Tuesday, July 19, 2011

နိုင်ငံရေးသီလ

လူမှုဆက်ဆံရေး နယ်ပယ်တွင် စောင့်စည်းရမည့် လူ့စည်းကမ်းများ ရှိသည်။ လူအချင်းချင်း ဆက်ဆံရာတွင် အသိပညာ ဖလှယ်ခြင်း၊ အပြန်အလှန် အကူအညီပေးခြင်း၊ အပြန်အလှန် စောင့်ရှောက်ခြင်းတို့သည် လိုလားဖွယ် ဖြစ်သည်။ ရန်လိုခြင်း၊ အမုန်းစကား ဆိုခြင်း၊ ၀င့်ဝါခြင်း၊ မောက်မာခြင်း၊ ချိုးနှိမ်ခြင်း၊ ပျက်စီးရာပျက်စီးကြောင်း ကြံစည်ခြင်းတို့သည် မလိုလားအပ်သော အပြုအမူများ ဖြစ်သည်။

လူသည် အတ္တဗဟိုပြု သတ္တ၀ါ ဖြစ်သည်ဟု နားလည်ထားပြီး ဖြစ်သည်။ သို့သော် အတ္တကိုချည်းကြည့်ကာ ကိုယ်ကျိုးကိုသာ ကြည့်သူသည် သာမန် လူသား ဖြစ်သည်။ ကိုယ်ကျိုးကို ကြည့်ရုံနှင့်မပြီးသေး။ မိမိ ကိုယ်ကျိုး ဖြစ်ထွန်းရေးနှင့် မိမိ မြင့်မားရေး အတွက် အခြား သူတစ်ပါးကို နင်းခြေခြင်း၊ အခြားသူတစ်ပါး၏ အကျိုးစီးပွားကို ပျက်စီးစေခြင်းသည် သာမန်လူအောက် နိမ့်ကျသော ယုတ်ညံ့သူဖြစ်လေသည်။
နိုင်ငံရေး ဆောင်ရွက်ခြင်းသည် အတ္တဟိတ မဟုတ်၊ အများအကျိုး ဆောင်သော ပရဟိတ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေး ဆောင်ရွက်ခြင်းသည် မွန်မြတ်သော အလုပ် ဖြစ်သည်။ နိုင်ငံရေး ဆောင်ရွက်သူများအား နိုင်ငံရေး သမားဟု ခေါ်ဝေါ်ခြင်းသည် တွင်ကျယ်နေသော အများသိ ဝေါဟာရ ဖြစ်လျက် ရှိသည်။

သို့ဖြစ်ရာ ‘ပညတ်သွားရာ ဓာတ်သက်ပါ’ ဆိုဘိသကဲ့သို့ နိုင်ငံရေး သမားဟုဆိုလျှင် သတိထား ဆက်ဆံရမည့်သူ ဟူ၍ နားလည်မှု လွဲနေသူများစွာ ရှိနေသည်။ နိုင်ငံရေး သမားနှင့် ဆက်ဆံရသည့် အခါများတွင် ကြောက်သလိုလို၊ စိတ်မချ သလိုလို၊ မိမိအပေါ် တစ်စုံတစ်ရာ အမြတ်ထုတ် သွားတော့ မလိုလို မသိုးမသန့် ဖြစ်တတ်ကြသည်။ ထိုသို့ ဖြစ်နေအောင်လည်း နိုင်ငံရေးသမား ဆန့်ကျင်သူတို့က ‘အဆင်းဘီး တပ်ပေး’ ခဲ့ကြသည်။ ရေနစ်သူကို ၀ါးလုံးဖြင့် ထိုး၍ပင် နှစ်ခဲ့ကြသေးသည်။ နိုင်ငံရေးသမား ဆိုတာ ကိုယ်ကျိုးရှာ သမားတွေဟု အများပြည်သူ ထင်မြင်ချက် ဖြစ်ပေါ်လာအောင် နည်းမျိုးစုံ သုံးကာ နာမည် ဖျက်ခဲ့ကြသည်။
သို့ဆိုလျှင် နိုင်ငံရေးသမားဟူသော အသုံးအနှုန်း အခေါ်အဝေါ်ကို “နိုင်ငံရေး အကျိုးဆောင်” ဟု ပညတ်ပါ ပြောင်းလဲပြီး တွင်ကျယ်စွာလည်း သုံးနှုန်းခေါ်ဝေါ်ကြပါက ဆက်ဆံရန် စိုးကြောက်မှုများ လျော့နည်း သွားလေမည်လားဟု ယူဆမိပေသည်။

နိုင်ငံရေး အကျိုးဆောင်များကလည်း ကိုယ်ကျိုး စီးပွားကို အဓိကမထားဘဲ နာမည်နှင့် လိုက်ဖက်အောင် နိုင်ငံ၏ အရေး အရာများကို အကျိုးဆောင်ပေးရန် အဓိက ဦးတည်သင့်ကြသည်။ သို့ဖြင့် လူအများ၏ ထင်မြင်ချက်သည် ပြောင်းလဲ သွားဖွယ် ရှိသည်။
နိုင်ငံရေးဆောင်ရွက်သူများသည် တစ်ဦးနှင့် တစ်ဦး အယူအဆ မူဝါဒ အားလုံး တူမျှနိုင်မည် မဟုတ်ချေ။ တူညီချက် များရှိသလို ကွဲလွဲချက်များလည်း ရှိနေမည်သာ ဖြစ်သည်။ အယူအဆမတူတိုင်း ရန်သူများ မဖြစ်သင့်ပေ။ မတူသည်ကို ခွဲလုပ်၊ တူသည်များကို တွဲလုပ်ခြင်းဖြင့် အများပြည်သူ အကျိုးကို ဆောင်နိုင်ကြပေသည်။
နိုင်ငံရေး ဆောင်ရွက်သူများသည် မိမိ၏မူဝါဒနှင့် လုပ်ငန်းစဉ်များ ကောင်းကြောင်းကို လူထုထံ တင်ပြခြင်းနှင့် တစ်ချိန်တည်းတွင် မိမိပြိုင်ဘက်များ၏ မူဝါဒနှင့် လုပ်ငန်းစဉ်များလွဲမှား ချွတ်ချော်နေကြောင်းကိုလည်း တင်ပြကြမည်သာ ဖြစ်သည်။ ထိုသို့ တင်ပြရာတွင် ရန်စွယ်ငေါငေါ အမျက်စောင်မာန် ကြီးစွာဖြင့် မိမိ၏ ပြိုင်ဘက်ကို တိုက်ခိုက် နှိပ်ကွပ်ခြင်းသည် မလိုလားအပ်သော အပြုအမူဖြစ်၍ နိုင်ငံရေး အကျိုးဆောင်များ ရှောင်ရှားအပ်ပေသည်။ အတိတ်ကာလတွင် ယင်းသို့ အပြန်အလှန် လက်ညှိုးထိုး အပုပ်ချမှုများကြောင့် နိုင်ငံရေးသမားများ နာမည်ပျက်ခဲ့ခြင်းဟု ဆိုနိုင်ပေသည်။ တစ်ဦးနှင့် တစ်ဦး ငယ်ကျိုးငယ်နားများ ဖော်ထုတ်တိုက်ခိုက်ခြင်းကို အဓိကထားခဲ့ကြရာ ယင်းတို့၏ ကောင်းကွက်များကို လူထုက လုံးဝမသိရဘဲ မကောင်းကွက်များကိုချည်း ထပ်ဖန်တလဲလဲ ကြားသိနေရသည် ဖြစ်၍ နိုင်ငံရေးသမားများသည် လူထုအမြင်တွင် အထင်သေး စရာ ဖြစ်ခဲ့ရပေသည်။
သို့ဖြစ်ရာ နိုင်ငံရေး အကျိုးဆောင်လိုသူများသည် အပြန်အလှန် လက်ညှိုးထိုး အပုပ်ချမှုများကို မပြုမိအောင် စောင့်စည်းခြင်းနှင့် ပြိုင်ဘက်ကို လေးစားခြင်းတည်း ဟူသော နိုင်ငံရေးသီလ မြဲစေရန် ကြိုးစားသင့်ကြသည်။ နိုင်ငံရေး သီလမြဲခြင်းဖြင့် ငြိမ်းချမ်းစွာ ယှဉ်ပြိုင်မှု ဖြစ်ထွန်းကာ တိုင်းပြည်နှင့် လူမျိုးအတွက် ကောင်းသော ရလဒ်များ ပေါ်ထွက်လာမည် ဖြစ်ပေသည်။

အတွေးအမြင်မဂ္ဂဇင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...