Tuesday, July 12, 2011

ခေတ်စနစ်အပြောင်းအလဲတွင် ဖျော်ဖြေရေးကဏ္ဍ၌ အကျုံးဝင်နေသော အရာများ

by Kyaw Thurein on Monday, July 11, 2011 at 11:48pm
 ခေတ်စနစ် အပြောင်းအလဲတွင် ဖျော်ဖြေရေး(Entertainment) ကဏ္ဍ၌ အကျုံးဝင်နေသောအရာများအားလုံး ကို ယဉ်ကျေးမှုစံနှုန်း တစ်ခုတည်း ကြည့်ပြီး တားဆီးကာကွယ်ရန် အခြေအနေမပေးတော့ကြောင်း  ခေတ်ပြိုင် လူ့အဖွဲ့အစည်းအတွင်း ကျင်လည် နေကြသူများက ပြောဆိုခဲ့ကြသည်။



ဖျော်ဖြေရေးကဏ္ဍများ၌ အကျုံးဝင်နေသောအရာများတွင် စိတ်ပိုင်းဆိုင်ရာ အပန်းဖြေမှုနှင့် ရုပ်ပိုင်းဆိုင်ရာ အပန်းဖြေမှု အားလုံးပါဝင်ပြီး နိုက်ကလပ်၊ ကာရာအိုကေ၊ ဂိမ်းနှင့် Massage အစရှိသည်တို့လည်း ပါဝင် ခြင်းကြောင့် ထိုကိစ္စရပ်များကို ကိုင်တွယ်ရာ၌ ယဉ်ကျေးမှုစံနှုန်းတစ်ခုတည်းကိုကြည့်ရှုပြီး တားဆီးပိတ်ပင်ရန် မဖြစ်နိုင်တော့ကြောင်း ပြောဆိုခဲ့ကြခြင်း ဖြစ်ပါသည်။


"ဖျော်ဖြေရေးကဏ္ဍမှာ အရမ်း ပါးလွှာတဲ့ The Thin Red Line ဆို တာတွေရှိတယ်။ ဒီလို The Thin Red Line ဖြစ်တဲ့အရာတွေကို ကိုင်တွယ်ရာမှာ တားဆီးပိတ်ပင်တစ်ခုတည်းနဲ့ ကိုင်တွယ်လို့ မရနိုင်တော့ဘူး။ ဥပမာအားဖြင့် ရုပ်ရှင်နယ်ပယ်မှာပဲ ဖြစ်ဖြစ်၊ ဂီတနယ်ပယ်မှာပဲဖြစ်ဖြစ် ပျက်စီးနေတဲ့လူတွေ ရှိတယ်။ ဒီလို ရှိနေတဲ့လူတွေကြောင့် ရုပ်ရှင်လောကကြီး တစ်ခုလုံးကို၊ ဂီတလောကကြီး တစ်ခုလုံးကို ပိတ်ပစ်လိုက်ရမလား။ ပိတ်ပစ်လို့ မရပါဘူး။ ဒီလိုပါပဲ ကာရာအိုကေတို့၊ နိုက်ကလပ်တို့၊ ဂိမ်းတို့၊ Massage တို့ဆိုတာတွေက ဖျော်ဖြေရေးကဏ္ဍမှာ The Thin Red Line တွေဖြစ်ကြတယ်။ အဲဒါ တွေကို ယဉ်ကျေးမှုစံနှုန်းအရ မရှိသင့် မရှိအပ်ဘူးလို့ ယူဆပြီးတော့ ပိတ်ပင်လို့ မရတော့ဘူး" ဟု ဥပဒေပညာရှင်တစ်ဦးက ပြောပြခဲ့ပါသည်။


"တားဆီးလို့ မရတော့တဲ့ အခြေအနေဖြစ်လာတဲ့ အခါမှာ ရှိလည်းရှိနေရမယ်။ Limitless အခြေအနေလည်း မရောက်အောင်ပြန်ပြီး ချိန်ဆရတော့မှာပဲ။ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာဖြစ်အောင် လုပ်ရတော့မှာပဲ။  လောင်းကစားကိစ္စတွေမှာ ဆိုရင်လည်း ခေတ်နဲ့ လျော်ညီတဲ့ ဥပဒေတွေကို ပြင်ဆင်ပြဋ္ဌာန်းရတော့မယ်။ ဥပဒေမှာဆိုထားတဲ့ လောင်းကစားအဓိပ္ပာယ်ကို ပြန်ပြင်ရတော့မယ်။ ကလေးကစားကွင်းမှာ သတ်မှတ်ပမာဏနဲ့ အကြွေစေ့ထည့်ကစားတာမျိုးကို လောင်းကစားလို့ သတ်မှတ်တော့မလား။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းဖို့ဆိုရင်တော့ နိုင်ငံတကာမှာ ရှိနေတာတွေနဲ့ ညီညွတ်အောင် ပြင်ဆင်သင့်တာတွေ ပြင်ဆင်ရပါတော့မယ်" ဟု ဥပဒေပညာရှင်က ပြောဆိုပါသည်။


ယဉ်ကျေးမှုစံနှုန်းအရ နိုက်ကလပ်၊ ကာရာအိုကေ၊ ဂိမ်းနှင့် Massage အစရှိသည်တို့ကို တားဆီးရန် မဖြစ် နိုင်တော့ဟုဆိုသော်လည်း လုံးဝလွှတ်ပေးထားရန် မဆိုလိုဘဲ ဥပဒေပြဋ္ဌာန်းပြီး စနစ်တကျဖွင့်လှစ်မှုများ ပြုလုပ်ရန် လိုအပ်ခြင်းဖြစ်ကြောင်း နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများက ပြောဆိုကြပါသည်။


"ကျွန်တော်တို့ ဖြစ်စေချင်တာ ဖျော်ဖြေရေးအတွက် မရှိမဖြစ် အခြေအနေရောက်လာတာမို့ စနစ်တကျနဲ့  ထိန်းထိန်းသိမ်းသိမ်း ဖြစ်စေချင်တာပါ။ ဒီလိုပြောတဲ့အတွက်ကြောင့် Day Club ဖွင့်တာမျိုး၊ နှစ်လုံးထီ၊ သုံးလုံး ထီထိုးတာမျိုးကို အားပေးတာမဟုတ်ပါဘူး။ အရွယ်မရောက်သေးတဲ့ ကလေးတွေ လမ်းမှားရောက်သွားစေ နိုင်တဲ့ Day Club လိုကိစ္စမျိုးကိုတော့ စနစ်တကျ စိစစ်ထိန်းကွပ်သင့်ပါတယ်။ နိုင်ငံတကာမှာတော့ နိုက်ကလပ်၊ ကာရာအိုကေ၊ ဂိမ်းနဲ့ Massage အစရှိတဲ့ဖျော်ဖြေရေးကဏ္ဍတွေမှာ စနစ်တကျစည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ထားတာတွေ ရှိပါတယ်။ ဒီမှာတော့ မရှိဘူး။ မရှိတဲ့အတွက် စနစ်တကျ ရှိစေချင်တာပါ" ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပြပါသည်။


နိုက်ကလပ်၊ ကာရာအိုကေ၊ ဂိမ်းနှင့် Massage အစရှိသည်တို့နှင့် ပတ်သက်ပြီး စနစ်တကျ ပြုလုပ်ထားသည့် စည်းမျဉ်းစည်းကမ်းများ မရှိခြင်းကြောင့် အဆိုပါလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေကြသူများနှင့် လုပ်ငန်းရှင်များမှာလည်း မှန်ကန်စွာ လုပ်ကိုင်သည့်တိုင် ဖမ်းဆီးနှိမ်နှင်းသည့်အခါတွင်လည်း တရားမ၀င် စာရင်းသွင်းခံရသည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း သိရပါသည်။


"စနစ်တကျ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း မရှိတဲ့အခါမှာ ဒီလုပ်ငန်းတွေက နေရာအတည်တကျ မရှိဘဲ တရားမ၀င်လုပ်ငန်းတွေ ဖြစ်လာခဲ့တယ်။ လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေတဲ့ သူတွေရော၊ ၀မ်းရေးအတွက် မှန်မှန်ကန်ကန် လုပ်ကိုင်လို သူတွေပါ အခက်အခဲတွေ့ကုန်တယ်။ နေရာအတည်တကျမရှိ၊ စည်းမျဉ်းစည်းကမ်းကလည်း သတ်မှတ်မထားဆိုတော့ လူနေရပ်ကွက်တွေထဲ ရောက်လာပြီးတော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ကုန်ကြတယ်။ အထူးသဖြင့်တော့ စည်းမျဉ်းစည်းကမ်း ဥပဒေဆိုတာမျိုး မရှိတဲ့အတွက် Public Area ကို အနှောင့်အယှက်ဖြစ်စေတဲ့ ကိစ္စတွေ ဖြစ်လာခဲ့တယ်။ ဒီအခါမှာ ဒီလုပ်ငန်းတွေဟာ တရားမ၀င်ဖြစ်တယ်ဆိုပြီး ဖမ်းဆီးနှိမ်နင်းတာတွေ လုပ်ပြန်တော့ ဒီလုပ်ငန်းတွေမှာ ၀မ်းရေးအတွက် လုပ်ကိုင်နေသူတွေက လမ်းဘေးရောက်ကုန်တယ်။ ဒီအခါ မှာ ကောင်းကျိုးထက် ဆိုးကျိုးဖြစ် တာတွေက ပိုများလာခဲ့ပါတယ်။ အမှန်ကတော့ တားမရမယ့်အတူတူ နေရာသတ်သတ်မှတ်မှတ်နဲ့ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်မယ်ဆိုရင် ဒုစရိုက်မှုတွေလည်း ထိုက်သင့်သလောက် လျော့သွားပြီး Public Area ကို အနှောင့်အယှက်ဖြစ်စေတဲ့ ကိစ္စတွေလည်း ပပျောက်လာမယ်လို့ ထင်ပါ တယ်"ဟု လူမှုသိပ္ပံဘာသာရပ်ကို သင်ကြားနေသော ကျောင်းသားတစ်ဦးက ဆိုပါသည်။


စည်းမျဉ်းစည်းကမ်းများနှင့် စနစ်တကျမရှိခြင်းကြောင့် တရားမ၀င် လုပ်ကိုင်သူများ ပိုမိုများလာသည့်နှင့်အတူ ထိုကိစ္စများမှာလည်း ထိန်းချုပ်၍မရသော ကိစ္စရပ်များဖြစ်ခြင်းကြောင့် စနစ်တကျလုပ်နိုင်စွမ်း မရှိပါက ကျန်းမာရေးနှင့် လူမှုရေးအစရှိသော ပြဿနာများ ပိုမိုကြီးထွားလာနိုင်ကြောင်း သိရပါသည်။ အခြား တစ်ဖက်တွင်လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်း၌ သိက္ခာကျစရာဖြစ်ရပ်များ ရှိလာနိုင်ကြောင်း သိရပါသည်။


ထို့အပြင် စည်းမျဉ်းစည်းကမ်းနှင့် စနစ်တကျမရှိခြင်းကြောင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားခရီးသွားများမှာလည်း အခက်အခဲနှင့် ကြုံတွေ့ရကြောင်း သိရပါသည်။


"မြန်မာနိုင်ငံကိုလာတဲ့ နိုင်ငံခြားသားတွေ Tourist အများစုက  ပြောတယ်။ ဒီမှာ နေ့ဘက်ဘုရား သွားပြီး ညဘက်ကျရင် စောစောအိပ်တယ်လို့ ပြောကြပါတယ်" ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ လုပ်ငန်းရှင်တစ်ဦးက ပြောပြပါသည်။


"ထိုင်းနိုင်ငံလိုမျိုး ခရီးသွားတွေကို အဓိကဆွဲဆောင်တဲ့လုပ်ငန်းအဖြစ် လုပ်စရာမလိုပါဘူး။ စင်ကာပူမှာလို ကာဆီနိုဖွင့်ပြီး လောင်းကစားကိစ္စတွေကို ခွင့်ပြုဖို့ပြောတာ မဟုတ်ပါဘူး။ ရှိသင့်သလောက်ကို စနစ်တကျနဲ့ လုပ်ဖို့ လိုအပ်တာပါ။ နိုင်ငံခြားသားတွေ ဒီနိုင်ငံကို လာမယ်။ သူတို့လိုအပ်တာကို သူတို့ရှာမယ်။ စနစ်တကျ ရှိမနေဘူးဆိုရင် တရားမ၀င်တဲ့ဆီကို သူတို့သွားမှာပဲ။ ဒီအခါမှာ ကိုယ့်နိုင်ငံက သိက္ခာကျတော့တာပဲ။ ဘာကြောင့် သိက္ခာကျရတာလဲ။ မြန်မာနိုင်ငံကို ရောက်လာတဲ့ နိုင်ငံခြားသားတွေက ၀က်ဘ်ဆိုက်တို့ Facebook တို့ကနေ ရေးမယ်။ မြန်မာနိုင်ငံမှာတော့ နိုက်ကလပ်၊ ကာရာအိုကေ၊ ဂိမ်းနဲ့ Massage တို့လို ဖျော်ဖြေရေးလုပ်ငန်းတွေက တရားဝင် မဟုတ်ဘူး။ သွားချင်ရင် တရားမ၀င်တဲ့အရာတွေပဲ ရှိတယ်လို့ရေးပြီး အခြေအနေတွေကို ပြောမယ်ဆိုရင်  ကိုယ့်နိုင်ငံက သိက္ခာကျရော။ ကျွန်တော်ထင်တာကတော့ နေရာတစ်ခု သတ်မှတ်ပြီး စနစ်တကျ၊ စည်းနဲ့ကမ်းနဲ့ ခွင့်ပြုမယ်ဆိုရင် ကျန်းမာရေးလည်း စိတ်ချရမယ်။ လူမှုရေး ဆိုးကျိုးတွေလည်း မကြုံနိုင်တော့ဘူး။ နောက်တစ်ခုက လိုင်စင်နဲ့ လုပ်မယ်ဆိုရင် အခွန်ပြန်ရလာနိုင်တယ်"ဟု ထိုင်းနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်နေသော မြန်မာလုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။


တရားဝင်စနစ်တကျလိုင်စင် ချမှတ်ပေးပြီး လုပ်ဆောင်မည်ဆိုပါက အစိုးရအတွက် အခွန်ငွေပြန်ရမည့် အခွင့်အလမ်းအပြင် မူးယစ်ဆေးဝါးရောင်းချခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း အစရှိသည်တို့ကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း သိရပါသည်။


"နိုက်ကလပ်ဆိုတာကလည်း ပြည့်တန်ဆာလုပ်ငန်းစုဝေးရာ၊ မူးယစ်ဆေးဝါးရောင်းတဲ့ နေရာမဖြစ်အောင် တားမြစ်ဖို့လိုပေမယ့် ပိတ်ပင်တားမြစ်ဖို့တော့ မလုပ်သင့်ဘူး။  ဒီက Massage တွေကို ထိုင်းနိုင်ငံမှာလို၊ စင်ကာပူမှာလို အသက်ကြီးတဲ့ အမျိုးသမီးတွေ၊ အမျိုးသား အလုပ်သမားတွေပါ လုပ်နိုင်တာမျိုး ဖြစ်အောင် ထင်သာမြင်သာတဲ့ စည်းကမ်းတွေထား သင့်ပါတယ်။ ကျန်းမာရေးရှုထောင့်နဲ့ စနစ်တကျ ဖြစ်စေချင်တယ်"ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောပြပါသည်။


အဆိုပါလုပ်ငန်းများ လုပ်ကိုင်လိုသူများအား စည်းမျဉ်းစည်းကမ်းနှင့် စနစ်တကျလိုင်စင်ထုတ်ပေးသည့်နည်းတူ လုပ်ငန်းများ၌ လုပ်ကိုင်မည့် ၀န်ထမ်းများ(ဥပမာ အနှိပ်သည်)များကို သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော အရည်အသွေးရှိမှသာ လုပ်ကိုင်ခွင့်ပေးသည့် လိုင်စင်မျိုး ချပေးသင့်ကြောင်းလည်း အကြံပြုပြောဆိုမှုများရှိပါသည်။


"ဒေသတွင်းနိုင်ငံတွေမှာ အနိမ့်ဆုံးသတ်မှတ်လို့ရမယ့် လာအိုနိုင်ငံနဲ့ပဲ ယှဉ်ပြောချင်တယ်။ လာအိုဆိုတာ ကွန်မြူနစ်နိုင်ငံ။ ဒီနိုင်ငံမျိုးမှာတောင် The Thin Red Line နဲ့ ပတ်သက်တဲ့ဖျော်ဖြေရေးတွေကို  တရားဝင် ဖွင့်ခွင့်ပေးထားတယ်။ ကျူးဘားလိုနိုင်ငံမျိုးမှာတောင် ရှိတယ်။နိုင်ငံခြားသားတွေအတွက် သီးသန့်ဆိုတာတောင် လုပ်ထားသေးတယ်။ ဒီကိစ္စတွေက တားဆီးလို့မရနိုင်ဘူး။ အရမ်းမြှင့်တင်ဖို့လည်း မလိုအပ်ဘူး။ မရှိဘဲထားလို့လည်း မရဘူး။ အခု ဒီမှာ ဖြစ်နေတာက ခြေထောက်နှိပ် ချင်လို့ Massage သွားချင်ရင်တောင် ဘယ်သွားရမယ် မသိဘူး။ ထိုင်းက နေပြန်ရောက်လာတဲ့ ကျွန်တော့် အမျိုးသမီးကတောင် ကျွန်တော့်ကို စနေ သေးတယ်။ သူတော့ ဟိုမှာ Massage ၀င်ခဲ့သေးတယ်။ ကျွန်တော်ကတော့ ဒီမှာသွားလို့ မရရှာဘူး ဆိုပြီးတော့။ ဒီမှာဖွင့်ထားတာတွေက တရားမ၀င် ဆိုတော့ ပုန်းလျှိုးကွယ်လျှိုး သွားရ တာရှိသလို ဖမ်းတာနဲ့ တိုးပြန်ရင်လည်း တရားလိုပြသက်သေလုပ်ရတာဆိုတော့ မသွားတော့ဘူး။ ဟိုတယ်တွေမှာ ရှိတယ်ဆိုပေမယ့် ဟိုတယ်သွားနိုင်တဲ့သူက အများကြီးမှ မရှိတာ။ ကာရာအိုကေဆိုလည်း အဲဒီအတိုင်းပဲ။ ဂျပန်မှာ KTV ဆိုတာစဖြစ်လာကတည်းက Stress Release အတွက်ဆိုပြီး လုပ်ခဲ့တာ။ ယဉ်ကျေးမှုစံဆိုတာ တစ်ခုတည်း ကြည့်လုပ်လို့ရတဲ့ ခေတ်မဟုတ်တော့ဘူး။ ရှေးရိုးစွဲဝါဒီတွေရဲ့ တွေးခေါ်မှုတွေနဲ့ ကြည့်လို့ မရတော့ဘူး။ တိုင်းပြည်တိုးတက်ဖို့လုပ်တဲ့အခါမှာ ပြုပြင်သင့်တာတွေကို ပြုပြင်ရတော့မှာ ပါပဲ" ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။


ကာရာအိုကေ၊ နိုက်ကလပ်၊ ဂိမ်း၊ Massage အစရှိသည်တို့ကို ခွင့်ပြုထားသည့် နေရာအချို့ရှိသော်လည်း အများစုမှာ တရားဝင်ဖွင့်ခွင့် မရရှိသေးခြင်းကြောင့် မကြာခဏ ဖမ်းဆီးခံနေရသည့် နည်းတူ သွားရောက်သူများမှာလည်း မကောင်းမှု လုပ်သူများအဖြစ် ထင်မြင်ယူဆချက်များ ရှိနေကြကြောင်း သိရပါသည်။ ထို့အပြင် ခေတ်အခြေအနေနှင့် ၀င်ငွေအရ လိုက်လျောညီထွေမှုရှိသော ဖျော်ဖြေရေးများနှင့် အလှမ်းကွာလာခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာပြဿနာနှင့် ရင်ဆိုင်နေရသူများလည်း များပြားနေခဲ့ကြောင်း သိရပါသည်။


"တားဆီးလို့ မရတာတွေကို စနစ်တကျနဲ့ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ဆောင်ပေးခြင်းအားဖြင့် ဘေးထွက်ဆိုးကျိုးတွေကို လျော့လာစေ မှာပါ။ Stress တွေနဲ့ နေ့စဉ် ကြုံတွေ့နေရသူတွေအတွက် Entertainment ဆိုတာရှိကိုရှိရမယ့်အရာပါ။ မဟုတ်ရင် စိတ်ထွက်ပေါက်တွေပိတ်ပြီး ဆိုးကျိုးတွေသာဖြစ်လာမှာပါ။ အနှိပ်ခန်းနဲ့ KTV ဗန်းပြပြည့်တန်ဆာလုပ်ငန်းများကို အရေးယူပြီးနောက် ရန်ကုန်မြို့တွင်းရှိ နိုက်ကလပ်များ ကိုပါ အရေးယူနေပြီလို့ သတင်းဂျာနယ် တစ်စောင်မှာ ဖတ်လိုက်ရပါတယ်။ ဒီလုပ်ငန်းတွေမှာ လုပ်ကိုင်နေရသူတွေမှာလည်း လူကောင်း၊ သူကောင်းတွေ အများကြီးရှိနေပါတယ်။ ဘာကြောင့်လုပ်နေရလဲလို့ အရင်းစစ်ရင်တော့ Poverty Problem ပါပဲ။ ဘယ်သူမှတော့ လုပ်ချင်မှာ မဟုတ်ပါဘူး။ ဒီလိုရှိနေတာတွေကို တားဆီးမယ်ဆိုရင် ပြည်တွင်းမှာ မလုပ်နိုင်တဲ့သူတွေက ပြည်ပထွက်လုပ်လိမ့်မယ်။ ပြည်ပ မထွက်နိုင်တဲ့ သူတွေ ပြည်တွင်းက လမ်းဘေးရောက်ကုန်လိမ့်မယ်။ ဒီလိုဆိုရင် အဆိုးဘက် ပိုများသွားပါပြီ။ သတ်မှတ်စည်း မျဉ်းစည်းကမ်းတွေ ပြဋ္ဌာန်းပြီး စနစ်တကျလုပ်မယ်ဆိုရင်တော့ အဆင်ပြေသွားနိုင်ပါတယ်" ဟု ဥပဒေပညာရှင်တစ်ဦးက ပြောပြခဲ့ပါသည်။


From first11

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...