Tuesday, July 5, 2011

သဒ္ဓါနှင့် ပညာ

Written by နန္ဒ၀င်း (ဆေး-၁) 
 ယခု ကျွန်တော် တာဝန်ကျနေတဲ့ မိုးညိုမြို့ကလေးကို ကျွန်တော်ကတော့ ဘာပဲဖြစ်ဖြစ် နှစ်သက်မိပါတယ်။ ရန်ကုန်ပြည်လမ်းမှ ဧရာဝတီ မြစ်ဘက်သို့ ဆန်၍ ၁၇ မိုင် ဝေးကွာသော နေရာတွင် ရှိနေသော မြို့ကလေး  ပီပီ လူနေမှု စနစ်က ကျေးလက်ဆန်ပြီး အရိုးခံတွေသာ များကြပါတယ်။ ရှိတာလေးနှင့်... လှအောင်ဝတ်ရတာလေးနှင့် လောက်အောင်စားရုံသာမက ကျစ်ကျစ်လျစ်လျစ် စုဆောင်းကာ အလှူအတန်းလည်း ရက်ရောကြပါတယ်။ အမှန်တကယ်သာ ယုံကြည်အားကိုးရမည်လို့ ထင်ရင် နောက်က ပုံအောပြီး လိုက်တတ်ကြပါတယ်။ 

ဆရာဝန် အတည်တကျ မရှိတာ ခြောက်လလောက် ကြာသွားပြီးမှ ကျွန်တော် ရောက်သွားတာကြောင့် လည်း သိုက်သိုက်ဝန်းဝန်းနှင့် လှိုက်လှိုက်လှဲလှဲကို အားပါးတရ ကြိုဆိုကြတာပေါ့။ ၀ိုင်းဝန်းလည်း ပံ့ပိုးပေးကြပါတယ်။ ဓာတ်မှန်စက်၊ လူနာကုတင်၊ ခွဲစိတ်ခန်းသုံးပစ္စည်း၊ လူနာစောင့်များ နားနေဆောင်၊ အသက်ရှုချဲ့စက်၊ သွေးခွဲပါဝင်မှု တိုင်းတာစက်၊ သွေးချိုတိုင်းစက်၊ ကွန်ကရစ် ရေစင်၊ လေးခန်းတွဲ ယင်လုံအိမ်သာ စသည်ဖြင့် ကျွန်တော် ပြောပြသမျှ ဆေးရုံအတွက် လိုအပ်ချက်တွေကို မြို့လူထုက ဖြည့်ဆည်းပေးကြတာဟာ အင်မတန် တိုတောင်းတဲ့ သုံးလေးငါးလ အတွင်းမှာတင် တန်ဖိုး သိန်းပေါင်း ၁၄၀ ထိအောင် ရှိခဲ့ပါပြီ။ ကိုယ်ပိုင်ငွေကြေး ရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ ကိုယ်လုပ်ကိုင်သော လုပ်ငန်းများကို အားလုံးက တိုးတက်အောင် ပံ့ပိုးပေးကြတာနှင့်တင် ကျွန်တော့်မှာ ပီတိဖြစ်ကာ ကျေနပ်ရပါတယ်။ 
 မြို့ကလေး၏ သဒ္ဓါတရားကိုလည်း အင်မတန်မှပင် လေးစားမိပါတော့တယ်။ ကျေနပ်ပီတိ ဖြစ်လို့မှ မ၀သေးဘူး မြို့သူမြို့သားတွေရဲ့ သဒ္ဓါစိတ်ကို အသုံးချ စော်ကားသွားတဲ့ အဖြစ်အပျက်တွေက ဆက်တိုက် ဆိုသလို ပေါ်လာပါလေရော။

တစ်နေ့မှာ မြို့အ၀င်က မြို့ဦး ရွာကလေးကို အမျိုးသမီးကြီး တစ်ဦး ရောက်လာပါတယ်။ လူရည်သန့်သန့် ရည်ရည်မွန်မွန် အမျိုးသမီးကြီးဟာ ဆိုင်ကယ်တစ်စီးကို ကယ်ရီခေါ်ရင်း ရောက်လာတာလို့ ဆိုပါတယ်။ ဒါပေမယ့် ခြေထောက် တစ်ဖက်မှာလည်း ပတ်တီးကြီး စည်းလို့ပေါ့။ ရွာဦးကျောင်း ဆရာတော်ကို ၀တ်ပြုပြီး စကားတွေ ရေပက်မ၀င်အောင် စွဲဆောင်မှု ရှိရှိနှင့် ပြောနေတာကို အားလုံး ငေးကြည့်နားထောင်ရင်း သဘောပေါက်လာတာကတော့ သူမဟာ ပင်စင်စား ကျန်းမာရေး ၀န်ထမ်း တစ်ဦး ဖြစ်တယ် ဆိုတာပါပဲ။ (တချို့က ကြားတော့ သားဖွား ဆရာမတဲ့။ တချို့ကတော့ ဆရာဝန်မကြီးတဲ့) ခုပင်စင်ယူခါစမှာ ဆိုင်ကယ် တိုက်ခံလိုက်ရလို့ အစိုးရ ထောက်ပံ့ကြေးနှင့် လျော်ကြေးပေါင်း သိန်းတစ်ရာ့ငါးဆယ် ရလိုက်တယ်လို့ ဆိုပါတယ်။ အဲဒီ ငွေတွေနှင့် ဒီရွာလေးမှာ ကျောင်းဆောက်ချင်လို့ လာခဲ့တာလို့ ဆိုပါတယ်။ အလှူရှင် ဆိုတာနဲ့ အားလုံးဟာ ဇာစ်ဇာစ်မြစ်မြစ် မမေးမြန်းကြဘဲ ပျော်ပျော်ပါးပါးကို လက်ခံထားလိုက်ပုံ ရပါတယ်။ သံသယ ၀င်မယ် ဆိုရင်တောင် သူက လှူမယ့်သူပဲလေ ဆိုပြီး ဘာမှ မဖြစ်တန်ပါဘူး ဆိုတဲ့ စိတ်က ရှိနေမှာပါ။ ဒီလိုနေရာက တစ်နေ့ မင်းလှမြို့ကို ငွေလွှဲသွားထုတ်မယ် ဆိုပြီး သွားပါလေရော။ ဟိုရောက်မှ အတူလာသူကို လက်ဖက်ရည်ဆိုင်မှာထား ခြေထောက်အနာကို ဆေးသွားထည့်မယ် ဆိုပြီး ထွက်သွားလိုက်တာ ခုချိန်ထိ ပြန်မလာတော့ပါဘူး။ ပြန်မလာတော့ပါမှ ရွာထဲမှာ အသံတွေ ထွက်လာတော့တာ ပါပဲ။ ဆရာမကြီး ရွာမှာနေသွားတဲ့ သုံးရက်အတွင်း သူ့မှာပါလာတဲ့ လူခြောက်ကလေးကို ပြပြီး လူခြောက်ကလေးက ရွှေပွားတယ် ဆိုလို့ ဟိုလူက လက်စွပ်၊ ဒီလူကဆွဲကြိုး ဘယ်သူက နားကပ် စသည်ဖြင့် ပေးထားတာတွေဟာ ပေါ်လာပါရော။ အလှူ့အမလောင်းကြီးမို့ မထင်ဘူးတို့။ တို့ကိုက ညံ့တာပါ စသည်ဖြင့် တဖျစ်တောက်တောက်နှင့်ပေါ့။ အယုံသွင်းပြီး ဟိုးရှေးရှေးတည်းက နည်းကို သုံးသွားတာပါ။ 


သဒ္ဓါအားကောင်းပြီး အယုံလွယ်သူတွေမှာ ဆင်ခြင်မှု ပညာကို လောဘက ဖုံးသွားပြန်တော့ လိမ်လိုသူတွေရဲ့ အကွက်ထဲ ၀င်ရတာပေါ့။အဲဒီထက် ပိုဆိုးပြီး ကျွန်တော်နှင့် ပတ်သက်ရတဲ့ ကိစ္စက မကြာခင် ရက်ပိုင်း အတွင်းမှာ ကြုံတွေ့ရပြန်ရော။ တစ်ရက်မှာ သတင်းကြားပါတယ်။ ပင်စင်စား အထူးကု ဆရာဝန်ကြီး တစ်ဦး မြို့ကိုရောက်လာပြီး ရန်ကုန်မှာ ခွဲစိတ်ခံထားရပြီး မသက်သာတဲ့ မုန်ချိုအိတ်ကင်ဆာ (Pancreas cancer) ရောဂါသည် တစ်ဦးကို လာကုနေတယ် ဆိုတာပါ။ ရေနစ်သူအတွက် ကောက်ရိုးတစ်မျှင်လည်း အားဖြစ်ပါစေတော့ရယ်လို့ ဆိုပြီး လာကုသူဟာ အစစ်အမှန် ဟုတ်၊ မဟုတ် မစစ်ဆေးမိပါဘူး။ ဒါပေမယ့် ရက်ပိုင်း အတွင်းမှာပဲ ထိုလာကုသူက သူဟာ အေးအေးငြိမ်း၊ အိအိငြိမ်းကို ခွဲစိတ် ကုပေးခဲ့ဖူးတဲ့ ဆရာကြီး ဒေါက်တာမောင်မောင် ပါလို့ ဆိုလာပါတယ်။ ကျွန်တော့် ဆရာကြီးအဖြစ် ကြုံခဲ့ဖူးတဲ့ ဆရာကြီးရဲ့အမည် ပါလာတော့ ကျွန်တော့်မှာ တာဝန် ရှိလာရ ပြန်ပါတယ်။ အမှန်တကယ် ကျွန်တော် တာဝန်ကျတဲ့နယ်မှာ ဆရာကြီးတွေလာရင် သွားရောက် ဂါရ၀ပြုတတ်တာက ကျွန်တော့် အကျင့်ပါ။ မကြာသေးခင်က ပင်စင်စား ခွဲစိတ်ဆရာဝန်ကြီး တစ်ဦး ကုမ္ပဏီတစ်ခုရဲ့ အစီအစဉ်နှင့် ကျွန်တော့် အပိုင်က တိုက်နယ် ဆေးရုံတစ်ခုမှာ လာရောက် ခွဲစိတ်ပေးတာ ကျွန်တော် ဂါရ၀ပြုရင်း လည်ပင်းကြီးရောဂါ ခွဲစိတ်တာကိုတောင် လက်တွေ့ သင်ကြားမှု ခံယူလိုက်ရလို့ ခု နောက်ထပ်လူတွေကို ကုသပေးနိုင်နေပါပြီ။ အဲဒီလူ တည်းနေတဲ့အိမ်ပေါ် တက်လိုက်ကတည်းက အဲဒီလူဟာ လူလိမ်ဆိုတာကို သိလိုက်ရပါပြီ။ ကျွန်တော် အရင် တာဝန်ကျတဲ့ နယ်ဘက်မှာ သူ့ကိုယ်သူ အိုဂျီမောင်မောင် ဆိုပြီး လိမ်လည်လို့ ထောင်နှစ်နှစ် ကျဖူးခဲ့တဲ့ ရမ်းကုတစ်ယောက် ဆိုတာပါ သိလိုက်ရပါပြီ။

နဂိုတုန်းက စိတ်နှင့်ဆို အသက် ကြီးကြီးငယ်ငယ် ကုပ်ဆွဲပြီး ဖမ်းချုပ်လိုက်ပါတယ်။ ဒါပေမယ့် ခုနယ်ရဲ့ မျက်နှာဖုံးတချို့ ကိုယ်တိုင် ယုံကြည်ပြီး ဆရာကြီးမှ ဆရာကြီး ဖြစ်နေချိန်မှာ မဟုတ်ကြောင်း သက်သေပြဖို့နှင့် အိမ်ရှင် အပါအ၀င် အားလုံးရဲ့ အရှက်သိက္ခာကို ကာကွယ်ဖို့ တာဝန်ရှိနေပါသေးတယ်။ စိတ်ကို ထိန်းချုပ်လိုက်ပြီး နှုတ်ဆက်စကား ဆိုလိုက်ပါတယ်။ အေးအေးငြိမ်းနှင့် အိအိငြိမ်းကို ခွဲစိတ်ကုသ ပေးခဲ့ဖူးတဲ့ ဆရာကြီး ဒေါက်တာမောင်မောင် ပါလား ဆိုတော့ အေးလေကွာ ငါပဲလေ တီဗွီထဲမှာ မင်းမတွေ့ဘူးလားလို့ ဆိုပါတယ်။ ရင်ထဲမှာ ဒေါသတွေ ဘလောင်ဆူနေတဲ့ ကျွန်တော်ဟာ ဦးလေးဟာ ကျွန်တော်တို့ရဲ့ ဆရာကြီး ဦးမောင်မောင် မဟုတ်ပါဘူးလို့ သွားကြားထဲက လေသံနှင့်ပဲ ပြောလိုက်မိပါတယ်။ ဆက်ပြီး ဆရာဝန်ကြီး ဆိုရင် ဆမနံပါတ် ဘယ်လောက်ပါလဲခင်ဗျာ ဆိုတော့ ငါအစိုးရကိုရော ဆေးပညာလောကကိုရော စိတ်နာလို့ ဒါတွေကို မေ့ထားလိုက်ပြီလို့ ဆိုပါတယ်။ အတင်းပြောပါ ဆိုကာမှ နှစ်ကွာတဲ့။ နှစ်ဆိုတာ ဘယ်လောက်လဲ နှစ်ရာလား၊ နှစ်ထောင်လား၊ နှစ်သောင်းလား ဆိုတော့ များရင် ပိုကြီးမယ် ထင်တဲ့ လူလိမ်ကောင်က နှစ်သောင်းတဲ့လေ။ မရိုသေစကား ထထိုးချင်မတတ် ဖြစ်နေတဲ့ ကျွန်တော်က ဒါဆို ခင်ဗျား ကျွန်တော့်ဆီက လက်ထောက် ဆရာဝန်ကလေး ထက်တောင် ငယ်ပါသေးလားလို့ ဆိုလိုက်မိပါတယ်။ တဟားဟား ရယ်ပြီး အတင်း ကျွန်တော့်လက်ကို ဆွဲဖို့ ကြိုးစားရင်း အသက်ကြီးတော့ မေ့ပြီကွယ့်လို့ ဆိုပြန်ပါတယ်။ အဲဒီအချိန်ထိ သူ့ကို လက်ခံထားတဲ့ အိမ်ရှင်တွေရဲ့ ယုံကြည်မှု သဒ္ဓါက လျော့ပါးပုံ မပေါ်ဘဲ သူတို့ ဆရာကြီးကို လာရစ်နေတယ် ဆိုတဲ့ပုံ ပေါက်နေတုန်းပါပဲ။ အရာရာကို သံသယစိတ် ၀င်တတ်တဲ့ ကျွန်တော်ဟာ ဖျတ်ကနဲ အားလုံး အလိုတူ အလိုပါနှင့် မျောက်ပြဆန်တောင်း လုပ်ချင်နေကြတာများလား လို့တောင်တွေးမိပါသေးတယ်။ ဒါပေမယ့် သူတို့ စဉ်းစားဉာဏ် နည်းလို့ ဆိုပြီးတော့ပဲ စိတ်ထဲမှာ ကြိတ်ခွင့်လွှတ်လိုက်ပါတယ်။ ပေါင်းစားတယ် ဆိုရင်လည်း ဘယ်သူပါပါ ကျွန်တော်က ဂရုစိုက်မှာ မဟုတ်ပါဘူး။ ကျွန်တော့် ဆရာကြီးရဲ့ ဂုဏ်သိက္ခာနှင့် မြို့နယ်ဆရာဝန် တစ်ယောက် ဖြစ်တဲ့ ကျွန်တော် ကာကွယ်ပေးရမယ့် မြို့လူထု အတွက် တိုက်ပွဲဝင်သွားဖို့ကို ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော်တို့ ဘွဲ့ယူစဉ်က ကြက်သီးဖြန်းဖြန်းထအောင် ရွတ်ဆိုခဲ့ရတဲ့ မိမိကို ဆေးပညာ သင်ပေးခဲ့သော ဆရာသမားများအား မိဘသဖွယ် ကိုးကွယ်ပါအံ့ ဆိုတာရယ်၊ လူနာတို့၏ ကိုယ်၏ကျန်းမာရေး၊ စိတ်၏ကျန်းမာရေး တို့ကို မိမိ အရေးသဖွယ် စောင့်ရှောက်ပါအံ့ ဆိုတာကို သတိတရနှင့် ကိုယ့်မိဘလို သဘောထားရမယ့် ဆရာကြီး အတွက် မြို့လူထုအတွက် ပြီးတော့ အမှန်တရား အတွက် ကျွန်တော် လုပ်ကိုလုပ်ရမှာပါ။ (အမှန်တရားကို ဦးထိပ်မထားတဲ့ တချို့သူတွေကတော့ လိုက်လိုက် လျောလျော ပေါ့ပေါ့သက်သာလေးလုပ်ပါ ဆရာရယ်လို့ တိုက်တွန်းကြပါတယ်။ ကျွန်တော် အဲဒီလို ပြောခံရတာနှင့်တင် သူတို့နှင့် ပတ်သက်မိတာကို ရှက်မိပါတယ်။) ကျွန်တော် ဆက်မေးပါတယ်။ 

ကျွန်တော်တို့ ဆရာဝန်ဖြစ်တော့ ရွတ်ဆိုခဲ့တဲ့ ကတိသစ္စာကို မှတ်မိပါသလား ဘယ်လိုခေါ်ပါလဲ ဆိုတော့ အသက်ကြီးပြီလေကွာ မေ့ပြီပေါ့တဲ့။ ဟစ်ပိုကရေးတီးအုတ်ခ်လို့ ခေါ်တဲ့ ကတိသစ္စာကို ဆရာဝန်တိုင်း တရေးနိုး ထမေးတောင် ဖြေနိုင်ပါတယ်။ အသားတွေတုန်လာအောင် ဒေါသထွက်နေမိတဲ့ ကျွန်တော်ဟာ ဒေါသကို ထိန်းရင်း ခင်ဗျားဘာလဲ ဆိုတာ ကျွန်တော်သိနေပြီ ဒုက္ခ မရောက်ချင်ရင် ဘာလုပ်ရမယ် ဆိုတာ သိတယ်နော်လို့ အားလုံးရဲ့မျက်နှာကို ထောက်ထားပြီး ပြောလိုက်ပါတယ်။ သူ့ရဲ့ ပြန်ပါတော့မယ် ဆိုတဲ့ စကားနောက် ကျွန်တော် လှည့်ပြန်လာပါတယ်။ အချင်းချင်း အားတောင့်အားနာ ဖြစ်နေတဲ့ ကျွန်တော့်လူတွေကို ကြည့်ပြီး ပထမဦးဆုံး စိတ်ပျက်မိသလို စိတ်ထဲကလည်း ရှုတ်ချမိပါတယ်။ ရဲစခန်းခေါ်ပြီး ရဲလက် မအပ်လိုက်ရတာကိုပဲ စိတ်ထဲမှာ နိုင်ငံသား တစ်ယောက်ရဲ့ တာဝန် မကျေသလို မြို့နယ် ကျန်းမာရေးဦးစီး ဌာနမှူး တစ်ဦးရဲ့တာဝန် မကျေသလို တပည့် တစ်ယောက်ရဲ့ တာဝန် မကျေသလို ခံစားရပါတယ်။ မြို့ကို ကယ်တင်မလို့လာတာ မင်းတို့ဆရာဝန်က လက်မခံတော့ မင်းတို့ထိုက်နှင့် မင်းတို့ကံ ငါပြန်မယ်။ အေးသနားလို့ ဆီးချို အမြစ်ပြတ်ဆေးကိုတော့ ရောင်းပေးခဲ့မယ်။ တစ်ခွက်စာ တစ်သိန်းနှင့် ခြောက်ခွက်သောက် ပျောက်ရမယ် ဆိုတဲ့ စကားကို ပြောနေပြီလည်း ဆိုရော ပထမတော့ သေးတဲ့အမှု ပပျောက်ပါစေ ဆိုပြီး မဲတင်းနေရတဲ့ ကျွန်တော်ဟာ ရဲစခန်းဆီကို ခြေဦးလှည့်လိုက် ပါတော့တယ်။ သက်ဆိုင်ရာက ခေါ်စစ်တော့မှ သူဟာ ထားဝယ်ခရိုင် လောင်းလုံမြို့ကလာတဲ့ အတန်းပညာ ကိုးတန်းပဲ တတ်တဲ့ ဗိန္နောဆေးပညာ နည်းနည်းတတ်တဲ့ ရမ်းကုတစ်ယောက် ဆိုတာ ၀န်ခံပါတော့တယ်။ မိမိရဲ့ လုပ်ပိုင်ခွင့်ထက် ပိုပြီး မစွက်တတ်တဲ့ ကျွန်တော်ဟာ ရဲမှာ သူတရားဝင် ၀န်ခံရင်ပဲ ဆရာကြီး အတွက် ပြည်သူ့အတွက် ကာကွယ်မှု လုံလောက်ပြီလို့ ထင်ပါတယ်။  သူအပြစ်ပေးခံရခြင်း၊ မခံရခြင်းဟာ ကျွန်တော် စိတ်ဝင်စားရမယ့်အရာ မဟုတ်ဘူးလို့ မှတ်ယူထားပါတယ်။

သဒ္ဓါစိတ် သိပ်သန်တဲ့ ကျွန်တော့်မြို့ကလေး(ကျွန်တော်ကတော့ ရောက်ရာအရပ်ဟာ ကျွန်တော့် အရပ်လို့ပဲ ခံယူထားပါတယ်။)က သူတွေဟာ အောင်ဖျာလိပ်တော့မယ့် သူ့ဆီကိုသွားပြီး လေးဖက်နာ အတွက် ဘယ်တစ်လုံး၊ ညာတစ်လုံး ထိုးပေးခဲ့တဲ့ဆေး ဘာလဲ ရေးပေးခဲ့ပါလို့တောင် သွားတောင်းတယ် ကြားပါသေးတယ်။ တကယ်လည်း သက်သာသွားတာကိုး။ အမှန်တော့ အဲဒီဆေးဟာ တစ်လုံးထိုးဖို့တောင် အင်မတန် ချင့်ချိန်ရတာပါ။ ကိုယ်ပေါ်မှာ သွေးတွေထွက်တတ်၊ ဦးနှောက်သွေးကြော ပြတ်တတ်၊ အရိုးတွေ ပွတတ်၊ နှလုံးရောဂါ ဖြစ်တတ်တဲ့ဆေးကို ဘာမှမဖြစ်ရင်၊ ဘာမှမဖြစ်ဘူး ဆိုပြီး နှစ်လုံးပူး ထိုးခဲ့တာကို ကျေနပ်နေကြတာပါ။ သဒ္ဓါများပြီး ပညာနည်းရင် လူလိမ်ခံရတတ်ပါတယ် ဆိုတာ သိပ်မှန်တာပါပဲ။ ဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့လိုအပ်ချက်ကိုပဲ ဆန်းစစ်ရမယ့် ကျွန်တော် မှတ်ယူလိုက်တာကတော့ အဲဒီလိုလူတွေရဲ့ အသိပညာ မတိုးတက်တာ ကျွန်တော် အလုပ်လုပ်ဖို့ အသိပညာတွေ ပေးဖို့ လိုနေသေးတယ် ဆိုတာပါပဲ။
ကြိုးစားလိုက်ပါဦးမည်။
 

  1 comment:

  1. ဘယ်လိုပြောရမလဲ..ရိုးပါ မအပါစေနဲ့လို့ပဲပြောရမှာပါ...

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...