Saturday, July 9, 2011

"လူငယ်နှင့် ဆိုင်ဘာရေစီး"

created the doc: "လူငယ်နှင့် ဆိုင်ဘာရေစီး"
Cloud Cuckoo Land created the doc:

ကျွန်တော်တို့ သဘော တူညီသည်ဖြစ်စေ၊ မညီသည် ဖြစ်စေ တတိယလှိုင်းလို့ခေါ်တဲ့ နည်း ပညာလှိုင်းလုံးပေါ်မှာ ကျွန်တော်တို့ရောက်ရှိနေပါပြီ။

(အယ်လ်ဗင်တော်ဖလာ)

အိုင်တီခေတ်တဲ့ …..
တတိယလှိုင်းတဲ့ …..
Cyber ရေစီးတဲ့ …..

နည်းပညာရေလှိုင်းတွေက ရာစုသစ် အစပိုင်းနှစ်တွေမှာပဲ ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံလေးကို ရိုက်ခတ်လာပါပြီ။ ကွန်ပျူတာအင်တာနက် မသုံးတတ်ရင်တော့ ရာစုနှစ်များစွာ နောက်ကောက်ကျ ရတော့မယ့် အခြေအနေပါ။ တစ်နိုင်ငံလုံးမှာ ကွန်ပျူတာအင်တာနက်ဆိုင်လေးတွေ အလျှိုလျှို ပေါ်ထွက်လာနေ ပါတယ်။ Cyber Café တွေထဲမှာ အများဆုံးတွေ့ရတတ်တာ လူငယ်လူရွယ်လေးတွေ … သူတို့တွေက မော်နီတာဖန်သားပြင်က တစ်ဆင့် ကမ္ဘာကြီးထဲကို ခြေဆန့်လက်ဆန့် လည်ပတ်နိုင်ပါကြပါပြီ။ သူတို့ရဲ့ အသိပညာမိုးကုတ်စက်ဝိုင်းကလည်း ကျယ်ပြန့်သထက် ကျယ်ပြန့်လာနေပါ တယ်။
သူတို့ Cyber Café ထဲကနေ ဘာတွေလုပ်ကြသလဲ။
စိတ်ဝင်စားစရာ အလွန်ကောင်းပါတယ်။

တချို့က Chatroom တွေထဲကနေ မိတ်ဆွေ သူငယ်ချင်း အချင်းချင်း အပြန်အလှန် ဆက်သွယ်ကြ …..
တချို့က ပညာရေးဝက်ဘ်ဆိုက်တွေကနေ စာမေးပွဲတွေဖြေကြ …..
တချို့က လုပ်ငန်းခွင်အတွက် နည်းပညာအသစ်တွေ ရှာဖွေနေကြ …..
ကိုယ့်ရဲ့ အတွေးအမြင်တွေ ခံစားချက်တွေကို ဘလော့ရေးသားတဲ့ လူငယ်တွေလည်း အများကြီးပေါ်ထွက်လာပါတယ်။

တချို့ကလည်း ၀က်ဘ်ဆိုက်တွေကနေ အလုပ်အကိုင်ရှာကြတယ်။ မိမိအရည်အချင်းနဲ့ ကိုယ်ညီတဲ့အလုပ်ကို မိမိစိတ်တိုင်းကျ အင်တာနက်မှာ ရွေးချယ်လို့ရပါတယ်။ အဲဒါတွေ ကြောင့် လူငယ်အများစုက အင်တာနက်ကို စွဲစွဲလမ်းလမ်း အသုံးပြုလာကြတာပါ။

၂၁ ရာစု လူငယ်နှင့် အင်တာနက်

အင်တာနက်နဲ့ ယနေ့လူငယ် ခွဲခြားလို့ မရတော့ပါ။ တစ်တွဲတည်း၊ တစ်ခုတည်း၊ တစ်သားတည်း ဖြစ်လာနေပါပြီ။ တစ်အိမ်ထောင်ကို ကွန်ပျူတာတစ်လုံး မရှိနိုင်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့တော့ Cyber Café တွေက အသုံးဝင်နေဦးမှာပါ။ ကျွန်တော်တို့ နိုင်ငံမှာ အရင်က လူငယ်တွေသာ အင်တာနက်သုံး ကြပေမယ့်၊ အခုတော့ လူကြီးတွေ လူရွယ်တွေပါ အင်တာနက်သုံးလာကြပါပြီ။ လူကြီးအများစု က ရပ်ဝေးမြေခြားရောက်နေတဲ့ သားသမီးတွေ မိသားစုတွေကို ဆက်သွယ်ဖို့သုံးကြတာပါ အများစုက အီးမေးလ်သုံးမယ်၊ VZO Chat, QQ, Skype ဆော့ဝဲလ်တွေသုံးပြီး သားသမီးတွေနဲ့ ဆွေမျိုးသားချင်းတွေနဲ့ စကားပြောမယ်၊ အဲဒီလောက်ပဲ သုံးကြပါတယ်။ Browser တွေသုံးပြီး ၀က်ဘ်ဆိုက်တွေကို ၀င်ကြည့်တဲ့ အလေ့အထတော့မရှိကြသေးပါဘူး။ ဒါပေမယ့် အင်တာနက် အီးမေလ်သင်တန်းတွေကိုတော့ တက်ရောက်သူများပြားလာပါတယ်။ ၂၀၀၇ ဇွန်လအထိ အင်တာနက်သင်တန်း တက်ရောက်သူလေးဆခန့် ပိုမိုလာပါတယ်။ အခုဆိုရင် အင်တာနက် သင်တန်းကို အသက် ၁၆ နှစ်ကနေ ၅၀ နှစ်အထိ အရွယ်မရွေးတက်နေကြပါပြီ။ အင်္ဂလိပ်စာနဲ့ ကွန်ပျူတာအခြေခံ နည်းပါးရင်တော့ သင်ကြားရတာ ခက်ခဲတတ်ပါတယ်။ လူကြီးအများစုက တော့ သင်တန်းတွေ သိပ်မတက်ချင်ဘဲ အသုံးပြုလိုမှသာ အင်တာနက်ကဖေးကိုလာပြီး ၀န်ထမ်းတွေကို အကူအညီတောင်းတတ်ကြပါတယ်။ သိပ်မခက်ခဲတဲ့ကိစ္စတွေကိုပါ သူများလုပ် ပေးမှ သုံးလို့ရတော့အချိန်နဲ့ ငွေကြေးက ပိုမိုဆုံးရှုံးနိုင်ပါတယ်။ အဲဒါကြောင့် အင်္ဂလိပ်စာနဲ့ ကွန်ပျူတာအခြေခံရှိရင် အင်တာနက်ကို မှန်မှန်ကန်ကန်သုံးစွဲဖို့၊ အင်တာနက်သုံးနည်းကို စနစ် တကျ သင်ကြားထားဖို့ လိုပါတယ်လို့ Explorer အင်တာနက်ဆိုမှ ကိုဝင်းဇော်ထွေးက ပြောပါ တယ်။

Cyber ကဖေးထဲမှာက လူမျိုးစုံ၊ အတွေးမျိုးစုံနဲ့ ဦးတည်ချက်အမျိုးမျိုးနဲ့ အသုံးပြုကြပါ တယ်။ သတင်းမီဒီယာသမားတွေက သတင်းဝက်ဘ်ဆိုက်တွေ ရှာသလို၊ ကျောင်းသားတွေက ပညာရေးဝက်ဘ်ဆိုက်တွေ၊ အလုပ်အကိုင်ရှာဖွေသူက အလုပ်အကိုင်ကြော်ငြာပေးတဲ့ ကဏ္ဍ တွေ၊ ကိုယ်လိုသလို အသုံးပြုနိုင်ဖို့အတွက် Network Cable တွေဟာ နည်းပညာမှော်ဝင်ကြိုးတွေနဲ့ နှိုင်းရမလားပဲ၊ ကွန်ပျူတာဖန်သားပြင် မော်နီတာရှေ့ထိုင်ပြီး ကမ္ဘာအရပ်ရပ်ကို ခရီး ထွက်နိုင်သလို စာအုပ်ပုံတွေ၊ စာကြည့်တိုက်ကြီးတွေကို မွှေနှောက်စရာမလိုဘဲ အသိပညာ များစွာ ရရှိနိုင်ပါတယ်။ အကျိုးရှိအောင်သုံးဖို့က ကိုယ်တိုင်ရွေးချယ်မှုပြုလုပ်ရမှာပါ။ ကျွန်တော် တို့ဆိုင်မှာဆို ကလေး လေးတွေ Chatting ထိုင်တာကို အိမ်က ဘေးကနေ ထိုင်ကြည့်နေ တယ်။ ဒါကို တားမြစ်ရမယ်လို့ မသိဘူး။ ကိုယ့်သားသမီး အင်တာနက်သုံးတတ်တယ်ဆိုပြီး အထင်ကြီးနေတာမျိုး ရှိပါတယ်။ အဲဒါက နည်းနည်း မှာယွင်းနေပါတယ်။ လူကြီးတွေကိုယ်တိုင် က အင်တာနက် ဗဟုသုတတွေကို သိဖို့လိုအပ်နေပါပြီ။ အဲဒါမှ လူငယ်တွေကို အင်တာနက်ကို ဘယ်လိုသုံးသင့်တယ်လို့ လမ်းညွှန်မှုပေးနိုင်မှာပါလို့ Heaven-net Center မှ ကိုထွန်းဝင်းက ပြောပါတယ်။

Cyber Café တွေမှာ မြန်နှုန်းမြင့်ရင်တော့ သုံးရတာအဆင်ပြေပါတယ်။ တချို့ဆိုင်တွေ ကျတော့ Local Network မှာတင် အလုံးရေ အများကြီးတပ်ထားတော့ မြန်နှုန်းကျသွားတတ် ပါတယ်။ အဲဒါကြောင့် တစ်ဆိုင်နဲ့ တစ်ဆိုင်ဈေးနှုန်း ကွာခြားတတ်ရင် မြန်နှုန်းမြင့်တဲ့ဆိုင်ကို ရွေးချယ် သုံးပါတယ်။ တစ်ခါတလေ ရုံးချိန်မှာမြန်နှုန်းကျတတ်လို့ အီးမေးလ်တွေ မထွက်ရင် သိုမှီးထားစရာ USB ထဲ Data တွေထည့်ထားပြီး အိမ်နားက အင်တာနက်ဆိုင်မှာ ညကျမှ သွားပြီးပို့ရပါတယ်။ အခု ရန်ကုန်မှာက မြို့နယ်တိုင်းလိုလို အင်တာနက်ဆိုင်တွေ ရှိနေတော့ အင်တာနက် အသုံပြုဖို့အတွက် ပိုမိုလွယ်ကူသွားပါတယ်လို့ အင်တာနက်အသုံးပြုသူ မမာလာ ထွန်းက ပြောပါတယ်။

Google ကို ဘာကြောင့်လူကြိုက်များလဲ

အင်တာနက်ကို သာမန်အသုံးပြုသူ၊ အဆင့်မြင့်ကျွမ်းကျင်သူတွေပဲဖြစ်စေ၊ ကျွန်တော် တို့နိုင်ငံက လူအတော်များများက ရှာစရာဖွေစရာ ရှိပြီဆိုရင် google ကို သတိရတတ်ပါတယ်။ google search engine မှာ ရိုက်ထည့်လိုက်ရုံနဲ့ ကိုယ်လိုချင်တဲ့ ၀က်ဘ်ဆိုက်တွေ၊ ဓာတ်ပုံ တွေ၊ ဗီဒီယိုတွေ ရှာဖွေလို့ရပါတယ်။ google ကနေ အခုမြန်မာဘာသာနဲ့ ရိုက်ထည့်ပြီး ရှာဖွေ ရင်တောင် ယူနီကုတ်စနစ်နဲ့ တင်ထားတဲ့ မြန်မာဝက်ဘ်ဆိုက်တွေ၊ ဘလော့တွေကို ရှာဖွေလို့ရ နေပါပြီ။

ကိုဇော်မင်းထွန်း စင်ကာပူကို အလုပ်သွားလုပ်ခါနီး စင်ကာပူရဲ့လမ်းတွေ၊ မြို့တွေကို google map ကနေ အသေအချာ လေ့လာသွားတယ်။ ဒါပေမယ့် ဒီထက်ပိုအဆင်ပြေအောင် လို့ စင်ကာပူမြေပုံကို Print ထုတ်သွားရင်ကောင်းမလား စဉ်းစားမိသေးတယ်။ နောက်မှ သတိ ရပြီး ဘာမြေပုံမှ ယူမသွားပါဘူး။ စင်ကာပူလေဆိပ်ကထွက်တော့ အနီးစပ်ဆုံး Cyber Café သွားတယ်၊ google map ကို ထပ်ကြည့်ပြီးလမ်းတွေ အိမ်နံပါတ်၊ ကားဂိတ်တွေမှတ်လာတယ်။ သူငယ်ချင်းကို ဖုန်းဆက်ပြီး ဘတ်စ်ကားတွေရဲ့နံပါတ် မေးတယ်။ ပြီးတော့ သူတည်းရမယ့်အိမ် ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားတာပဲ။ ဂိုက်တွေ၊ တက္ကဆီသမားတွေက ညာခေါ်ပြီး သူ့ကိုပိုက်ဆံ ပိုတောင်းလို့မရဘူး။ အင်တာနက်သုံးတတ်တာ ဘာသာစကားမျိုးစုံတက်စရာ မလိုဘဲ ကမ္ဘာပတ်လို့ရတယ်ဆိုတာ ယုံသွားတော့တယ်။

ထူးဆန်းတာက မြေပြင်ပုံရိပ်တွေကို ၁၀ ပေအကွာလောက်အထိ ကြည်ကြည် လင်လင်ကြည့်နိုင်တဲ့ google earth ပါပဲ။ သူက google map သုံးပြီး စင်ကာပူရောက်အောင် လာတာကို သူငယ်ချင်းကိုကြွားတော့ စင်ကာပူကသူငယ်ချင်းက google earth သုံးပြီး သူ့ မိဘအိမ်ကို ပြတော့တာပဲ သူတစ်သက်လုံး တစ်ခါမှ မမြင်ဘူးတဲ့ သူတို့မြို့ရဲ့ကောင်းကင်ပေါ် က မြင်ကွင်းကို စိတ်တိုင်းကျကြည့်တော့တာပဲ၊ ပြီးတော့ ကမ္ဘာကြီးရဲ့ ကြိုက်တဲ့နေရာတွေကို google earth ကိုသုံးပြီး ကြည့်တော့တာပဲ။ သူ့မိသားစုကိုလည်း အင်တာနက်မသုံးတတ်ရင် တောင် google ကို သုံးကြည့်ဖို့ ကိုဇော်မင်းထွန်းတစ်ယောက် တိုက်တွန်းလို့နေပါတယ်။

အီးမေးလ်ကို ဘာကြောင့် သုံးကြမလဲ

အစက အီးမေးလ်ဆိုတာ ကုမ္ပဏီကြီးတွေ၊ စီးပွားရေးသမားတွေပဲသုံးပြီး ငွေကုန်ကြေး ကျများလိမ့်မယ်လို့ ထင်ထားတာပါ။ အိမ်ကသား စင်ကာပူသွားကျောင်းတက်ရင်း အလုပ်လုပ် နေတော့ အဖေ့အတွက် အီးမေးလ်လုပ်ထားတယ်။ အင်တာနက်ဆိုင်မှာသွားပြီး သုံးကြည့်ပါ ဆိုတော့မှ အင်တာနက်ဆိုင်က ကလေးတွေအကူအညီတောင်းပြီးသုံးကြည့်တော့ တယ်လီဖုန်း တို့ သာမန် စာပို့စနစ်တို့ထက် ပိုအဆင်ပြေတာကို တွေ့ရပါတယ်လို့ ဦးထွန်းမြတ်က ပြောပါ တယ်။

E-mail ဆိုတာက electronic mail ကို ချုံ့ထားတဲ့ စကားလုံးပါ။ ကျွန်တော်တို့နိုင်ငံမှာ က Google ကုမ္ပဏီကပေးတဲ့ Gmail ကို အသုံးများပါတယ်။ အဲဒီ Gmail နဲ့ e-mail ကို တချို့ က မကွဲပြားဘူး ဖြစ်နေတယ်။ e-mail ဆိုတဲ့ လျှပ်စစ် စာပို့စနစ်က Fax ကနေ မိုဘိုင်း အချင်းချင်း SMS ပို့တာထိ ပါဝင်ပါတယ်။ တချို့က ISP ကုမ္ပဏီတွေကရောင်းတဲ့ မေးဆားဗစ် ကိုမှ အီးမေးလ် လို့ထင်တတ်ကြပါတယ်။ အခမဲ့ ၀န်ဆောင်မှုပေးနေတဲ့ အီးမေးလ်တွေက အများကြီး ရှိပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အကြိုက်ချင်း မတူကြပါဘူး။ မြန်မာတွေက Gmail အသုံးများသလို စင်ကာပူနိုင်ငံသားတွေက MSN ကို လူတိုင်းနီးပါး သုံးကြပါတယ်။ တချို့နိုင်ငံတွေက Yahoo mail အသုံးများပါတယ်။ အီးမေးလ် ၀န်ဆောင်မှုတွေ အမျိုးမျိုး ကွဲပြားပေမယ့် အပြန်အလှန် ပေးပို့ဆက်သွယ်လို့ ရပါတယ်။ ဒါပေမယ့် စကားပြောမယ်၊ Typing ရိုက်ပြီး ချက်တင်ထိုင်မယ်ဆိုရင်တော့ တူညီတဲ့ဆော့ဝဲလ်ကို အသုံး ပြုကြရမှာပါ။ Gmail ရှိတဲ့လူတွေက G-talk အချင်းချင်းဆက်သွယ်ပြောဆိုပြီး Yahoo mail ရှိတဲ့လူတွေက Yahoo messenger ကို အသုံးပြုရမှာပါ။ အခု Gmail က မြန်မာဘာသာကို ဇော်ဂျီဖောင့် အသုံးပြုပြီး ဆက်သွယ်လို့ရတယ်၊ ချက်တင်ထိုင်ရတဲ့အတွက် ကျွန်တော်တို့နိုင်ငံ မှာက Gmail ကို အသုံးများပါတယ်။

အီးမေးလ်က အပြန်အလှန်ဆက်သွယ်ထားတဲ့စာတွေ Chatting မှတ်တမ်းတွေကို အလို အလျောက်သိမ်းထားပေးပါတယ်။ မိမိစာတွေ ပျောက်ပျက်မှာ တခြားသူတွေခိုးဖတ်မှာ စိုးရိမ် စရာမရှိတဲ့အတွက် အီးမေးလ် အသုံးပြုရတာက စိတ်ကျေနပ်မှုရစေနိုင်ပါတယ်လို့ ပရိုဂရမ်မာ တစ်ဦးဖြစ်သူ ကိုညီညီက ပြောပါတယ်။

Wikipedia

အွန်လိုင်းပေါ်မှာ စွယ်စုံကျမ်းသုံးစွဲဖို့လိုပြီဆိုရင် ကျွန်တော်က Wiki ကိုပဲ သတိတရရှိ တယ်။ အခြားရွေးချယ်စရာတွေရှိပေမယ့်၊ စိတ်ကျေနပ်မှု အပေးနိုင်ဆုံးက Wikipedia ပါပဲ။ Wikipedia က အွန်လိုင်းဗားရှင်းတင် မဟုတ်ပါဘူး။ Press Version မှာလည်း အောင်မြင်ပါ တယ်။ ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အခြေချနေထိုင်တဲ့ ဂျာနယ်လစ်တွေအနေနဲ့က Wikipedia Press Version ရှာရမှာ နန်းစဉ်ရတနာသိုက်ကို စိတ်ကူးယဉ်လိုက်ရှာသလိုပဲ ဖြစ်မှာပါ။ အခုတော့ IT ရဲ့ အထောက်အပံ့နဲ့ Wikipedia Press Version ထက်ပိုပြီး Update ဖြစ်ပါတယ်။ နာရီပိုင်းအတွင်း စာအုပ်တစ်အုပ်ဖြစ်ဖို့ မလွယ်ကူပေမယ့် မိနစ်ပိုင်းအတွင်းမှာ တော့ Webpage တစ်ခုပေါ်ထွက်လာဖို့က လွယ်ကူပါတယ်။ သတင်းဌာနတွေက အဖြစ် အပျက်တွေ သတင်းထုတ်ပြန်နေချိန်မှာပဲ Wiki က အဲဒီသတင်းနဲ့ ဆက်စပ်တဲ့ဖြစ်ကြောင်းတွေ ပါ တင်ဆက်ပြီးပါပြီ။ ကျွန်တော် ကြုံဖူးတဲ့အဖြစ်အပျက်တစ်ခုကို ဥပမာပြောပြချင်ပါတယ်။ အော်စကာဆုပေးပွဲတစ်ခုမှာပါ။ ကမ္ဘာကျော်သတင်းဌာနကြီးတစ်ခုက အော်စကာဆုကို ဘယ် ဇာတ်ကားအကြောင်းမူရင်းဝတ္ထုရေးဆရာ၊ စာရေးဆရာအတ္ထုပတ္တိ ဘာကြောင့်ဒီစာအုပ်ရေးဖြစ် ရတယ်ဆိုတဲ့ အကြောင်းအရာတွေပါ Up to date ဖော်ပြပေးနိုင်ပါတယ်။

Wiki က စကားလုံးအသစ်အဆန်းတွေနဲ့ အဓိပ္ပာယ်တွေ ဘယ်သူကတီထွင်ပြီး ဘယ် အချိန်မှာ စတင်သုံးစွဲတယ်ဆိုတဲ့ အကြောင်းကို အပြည့်အစုံနဲ့ အလျင်အမြန် ဖော်ပြပေးနိုင်ပါ တယ်။ လူသုံးများတဲ့ ဘန်းစကားတွေ တက္ကသိုလ်တွေရဲ့ အဘိဓာန်က အတည်မပြုခင်မှာပဲ Wiki က ဖော်ပြပေးပါတယ်။ ဘန်းစကားဆိုရင် ဘန်းစကားဖြစ်ကြောင်း၊ ဘယ်အရပ်ဒေသမှာ အဓိကသုံးစွဲကြတယ်ဆိုတာပါ ဖော်ပြပေးတဲ့အတွက် Wikipedia ကို ကျွန်တော် စွဲစွဲလမ်းလမ်း သုံးစွဲဖြစ်တာပါလို့ ၀ါရင့်ဂျာနယ်လစ် အယ်ဒီတာတစ်ဦးက ပြောပါတယ်။

Website တင်ခြင်း

အင်တာနက်ကို လူတိုင်းလမ်းနှစ်သွယ် သုံးစွဲကြပါတယ်။ Upload လုပ်တာနဲ့ Download လုပ်တာပါ လူငယ်တွေ www.friendster.com မှာ ဓာတ်ပုံတွေတင်တာကစပြီး ၀က်ဘ်ဆိုက်တစ်ခုဝယ်ပြီး လွှင့်တင်တာအထိက Upload လုပ်တာလို့ ခေါ်ပါတယ်။ မိမိက Internet Explorer တို့ Mozilla Firefox တို့စတဲ့ Browser တွေသုံးပြီး ၀က်ဘ်ဆိုက်တွေဝင် တာ၊ စာတွေ၊ ဓာတ်ပုံတွေ၊ Web Page တွေကူးယူတာ download လုပ်တာပါ။ အခုပြည်တွင်း ကုမ္ပဏီတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေနဲ့ အနုပညာရှင်တွေ ၀က်ဘ်ဆိုက်လွှင့်တင်လာကြပါပြီ။ အစိုးရ အဖွဲ့အစည်းတွေ အတော်များများလည်း ၀က်ဘ်ဆိုက် လွှင့်တင်လာကြတယ်။ တက္ကသိုလ်တွေလည်း ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွေ တင်လာကြပါတယ်။ အဲဒါဟာ e-Government နဲ့ e-commerce ဆီကို ရည်ညွှန်းနေပါတယ်။ Web Site တင်တာ များလာတဲ့ အတွက် Web Developer ကုမ္ပဏီတွေလည်း များပြားလာပါတယ်။ ၀က်ဘ်ဆိုက်တင်ချင်သူ တွေအတွက် Services တွေပိုမိုကောင်းမွန်လာသလို ထပ်ဆင့်လွှင့်တင်ခြင်း (upgrade) လုပ် ဖို့အတွက်လည်း ပိုမိုလွယ်ကူပြီး ဈေးနှုန်းသက်သာလာပါတယ်။ ၀က်ဘ်ဆိုက် တစ်ခုရေးသားရင် လွန်ခဲ့တဲ့နှစ်တွေထက် ရေးသားခလျော့နည်းလာပေမယ့် အလုပ်မပြတ်တဲ့အတွက် ၀င်ငွေ လျော့ကျသွားတာ မရှိပါဘူး။ ဖွံ့ဖြိုးလာတဲ့ အိုင်တီအခန်းကဏ္ဍအတွက်တော့ ပီတီဖြစ်ရပါတယ်။

ဒါပေမယ့် ကုမ္ပဏီတချို့က ၀က်ဘ်ဆိုက်တင်တာ ကြော်ငြာသဘောမျိုးပဲ ဖြစ်နေပါ သေးတယ်။ ၀က်ဘ်ဆိုက်မှာက မိမိရဲ့ထုတ်ကုန်နဲ့ ၀န်ဆောင်မှုတွေကို အမြဲတမ်းဆန်းသစ် တင်ပြနေရမှာ ဖြစ်သလို၊ ပြည်တွင်းပြည်ပက အမှာစာတွေ ရရှိနိုင်အောင် e-mail လိပ်စာ ဖော်ပြခြင်း တခြားဝက်ဘ်ဆိုက်တွေကနေ မိမိဆီရောက်ရှိလာအောင် အဆင့်ဆင့် လင့်ခ်ျချိတ် ထားခြင်း ထုန်ကုန်နဲ့ ၀န်ဆောင်မှုတွေအတွက် ရှင်းလင်းတင်ပြခြင်း၊ ထုတ်ကုန်သစ်မိတ်ဆက် သတင်းနဲ့ အခြားကဏ္ဍတွေပါ ထည့်သွင်းသင့်ပါတယ်။ အဲဒါမှ မိမိဝက်ဘ်ဆိုက်ကို ၀င်ရောက် ကြည့်ရှုသူများပြားပြီး ဖောက်သည်သစ်တွေ တိုးပွားလာမှာပါ။ ကိုယ်ပိုင် ၀က်ဘ်ဆိုက်တွေမှာလည်း ပုံမှန် Update လုပ်နိုင်ဖို့က အရေးကြီးပါတယ်။ အဲဒါမှ မိမိရဲ့ Performance ကို စိတ်ဝင်စား ပြီး ၀င်ရောက်လည်ပတ်သူ အရေအတွက်များလာရင် Online ပေါ်ကနေ ၀င်ငွေရရှိနိုင်ပါတယ်လို့ ဆော့ဝဲလ်အင်ဂျင်နီယာတစ်ဦးက ပြောပါတယ်။

အရေးတကြီးလိုအပ်တာက e-banking ပါ။ အွန်လိုင်းပေါ်မှာ စီးပွားရေးကိစ္စပဲဖြစ်ဖြစ်၊ ပစ္စည်းဝယ်ချင်တာပဲ ဖြစ်ဖြစ်၊ တက္ကသိုလ်တွေ၊ ကျောင်းလခ သွင်းတာပဲ ဖြစ်ဖြစ် ငွေပေးချေဖို့ နည်းလမ်းအတွက် e-banking က မရှိမဖြစ် လိုအပ်နေပါတယ်။ အကယ်၍ e-banking သာရှိခဲ့ ရင် အွန်လိုင်းပေါ်မှာတင် အရောင်းအ၀ယ်လုပ်လို့ရတဲ့ e-Trade တို့၊ e-commerce တို့က ပိုမို ဖွံ့ဖြိုးတိုးတက်လာပါမယ်။ e-commerce ရှိတဲ့အခါ ဈေးကွက်စီးပွားရေးထဲမှာ ရောင်းသူနဲ့ ၀ယ်သူ တိုက်ရိုက်တွေ့ဆုံနိုင်ပြီး၊ ကြားခံပွဲစားတွေ ဈေးကွက်ဖြန့်ချိရေးကို ကျော်လွှားသွားနိုင် တဲ့အတွက် အကျိုးအမြတ်ကို တိုက်ရိုက်ရရှိနိုင်ပါတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

၂၁ ရာစုရဲ့ စီးပွားရေးသစ်ကို မောင်းနှင်နေတဲ့ အချက်အလက် (Data) နဲ့ အရင်းအမြစ် (Source) တွေ သန်းနဲ့ချီ ရှိနေပါတယ်။ အဲဒီအချက်အလက်တွေ၊ သတင်းအရင်းအမြစ်တွေဟာ အသေဆုပ်ကိုင်ထားလို့ မရပါဘူး။ အချင်းချင်းမျှဝေခြင်း (Sharing) နဲ့သာ လုပ်ဆောင်နေကြရပါတယ်။ အဲဒါကြောင့် Outsourcing ကုမ္ပဏီအများအပြား ပေါ်ထွက်လာပါတယ်။ သူတို့ အသုံးပြုတဲ့ မီဒီယာက အင်တာနက်ပဲ။ မီးခိုးတတ်ပြီး ဆိတ်ငြိမ်တဲ့ဒီလုပ်ငန်းက အိုင်တီကို ပြန်ထောက်ပံ့ပေးပြီး စီးပွားရေး လုပ်ဆောင်မှုကို အများကြီး အကျိုးသက်ရောက်စေပါတယ်။ ဒေါ်လာ ၁၀ သန်းလောက်ကုန် ကျမယ့် ဆာဗေး (Survey) တစ်ခုကို ဒေါ်လာ သောင်းဂဏန်းလောက်နဲ့ ချီပြီး မြတ်စေနိုင်ပြီး Outsourcing လုပ်ငန်း ကုမ္ပဏီတွေ ကျွန်မတို့ဆီမှာရှိနေဖို့ လိုအပ်နေပါပြီ။ အဲဒီလုပ်ငန်းက နိုင်ငံခြားဝင်ငွေကို ရှာဖွေနိုင်သလို ပြည်တွင်းကုမ္ပဏီတွေနဲ့ ပညာရေးကဏ္ဍကို အထောက်အပံ့ ဖြစ်နိုင်ပါတယ်လို့ Data collector အဖြစ်လုပ်ကိုင်နေသူ မယဉ်ယဉ်အောင်က ပြောပါတယ်။

အွန်လိုင်းစီးပွားရေးက နည်းပညာအပေါ် အခြေခံထားပေမယ့် မိမိရဲ့စိတ်ကူးစိတ်သန်း နဲ့ ဖောက်ထွင်း မြင်နိုင်စွမ်း အပေါ်မှာ လက်ရည်တူ အခွင့်အရေး ပေးထားပါတယ်။ အဲဒါကြောင့် လူငယ်အများစုက အင်တာနက်ကို စိတ်ဝင်စားကြတာပါ။ ၂၀၀၁၊ စက်တင်ဘာနောက်ပိုင်းမှာ စီလီကွန်ချိုင့်ဝှမ်းကို အိန္ဒိယထိရွှေ့လာနိုင်ခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ တတိယမျိုးဆက်တွေကို အတု ယူဖို့ ကောင်းပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း အထက်တန်းအဆင့်မှာဖြစ်ဖြစ်၊ တက္ကသိုလ် အဆင့်မှာဖြစ်ဖြစ် လူငယ်တွေအတွက် ကွန်ပျူတာ အင်တာနက်ကို သင်ကြားဖို့ လိုအပ်နေပါပြီ လို့ Cyber Café နှစ်ခုဖွင့်ထားသူ ကိုနေမျိုးကျော်က ပြောပါတယ်။

အွန်လိုင်းယဉ်ကျေးမှု

ယဉ်ကျေးမှုများ တိုးတက်မိခြင်း ဆိုတဲ့စကားဟာ အွန်လိုင်းယဉ်ကျေးမှုထဲမှာတော့ ပေါင်းစပ်စီးမျောခြင်းဆိုတဲ့ အဓိပ္ပာယ်သာ သက်ရောက်နိုင်ပါတယ်။ ကမ္ဘာ့ကွန်ယက်စနစ်ထဲမှာ လူမျိုးတစ်မျိုးနဲ့တစ်မျိုး ယဉ်ကျေးမှုတစ်ခုနဲ့တစ်ခုဟာ ပဋိပက္ခသဘောမဆောင်ဘဲ ထိန်းသိမ်း ထားနိုင်ပါတယ်။ ဘာသာစကားပေါင်းမျိုးစုံနဲ့ သုံးစွဲနိုင်သလို၊ မိခင်ဘာသာစကားတွေနဲ့ ဘလော့ရေးသားသူတွေက အမျိုးသားယဉ်ကျေးမှုတွေကို IT နဲ့ ပေါင်းစပ်ထိန်းသိမ်းထားနိုင်ပါ ပြီ။ သတင်း၊ ရသစာပေ၊ ဓာတ်ပုံနဲ့ အခြားသောယဉ်ကျေးမှု အနုပညာတွေကို ဘလော့ ရေးသားနေသူတွေ ကမ္ဘာတစ်ဝန်းလုံးမှာ ၁၀ သန်းကျော်ရှိနေပါပြီ။ှု

ဘလော့ရေးသားတာက Website တစ်ခုရေးသားသလို ကုန်ကျစရိတ်မများပါဘူး။ Gmail Account တစ်ခုရှိရင် blogger.com မှာ ဘလော့ တစ်ခုတည်ဆောက်လို့ရပါတယ်။ အခု ဘလော့ကို မြန်မာလို ရေးလို့ရတာ ငါးနှစ်ခန့် ရှိနေပါပြီ။ အွန်လိုင်းပေါ်မှာလည်း မြန်မာ ဘလော့ဂါ ထောင်နဲ့ချီပြီး ရှိနေပါတယ်။ သူတို့က မြန်မာစာပေနဲ့ မြန်မာ့ယဉ်ကျေးမှုအနုပညာ တွေ၊ ဓာတ်ပုံတွေ အကြောင်း ရှာဖွေတင်ဆက် ပေးကြပါတယ်။ တချို့လည်း ကဗျာတွေ၊ ၀တ္ထုတွေ၊ ဆောင်းပါးတွေ ရေးသားကြပါတယ်။ ကမ္ဘာအရပ်ရပ်မှာရောက်ရှိနေတဲ့ မြန်မာလူမျိုး၊ နိုင်ငံခြားမှာ မွေးဖွား ကြီးပြင်းတဲ့ မြန်မာတွေအတွက်တော့ ဘလော့ရေးသားခြင်းဟာ မြန်မာစာပေကို ထိန်းသိမ်းခြင်းတစ်ရပ်ဖြစ်တဲ့အတွက် ၀မ်းမြောက်မိပါတယ်လို့ မြန်မာဘလော့ဂါတစ်ဦးက ပြောပါတယ်။

လူငယ်တွေအနေနဲ့ အင်တာနက်အသုံးပြုတဲ့အခါ ရပ်တန့်မပစ်ဖို့က အရေးကြီးပါတယ်။ တချို့က Chat room ထဲမှာတင် ပျော်ပြီးနေကြတယ်။ တချို့က Forum ထဲမှာ၊ တချို့က ဘလော့ရေးသားခြင်းမှာ ရပ်တည်နေကြတယ်။ တကယ်ဆို အင်တာနက်မှာက ဒီထက်ပို လုပ် နိုင်တာတွေ အများကြီးရှိနေပါသေးတယ်။ မိမိလေ့လာချင်ရင် လေ့လာနိုင်သလောက် မိမိအသိ ပညာမိုးကုတ်စက်ဝိုင်းကို မြှင့်တင်သွားလို့ ရပါတယ်။ အဲဒါကြောင့် အင်တာနက်သုံးစွဲရင် စူးစမ်းလိုစိတ်ကို အမြင့်ဆုံး မြှင့်တင်ထားသင့်တယ်လို့ ကိုမွတ်ကပဲ ဆက်လက်ရှင်းပြပါတယ်။

အင်တာနက်ဖုန်း

တချို့ကတော့ အလွယ်တကူ အင်တာနက်ဖုန်းပြောတယ်လို့ သုံးစွဲလိုက်တာပါ။ အမှန် တကယ်က အင်တာနက်ချိတ်ဆက်ထားတဲ့ ကွန်ပျူတာကနေ Media Ring Talk တို့၊ Starhub.com တို့ကနေ နိုင်ငံခြား GSM တွေကို SMS ပို့တာတို့၊ Voice Call ခေါ်တာတို့ ပြုလုပ်ကြတာပါ။

ဒါဟာ Global Phone Company တွေရဲ့ ၀န်ဆောင်မှုအစိတ်အပိုင်းပါ။ သူတို့ လက်ကိုင်ဖုန်းတွေကို ၀ယ်ယူသုံးစွဲဖို့အတွက် ဆွဲဆောင်မှုပါပဲ။ အမှန်တကယ်လည်း အင်တာနက်ချိတ်ဆက်ထားတဲ့ လက်ကိုင်ဖုန်းတွေက ဈေးကွက်မှာ မျက်နှာပန်းလှလာပါ တယ်။ လက်ကိုင်ဖုန်းကနေပြီး အွန်လိုင်းပေါ်က သီချင်းတွေ၊ Movie တွေ Download လုပ်လို့ ရနေပါပြီ။ သတင်းအချက်အလက်တွေ၊ ဓာတ်ပုံတွေ ရှယ်ယာလုပ်နိုင်ပြီး၊ လက်ကိုင်ဖုန်းထဲက နေ ဘောလုံးပွဲတွေ တိုက်ရိုက်ကြည့်ရှုနိုင်အောင်အထိ ၀န်ဆောင်မှုပေးနေကြပါပြီ။ လက်ကိုင် ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေကလည်း Digital နည်းပညာနဲ့ သေးနိုင်သမျှ သေးကျုံ့ထားတဲ့ ဟမ်းဆက်ထဲမှာ များနိုင်သမျှ များနိုင်အောင် ဖန်ရှင်မျိုးစုံ ထည့်ထားဖို့ ကြိုးစားနေကြပါတယ်။ ဒါဟာ ဆက်သွယ်ရေးစနစ်ကြီးတစ်ခုလုံးကို တော်လှန် ပြောင်းလဲပစ်နိုင်မှာပါ။ အနာဂတ်ကာလမှာတော့ အင်တာနက်နဲ့ ဟမ်းဆက်ဟာ လူ့ဘ၀ရဲ့အပြုမူ အစိတ်အပိုင်းအားလုံးကို တိုက်ရိုက် အကျိုးသက်ရောက် စေနိုင်တော့မှာပါ။ အဲဒါဟာ ရှောင်လွှဲသွားဖို့ မဖြစ်နိုင်တော့ပါဘူး။ ကျွန်တော်တို့အားလုံးဟာ ထောင်စုသစ်ရဲ့ မနက်ခင်းဆီမှာပဲ တတိယလှိုင်းပေါ်က ဆိုင်ဘာခေတ်ထဲကို ရောက်ရှိလို့နေပါပြီ။

အောင်ပိုင်စိုး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...