Tuesday, July 19, 2011

ယောက်ျားတစ်ယောက်ကို လက်ထပ်ခြင်း…

[By Sanda Hlaing]

“ယောက်ျားတစ်ယောက်ကို လက်ထပ်တော့မယ်ဆိုကတည်းက သည်ယောက်ျားရဲ့ ရာထူးဝင်ငွေ၊ အရည်အချင်းနဲ့ ဂုဏ်သိကာကို စဉ်းစားပြီးမှ မိန်းမတစ်ယောက်က လက်ခံခဲ့တာပဲ။ တကယ့် တကယ် လက်ထပ်ပြီးတဲ့ အခါကျတော့မှ ရာထူးတို့၊ ၀င်ငွေတို့၊ အရည်အချင်းနဲ့ ဂုဏ်သိကာတို့နဲ့ ပြည့်စုံတဲ့ ကိုယ်လက်ထပ်တဲ့ ယောက်ျားရဲ့ မယားဖြစ်ရခြင်းဟာ ရေထမ်းသမားတစ်ယောက်ရဲ့ မယားဖြစ်ရတာလောက်မှ ပျော်စရာ မကောင်းမှန်း နားလည်လာရတယ်။ ဘာပြုလို့လဲဆိုတော့ ရေထမ်းသမားရဲ့ မယားဟာ သူ့ယောက်ျားရဲ့ အသည်းနှလုံးကို ပိုရလို့ပဲ”


အမေရိကန် သံအမတ်နှင့် စကားလက်ဆုံကျနေသော မမရီကို ငေးရင်း မလေးဖြူသည် တစ်ခါက မမရီ ပြောပြခဲ့ဖူးသော စကားများကို ကြားယောင်နေမိသည်။
မမရီသည် အမြဲတမ်းအတွင်းဝန် ဦးကျော်သူ၏ ချစ်ဇနီး ဒေါ်မိုးရီ ဆိုသူ ဖြစ်၏။ မလေးဖြူနှင့် ညီအစ်မတစ်ဝမ်းကွဲ တော်I မလေးဖြူက မမရီဟု ခေါ်ခြင်း ဖြစ်လေသည်။
ဦးကျော်သူနှင့် မမရီတွင် မိုးအိန္ဒာဟူသော ငါးနှစ်သမီးလေး တစ်ယောက်ထွန်းကားခဲ့၏။ အမေရိကန်သံအမတ်နှင့် စကားလက်ဆုံကျနေသော မမရီကို ကြည့်ရသည်မှာ မလေးဖြူ၏ မျက်စိထဲဝယ် တစ်ခုခု လိုနေသလို ထင်မိ၏။ မိုးရေကို မသောက်သုံးရသော စံပယ်ပွင့်ကဲ့သို့ လည်းကောင်း၊ နှင်းရည်ကို မရသည့် နှင်းဆီပန်းကဲ့သို့ လည်းကောင်း၊ သို့မဟုတ် လရောင်ခြည် မ၀သည့် ကုမုဒြာကြာကဲ့သို့ လည်းကောင်း၊ စွင့်စွင့်ကားကား လှလှပပ လန်းလန်းဆန်းဆန်း မရှိလှပေ။

“ငါ့စိတ်ကိုက ထင်နေလို့ပါ”

ကိုယ့်ကိုယ်ကိုယ်ပြောရင်း မလေးဖြူသည် မမရီကို စိုက်ကြည့်လိုက်ပြန်၏။ မမရီ၏ လှပ၍ ကျက်သရေရှိသော မျက်နှာကလေးသည် နေထိသည့် ကြာပွင့်လှိုညှိုးနွမ်းနေလေသည်။ မမရီ၏ သွက်လက်ချက်ချာသည့် ပင်ကိုဟန်အမူအရာသည် လေမုန်တိုင်းဒဏ်ကြောင့် နွမ်းထိသည့် ကြိုးကြာငှက်လို မောပန်းနေလေသည်။

မမရီ၏ ယောက်ျား ဦးကျော်သူသည် အမေရိကန်ပြည်သို့ ကုလသမဂ္ဂတွင် အထူးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ရန် ပြောင်းရွှေ့ရမည် ဖြစ်သောကြောင့် ဤ ဧည့်ခံပွဲသည် ဦးကျော်သူအား ဂုဏ်ပြုဧည့်ခံသောပွဲ ဖြစ်လေသည်။ ထို့ကြောင့် ဤဧည့်ခံပွဲသို့ တက်ရောက်ကြသော မင်းပရိတ်သတ်များမှာ အထက်တန်း အရာရှိများသာ အများဆုံးဖြစ်ရမည်ဟူ၍ အထူးဖော်ပြောစရာပင် လိုမည် မထင်ပေ။

ပြုံးကာ ရယ်ကာ   စကားပြောနေသော်လည်း ဟန်ပြုံး ပြုံး၍ ဟန်ရယ် ရယ်ပြီး ရင်ထဲမှာ မချိသော မမရီကို ကြည့်ရသည်မှာ စိတ်မောလှသဖြင့် မမရီ၏ အနီးဝယ် ဂျပန်သံအမတ်ကတော်နှင့် စကားပြောနေသော မိမိ၏ ချစ်လင်ကို ကြည့်လိုက်လေသည်။
မောင်သည် ဘာတွေများ စကားလက်ဆုံကျနေသည် မသိ။ ခြေဟန် လက်ဟန်နှင့်တကွ ပြုံးကာ ရယ်ကာ စကားပြောနေပုံမှာ အပြစ်မရှိသော ကလေးငယ်ကဲ့သို့ သူ့မျက်နှာက ကြည်လင်နေလေသည်။ မည်သည့်အခါမဆို မောင့်ကို ပါတီတွေမှာ ကြည့်လိုက်တိုင်း သူရှိရာ နေရာသည် လူစည်ကားလှသည်။ သူ စကားပြောလျှင် လူတိုင်းပွဲကျသည်။

“ဖြူ့မောင်တော် ရှိလေရာ အရပ်ဟာ အမြဲစိုပြေတယ်။ သူ့ကို လူတိုင်းက ခင်မင်တယ်။ သူနဲ့ နေရတာ ဖြူတော့ ပျော်မှာပဲ”

မလေးဖြူ၏ မိတ်ဆွေများသည် ဤသို့ပင် မလေးဖြူကို ပြောပြတတ်ကြသည်။ ဤအပြောတွင် မလေးဖြူက ပြုံးမိရသည်။ မောင်နှင့် နေရသည်မှာ ပျော်စရာကောင်းသည်ဆိုသည်ထက် ပျင်းစရာ မကောင်းဟူ၍ ပြောလျှင် ပို၍ မှန်ပါလိမ့်မည်။

မောင်သည် ရွှန်းရွှန်းဝေအောင်လည်း စကားပြောတတ်ပါ၏။ တစ်မိနစ် တစ်စက္ကန့်လေးမှ အငြိမ်မနေဘဲ ဟိုက ပစ္စည်း သည်ရွှေ့ သည်က ပစ္စည်း ဟိုရွှေ့နှင့် လှုပ်ရှားနေတတ်ပါ၏။ ဒါနှင့်မှ အချိန်ရပါသေးလျှင် မလေးဖြူ စိတ်ဆိုး၍ ရန်ထောင်လာအောင် စစ်ပွဲစ တတ်လေသည်။ ဒါနှင့်မှ အားမရသေးပါလျှင် တခူးခူး အသံမြည်အောင် ဟောက်ကာ အိပ်တော့သည်။

“မောင်ကတော့ စံပဲဟေ့၊ မောင်ရှိလေရာ အရပ်ဟာ အသံထွက်နေတာပဲ”

မလေးဖြူသည် ဤသို့ပင် သူ့ယောက်ျားကို ချီးမွမ်းစရာ မရှိ ရှာကြံ၍ ချီးမွမ်းတတ်လေသည်။ ယခုလည်း မောင် ရှိလေရာ အရပ်သည် အသံထွက်နေ၏။ မောင့်အပြောဝယ် ဂျပန်သံအမတ်ကတော်သည် အသံထွက်အောင် ရယ်မောနေရသည် မဟုတ်ပါလား။ သို့ပြောရင်းက တစ်ချက် တစ်ချက်တွင် မောင်က မလေးဖြူထံ စောင်းငဲ့၍ ကြည့်လိုက်ချေသေးသည်။ သူ့မောင်လို နှုတ်ရေးမရွှင်သည့် မလေးဖြူသည် ကထိကတစ်ယောက်နှင့် စကားပြောရင်းက မကြာခဏ လှည့်ကြည့်နေသော ချစ်လင်ကို ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်လေသည်။

အဓိပ္ပာယ်ကတော့ မောင်ချည်းပြော မောင်ချည်းပဲ ဖြစ်သည်။ ဤအဓိပ္ပာယ်ကို မလေးဖြူတို့နှစ်ယောက်မှ လွဲပြီး မည်သူမျှ နားလည်အံ့မထင်။

                                                ------------

တကယ့် တကယ်တော့ မမရီယောက်ျား ဦးကျော်သူ၏ ရာထူးနှင့် မလေးဖြူ မောင်၏ ရာထူးသည် အဆင့်အတန်း ကွာခြားလှလေသည်။ အဆင့်အတန်းကွာခြားခဲ့သလို အိမ်ထောင်ရေး သက်တမ်းကလည်း ခြားနားလှပါ၏။ ဒါကြောင့်လည်း တစ်ခါက မမရီသည် မလေးဖြူအား ဤကဲ့သို့ ပြောပြခဲ့လေသည်။

“ညီမရေ… မမရီယောက်ျားက ရာထူးကြီးတယ်၊ လခများတယ် ဆိုပြီး လူတွေက မမရီကို အထင်ကြီးကြတယ်၊ တကယ့်တကယ်တော့ ရာထူးကြီးတာဟာ သူ့ဘာသာကြီးနေတာပဲ၊ လခများတယ် ဆိုတာလည်း ကျားကြီးတော့ ခြေရာကြီးသလို ကလပ်စားစရိတ် ဘာစားစရိတ်တွေနဲ့ ဂဏန်းကသာ များတာကွဲ့၊ မမရီ လက်ထဲ ရောက်တာကတော့ အိမ်သုံးစားစရိတ်အဖြစ် လခရဲ့ အစွန်းထွက်ရဲ့ တစ်ဝက်ပါကွာ၊ အိမ်ထောင်သက်တမ်း ရှည်တော့မှ ပိုဆိုးတာကွဲ့၊ တကယ့်တကယ်တော့ ကိုကိုနဲ့ မမရီဟာ တစ်ယောက်ကို တစ်ယောက်မမြင်ရရင် သေမတတ် ချစ်ခဲ့ကြတဲ့ ချစ်သူတွေပါ။ အိမ်က သူနဲ့ မပေးစားဘူးဆိုလို့ မမရီမှာ အိပ်ဆေးတွေ သောက်ပြီး သေကြောင်းကြံခဲ့မိပါသေးတယ်။ သူကလည်း မမရီကို မမြင်ရရင် မနေနိုင်ပါဘူးဆိုပြီး လူကြီးတွေ မသိအောင် အစောင့်တွေကြားထဲက ခိုးခိုးပြီး လာတွေ့တယ်။ နောက်တော့ သူကလည်း ရာထူးရလာတာနဲ့ အိမ်က သဘောတူတယ်၊ မမရီတို့ သိပ်ပျော်ကြတာပဲ၊ မိုးမဆုံး မြေမဆုံးဆိုတာ ဒါပဲပေါ့ကွာ၊ မမရီတို့ ဇာတ်လမ်းကို ညီမလည်း သိသားပဲ မဟုတ်လား”

“အချစ်ဆုံး အကောင်းဆုံး အရည်အချင်းအပြည့်ဆုံး မိန်းမကို ရသဖြင့် သူ့လောက်လျင်တဲ့လူ သည်လောကမှာ မရှိပါဘူး”ဟူ၍ မိတ်ဆွေအပေါင်းကို ၀မ်းသာအားရ ထုတ်ဖော်ပြောပြနေသည်။ အစ်ကိုကျော်သူ၏ ရွှန်းမြမြ မျက်နှာကြီးကို မလေးဖြူက မြင်ယောင်နေမိလေသည်။

“ခက်တယ်ကွ ညီမရ၊ ယောက်ျားနဲ့ မိန်းမ သဘောထားဟာ ဘယ်လောက်ကွဲလွဲသလဲဆိုရင် မိန်းမတစ်ယောက်ဟာ အပျိုဘ၀က ရည်းစားတွေ မှိုလိုပေါက်အောင် ထားခဲ့ ထားခဲ့ သည်ယောက်ျားတစ်ယောက်ကို လင်အဖြစ် ရွေးချယ်လက်ခံလိုက်ပြီဆိုရင် ကိုယ့်ယောက်ျားက လွဲရင် သည့်ပြင်ယောက်ျားတွေဟာ ဖွဲ ဆန်ကွဲချည်း ထင်တယ်။ ယောက်ျားတွေကတော့ သည်လို မဟုတ်ဘူး။ ရည်းစားတွေ မှိုလိုပေါက်နေတဲ့အထဲက မိန်းမတစ်ယောက်ကို ဇနီးအဖြစ် ယူလိုက်တယ်။ သည်မိန်းကကို မယူခင်က ယုယခဲ့သမျှ မြတ်နိုးခဲ့သမျှ၊ အလိုလိုက်ခဲ့သမျှ သူ့မိန်းမ ဖြစ်ပြီဆိုတဲ့ နေ့က စပြီး သည်မိန်းမဟာ ငါပိုင်ပြီ၊ ငါ ချစ်ချင်တဲ့အချိန် ချစ်နိုင်ပြီ၊ ငါ ယုယချင်တဲ့ အချိန် ယုယနိုင်ပြီ၊ ဒါကြောင့် အရေးမကြီးတော့ဘူး ဆိုပြီး ယုယမှု၊ မြတ်နိုးမှု၊ လေးစားမှု၊ အလိုလိုက်မှု အားလုံးကို တခြားမိန်းမဆီ ပို့လိုက်တယ်။ တခြားမိန်းမဆိုတာကလည်း မိန်းမတိုင်း ဘယ်ဟုတ်မလဲ၊ သူနဲ့ အစအနရှိတဲ့ မိန်းမတွေ၊ သူ စိတ်ဝင်စားတဲ့ ဟာတွေကိုပေါ့ကွာ၊ မမရီ ပြောတာ နားလည်လား ညီမ”

မမရီ၏ ဇာတ်ကြောင်းကို သိနေသည့် မလေးဖြူက အလိုက်သင့်ပင် ခေါင်းညိတ်ပြလိုက်လေသည်။ မမရီ ပြောသကဲ့သို့ပင် အစ်ကိုကျော်သူသည် ဤအတိုင်းပင် ဖြစ်နေပါသည်။ အနီးစပ်ဆုံး ဥပမာကို ပြရမည် ဆိုပါလျှင် မမရီကို ငုံထားမတတ် ချစ်သော၊ ယုယသော၊ မြတ်နိုးသော အစ်ကိုကျော်သူသည် ယခုအခါတွင် မမရီ မော်တော်ကားပေါ် တက်ရန်အတွက် ဖွင့်ရန် ကျပ်တည်းသော ကားတံခါးကိုပင် ဖွင့်ပေးလိုဟန် မရှိတော့ပေ။

“အသုံးမကျသော မိန်းမ၊ နားမလည်သော မိန်းမ၊ ညံ့ဖျင်းသော မိန်မ”ဟူ၍ အဓိပ္ပာယ်ထွက်သော အသုံးအနှုန်းများနှင့်လည်း အစ်ကိုကျော်သူသည် မမရီအား လူပုံအလယ်ဝယ် သြဘာပြုတတ်ပါသေး၏။ မည်သူဖြင့် တော်ကြောင်းကို မမရီရှေ့ဝယ် အခြား မိန်းမတစ်ယောက်အား ချီးမွမ်းရသည်ကလည်း အကြိမ်ပေါင်း မနည်းလှပါ။

သူ ချီးမွမ်းလိုလျှင် ရိုးအနုံဖျင်း အကျင့်စာရိတ္တမှအစ အသုံးမကျသည်ကို သိနေပါလျက်နှင့် ထိုမိန်းမအကြောင်း ရေငုံပြီး မျက်စိမှိတ်ကာ မမရီကို သူ အပြစ်မရှိ အပြစ်ရှာသည့် အခါများကလည်း ရှိပါသေး၏။

“အေးကွယ်၊ တကယ်တော့ ကိုကိုဟာ စေတနာကို နားမလည်တာပါ၊ မမရီ အတတ်နိုင်ဆုံး၊ အကောင်းဆုံး သူ့အတွက် ကြိုးစားခဲ့တယ်၊ သူ မမရီရဲ့ စေတနာကို အသိအမှတ်မပြုဘူး၊ ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးတာတွေ သူ့ကို မမရီ လုပ်ပေးခဲ့တယ်၊ သူ နားမလည်ဘူး၊ ဒါကြောင့် တစ်ခါ တစ်ခါတော့လည်း မမရီတို့ အိမ်က ရေထမ်းသမား မောင်သိန်းရဲ့ မယားလောက်မှ ငါ့ဘ၀ဟာ မသာယာပါလားလို့ မမရီ တွေးမိတယ်”

အမြဲတမ်း အတွင်းဝန်ကတော် ရင့်မကြီးကြီးတစ်ယောက်က သူ့ရဲ့ အမြင့်ဆုံးသော ဘ၀ကို “ရေထမ်းသမားတစ်ယောက်ရဲ့ ဘ၀လောက်မှ မသာယာပါလား” ဟူ၍ နှိုင်းယှဉ်လိုက်ပုံမှာ မလေးဖြူအဖို့ မရယ်မောဘဲ မနေနိုင်တော့ပါ။

“ဖြစ်မှဖြစ်ရလေ မမရီရယ်၊ ခုလုပ်မှ ခုစား၊ သည်နေ့ စားရလို့ မနက်ဖြန် ဘယ်လိုမှန်း မသိတဲ့ ဘ၀ကိုများ အားကျရတယ်လို့”

“ညီမ မသိဘူးနော်၊ စားစရာ၊ ၀တ်စရာ၊ နေစရာတွေ မရှိဘူးဆိုတာက ဘ၀တစ်ခုကွဲ့၊ သည်စားဖို့ နေဖို့ ၀တ်ဖို့ကို ပူပင်ကြောင့်ကြနေရတဲ့အထဲက 'ငါ့မယား မီးယပ်ကျိုးလေး ငါ ရှာကျွေးမှ စားရမှာပါလား၊ ငါ့မယား လူမမာ သနားစရာလေးပါလား'ဆိုတဲ့ ကြင်နာမြတ်နိုးမှုကို ခံယူရတဲ့ ဘ၀ဟာ စကြ၀တေးမန္ဓတ်မင်းရဲ့ ကြင်ယာသက်ထားဘ၀နဲ့တောင် မလဲနိုင်အောင် သာယာတယ်၊ မောင်သိန်းရဲ့ မယား မနုဟာ မီးယပ်ကျိုး ကျိုးနေတယ်။ မောင်သိန်းက သူ ရေထမ်းတာဟာ သူ့မယား မီးယပ်ကျိုးကို လုပ်ကျွေးဖို့လို့ အမြဲပြောတယ်။ ထမင်းကျန် ဟင်းကျန် သူ့ကို ကျွေးရင်လည်း သူ ဘယ်တော့မှ မစားရက်ဘူး၊ သူ့မယား မီးယပ်ကျိုးဖို့ အမြဲသယ်သယ်သွားတယ်၊ တစ်ခါတလေ ရေခပ်နောက်ကျလို့ “ဟဲ့ မောင်သိန်း သည်နေ့နောက်ကျလိုက်တာလို့” မေးလိုက်ရင် “ ဟုတ်ကဲ့ မမ ညက မနု ကိုယ်တွေ လက်တွေ ကိုက်လို့ နှိပ်ပေးနေရလို့ မိုးလင်းမှ အိပ်ရတယ်၊ ဒါကြောင့်ပါ မမ”လို့များ ဖြေရင် “ အင်း မယ်နုရယ်၊ နင့်နှယ် ကံကောင်းလိုက်တာဟယ်၊ တို့များ ညည ချောင်းဆိုရင် ရေခပ်ပေးမယ့်လူ မရှိဘူး၊ တစ်ယောက်တည်း မောနေ၊ မျက်ရည်တွေ ကျအောင် ချောင်းဆိုးနေ ကိုကိုတို့များ လှည့်တောင် မကြည့်ဘူး၊ သူသာ တစ်ခုခု ဖြစ်ရင် မမရီမှာ ခြေမကိုင်မိ လက်မကိုင်မိနဲ့” လို့ တစ်ယောက်တည်း ပြောမိတယ်၊ တစ်ခါ တစ်ခါတော့လည်း မယ်နုလို့ မီးယပ်ကျိုး ကျိုးပြီး အိပ်ရာထဲက မထနိုင်အောင် မမာမကျန်း ဖြစ်လိုက်ချင်တယ်”

အရူးကြီးလို စိတ်ကူးရတိုင်း ပြောချင်ရာတွေ ပြောနေသည့် အစ်မ ဖြစ်သူကို ကြည့်ရင်း မလေးဖြူမှာ ရယ်ရမလို ငိုရမလို ဖြစ်လာရ၏။
“ငါ ကျန်းမာလို့ ငါ့ကို ကိုကိုက ဂရုမစိုက်တာ၊ မယ်နုလိုသာ ငါလည်း မီးယပ်ကျိုး ကျိုးနေရင် မောင်သိန်းက သူ့မယား ဂရုစိုက် ကြင်နာသလို ကိုကိုလည်း ငါ့ကို ဂရုစိုက်မှာပါပဲလို့လည်း မျှော်လင့်တွေးမိတယ်”

“တကယ့်အရင်းကို စစ်လိုက်တဲ့အခါကျတော့ မိန်းမတစ်ယောက်ဟာ ယောက်ျားတစ်ယောက်ကို လက်ထပ်တော့မယ် ဆိုကတည်းက သည်ယောက်ျားရဲ့ ရာထူး၊ ၀င်ငွေ၊ အရည်အချင်းနဲ့ ဂုဏ်သိကာကို စဉ်းစားပြီးမှ လက်ခံခဲ့တာပဲ၊ လက်ထပ်ပြီးတဲ့အခါကျတော့မှ ကိုယ် လက်ထပ်တဲ့ယောက်ျားရဲ့ ရာထူးတို့၊ ၀င်ငွေတို့ အရည်အချင်းနဲ့ ဂုဏ်သိကာတို့ဆိုတာဟာ ကြင်နာတတ်တဲ့ ရေထမ်းသမားတစ်ယောက်ရဲ့ မယား ဖြစ်ရတာလောက်မှ မဟန်မှန်း နားလည်ရတယ်၊ ရာထူး ဆိုတာကလည်း ဘ၀သာယာမှုကို မပေးဘူး၊ ၀င်ငွေဆိုတာကလည်း သူ သုံးချင်သလို သုံး၊ သူ စာရင်းပြချင်သလို ပြပြီး ကျန်တာမှ ရတာမို့ အိမ်ထောင်တစ်ခုရဲ့ အသုံးစရိတ်ဟာ မဖူလုံခဲ့ပါဘူး၊ အရည်အချင်းနဲ့ ဂုဏ်သိကာဆိုတာကလည်း အိမ်ထောင်သာယာရေးမှာ အထောက်အကူ မပြုပါဘူး၊ အဲ… အိမ်ထောင်သာယာရေး၊ ဘ၀သာယာရေးကို တကယ် ပေးတာကတော့ ကိုယ့်ယောက်ျားရဲ့ အသည်းနှလုံးကို ပိုင်ဆိုင်ရခြင်းပဲ ညီမ၊ ကိုယ့်ယောက်ျား ကိုယ့်လင်ရဲ့ မေတ္တာနဲ့ မြတ်နိုးခြင်း ယုယခြင်းကိုမှ မပိုင်ရ၊ မခံယူရရင် သည်မိန်းမဘ၀ဟာ အသက်ရှင်လျက်နဲ့ သေနေတာနဲ့ မခြားနားပါဘူး၊ တကယ်တော့ မမရီဟာ အတွင်းဝန် ဦးကျော်သူရဲ့ “ပွဲတက်မယား”ပါ။ ကြင်ယာသက်ထား ချစ်မယား မဟုတ်ပါဘူး”

မလေးဖြူသည် ဇာပ၀ါကို စုံချ၍ အမေရိကန်သံအမတ်၏ လက်ယာဘက်တွင် ထိုင်ကာ ညစာ သုံးဆောင်နေသည့် မမရီကို လှမ်းကြည့်လိုက်မိလေသည်။

မင်းပွဲသဘင်ဝယ် မမရီသည် အမြဲတမ်း အတွင်းဝန် ဦးကျော်သူ၏ ချစ်ဇနီးအဖြစ် ပွဲလယ်တင့်နေလေ၏။ သို့သော် ဦးကျော်သူ၏ အသည်းနှလုံးနှင့် မေတ္တာကိုမူကား မပိုင်ရှာသူပါတကား။

မောင်သည် မျက်လုံးများကို ခပ်စင်းစင်း ခပ်စွေစွေ လုပ်၍ ပြုံးတုံးတုံး အမူအရာနှင့် မလေးဖြူကို ပြန်ကြည့် လိုက်လေသည်။ မောင့်အကြည့်သည် အပြစ်ကင်းစင်သလို မောင့်အပြုံးသည် မလေးဖြူအဖို့ ရင်ခုန်စရာ ကောင်းလှပါ၏။ မောင့်အမူအရာသည် အပြစ်ကင်းစင်သည့် ကလေးငယ်ကဲ့သို့ ချစ်စဖွယ်ရှိပြီး မောင့်ကို ကြည့်ရသည်မှာ ရင်အေးစရာ ကောင်းလှပါသည်။ တကယ်တော့ မောင်နှင့် မလေးဖြူတို့ အိမ်ထောင်သက်သည် အချိန်တိုတောင်းလှပါသေး၏။
“မောင်နှင့် လက်ထပ်တော့မည်”ဟူသော သတင်းကို မလေးဖြူ၏ မိတ်ဆွေများကြားသိကြစဉ်က မောင်၏ ရာထူး၊ မောင်၏ ၀င်ငွေ၊ မောင်၏ အရည်အချင်းနှင့် ဂုဏ်သိက္ခာသည် ကြီးမားပါ၍ မလေးဖြူအတွက် ၀မ်းသာကြကြောင်း ချီးကျူးစကား ပြောကြားကြ၏။

မလေးဖြူသည် သူ၏ ရင်ကိုသာ ခွဲပြလိုက်ချင်တော့သည်။ ဤ ဂုဏ်သိက္ခာတွေကြောင့် မောင့်မေတ္တာကို လက်ခံရန် မလေးဖြူ မည်မျှ အချိန်ယူ၍ စဉ်းစားခဲ့သည်ကို မလေးဖြူ၏ မိတ်ဆွေများ မသိကြပါလေ။ “မပြုံးချင်ဘဲ ပြုံးရသည့် ဘ၀” နှင့် “ ဟုတ်ပါသည် မှန်ပါသည်၊ အားလုံးကောင်းပါသည်” ဟူသော အပေါ်ယံ ပေါင်းသင်းဆက်ဆံခြင်းကို မလေးဖြူသည် အကြောက်ဆုံး ဖြစ်လေသည်။

မိုးရွာထဲ လမ်းလျှောက်ရမည် ဆိုပါလျှင် မမောသည့် မလေးဖြူ၊ တစ်တောင်တစ်ရပ် ရှည်သည့် မြက်ပင်ရှည်ကြီးမှား တိုးဝှေ့၍ စမ်းချောင်းတွေ့တိုင်း ထဘီ ဒူးဆစ်ပေအောင် မ၍ ဆင်းကာ ဆော့ကစားချင်သည့် မလေးဖြူသည် “ဟန်ဆောင်လောက” နှင့် မထိုက်တန်ပေ။

“မောင့်ကို ဖြူ သိပ်ချစ်ပါတယ် မောင်၊ ဖြူ့ကို ချစ်တယ်ဆိုတာကိုလည်း ဖြူ ယုံကြည်ပါတယ်၊ ဒါပေမယ့် လူတွေက ဖြူ မောင့်ကို လက်ထပ်တာ မောင့်ရဲ့ ဂုဏ်တွေကြောင့်လို့ ပြောတဲ့အခါ ဖြူဖြင့် သိပ်အသည်းနာမိတာပဲ”

လွတ်လပ်စွာ နေ၍ လွတ်လပ်စွာ တွေးတတ်သည့် မလေးဖြူသည် လွတ်လပ်ခြင်း၏ အရသာကို ပျက်ပြုန်းစေသည့် မောင့်ဘ၀နှင့် မိမိ၏ဖြူစင်သန့်ရှင်းသည့် မေတ္တာကို လဲလှယ်စေသောအခါ ရင်နင့်စွာ ပြောပြတတ်၏။

“လူတွေက ထင်တယ် မောင်၊ အိမ်ထောင်ရေးကို သူတို့က ငွေကြေးနဲ့ တန်ဖိုးဖြတ်ကြတယ်၊ ငွေကြေးရှိရင် အားလုံး ပြီးစီးတယ်များ ထင်နေကြသလားပဲ၊ မှန်တာ ပြောမယ် မောင့်ကို လက်ထပ်လို့ ဖြူ့မှာ ဂုဏ်တက်လာမှာတော့ မြေကြီး လက်ခတ်မလွဲဘဲ၊ ဘာပြုလို့လဲဆိုတော့ လူတွေဟာ ဂုဏ်ရှိတဲ့လူကို ပူဇော်ကြတယ် မဟုတ်လား၊ ဖြူ လိုချင်တာက မောင့်အသည်းနှလုံးပါ၊ မောင့်အယုအယပါ၊ မောင့်မြတ်နိုးမှုပါ။ ဒါတွေကို လိုချင်လို့ လရောင်အောက်မှာ သီချင်းအော်ဆိုချင်တဲ့ မိန်းမ၊ မိုးရွာထဲ လမ်းလျှောက်ရမှာကို ကြိုက်တဲ့ မရွှေဖြူရဲ့ လွတ်လပ်ရေးတွေကို စွန့်လွှတ်ပြီး မောင့်မေတ္တာနဲ့ လဲလှယ်ယူရမှာပါ“

“ဒါကြောင့်လည်း ဖြူ ဆုတောင်းပါတယ်၊ ဖြူဟာ သစ်ပင်စိုက် ၀ါသနာပါတာမို့ သစ်ပင်စိုက်တဲ့အခါမှာ ဖြူ စိုက်တဲ့ နှင်းဆီပင်ကလေးက နှင်းဆီပန်းပွင့်ရင် ဖြူ ဆွေ့ဆွေ့ခုန်အောင် ၀မ်းသာတယ်၊ ဖြူ စိုက်တဲ့ သရက်ပင်က အသီးသီးရင် ဖြူ ကျေနပ်ကြည်နူးတယ်၊ ဖြူ ပြုပြင်ယုယထားတဲ့ သစ်ပင်ကလေးက ဖြူ ၀မ်းသာ ကျေနပ်အောင် အသီးသီးပေးပါလား၊ ပန်းပွင့်ကလေး ပွင့်ပေးပါကလား ဆိုပြီး ကြည်နူးမိပါတယ်၊ အဲဒီလိုပဲ မောင့်အပေါ်မှာ ဖြူ ထားတဲ့ မေတ္တာစေတနာဟာ ဖြူ့အပေါ်မှာ တုံ့ပြန်မှုရရင် ဖြူ ကျေနပ်ပါပြီ၊ ဒါထက်လည်း ဖြူ ဘာမှ မမျှော်လင့်ရဲပါဘူး”
မလေးဖြူသည် သူ ပြောလိုသည်များကို အားရပါးရကြီး ပြောပြီးသောအခါ အားရပါးရကြီးပင် ငိုချလိုက်လေသည်။

                                                 ----------

“ တကယ့် တကယ်တော့ ယောက်ျားတစ်ယောက်ကို လက်ထပ်တယ်ဆိုတာဟာ မိန်းမတစ်ယောက်အဖို့ ကိုးကွယ်အားကိုးရာ ရှာခြင်းပါပဲ၊ အိမ်ထောင်ပြုကြတယ် ဆိုတာကတော့ ဘ၀နှစ်ခုကို ပေါင်းစပ်ခြင်းမို့ တစ်ယောက်ကို တစ်ယောက် မြတ်နိုးယုယ၊ ကြင်နာ၊ စာနာနိုင်မှ အိမ်ထောင်ပြုသင့်ပါတယ်၊ ဒါကလွဲပြီး ဘာအကြောင်းမှ မရှိသင်ပါဘူး”

အတွေးခေါင်သည့် မလေးဖြူသည် ထုံးစံအတိုင်းပင် ဥပဒေသနှစ်ခုကို စဉ်းစားမိလိုက်ပြန်၏။

“ခက်တယ် ညီမ၊ တော်တော်ပဲ ခက်တယ်၊ လူ့စိတ်ဆိုတာ အတွေးတွေက အမြဲပဲ ဝေတတ်တယ်၊ ကိုယ့်ယောက်ျားဟာ တခြား မိန်းမတစ်ယောက်အပေါ်မှာ စိတ်ဝင်စားနေတယ်၊ ဒါမှမဟုတ်လည်း ဒါ့ထက်ကဲပြီး ကိုယ့်ယောက်ျားဟာ တခြား မိန်းမတစ်ယောက်ကို ကိုယ့်ကို အလိုလိုက်တာထက် ပိုပြီး အလိုလိုက်နေတယ်ဆိုတဲ့ အသိ မယားခေါင်းထဲမှာ ၀င်နေရင် ကိုယ့်ယောက်ျားကို ကိုယ်ချစ်တာက ချစ်တာပဲ၊ ဒါပေမယ့် မကျေနပ်ချင်ဘူး၊ စိတ်တိုချင်တယ်၊ အဲဒီအခါမှာ ပြုစုရမှာတွေ၊ ယုယရမှာတွေဟာ အလိုလိုနှေးကွေးလာတယ်၊

“ငါက ချစ်ပေမယ့် သူက ချစ်တာမှ မဟုတ်ဘဲ၊ ငါ့ကို သူ့အမျိုးသမီးလောက် ဂရုမစိုက်ပါဘူး” ဆိုတဲ့ အသိဟာ မယား ခေါင်းထဲမှာ ၀င်နေတယ်၊ သည်တော့ မယားရင်ထဲမှာ သူ့ယောကျာ်းကို ဘယ်လောက်ပဲ ချစ်ချစ် မကျေနပ်ဘူး၊ မကျေနပ်တော့ မသွက်လက်ဘူးပေါ့၊ သည်တော့ သူတို့ကလည်း အပြစ်ရှာလာကြတယ်၊ မိန်းမက တာဝန်မကျေဘူးပေါ့”

“တကယ်တော့ မမရီတို့ အိမ်ထောင်ရှင် ဇနီးမယားတွေမှာ ပြဿနာတွေက အများကြီး ရှိတာကွဲ့၊ အိမ်စရိတ် မလုံလောက်လို့ စိတ်ညစ်ရတာက တစ်မျိုး၊ သားသမီး နေမကောင်းလို့ ပူပင်သောက ရောက်ရတာက တစ်သွယ်၊ ဆွေရေးမျိုးရေး ကိစ္စအတွက် စိတ်ပင်ပန်းရတာက တစ်ဖုံ၊ ယောက်ျားတွေက ပြောဦးမယ်၊ သူတို့မှာ အလုပ်ဝတ္တရားက ပင်ပန်းတယ်လို့ မှန်ပါတယ်၊ မမရီတို့ မိန်းမတွေမှာလည်း သူတို့လို အလုပ်ဝတ္တရားက လက်ညှိုးထိုးပြစရာ မရပေးမယ့် စိတ်ရှုပ်စရာ စိတ်ပင်ပန်းစရာတွေဟာ အမြဲရှိတာပဲ မဟုတ်လား၊ ဖြူလည်း အိမ်ထောင်သည်ပါ၊ ကိုယ်ချင်းစာမိနိုင်ပါတယ်”

“အထူးသဖြင့်ပေါ့ကွယ်၊ ကိုယ့်ယောက်ျားက ကိုယ့်ထက် ပိုချစ်သွားမယ့် မိန်းမ၊ ဒါမှမဟုတ် ချစ်ရမယ့် မိန်းမ ရှိလာမှာကို အကြောက်ဆုံးပဲကွယ်၊ သည်တော့ အလုပ်များလို့ ရုံးပြန်နောက်ကျတယ်ပဲထား၊ မယားစိတ်ထဲမှာက ဘယ်အဆက်နဲ့များ တွဲနေပါလိမ့်၊ ငါ့ယောက်ျားကလည်း ရာထူးကြီး ဂုဏ်ကြီးဆိုတော့ ငါ့ယောက်ျားကို ပိုင်းချင်လို့ ညာဖြန်းတဲ့ မိန်းမနဲ့များ တွေ့သွားရင် ငါတော့ ငါ့သမီးလေးနဲ့ ဒုက္ခဖြစ်တော့မှာပဲ ဆိုတဲ့ အတွေးထက် ငါ့ထက် ဂရုစိုက်ရမယ့် မိန်းမဆိုတဲ့ အသံကလေးကိုတောင်မှ ကြားနိုင်တာ မဟုတ်ဘူး၊ ဖြူလည်း မိန်းမပဲ၊ ကိုယ်ချင်းစာကြည့်ပေါ့ကွယ်၊ သည်အထဲ ငါက အိမ်သုံးဖို့ ပိုက်ဆံတောင်းရင်ဖြင့် မရှိဘူး ပြောတယ်၊ သူ့ဟာမဖို့တော့ ဘာဝယ်ပေးရတာနဲ့ ညာဝယ်ပေးရတာနဲ့ဆိုတဲ့ မနာလိုစိတ်တွေကလည်း ၀င်နေ၊ ရုံးပြန်ချိန်ကနေပြီး စောင့်လာလိုက်တာ အချိန်လွဲလေ စောင့်ရတဲ့လူက မလာလို့ စိတ်တိုတာ တစ်မျိုး၊ ခုနလို အတွေးတွေ ခေါင်တာက တစ်မျိုးနဲ့ ဟော… ယောက်ျားလည်း ရောက်လာရော နှုတ်ခမ်းစူချင်ရော၊ စောင့်ရ မျှော်ရလွန်းလို့ စိတ်ပင်ပန်းပြီး လူကလည်း မလှုပ်ချင်တော့ဘူး၊ လင်ဆိုတော့ နွဲ့ကလည်း နွဲ့ချင်သေးတာ မဟုတ်လား၊ အဲဒါ သူတို့က ဦးအောင် ဆူတော့တာပဲ၊ ကိုယ်ကလည်း သူ နောက်ကျတာကို ပြောမှာစိုးလို့ သူက ဦးအောင် ရန်စတာလို့ ကိုယ့်အတွေးနဲ့ ကိုယ်တွေးပြီး ပြန်ပက်လိုက်တာပဲ၊ ကဲ… အဲဒါ ဘယ်သူ့အဆိုးလဲ၊ ဘယ်သူ့အပြစ်တင်ရမလဲ၊ သူတို့မှာသာ အစအန မရှိရင် ဘယ်မိန်းမကမှ ကိုယ့်ယောက်ျားကို အခုလို မထင်ဘူး၊ ကိုယ့်ယောက်ျားကို အထင်ကြီးလိုက်တာမှ မိန်းမတစ်ယောက်နဲ့ တစ်ယောက် ကိုယ့်ယောက်ျားကို အထင်ကြီးရာမှာ မတူကြဘူး မဟုတ်လား ဖြူ”

မမရီ၏ အပြောဝယ် မလေးဖြူက ပြုံးရပြန်လေသည်။ မမရီ ပြောသမျှ စကားများအနက် မိန်းမတွေ ကိုယ့်ယောက်ျားကိုယ် အထင်ကြီးပုံကိုမူ သဘောအကျဆုံး ဖြစ်လေသည်။ မလေးဖြူသည်လည်း သူ့မောင်ကို သူ အထင်ကြီးသူပင် မဟုတ်ပါလား။ မောင် ဘာလုပ်လုပ် ဟုတ်သည်ပင် ထင်သည်။ မောင်လိုလူ ဇမ္ဗူမှာ မရှိဘူး ထင်လို့လည်း ရွေးပြီး ချစ်ခဲ့ရသည် မဟုတ်ပါလား။

“သည်လို ကိုယ့်ယောက်ျား အစအနကို သူများတွေ နားမဆံ့မှ ကိုယ်က သိရတဲ့ အဖြစ်ရယ်၊ ကိုယ်က ချစ်သလို မတုံ့ပြန်ပါလားဆိုတဲ့ အသိရယ်ကြောင့် ကိုယ့်ကို အသံမာမာကလေးနဲ့ ပြောလည်း ငါ့ကို မချစ်လို့လို့ တွေးလိုက်တာပဲ၊ ကိုယ်လုပ်ပေးတာကို မကြိုက်ဘူးဆိုလည်း ဘယ်ကြိုက်တော့မလဲ၊ ငါ့ကို အချစ်ပေါ့တော့ အပြစ်ဝင်တာပေါ့လို့ တွေးတယ်ကွဲ့၊ မဖြူကော မတွေးမိဘူးလားဟင်၊ မမရီလို မတွေးမိဘူးလား”

မလေးဖြူက ကိုယ်ချင်းစာစွာနှင့် အစ်မဖြစ်သူ အချစ်စိတ္တဇဝေဒနာသည်ကြီးကို ခေါင်းညိတ်ပြလိုက်မိ၏။

“စဉ်းစားကြည့်စမ်းပါကွယ်၊ ရည်းစားဘ၀က မမရီ ထိုင်ရင် တင်ပါးနုနု နာမှာစိုးလို့ သူ့လက်ကိုင်ပ၀ါ ခင်းပေးရတာနဲ့၊ ကုလားထိုင်လက်တန်းပေါ် မမရီ လက်တင်ထားရင် နာမှာစိုးလို့ သူ့လက်ဖ၀ါး ခံပေးရတာနဲ့၊ ကုန်ကုန်ပြောမယ်ကွယ် မမရီ အလှပျက်မှာစိုးလို့ မထိရက် မတို့ရက်ဘဲ အလှကြည့်လာတဲ့သူက ခုတော့ တစ်နေ့က ထမင်းချက်တဲ့သူ ထွက်သွားလို့ မမရီ ထမင်းဝင်ချက်တာ လက် မီးလောင်သွားတယ်ကွယ်၊ အဲဒါ သူ့ရှေ့ ကိုယ့်လက်ကလေး ကိုယ် ကိုင်နေမိတော့...

“ကျုပ်ကို နွဲ့ပြမနေစမ်းပါနဲ့ဗျာ၊ ထမင်းချက်ရလို့ လက်မီးလောင်တာ အဆန်း မဟုတ်ပါဘူးတဲ့၊ ကိုယ် မတတ်လို့ ကိုယ်ခံရတာတဲ့”

ကဲ.. ညီမ စဉ်းစား ကြည့်စမ်း၊ ဘယ်လောက် အသည်းနာစရာ ကောင်းလိုက်သလဲ၊ သည်နေ့ပဲ မမရီ မေမေကလည်း အိမ်ကို လာလည်တာနဲ့ ကြုံသွားတယ်၊ သမီးလက်ကလေး မီးလောင်တာ တယုတယ ကိုင်ကြည့်ပြီး “ဖြစ်မှ ဖြစ်ရလေ သမီးရယ်၊ သမီးက မီးဖိုဝင်ဖူးတာမှ မဟုတ်ဘဲ၊ လုပ်စ ကိုင်စ မရှိတော့ ဖြစ်တာပေါ့၊ အေးပေါ့လေ၊ ကိုယ့်လင် ကိုယ့်သား စားဖို့ဆိုတော့ လုပ်ရတာပဲ၊ ဒါဟာ မိန်းမတွေရဲ့ မိခင်စိတ်စေတနာ” လို့ ပြောရင်း နှစ်သိမ့်သွားရှာတယ်”

“တကယ်တော့ စကားတစ်လုံးပါပဲ၊ သူများ နားဝင်အောင် နှစ်သိမ့်တတ်တဲ့ စကားပြောရမှာ ခဲယဉ်းသလားကွယ့်၊ မိန်းမတွေဟာ နှာခေါင်းမပါရင် ဟိုဟာကိုတောင် စားကြတယ်လို့ စကားပုံ ရှိတယ်နော်၊ မမရီကို ငယ်ငယ်က လူကြီးတွေက သည်စကားပုံနဲ့ နှိုင်းရင် ဆတ်ဆတ်ခါ နာမိတယ်၊ သည်မိန်းမ အညံ့စားတွေထဲမှာ မိုးရီ မပါပါဘူးလို့ လက်မထောင်ပြီး ငြင်းခဲ့ဖူးတယ်။ ခုတော့ ၀န်ခံတယ် ညီမရေ မိုးက လွဲရင် ကိုကိုက ဘယ်မိန်းမကိုမှ မျက်မွှေးထော်လို့ မော်ကြည့်တာ မဟုတ်ဘူးဆိုရင် အမယ်လေး ညီမရေ့ မမရီရင်ထဲ ပီတိတွေဆိုတာ အထပ်လိုက် အထပ်လိုက် လူကြီးတွေက ဘယ်လိုပဲ သဘောမတူဘူးပြော “ ကိုကိုမှ ကိုကို” ကိုကိုကလွဲရင် ဘယ်သူ့မှ မချစ်နိုင်ဘူးပေါ့”

“ယုံမိတာ ယုံမိတာ၊ တကယ်တော့ နှာခေါင်း ရှိလျက်နဲ့ နံရမှန်း မသိတဲ့ မမရီပါကွာ၊ အခုတော့ ကိုယ့်ယောက်ျားကို ကြံဖန်ပြီး ကျေးဇူးတင်ရသေးသဟေ့၊ သူ့သမီးကိုတော့ ချစ်ရမှန်း သိသကွယ့်၊ ဒါ တစ်ခုတော့ ကိုကို့ကို ကျေနပ်မိပါတယ်၊ မမရီကို မကြင်နာပေမယ့် သမီးလေးကို မြတ်နိုးရင် မမရီ ခံစားနေရတဲ့ ဝေဒနာတွေထဲက တစ်ဝက် လျော့ပါတယ်၊ ဒါနဲ့ ရယ်စရာပြောရဦးမယ် မမရီ ကိုကို့ကို မေးကြည့်တယ်၊ နေစမ်းပါဦးရှင့်၊ မိန်းမရှိပြီးသား အိမ်ထောင်ရှင် ယောက်ျားတွေဟာ သားတာဝန် မယားတာဝန် ဆိုတဲ့ အိမ်ထောင့်တာဝန်တွေ ထမ်းနေရသေးတဲ့အထဲက ဘာပြုလို့များ အပျော်ထားချင်ရတာလဲလို့”

“အဖြေလဲ နားထောင်ဦး ညီမရေ့၊ တော်တော် မသိသားဆိုးတဲ့ မိန်းမတဲ့၊ ယောက်ျားဆိုတာ ကိုယ်နဲ့ ဘ၀အဖော် ဖြစ်၇မယ့် မိန်းမကိုသာ အကြိုက်ရွေးပြီး ယူခဲ့တာတဲ့၊ သည့်ပြင် မိန်းမကျတော့ မိန်းမလှ မလှ၊ ချော ချောမချော၊ အရည်အချင်း ရှိ မရှိ စေ့စေ့ကြည့်ရွေးနေတာ မဟုတ်ဘူးတဲ့”

“ဒါဖြင့် ဘာကြည့်တာလဲလို့ ထပ်မေးတာပေါ့၊ ပြော မပြောချင်ပါဘူး ညီမရယ်၊ ဘာမှကြည့်တာ မဟုတ်ဘူးတဲ့ ကိုယ်က စ လို့ လွယ်လွယ်နဲ့ လိုက်လာတဲ့ မိန်းမကို ကျေနပ်လိုက်တာပဲတဲ့၊ ကိုယ့်မိန်းမက ကိုယ့်အပေါ်မှာ ဆက်ဆံတာ ဣနြေ္ဒသိက္ခာတွေနဲ့ဆိုတော့ မပျော်ဘူးတဲ့၊ သူတို့က “ တို့”လိုက်တာနဲ့ ပြေးကပ်ဆိုပဲ၊ ကဲ… မမရီတို့ ကိုယ့်ကိုယ်ကို တန်ဖိုးထားတဲ့ မိန်းမတွေ ဣနြေ္ဒရွှေပေးလို့ မရဆိုတဲ့ စံ နဲ့ ကိုယ့်ကိုယ်ကို ထိန်းသိမ်းတဲ့ မိန်းမတွေ ဘာလုပ်ကြမလဲ၊ ဘာအဓိပ္ပာယ်ရှိတော့မလဲ”

မလေးဖြူသည် အချိုပန်းကန်ထဲမှ မုန့်အစအနလေးများကို ဇွန်းနှင့် သိမ်းရင်း စုရင်း မမရီ တစ်ခါက ပြောခဲ့ဖူးသည့် “သူ့ဘ၀”ကို တွေးနေမိလေသည်။

မည်သို့ပင် ဖြစ်စေ မိန်းမသည် မိန်းမသာ ဖြစ်သဖြင့် တစ်နေ့တွင် လောကဓမ္မတာအရ အိမ်ထောင်ပြုကြပါက “ကိုယ့်လင်သား ပြုမှ နုရသည့်ဘ၀”ချည်းသာ မဟုတ်ပါလား၊ ဒါကြောင့်လည်း ရှေးလူကြီးများက စကားပုံ ထားခဲ့ကြလေသည်။ “ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်၊ ဖက်ပေါ် ဆူးကျလည်း ဖက်ပင်ပေါက်ရမည်တည်း”။

ချက်ချင်းလိုပင် မလေးဖြူ၏ အတွေးများသည် ရပ်သွားလေတော့သည်။ ထမင်းစားပွဲ အပြီးတွင် ဦးကျော်သူက သူ့အား ဂုဏ်ပြုသည့်အတွက် ကျေးဇူးတင်ကြောင်း မိန့်ခွန်းရှည်ကြီးကို ခံ့ခံ့ညားညား ပြောနေသောကြောင့်ပင်တည်း။


ဏီဏီယဉ်
မြ၀တီမဂ္ဂဇင်း
၁၉၆၄၊ ဖေဖော်ဝါရီလ။
ခေတ်ပြိုင်တို့၏ သတို့သမီး မြန်မာအမျိုးသမီး ၀တ္ထုတိုများ စာအုပ်၊ စာမူခွင့်ပြုချက်အမှတ် ၅၀၀၄၉၄၀၃၀၈ဖြင့် ပထမအကြိမ်၊ နိုဝင်ဘာလ ၂၀၀၈ခုနှစ်က ကံ့ကော်ဝတ်ရည်စာပေကနေ ထုတ်ဝေခဲ့တဲ့ သည်စာအုပ်လေးထဲမှာ ပါတဲ့ ၀တ္ထုလေး တစ်ပုဒ်ပါ။

လွန်ခဲ့တဲ့နှစ်ပေါင်း လေးဆယ့်ခုနစ်နှစ်လောက်က ရေးခဲ့တဲ့ စာလေးဟာ… အခုခေတ်နဲ့ သိပ်ကွာဟနေသလား မကွာဟဘူးလားဆိုတာကို စာဖတ်သူများကိုယ်တိုင် ခံစားကြည့်ပြီး အတွေးပွားလို့ရအောင် ဖတ်နေရင်း အများအတွက် မျှဝေပေးလိုက်တာပါ။ ကျေးဇူးတင်ပါတယ်ရှင့်။
စန္ဒာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...