Sunday, July 3, 2011

ကိုယ်ကျင့်တရားနှင့် နိုင်ငံရေး

လူ့ကျင့်ဝတ် ဆိုသည်မှာ ကိုယ်ကျင့်တရားဆိုင်ရာ သိပ္ပံပညာပင် ဖြစ်သည်။ လူ့ကျင့်ဝတ်တွင် စံလူ့ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရား ဆိုင်ရာ သီဝရီတို့ ပါဝင်သည်။ စံလူ့ကျင့်ဝတ်သည် အကျိုးကျေးဇူး၊ ကောင်းကျိုး၊ မကောင်းကျိုးစသည့် အပြုအမူဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတို့ကို အသေးစိတ် ဖော်ပြခြင်း၊ မည်သည့် တန်ဖိုးအတွက် ကြိုးပမ်းသနည်း ဆိုသည်ကို ပြခြင်း၊ မည်သည့် အပြုအမူသည် ကောင်းသနည်း ဆိုသည်ကို ပြခြင်း၊ ဘ၀အတွက် မည်သည့် အဓိပ္ပာယ်ကို ပေးသနည်းဆိုသည်ကိုပြခြင်း စသည့်ပြဿနာများကို လေ့လာသည်။

ကိုယ်ကျင့်တရားဆိုင်ရာ သီဝရီသည် ကိုယ်ကျင့်တရား အနှစ်သာရဖွံ့ဖြိုးတိုး တက်မှု၊ ကိုယ်ကျင့်တရား၏ဇာစ်မြစ်၊ ကိုယ်ကျင့်တရား ဆိုင်ရာ စံများနှင့် ယင်းတို့၏ သမိုင်းဆိုင်ရာ ၀ိသေသလက္ခဏာ တို့ကို အဆုံးအဖြတ်ပေးသည့် ဥပဒေသ များနှင့် သက်ဆိုင်သည်။
စံလူ့ကျင့်ဝတ်နှင့် ကိုယ်ကျင့် တရား ဆိုင်ရာ သီဝရီတို့ကို ခွဲခြား၍မရပေ။ အဆင့်မြင့် ကိုယ်ကျင့်တရား ဖွံ့ဖြိုးတိုးတက်မှုကို မဝေးလှသေးသည့် ခေတ်ကာလ၌ တွေ့ခဲ့ရသည်။ ထိုအဆင့်မြင့် ကိုယ်ကျင့်တရားသည် ကိုယ်ကျင့်တရား ဆိုင်ရာပြော ဆိုပုံ၊ ရေးသားပုံ၊ ယင်းတို့၏သစ္စာတရား၊ ကိုယ်ကျင့်တရား တည်ဆောက်မှုနှင့် ကိုယ်ကျင့်တရား၏ ဇာစ်မြစ်တို့နှင့် သက်ဆိုင်သည်။ သိပ္ပံပညာသည် ယင်းတို့၏ နည်းနာများကို ယုတ္တိနည်းကျ ခွဲခြမ်းစိတ်ဖြာ စိစစ်လေ့လာသောအခါ အဆင့်မြင့် ကိုယ်ကျင့်တရားသည် ခေတ်သစ် ထုတ်ကုန်ဖြစ်လာသည်။

ကိုယ်ကျင့်တရားကို လက်ရှိ လက်တွေ့ အသုံးကျသော ကိုယ်ကျင့်တရား၊ အပြုအမူ ဆိုင်ရာ ကျင့်ဝတ် စည်းကမ်းတို့နှင့် တန်းတူ သဘော မထားနိုင်ပေ။ ကိုယ်ကျင့် တရားသည် ကိုယ်ကျင့်တရား အယူဝါဒ ဆိုင်ရာနှင့် အပြုအမူ ဆိုင်ရာ၊ ကျင့်ဝတ် စည်းကမ်း ဆိုင်ရာသိပ္ပံ ပညာ ဖြစ်သည်။ ကိုယ်ကျင့်တရားသည် လူ့ကျင့်ဝတ်ထက် အလျင် ဖြစ်သည်ဟု ပညာရှင် အချို့က ဆိုသည်။ လူ့သမိုင်းဦး ခေတ်ကတည်းက ကိုယ်ကျင့်တရား ဖြစ်ပေါ်ခဲ့သည်။ လူ့ကျင့်ဝတ်မှာ ကျေးပိုင်ကျွန်ပိုင် ခေတ်ရောက်မှ ပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။ လူ့ကျင့်ဝတ်သည် ဒဿနနည်းကျ သင်ကြားခြင်း၏ အခြေခံလည်း ဖြစ်သည်။ ယင်းသည် ဒဿန သီဝရီ လည်းဖြစ်သည်။ လူ့ကျင့်ဝတ်သည် ကိုယ်ကျင့်တရားကို ရုပ်ပိုင်းအရ နားလည်ခြင်းနှင့် နာမ်ပိုင်း သို့မဟုတ် ၀ိညာဏ၀ါဒအရ နားလည်ခြင်းတို့၏ အားပြိုင်မှုမှ ပေါ်ထွက်လာသည့် ရလဒ် ဖြစ်သည်။ လူ့ကျင့်ဝတ် အရာတွင် ရုပ်ဝါဒီတို့၏ အမြင်နှင့် ၀ိညာဏ ၀ါဒီတို့၏ အမြင်ချင်း ပဋိပက္ခ ဖြစ်နေသည်။ ဘ၀ အဓိပ္ပာယ်ကို ရုပ်ဝါဒီများနှင့် ၀ိညာဏ ၀ါဒီများက သူ့အမြင်နှင့် သူဖော်ပြကြသည်။ လူ့သိစိတ် အဆင့်အတန်းကို လူ့ကျင့်ဝတ်က မြှင့်တင်ပေးသည်။ လူ့ကျင့်ဝတ်သည် လူ့အသိဉာဏ်ကို ကြွယ်ဝစေသည်။

အစိုးရပုံစံကို ပြောင်းလဲ စေသည်။ ကိုယ်ကျင့်တရားကို စီးပွားရေးနှင့် လူမှုရေး စနစ်များက ပြဋ္ဌာန်းပေးသည်ဟု မာ့စ်နှင့် အိန်ဂျယ်တို့က ဆိုခဲ့သည်။ သို့ဖြစ်၍ လူ့ကျင့်ဝတ်သည် သမိုင်းဆိုင်ရာ ထုတ်ကုန်ဖြစ်သည်ဟု သူတို့က ဆိုသည်။ ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ အယူအဆ အမျိုးမျိုး၊ အမြင် အထွေထွေရှိ ပေလိမ့်မည်။ ယင်းသည် အတွေးအမြင် အယူအဆပိုင်း ကိစ္စဖြစ်သည်။ စင်စစ် ကိုယ်ကျင့်တရား ဟူသည် လူ့လောကအတွက် မည်သို့ အသုံးကျသနည်း ဆိုခြင်းသည်သာ ပဓာနဖြစ်သည်။
ကိုယ်ကျင့်တရားကို နှစ်ပိုင်းခွဲ၍ရမည်။ ကောင်းသော ကိုယ်ကျင့်တရားနှင့် မကောင်းသောကိုယ် ကျင့်တရားဟူ၍ ဖြစ်၏။ ကိုယ်ကျင့်တရား ဟူသည် ပရမတ္ထသစ္စာ မဟုတ်ဘဲ သမုတိ သစ္စာဖြစ်ရကား ကောင်း၊ မကောင်းဆိုသည်မှာလည်း ကြိုက်၊ မကြိုက် ဆိုသည်အ ပေါ်လိုက်၍ အဓိပ္ပာယ် ယိမ်းယိုင်မှု ရှိကောင်းရှိမည်။ သို့ရာတွင် ယေဘုယျအားဖြင့် လူ့အဖွဲ့အစည်း အတွက် ကောင်းကျိုးပေးသော၊ ကောင်းကျိုးကို ဖြစ်ထွန်းစေသော ကိုယ်ကျင့်တရားကို ကောင်းသော ကိုယ်ကျင့်တရားဟု သတ်မှတ်၍ လူ့အဖွဲ့အစည်း အတွက် ဆိုးကျိုးကိုသာ ဖြစ်ပေါ်စေသည့် ကိုယ်ကျင့်တရားကိုမူ မကောင်းသောကိုယ် ကျင့်တရားဟု သမုတ်အပ်၏။ မကောင်းသော ကိုယ်ကျင့်တရားကို ရှောင်ရှားအပ်၏။

ကောင်းသောကိုယ်ကျင့် တရားကို ဖက်တွယ်အပ်၏။ လိုက်နာကျင့်သုံးအပ်၏
ကောင်းသော ကိုယ်ကျင့်တရား တွင်လည်း လောကီ ကိုယ်ကျင့်တရားနှင့် လောကုတ္တရာ ကိုယ်ကျင့်တရားဟူ၍ ထပ်မံ ခွဲခြားနိုင်၏။ လောကုတ္တရာ ကိုယ်ကျင့်တရားမှာ လောကီနယ်ကို လွန်မြောက်သော၊ လောကီနယ်ထက် ပို၍ မြင့်မြတ်သော ကိုယ်ကျင့်တရား ဖြစ်ရကား ဤတွင် လောကီကိုယ်ကျင့် တရားကိုသာ ပြောလိုရင်း ဖြစ်သဖြင့် ချန်လှပ်ထားခဲ့မည်။
ကိုယ်ကျင့်တရား ဟူသည် လူတိုင်းနှင့် ပတ်သက်၏။ ကောင်းသော ကိုယ်ကျင့်တရားသည် ကောင်းကျိုးကို ဖြစ်စေ၍ ဆိုးသော ကိုယ်ကျင့်တရားသည် ဆိုးပြစ်ကို ရစေ၏။ ကိုယ်ကျင့်တရား၏ ကောင်းကျိုးဆိုးပြစ်သည် ကောင်းလျှင် ကောင်းသည့် အလျောက်၊ မကောင်းလျှင် မကောင်းသည့် အလျောက် ကာယကံရှင် တစ်ဦးတည်းကို သော်လည်းကောင်း၊ ကာယကံရှင်၏ မိသားစု၊ ဆွေမျိုးစု၊ လူမျိုး၊ လူ့အဖွဲ့အစည်း တစ်ရပ်လုံးကို သော်လည်းကောင်း ကျရောက်စေတတ်မြဲ ဖြစ်၏။

ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ ယေဘုယျအားဖြင့် ပြည်သူလူထု တစ်ရပ်လုံး၏ ကိုယ်ကျင့်တရားနှင့် အုပ်ချုပ်သူ အဖွဲ့ အစည်း၏ ကိုယ်ကျင့်တရားဟူ၍ ထပ်မံ ခွဲကြည့်နိုင်၏။ ကိုယ်ကျင့်တရားသည် လူအားလုံး အကြွင်းမဲ့ကောင်းသည် သို့မဟုတ် ဆိုးသည် ဟူ၍ကား မရှိနိုင်။ သို့ဖြစ်၍ အဆိုးများသည်ကို အဆိုး၊ အကောင်း များသည်ကို အကောင်းဟူ၍သာ ယေဘုယျ သတ်မှတ်ရပေမည်။
အများပြည်သူလူထု ကိုယ်ကျင့်တရား မကောင်းလျှင် နိုင်ငံရေး တည်ငြိမ်မှု မရှိနိုင်။ တိုင်းပြည် စည်ပင်သာယာ ဝပြောမှု မရှိနိုင်။ ရာဇဝန်မှုများ ထူပြော၍ အုပ်ချုပ်သူ အစိုးရမင်းတို့အား အလုပ်ရှုပ်စေမည်။ ထိုအခြေအနေမျိုးသည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်မှုကို အနှောင့်အယှက် အဟန့်အတား ဖြစ်စေသည်။ အုပ်ချုပ်ရေး စနစ် ဖွံ့ဖြိုးတိုးတက်ပြီး အစိုးရမင်းတို့ အရည်အချင်းရှိမှ၊ လုပ်ရည်ကိုင်ရည် ရှိမှ၊ စိတ်ကောင်း စေတနာကောင်း မွေးမြူနိုင်ပြီး တည်ကြည်ဖြောင့်မတ် မှန်ကန်မှသာ နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်မည်။ ကိုယ်ကျင့်တရား ပျက်ပြားသူများလျှင် ပြည်ပ ပယောဂများလည်း ဝင်ရောက်နိုင်၏။ ထိုပြည်ပ ပယောဂများကို ပိတ်ဆီး ဟန့်တားရေးအတွက် အစိုးရမင်းများ ဆောင်ရွက်ရမည်။ နိုင်ငံခြား ဆက်ဆံရေး မူဝါဒကောင်းများ ပြဋ္ဌာန်းပြီး နိုင်ငံတကာ ဆက်ဆံရေး ကောင်းမွန်အောင် ဆောင်ရွက်ရမည်။

ဆက်ဆံရေး ကောင်းမွန်အောင် ဆောင်ရွက်လျက်နှင့်ပင် တစ်ခါတစ်ရံ ထိပ်တိုက်တွေ့မှုများ၊ အကျပ်အတည်းများနှင့် ကြုံရတတ် သေးသည်။ ပြည်တွင်း၌လည်း ကိုယ်ကျင့်တရား ကောင်းသူများ အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်ရေးကို ထိခိုက် စေတတ်သည်။ ထိုအခါ ပြည်တွင်း ကုန်ထုတ်လုပ်မှုကို ထိခိုက်ပြီး နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်မည် သို့မဟုတ် ဆုတ်ယုတ်သည်လည်း ရှိမည်။ ဤသည်တို့မှာ အများပြည်သူ ကိုယ်ကျင့်တရား ပျက်ပြားလျှင် တွေ့ကြုံ ရတတ် သည့် အကြမ်းဖျင်း ဆိုးပြစ်များ ဖြစ်သည်။

အစိုးရမင်းများဘက်မှ ကိုယ်ကျင့်တရား ပျက်ပြားလျှင် အုပ်ချုပ်ရေး ယန္တရား လည်ပတ်မှု စည်းချက်မမှန် ဖြစ်တတ်သည်။ ထို့ပြင် အစိုးရ အဖွဲ့အစည်း၏ စည်းလုံးညီညွတ်မှု ကိုလည်း ထိခိုက်တတ်သည်။ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး လုပ်ရသည်များလည်း ရှိလာတတ်သည်။ ထိုသို့ လုပ်ရခြင်းသည် အပိုအလုပ်များ လုပ်ပေးရခြင်း ဖြစ်ရာ နိုင်ငံအတွက် ပို၍ အရေးပါသော လုပ်ငန်းများကို ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာ စေတတ်ရုံမျှမက ထိခိုက်ဆုတ်ယုတ်မှုကိုလည်း ဖြစ်စေတတ်သည်။ အစိုးရမင်းများ ကိုယ်ကျင့်တရား ပျက်ပြားလျှင် နိုင်ငံ့ဘဏ္ဍာ ငွေကြေးများ၊ သယံဇာတများ လေလွင့် ပျက်စီး ဆုံးရှုံးတတ်သည်။ အလွှဲသုံးစား ပြုမှုများ ဖြစ်တတ်သည်။ ကိုယ်ကျိုးရှာမှုများ ဖြစ်တတ်သည်။ ထိုအခါ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှု တန့်နေသည်မျိုးလည်း ဖြစ်သည် သို့မဟုတ် ဆုတ်ယုတ်သည် မျိုးလည်းဖြစ်မည်။

အများပြည်သူ ကိုယ်ကျင့်တရား ပျက်လျှင် သော်လည်ကောင်း၊ အစိုးရပိုင်းမှ ကိုယ်ကျင့်တရား ပျက်လျှင်သော် လည်းကောင်း၊ နှစ်ဦးနှစ်ဖက် စလုံးတွင် ကိုယ်ကျင့်တရား ပျက်ပြားလျှင် သော်လည်းကောင်း ထိုနှစ်နိုင်ငံနှင့် ထိုလူမျိုးအဖို့ ဖွံ့ဖြိုး တိုးတက်ရေးမှာ ဝေးနေပေဦးမည်။
ပျက်စီးဆုတ်ယုတ်မှုတွင် ရုပ်ပိုင်းပျက်စီး ဆုတ်ယုတ်မှုနှင့် စိတ်ပိုင်း ပျက်စီး ဆုတ်ယုတ်မှုဟူ၍ ဆုတ်ယုတ်ပျက်စီးမှု နှစ်မျိုး ရှိရာ ကိုယ်ကျင့်တရားဆုတ်ယုတ် ပျက်စီးမှုမှာ စိတ်ပိုင်း ဆုတ်ယုတ်ပျက်စီးမှု အဓိကဖြစ်သည်။ ရုပ်ပိုင်းဆုတ်ယုတ် ပျက်စီးမှု ကို ပြုပြင်ရသည်မှာ လွယ်ကူသည့်အပြင် အချိန်ကာလ အားဖြင့်လည်း များစွာ မကြာတတ်။ ‘ပျက်အစဉ် ပြင်ခဏ’ ဆိုသော ဆိုရိုးစကားပင် ရှိထားသည်။ စိတ်ပိုင်းဆုတ်ယုတ် ပျက်စီးမှုမှာ ပြုပြင်ရန် ခက်သည့်အပြင် အချိန်ကာလလည်း များစွာ လိုအပ်သည်။ မျိုးဆက်နှင့် ချီ၍ အချိန်ကြာတတ်သည်။ ထို့ပြင် စိတ်ပိုင်း ဆုတ်ယုတ်ပျက်စီးမှုသည် ကူးစက်ရောဂါ ကဲ့သို့ပင် ကူးစက်တတ်သည်။ အထူးသဖြင့် ကလေးများ၊ လူငယ်များသို့ ကူးစက်တတ်သည်။

အကျင့်ပျက်ခြစားသည်ကို လာဘ်ပေး လာဘ်ယူမှု ပြုရသည်ကို မကောင်းမှု အကုသိုလ်ပြုမိလေခြင်း၊ ဒုစရိုက်မှုကို ပြုမိလေခြင်းဟု သိမြင်ခံယူ ရပြီး ရှောင်ကြဉ် ရမည့်အစား ဂုဏ်ယူစရာဟု တလွဲသိမြင် လာတတ်သည်။ လိုက်နာကျင့်သုံးစရာ ဟူ၍ အတွေးမှား၊ အသိမှားဖြစ်ပြီး ဖက်ရှင်လို သဘောထား လာတတ်သည်။ သို့ဖြစ်၍ မိသားစု၊ ဆွေမျိုးစု၊ လူမျိုးစု၊ လူ့အဖွဲ့အစည်း တစ်ရပ်လုံး၊ တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက် လိုသည်ဆိုပါလျှင် ကိုယ်ကျင့်တရား ပျက်ပြားမှုကို ရောဂါဆိုးသဖွယ် စက်ဆုပ်ရွံရှာပြီး ဝေးရာက ရှောင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် ကူးစက်ခံနေရ ပါကလည်း အမြစ်ဖြတ်ကုစား ပစ်ခြင်းများ ပြုလုပ်ပြီး ကိုယ်ကျင့်တရား ကောင်းမွန်ရေး အားဆေးကို မှီဝဲလျက် ကိုယ်ကျင့်ခွန်အား တောင့်တင်းသန်မာစေရေး လိုက်နာကျင့်သုံးရန်မှာ လူတိုင်း၏ တာဝန်ပင် ဖြစ်ပေသည်။

နောင်ဦး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...