက်ရ တာပါ။
ဒီလေဆိပ် ကို ပြည်တွင်း လေကြောင်း ခရီးစဉ် တွေ နဲ့ ကုန်တင် လေယာဉ် တွေ အတွက် အသုံးပြုနေတာ ဖြစ်ပြီး အခု ရေဘေး ထိခိုက်တဲ့ နေရာ တွေ ကို အကူအညီ ရိက္ခာ သယ်ယူ တဲ့ လေယာဉ် တွေ လည်း အသုံးပြု နေတာပါ။
ရေ တွေ က ဘန်ကောက် ကို အရပ် မျက်နှာ ၃ မျက်နှာ ဘက် က နေ ဝင်လာ နေတာ လို့ လည်း သိရ ပါတယ်။
ဘန်ကောက်မှာ ရပ်ကွက်ပေါင်း ၅၀ ရှိတဲ့ အနက် ရပ်ကွက် ၅ ခု ရေကြီး နေကြောင်း သိရပါတယ်။
ထိုင်းမှာ ဆယ်စုနှစ် များစွာ အတွင်း အဆိုးဆုံး ရေကြီးမှု နဲ့ ကြုံနေရပြီး လာမယ့် ကြာသပတေးနေ့က စလို့ ၅ ရက် ရုံးပိတ် မယ် လို့ အစိုးရ က ကြေညာ ထားပါတယ်။

ငလျင် ဒဏ်ခံ ရက်သား ကလေး တူရကီ မှာ ကယ်ဆယ်နိုင်
ငလျင် ဒဏ် ခံ ပြီး ၂ ရက် အကြာမှာ ကယ်ဆယ်နိုင် တဲ့ ၁၄ ရက်သား လေး
တူရကီ နိုင်ငံ အရှေ့ပိုင်း မှာ ငလျင်ဒဏ် ခံခဲ့ရတဲ့ အဆောက်အဦ အပျက်အဆီး ပုံထဲ က ၁၄ ရက်သား ကလေးငယ် တဦး ကယ်ဆယ် လိုက်နိုင် ကြ ပါတယ်။
နောက် နာရီပိုင်း အတွင်းမှာ တော့ သူ့ မိခင် နဲ့ အဖွား တို့ ကို လည်း ကယ်ဆယ် ရေး လုပ်သား တွေ ကယ်ဆယ် လိုက်နိုင် ပါတယ်။
ငလျင်ဒဏ် ခံရပြီး ၂ ရက် အကြာ မှာ ကယ်ဆယ် ရေး လုပ်သားတွေ က အခုလို တွေ့ရှိ ကယ် ဆယ် နိုင်တာပါ။
အခု သတင်းရေးချိန် ထိတော့ သူ့ရဲ့ ဖခင် ကို အပျက်အဆီး ပုံတွေ ကြားထဲမှာ ရှာဖွေကြ တုန်းပါ။
တူရကီ ငလျင်ကြောင့် လူပေါင်း ၄၃၀ အသက်ဆုံးရှုံး ခဲ့ရပြီ လို့လည်း သိရ ပါတယ်။
အိမ် အလုံးပေါင်း ၂၀၀ ကျော်လည်း ငလျင် ကြောင့် ပြိုကျ ခဲ့ ပါတယ်။
အိုးအိမ်မဲ့ သွားကြတဲ့ လူတွေလည်း ဆောင်းတွင်းကာလ ရေခဲ မတတ် အေးနေတဲ့ အအေး ဒဏ် ကို ခံစား နေကြရပြီး တူရကီ အစိုးရ ကတော့ အကူအညီ ပိုပေး တော့မယ် လို့ ကတိ တွေ ပြုနေ ပါတယ်။

အမေရိကန် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ
အရင် စက်တင်ဘာ လ အတွင်း က လည်း မြန်မာပြည် ကို လာခဲ့
မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်က် မစ်ချဲလ် ဟာ ဒီတခေါက် သူ့ ခရီးစဉ် နောက်ဆုံးနေ့ ဖြစ်တဲ့ အင်္ဂါနေ့ မှာ ဒေါ်အောင်ဆန်း စုကြည် နဲ့ တွေ့ဆုံ ခဲ့ပါတယ်။
နှစ်ဘက် အကြား ဘာတွေဆွေးနွေး ခဲ့ကြ သလဲ ဆိုတာ ကိုတော့ အသေးစိတ် မသိရသေး ပါဘူး။
မစ္စတာ မစ်ချဲလ်က မြန်မာနဲ့ ၂ နိုင်ငံကြား ဆက်ဆံရေး ပိုမို ကောင်းမွန်အောင် ဆောင်ရွက် နိုင်ဖို့အတွက် မြန်မာနိုင်ငံကို ကြိမ်ဖန် များစွာ လာရောက်ဖို့ ရှိပြီး အစိုးရနဲ့ရော နိုင်ငံ တည်ဆောက်ရေးမှာ ပါဝင်ရမယ့် တခြား လူ ပုဂ္ဂိုလ် အဖွဲ့အစည်းတွေနဲ့ပါ တွေ့သွားမှာ ဖြစ်တယ် လို့ သိရပါတယ်။
မြန်မာ အစိုးရကနေ နိုင်ငံရေး အကျဉ်းသားတွေကို ထပ်လွှတ်ပေးဖို့၊ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေ နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ် ဖို့၊ တိုင်းရင်း သား လူမျိုးတွေ အပေါ် အကြမ်းဖက် လုပ်ရပ်တွေကို အဆုံးသတ် ဖို့ သူ့ရဲ့ ၂ ရက်တာ ခရီးစဉ်အတွင်း တိုက်တွန်း သွားဖို့ ရှိတယ်လို့လည်း ရန်ကုန်ရှိ အမေရိကန် သံရုံး ပြောခွင့် ရသူက ဘီဘီစီ ကို ပြောပါတယ်။
မစ္စတာ မစ်ချဲလ် ဟာ ခရီးစဉ် အတွင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်း၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏ မောင်လွင် စတဲ့ သူတွေ နဲ့ လည်း တွေ့ဆုံခဲ့တယ်လို့ အမေရိကန်သံရုံးဘက်က သိရပါတယ်။

အရှင် ဂမ္ဘီရ ကျန်းမာရေး အခြေအနေ ဆိုးနေ
၂၀၀၇ ခုနှစ် သံဃာ့ လှုပ်ရှားမှုကို အရှင်ဂမ္ဘီရ ဦးဆောင် လှုပ်ရှားခဲ့
ကလေးထောင်မှာ အကျဉ်းကျနေတဲ့ အရှင် ဂမ္ဘီရ ရဲ့ ကျန်းမာရေး အခြေအနေ ဆိုးဝါး လာနေတဲ့အတွက် အမြန်ဆုံး ဆေးကုသခွင့် ရရေး၊ ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ နဲ့ တွေ့ခွင့်ရရေးနဲ့ အမြန်ဆုံး ပြန်လွှတ်ပေး ရေးအတွက် AHRC အာရှ လူ့အခွင့်အရေး ကောင်စီက သမ္မတ ဦးသိန်းစိန်ထံ အိတ်ဖွင့် စာ ရေးသား တောင်းဆို လိုက်ပါတယ်။
၂၀၀၇ ခုနှစ် သံဃာ့ လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ အရှင်ဂမ္ဘီရဟာ ကလေး အကျဉ်းထောင်မှာ ထောင်ဒဏ် ၆၃နှစ် ကျခံနေရတာ ဖြစ်ပါတယ်။
ခန္တီး အကျဉ်းထောင်အတွင်း ထိန်းသိမ်းခံထားရစဉ်တုန်းက တလလောက် ဦးခေါင်းနဲ့ နောက်ကျော ရိုက်နှက်ခံထားရတဲ့အတွက် အရှင် ဂမ္ဘီရ ဟာ နောက်ကျောပိုင်း အမြဲတမ်း နာကျင်နေပြီး စိတ်ပိုင်းဆိုင်ရာ မကျန်းမမာ ဖြစ်တဲ့ အခြေအနေထိ ရောက်နေတယ်လို့ သိရကြောင်း AHRC အာရှ လူ့အခွင့်အရေးကောင်စီက ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။
ကလေးထောင်ထဲ ရွှေ့ပြောင်း ခံခဲ့ရတဲ့အခါမှာလည်း ရာသီဥတုဒဏ်ကြောင့် ရောဂါ အခြေအနေ ပိုဆိုးလာတယ်လို့ ဆိုပါတယ်။
ဒါကို ထောင်အာဏာပိုင်တွေက ကျွမ်းကျင်သူ ဆရာဝန်တွေနဲ့ ကုသမပေးပဲ နီးစပ်ရာ စိတ်ငြိမ်ဆေးတွေ ထိုးပေးနေတာကြောင့် တန်ဆေးလွန်ဘေး ဖြစ်သွားမှာကို စိုးရိမ်တယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။
အရှင်ဂမ္ဘီရကို ရန်ကုန်ကို ပြန်ပို့ပေးမယ် ဆိုရင် ကျွမ်းကျင်ရာ ဆရာဝန်တွေနဲ့ တွေ့ပြီး သင့်တော်ရာ ဆေးဝါးတွေ စားသုံးခွင့် ရမယ်ဆိုရင် ပုံမှန် ပြန်ဖြစ်လာမယ်လို့ ယူဆကြောင်းနဲ့ အရင် စစ်အစိုးရထက် အခုအစိုးရသစ်က လူသားချင်း စာနာမှု ပိုမို ရှိလိမ့်မယ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ပါတဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို အစိုးရကိုယ်တိုင် လေးစား လိုက်နာမယ်လို့ ယူဆတာကြောင့် သမ္မတ ဦးသိန်းစိန်ထံ အခုလို အခုလို အိတ်ဖွင့် ပေးစာ ပေးပို့ရတာ ဖြစ်ကြောင်း AHRC အာရှ လူ့အခွင့် အရေး ကောင်စီက ရှေ့နေ ဦးမင်းလွင်ဦး က ပြောပါတယ်။
အရှင်ဂမ္ဘီရရဲ့ ကျန်းမာရေး အခြေအနေ ဆိုးဝါးလာနေတယ် ဆိုတဲ့ သတင်းတွေကြောင့် သားအတွက် စိုးရိမ် ပူပန်နေပြီး ညည အိပ်မပျော် ဖြစ်နေရတယ်လို့ မိခင် ဒေါ်ရေးကလည်း ဘီဘီစီကို ပြောပါတယ်။
၎လကြာ အတွင်း ပထမဆုံးအကြိမ် အဖြစ် လာမယ့် ကြာသပတေးနေ့ကျရင် ထောင်ဝင်စာ သွားတွေ့ဖို့ စီစဉ်ထားပြီး အဲဒီက ပြန်လာရင် နေပြည်တော်ကို ကိုယ်တိုင်သွားပြီး အရှင် ဂမ္ဘီရ ပြန်လွတ်လာရေးကို တင်ပြ ပြောဆိုမယ်လို့လည်း ဒေါ်ရေးက ပြောပါတယ်။

ကဒါဖီနဲ့ သူသားတို့ရဲ့ ရုပ်အလောင်းကဒါဖီကို မြေမြှပ်သင်္ဂြိုဟ်လိုက်ပြီ
လစ်ဗျား ခေါင်းဆောင် ကဒါဖီရဲ့ အလောင်းကို လစ်ဗျားပိုင် သဲကန္တာရ ထဲ တနေရာမှာ လျှို့ဝှက် မြှုပ်နှံ သင်္ဂြိုဟ် လိုက်ပြီလို့ လစ်ဗျား အာဏာပိုင် NTC အဖွဲ့ က ဘီဘီစီကို ပြောကြား လိုက်ပါတယ်။
သူနဲ့ အတူ သူ့သား မူတားဆင်မ် နဲ့ အရင် ကာကွယ်ရေး ဝန်ကြီး အဘူ ဘာကာ ယူနွတ်စ် ဂျာဘာ ကိုလည်း မြုပ်နှံလိုက်တယ်လို့ ဆိုပါတယ်။
ဆွေမျိုး နည်းနည်းနဲ့ အရာရှိ နည်းနည်းပဲ အဲဒီ သင်္ဂြိုဟ်ပွဲ အခန်းအနားကို တက်ရောက်ခဲ့ပါတယ်။ အစ္စလာမ်ဘာသာ ထုံးစံ ဆုတောင်း ရွတ်ဆိုမှု တချို့ ကိုလည်း ပြုလုပ်ခဲ့ပါတယ်။
မြေမြုပ် ထားတဲ့ နေရာဟာ ဘယ်နေရာ ဆိုတာကို တော့ ထုတ်မပြောပါဘူး။ သူ့ကို မြုပ်နှံတဲ့ နေရာဟာ မူဆလင် သင်္ချိုင်းလည်း မဟုတ်ပါဘူး။
ဒီလို မွတ်ဆလင် သင်္ချိုင်းမှာ မမြုပ်ရတာဟာ Fatwa ခေါ်တဲ့ ဘာသာရေး စည်းမျဉ်းအရလို့ လစ်ဗျား ပြန်ကြားရေး ဝန်ကြီးက ဆိုပါတယ်။ Fatwa မှာ ဘာတွေ ပါဝင်တယ် ဆိုတာ ကိုတော့ ရှင်းပြမသွားပါဘူး။
ကဒါဖီကို အခုလို သင်္ဂြိုဟ်လိုက်တာကို ကဒါဖီထောက်ခံသူတွေက မကျေနပ်ကျပေမယ့် ကဒါဖီကို မုန်းကြသူတွေကလည်း ဒီလို မြေမြုပ် သင်္ဂြိုဟ်ဖို့တောင် မကောင်းဘူးလို့ ပြောပါတယ်။
လျှို့ဝှက်သင်္ဂြိုဟ်ရခြင်း အကြောင်းရင်း
အသွင်ကူးအစိုးရရဲ့ ပြောဆိုချက်အရတော့ ကဒါဖီကို အခုလို မွတ်ဆလင် သင်္ချိုင်းမှာ မြုပ်ဘဲ လျှို့ဝှက် မြုပ်နံရခြင်းဟာ အကြောင်း နှစ်ချက် ရှိတယ်လို့ ဆိုပါတယ်။
ပထမအချက်က သူ့ကို ထောက်ခံသူတွေရဲ့ စုဝေးရာ အလေးပြုရာ နေရာ ဖြစ်မှာ စိုးလို့ပါတဲ့။ ဒုတိယ အချက်ကတော့ သူ့ကို မုန်းတဲ့သူတွေရဲ့ ပစ်မှတ်ထားရာ နေရာ ဖြစ်မှာ စိုးလို့ပါ လို့ ဆိုပါတယ်။
ကဒါဖီကို အရှင်ဖမ်းမိပြီးမှ သတ်ခဲ့တယ်ဆိုတဲ့ ဗီဒီယို ပုံရိပ်ကို အကြောင်းပြုပြီး အငြင်းပွားမှုတွေ ရှိခဲ့တဲ့ အတွက် သူ့အလောင်းကို မွတ်ဆလင် ထုံးစံနဲ့ အညီ ၂၄ နာရီ အတွင် သင်္ဂြိုဟ်တာ မျိုးလည်း မလုပ်နိုင်ခဲ့ဘဲ အလောင်းကို ခွဲစိတ်စစ်ဆေးဖို့ ထိန်းသိမ်း ထားခဲ့ရ ပါတယ်။
ခွဲစိတ် စစ်ဆေးမှု အရ သူ့ခေါင်းကို သေနတ်ကျည်ဆံ ထိမှန် သေဆုံးခဲ့တယ် လို့လည်း ဆေးဘက်ဆိုင်ရာ သတင်းတွေအရ သိရပါတယ်။

အိန္ဒိယ မြန်မာနယ်စပ် ဗီဇာ လိုအပ်ချက် လျှော့ပေါ့
2011-10-24
အိန္ဒိယ မြန်မာနယ်စပ်က နှစ်ဖက် နိုင်ငံသားတွေ ဗီဇာမလိုပဲ နယ်စပ်ကို ဖြတ်ကျော်ပြီး အတွင်းပိုင်း (၁၀) မိုင်အထိ တစ်ပတ်ကြာ နေထိုင်ခွင့်ပေးဖို့ နှစ်နိုင်ငံ အာဏာပိုင်တွေက သဘောတူညီကြတယ်လို့ The Economic Times သတင်းစာမှာ မနေ့က ဖော်ပြပါတယ်။
အိန္ဒိယဘက်က မီဇိုရမ်း ပြည်နယ် ကျန်ဖိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ နဲ့ ချင်းပြည်နယ် ဖလမ်းမြို့ အထွေထွေ အုပ်ချုပ်ရေးမှူးတို့ ဖလမ်းမြို့မှာ ပြီးခဲ့တဲ့ စနေနေ့က တွေ့ဆုံ သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။မီဇိုရမ်းပြည်နယ်မှာ တရားမ၀င် အလုပ်လုပ်နေတဲ့ မြန်မာရွေ့ပြောင်း အလုပ်သမားတွေကတော့ အရင်ကတည်းက မီဇိုရမ်း ပြည်နယ်ဘက်ကို လွတ်လွတ်လပ်လပ် သွားလာနေကြတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။အိန္ဒိယနဲ့ မြန်မာနိုင်ငံ နယ်နမိတ်ဟာ ထူထဲတဲ့ သစ်တောတွေ၊ တောင်တန်းတွေ နဲ့ မိုင်တစ်ထောင်ကျော် အရှည်ရှိပါတယ်။ မီဇိုရမ်းပြည်နယ် နဲ့ ချင်းပြည်နယ် နယ်စပ် အပါအ၀င် မဏိပူ ပြည်နယ် မိုးရေးမြို့ နဲ့ စစ်ကိုင်းတိုင်း တမူးမြို့ တို့ကို နယ်စပ် ကုန်သွယ်ရေးတွေ ဖွင့်လှစ်ထားကြပေမဲ့ မှောင်ခို အရောင်းအ၀ယ် ကသာ အဓိက ကျနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုင်းရင်းသား လူငယ်နှစ်ဦး ကနေဒါ အစိုးရနဲ့ တွေ့ဆုံ
2011-10-24
ကနေဒါနိုင်ငံကို ရောက်ရှိနေတဲ့ ထိုင်းအခြေစိုက် တိုင်းရင်းသား လူငယ် ခေါင်းဆောင် နှစ်ဦးဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ကနေဒါ အစိုးရ အပါအ၀င် လူမှု အဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့တွေ့ဆုံ တင်ပြနေပါတယ်။
မြန်မာပြည်မှာ သမ္မတ ဦးသိန်းစိန် အစိုးရသစ် တက်လာပေမဲ့ အထွေထွေ လူ့အခွင့်အရေး အခြေအနေ တွေက တိုးတက် ပြောင်းလဲမှု မရှိသေးတဲ့ အပြင်၊ ကချင်၊ ရှမ်းနဲ့ ကရင်ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် စစ်ပြေး ဒုက္ခသည် အများအပြား တိုးပွားလာနေကြောင်း၊ နိုင်ငံရေး အကျဉ်းသား အများအပြား ထောင်တွေထဲမှာ ရှိနေသေးတာကြောင့် ပြောင်းလဲနေပြီလို့ အပြော မစောဖို့ ကနေဒါ အစိုးရကို တင်ပြမှာ ဖြစ်တယ်လို့ တိုင်းရင်းသား လူငယ်များ အင်အားစု အထွေထွေ အတွင်းရေးမှုး ကိုအောင်နိုင်စိုး က ပြောပါတယ်။ကနေဒါနိုင်ငံခရီးစဉ်မှာ ကိုအောင်နိုင်စိုးနဲ့အတူ မွန်လူငယ်တိုးတက်ရေးအဖွဲ့က မိအိုက်စွန်းလည်း ပါဝင် ပါတယ်။တနင်္လာနေ့က မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Parliamentary Friends of Burma (PFOB) ဥက္ကဋ္ဌ ကနေဒါ လွှတ်တော်အမတ် Jim Jerygennis အပါအ၀င် လေဘာပါတီ ခေါင်းဆောင်တွေ၊ လူမှု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အင်္ဂါနေ့မှာ ကနေဒါ နိုင်ငံခြားရေး ဌာနက တာဝန်ရှိသူတွေနဲ့တွေ့ဆုံဖို့ ရှိပါတယ်။တိုင်းရင်းသား လူငယ် ခေါင်းဆောင်တွေရဲ့ ခရီးစဉ်ကို ကနေဒါ အခြေစိုက် NGO အဖွဲ့တွေဖြစ်တဲ့ ကနေဒါ မိတ်ဆွေများ အဖွဲ့ CFOB/ CUPE နဲ့ CUSO-VSO သုံးဖွဲ့ ပူးပေါင်း စီစဉ်ခဲ့တာလို့ သိရပါတယ်။

မြန်မာတိုးတက်မှု ယာယီအဆင့်မှာသာရှိ
By ခင်စိုးဝင်း
မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တွေနဲ့ချီ မတွေ့ခဲ့ရတဲ့ အပြုသဘောဆောင်တဲ့ အပြောင်းအလဲ တချို့ တွေ့နေရတာကို ငြင်းချက်ထုတ်စရာမရှိပေမဲ့ ဒီဖြစ်ထွန်းမှုအများစုဟာ ယာယီအဆင့်မှာပဲ ရှိနေသေးတာကြောင့် အနှစ်သာရရှိတဲ့ အပြောင်းအလဲတွေရှိနေပြီလို့ ပြောဖို့ အချိန်မတန်သေးကြောင်း အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး Kurt Campbell က ဒီကနေ့မှာပဲ ပြောဆိုလိုက်ပါတယ်။  ဒါ့အပြင် အမေရိကန်က အစဉ်တစိုက် ပြောလာခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ပြန်လွှတ်ပေးဖို့ကိုလည်း သူက ထပ်ပြောခဲ့ပါတယ်။ ဒီအကြောင်းကို ဘန်ကောက်ကနေ ဒေါ်ခင်စိုးဝင်းက သတင်းပေးပို့ထားပါတယ်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Kurt Campbellက မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတာ၊ အလုပ်သမားဥပဒေ အတည်ပြုခဲ့တာ၊ နိုင်ငံရေး အကျဉ်းသားတချို့လွှတ်ပေးခဲ့တာ၊ ဧရာဝတီမြစ်ဖျားခံရာ မြစ်ဆုံရေကာတာ စီမံကိန်း ဆိုင်းငံ့ခဲ့တာအပါအဝင် ဖြစ်ထွန်းမှုတွေတွေ့ရလို့ အားတက်မိတယ်လို့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ
အခုလိုပြောဆိုလိုက်ပါတယ်။

လွှတ်တော်တွေထဲမှာ အချေအတင်ဆွေးနွေးတာတွေ စတင်နိုင်ခဲ့တယ် ဆိုတာကလည်း ပြုပြင်ပြောင်းလဲရေးကို ရှေ့ရှုတဲ့ခြေလှမ်းဖြစ်ပြီးတော့
နိုင်ငံအတွင်း ဒိထက်မက အပြုသဘောဆောင်တဲ့အလားအလာတွေ မျှော်မှန်းလို့ ရပြီဆိုတဲ့သဘောပါပဲလို့ ဆိုပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဆယ်စုနှစ်တွေနဲ့ချီ မတွေ့ခဲ့ရတဲ့ အပြုသဘောအဆောင်ဆုံး ဖြစ်ထွန်းမှုတချို့ကို တွေ့နေရတယ်ဆိုတာကတော့ ငြင်းစရာမရှိပါဘူး။ ဒါပေမယ့် ဒီဖြစ်ထွန်းမှုအများစုဟာ ယာယီအဆင့်မှာပဲ ရှိနေသေးတာကြောင့် အနှစ်သာရရှိတဲ့ အပြောင်းအလဲ ဖြစ်လာပြီလို့တော့ ပြောဖို့ စောသေးတယ်၊ အချိန်မတန်သေးဘူးလို့ ပြောဆိုသွားတာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံထဲမှာ ဒိထက်မက နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ထပ်ပြီး လွှတ်ပေးစေလိုပါကြောင်း၊
အတိုက်အခံ နိုင်ငံရေးပါတီတွေကိုလည်း ဥပဒေနဲ့အညီ တရားဝင် ရပ်တည်ခွင့်ရရှိရေး၊ တိုင်းရင်းသားလူနည်းစုတွေနဲ့ ဆွေးနွေးပြောဆိုရေး တွေ ပြုလုပ်ဖို့အတွက်ကိုလည်း Kurt Campbellက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနဲ့မြောက်ကိုရီးယား နှစ်နိုင်ငံအကြား နျူကလီယားပူးပေါင်းဆောင်ရွက်မှု၊ လက်နက်အရောင်းအဝယ် စတဲ့ဆက်ဆံရေးနဲ့ ပတ်သက်ပြီး တော့လည်း ပြီးခဲ့တဲ့လတုန်းက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ သူတွေ့ဆုံစဉ်ဆွေးနွေးခဲ့တယ်လို့ ဗီအိုအေကို ပြောပြပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီးတော့ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ပြောဆိုဖြစ်ပါတယ်တဲ့။
မြန်မာ နိုင်ငံခြားရေးဝန်ကြီးကလည်း သူ့နိုင်ငံအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အတိုင်း လိုက်နာကျင့်သုံးနေတယ်လို့
ပြောဆိုခဲ့ပါတယ်တဲ့။ ဒါပေမယ့် ကျနော်တို့ကတော့ မြန်မာနိုင်ငံနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို တကယ်ပဲ လိုက်နာမလား ဆိုတာနဲ့ ဘယ်လို အကောင်အထည်ဖော်သွားမလဲဆိုတာကို အနီးကပ်စောင့်ကြည့်သွားမှာဖြစ်တယ်လို့ ပြောပြသွားတာပါ။
အရှေ့အာရှနဲ့ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ဟာ အာရှနဲ့ပစိပိတ်ဒေသ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးညီလာခံနဲ့ အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး အကြိုညှိနှိုင်းနိုင်ဖို့ အင်ဒိုနီးရှား ထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့အတွက် ဂျာကာတာမြို့တော်ရောက်ရှိနေစဉ် ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားတာဖြစ်ပါတယ်။

ဦးသိန်းစိန်သည် ရိုးသားပွင့်လင်းပုံရကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
သမ္မတဦးသိန်းစိန်သည် ရိုးသားပွင့်လင်းပုံရကြောင်း၊ တိုင်းပြည်ပြုပြင်ပြောင်းလဲရေး အတွက် ဆန္ဒရှိပုံရကြောင်း အမေရိကန် အခြေစိုက် The Wall Street Journal သတင်းစာ၏ ဆက်သွယ်မေးမြန်းခန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားထားသည်။အမေရိကန်အပါအဝင် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုများ ရုတ်သိမ်းရန် အချိန်မကျ သေးကြောင်းနှင့် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲစရာ များစွာ လိုအပ်နေသေးကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ၎င်းဂျာနယ်ကို ပြောသည်။

လူရွှင်တော်ဇာဂနာ ပြည်မြို့ရှိ လူမှုကူညီရေးအဖွဲ့များနှင့် တွေ့ဆုံ
နိုင်ငံရေး အကျဉ်းသားဟောင်း လူရွှင်တော် ကိုဇာဂနာနှင့် အဖွဲ့သည် ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီ၊ ပေါင်းတည်နှင့် ပြည်မြို့ အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသားများကို ယမန်နေ့က ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့ပြီး ပြည်မြို့ အောင်မင်္ဂလာ ကျက်သရေကုန်း ဘုန်းကြီးကျောင်းတွင် လူမှုအဖွဲ့အစည်းများမှ လူအင်အား ၂၀၀ ခန့်ဖြင့် မျက်မှောက်နိုင်ငံရေး အခြေအနေကို ဆွေးနွေးကြကြောင်း၊ ည ၇ နာရီခန့်တွင် ဧရာဝတီမြစ် တည်တံ့ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ကို ရည်စူးပြီး ပြည် ဆိပ်ကမ်း၌ မီးမျှောပွဲ ပြုလုပ်ခဲ့ကြောင်း မြို့ခံတဦးကပြောသည်။ ကိုဇာဂနာနှင့်အတူ လူငယ်ကွန်ရက်မှ ကိုမျိုးရန်နောင်သိန်း၊ မကြာသေးမီက ပြည်ပမှ ပြန်လည်ရောက်ရှိလာသည့်

ဦးတေဇ နှင့် ဦးဇော်ဇော် ဘဏ်များ နိုင်ငံခြားငွေလဲလှယ်ရေး စတင်
စီးပွားရေး လုပ်ငန်းရှင် ဦးတေဇပိုင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ် လီမိတက်(AGD Bank)က မြန်မာကျပ်ငွေနှင့် နိုင်ငံခြား ငွေ တရားဝင်လဲလှယ်ရေးဌာနများကို ရန်ကုန်လေဆိပ်၊ ဆူးလေဘုရားလမ်းရှိ Myanmar Shopping Mall၊ လှည်းတန်း လမ်းဆုံ အနီးရှိ Espace Avenir ဟိုတယ် နှင့် မန္တလေးလေဆိပ်တို့တွင် ယမန်နေ့က စတင်ဖွင့်လှစ်လိုက်သည်။ အလားတူ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၏ ဧရာဝတီ ဘဏ်ကလည်း ရန်ကုန်မြို့ကျောက်တံတားမြို့နယ် လမ်း ၃၀ တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရ သည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမည်
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာတီ နာတာလီဂါဝါ သည် ယခုလကုန်ပိုင်း၌ မြန်မာနိုင်ငံသို့ သွားရောက်ရန်ရှိကြောင်း ဂျကာတာ ပို့စ် သတင်းတွင် ရေးသားထားသည်။ မာတီ နာတာလီဂါဝါ ၏ ခရီးစဉ်သည် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ယူရမည့် ကိစ္စ၊ မြန်မာနိုင်ငံ၏ လတ်တလော အပြောင်းအလဲများ ပြုလုပ်နေသည့် ကိစ္စများအပေါ် အခြေ ခံ၍ သွားရောက်မည်ဖြစ်သည်ဟု ဆိုသည်။

လှိုင်းဘွဲ့ ချောင်းကူးတံတား ကျိုးကျ
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့တွင်း ရဲ စခန်းအနီးရှိ သံပေါင် ချောင်းကူးတံတား ယမန်နေ့ ညက ရုတ်တရက် ကျိုးသွားသည်။ တံတား မည်သို့ကျိုးသွားသည်ကို မသိရသေးသော်လည်း သွားရေးလာရေး အတွက် အခက်အခဲကြုံတွေ့နေရသောကြောင့် ယာယီ ချောင်း ကူးတံတား ပြုလုပ်ရန် အာဏာပိုင်များကစီစဉ်နေကြောင်း သိရသည်။ ထိုတံတားသည် နှစ်ပေါင်း ၁၀၀ ၀န်းကျင် သက်တမ်းရှိသည် ဟု ဒေသခံများက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒဲရစ် မစ်ချယ်တွေ့
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အထူးကိုယ်စားလှယ် ဒဲရစ် မစ်ချယ်တို့ ယနေ့ နေ့လယ် ၂ နာရီခန့်တွင် ရန်ကုန်မြို့ ပြည်လမ်း ၆ မိုင်ခွဲရှိ အမေရိကန် သံမှူး နေအိမ်တွင် တွေ့ဆုံသည်။ မစ္စတာ မစ်ချယ်သည် ယမန်နေ့က မြန်မာ နိုင်ငံသို့ ဒုတိယ အကြိမ် ခရီးစဉ်အဖြစ် ရောက်ရှိနေခြင်းဖြစ်သည်။

ဂျာမန် ဂြိုဟ်တုပျက် ဘင်္ဂလားပင်လယ်အော်တွင်း ပြုတ်ကျဖွယ်ရှိ
ဂျာမနီနိုင်ငံမှ အာကာသတွင် လွှတ်တင်ထားသည့် သုတေသန ဂြိုဟ်တု တလုံး တနင်္ဂနွေနေ့က ကမ္ဘာမြေသို့ ပြန်လည် ဆင်းသက် လာရာ တောင်အာရှ ဒေသ မြန်မာနိုင်ငံနှင့် အိန္ဒိယ နိုင်ငံကြား ဘင်္ဂလားပင်လယ်အော်တွင်း ပြုတ်ကျဖွယ်ရှိကြောင်း သိရသည်။ ယင်းဂြိုဟ်တုသည် သက်တမ်း ၂၁ နှစ်ရှိပြီ ဖြစ်ပြီး ၃၀ ခန့်ရှိသော အပိုင်းအစများမှာ ပင်လယ်ပြင်ပေါ် ကျ မကျကိုမှု ရှင်းလင်းစွာမသိရှိရသေးကြောင်း ဂျာမန် အာကာသသိပ္ပံ ဌာနက ပြောသည်။

ဂျာမန် ဂြိုဟ်တုပျက် ဘင်္ဂလားပင်လယ်အော်တွင်း ပြုတ်ကျဖွယ်ရှိ
ဂျာမနီနိုင်ငံမှ အာကာသတွင် လွှတ်တင်ထားသည့် သုတေသန ဂြိုဟ်တု တလုံး တနင်္ဂနွေနေ့က ကမ္ဘာမြေသို့ ပြန်လည် ဆင်းသက် လာရာ တောင်အာရှ ဒေသ မြန်မာနိုင်ငံနှင့် အိန္ဒိယ နိုင်ငံကြား ဘင်္ဂလားပင်လယ်အော်တွင်း ပြုတ်ကျဖွယ်ရှိကြောင်း သိရသည်။ ယင်းဂြိုဟ်တုသည် သက်တမ်း ၂၁ နှစ်ရှိပြီ ဖြစ်ပြီး ၃၀ ခန့်ရှိသော အပိုင်းအစများမှာ ပင်လယ်ပြင်ပေါ် ကျ မကျကိုမှု ရှင်းလင်းစွာမသိရှိရသေးကြောင်း ဂျာမန် အာကာသသိပ္ပံ ဌာနက ပြောသည်။

စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရန် စောသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ မရုပ်သိမ်းမီ မြန်မာအစိုးရအနေဖြင့် အပြောင်းအလဲ များစွာလုပ်ရန်လိုသေးကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က The Wall Street Journal သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုလိုက်သည်။
Myanmar Suu Kyi Myanmar's pro-democracy leader Aung San Suu Kyi, third left, visits a class of traditional hand weaving course organized by women members of her National League for Democracy party Saturday, Oct. 22, 2011, in Yangon, Myanmar. (AP Photo/Khin Maung Win) AP
အောက်တိုဘာ ၂၂ ရက်နေ့က NLD အမျိုးသမီးအဖွဲ့ဝင်များ၏ ရိုးရာ အထည်လုပ်ငန်းသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်လေ့လာစဉ် (ဓာတ်ပုံ - AP)
ယနေ့ထုတ် အဆိုပါ သတင်းစာတွင် ပါရှိသည့် တွေ့ဆုံမေးမြန်းခန်းတွင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက် ဆီလင်း ဖာနန်ဒတ်ဇ်အား မြန်မာပြည်အပေါ် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရန် စောသေးသည်ဟု ပြောရသည့် အချက်နှစ်ချက် ရှိကြောင်း ပြောသည်။
ပထမတချက်မှာ မြန်မာအစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ လွှတ်ပေးရန်ဖြစ်ပြီး ဒုတိယအချက်မှာ တိုင်းရင်းသားဒေသများတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ပွဲများနှင့် ပတ်သက်သည့် ပြဿနာများကို ရှင်းလင်းပေးရန် လိုအပ်ကြောင်း၊ ထိုနှစ်ချက်ကို မဖြေရှင်းနိုင်သေးသရွေ့ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရန် အချိန်မကျ သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစိုးရ၏ အပြောင်းအလဲများအပေါ် သံသယကြီးလွန်းသော အတိုက်အခံများအားလည်း နားလည်မှု ရရှိစေရန် စည်းရုံးထိန်းကွပ်နေရကြောင်း၊ မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာရှေ့မှောက်တွင် တရားဝင်ဖြစ်စေရန် ၎င်းကို အသုံးချနေသည်ဟု တချို့သော အတိုက်အခံများက စွပ်စွဲပြောဆိုကြကြောင်း သူက ဆက်ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြင့် အနိုင်ရယူခဲ့သည့် အစိုးရကို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာချိန်တွင် အပြင်းအထန် ဆန့်ကျင်လိမ့်မည်ဟု အတိုက်အခံတချို့က မျှော်လင့်ခဲ့ကြသော်လည်း ၎င်းအနေဖြင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကိုသာ ဦးစားပေးခဲ့သည်။
ထို့အပြင် ယခု အစိုးရသစ်အဖွဲ့ဝင်များနှင့် ဆွေးနွေးမှုများသည် ယခင်ဆွေးနွေးမှုများနှင့် မတူဘဲ ဟန်ဆောင် ပြောဆိုနေခြင်း မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က ခံစားရကြောင်း The Wall Street သတင်းထောက်ကို ပြောသည်။
“အစိုးရအဖွဲ့ဝင်တွေနဲ့ စကားပြောကြည့်တော့ သူတို့ တကယ့်ကို ပြောနေကြတာလို့ ခံစားရတယ်” ဟု ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။
လက်ရှိ အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်လိုသော ဆန္ဒများသည် မြန်မာနိုင်ငံကို နိုင်ငံတကာမိသားစုများ အတွင်း သိက္ခာရှိရှိ ပြန်လည်ရပ်တည်နိုင်ရန် အခွင့်ကောင်းတရပ် ဖြစ်ကြောင်း ၎င်းက ပြောသည်။
မြန်မာအစိုးရ၏ မီဒီယာထိန်းချုပ်မှုများ လျှော့ချပေးခြင်း၊ ပြုပြင်ပြောင်းလဲရေးများ စတင် လုပ်ဆောင်နေခြင်း၊ ၎င်းနှင့် ဆွေးနွေး စကား ပြောဆိုခြင်း စသည်တို့ကို အပြည့်အဝ ကြိုဆိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဦးသိန်းစိန်အပါအဝင် မြန်မာအစိုးရအဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ လတ်တလော တွေ့ဆုံဆွေးနွေးမှုသည် ၁၉၉၀ ဝန်းကျင်ကာလများက အသားအရောင်ခွဲခြားမှု စနစ်ကို ရပ်စဲရန် တောင်အာဖရိကတွင် နှစ်ဘက် အပြန်အလှန် ညှိနှိုင်းကြခြင်းနှင့် အလားသဏ္ဍန်တူကြောင်း သူက ပြောသည်။
သမ္မတဦးသိန်းစိန်သည် ရိုးသားပွင့်လင်းပုံရ၍ နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရန် ဆန္ဒရှိပုံရကြောင်း ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးခဲ့သည်။
“ကျမတို့ ပန်းတိုင်ကို မရောက်သေးပေမယ့် အဲဒီပန်းတိုင်ဆီကို ဦးတည်သွားနေကြတယ် ဆိုတာတော့ ရှင်းရှင်းလင်းလင်း သိပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြန်လည်မှတ်ပုံတင်ရေးနှင့် လာမည့် ၂၀၁၅ တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေး ကိစ္စရပ်များမှာ အစိုးရပေါ်တွင် မူတည်နေသည်ဟု သူက ဆိုသည်။
NLD မှတ်ပုံတင်လိုက်ခြင်း အားဖြင့် အစိုးရ၏ နိုင်ငံရေး စနစ်ကို တနည်းတဖုံ ထောက်ခံရာရောက်မည် ဖြစ်သောကြောင့် မြန်မာအစိုးရက ပါတီ မှတ်ပုံတင်ရန် လိုလားနေခြင်း ဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲကို NLD က သပိတ်မှောက်ခဲ့ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထောင်ကျဖူးသူများကို ပါတီနိုင်ငံရေးထဲတွင် ပါဝင်ဆောင်ရွက်ခွင့် ကန့်သတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ သို့ရာတွင် ယခုအခါ ရွေးကောက်ပွဲ ဥပဒေနှင့် ပါတီ မှတ်ပုံတင်ရေး ဥပဒေများကို ကျင်းပနေသည့် လွှတ်တော်တွင်း ဆွေးနွေးနေပြီ ဖြစ်သောကြောင့် ထွက်ပေါ်လာမည့် ရလဒ်အပေါ်တွင် မူတည်၍ စဉ်းစားသွားမည် ဖြစ်ကြောင်းလည်း သူက ဆိုသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...