Tuesday, July 12, 2011

နိုင်ငံရေးနှင့် နိုင်ငံရေးပါတီ

Min Thant Syn created a doc.
၁၉၅၆ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ရမ်းဗြဲ မဲဆန္ဒနယ် အမတ် ဦးဘမြိုင်က ရခိုင်တိုင်းကို ရခိုင်ပြည်နယ် သတ်မှတ်ပေးရေး အတွက် ၁၉၅၆ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံ အခြေခံဥပဒေ (ပြင်ဆင်ချက်) ဥပဒေကြမ်း တင်သွင်းရာ ဘူးသီးတောင် မဲဆန္ဒ...နယ် အမတ် အဘူရ်ဘောရှောရ်က ပြင်းပြင်း ထန်ထန် ကန့်ကွက်ခဲ့သည်။ 'ရခိုင်ပြည်နယ်' ဟူသော အသံကို လုံးဝ မကြားလို၊ ရခိုင်ကို ပြည်နယ် ပေးမည် ဆိုလျှင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်များကို ရခိုင်ပြည်နယ်ထဲ မထည့်ဘဲ ပြည်မအောက်မှာပင် အထူးခရိုင် အဖြစ် ထားပေးရန် လွှတ်တော်သို့ တင်ပြ တောင်းဆိုခဲ့သည်။

မအူပင် မြောက်ပိုင်း အမတ် မန်းထွန်းရင်က ဦးဘမြိုင်၏ အဆိုကို ထောက်ခံ ဆွေးနွေးရာ၌ ရခိုင်သမိုင်း အထောက် အထားအရ လည်းကောင်း၊ ပထဝီ အနေအထား အရ လည်းကောင်း၊ ဗမာ တိုင်းရင်းသားနှင့် ရခိုင် တိုင်းရင်းသား တို့၏ အယူအဆ၊ ဓလေ့ထုံးစံ ကွဲပြားခြားနားမှု အရ လည်းကောင်း၊ ရခိုင် တိုင်းရင်းသားများ၏ အကျိုး၊ ပြည်ထောင်စု အကျိုး၊ နိုင်ငံတော် အကျိုးကို ရှေးရှုပြီး ရခိုင်ပြည်နယ် အမြန်ဆုံး ဖွဲ့စည်း ပေးသင့်ကြောင်း ထောက်ခံ ပြောကြားသည်။
ဖဆပလ အစိုးရ အဖွဲ့ဝင် ဝန်ကြီး ဗိုလ်ခင်မောင်ကလေးက ဦးဘမြိုင်၏ အဆိုနှင့် ပတ်သက်၍ ဆွေးနွေး တင်ပြရာတွင် ဗိုလ်ချုပ်အောင်ဆန်း မကျဆုံးမီ ၁၉၄၇ ခုနှစ်က ရခိုင်တိုင်းရှိ ရခိုင်အမျိုးသားတို့ အရေးနှင့် ပတ်သက်၍ မည်သို့ ဆောင်ရွက် ပေးရမည်ကို စဉ်းစားခဲ့ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းက ရခိုင်တိုင်းမှ ရခိုင်တိုင်းပြည်ပြု အမတ်များနှင့် ရခိုင်အမျိုးသား အားလုံးကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် ကဲ့သို့သော ပြည်နယ်မျိုး အလိုမရှိ၊ ပြည်မကြီးတွင် တိုင်းတစ်ခု အနေနှင့် နေလို မနေလို ဆိုသည်ကို မိမိတို့ ကြိုက်နှစ်သက်ရာ လုပ်ဆောင်နိုင်သည်ဟု ပြောကြား ခဲ့ကြောင်း၊ ထိုစဉ်က ရခိုင်ခေါင်းဆောင်များ ဖြစ်ကြသည့် မျိုးချစ်ကျော်ဦးနှင့် ဦးပညာသီဟ တို့က ပြည်နယ် သီးခြားယူခြင်းဖြင့် ရခိုင် အမျိုးသားများ အတွက် အကျိုးမရှိဟု ယူဆပြီး ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ (၁၉၄၇ ခုနှစ်) ရေးဆွဲစဉ်က ပါရှိသည့် တိုင်းတစ်ခု အနေနှင့် နေရန် တညီ တညွတ်တည်း ထောက်ခံခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်ခင်မောင်ကလေးက ဆွေးနွေး တင်ပြသည်။
ဗိုလ်ခင်မောင်ကလေး ကပင် ဆက်လက်၍ ပြည်နယ်ကိစ္စနှင့် စပ်လျဉ်း၍ ပြည်သူ့ဆန္ဒ ခံယူပွဲ ကျင်းပသင့်ကြောင်း ရှင်းလင်း တင်ပြရာတွင် "အင်္ဂလိပ် လိုတော့ Plebiscite လို့ ခေါ်ပါတယ်။ မြန်မာလို ကတော့ အများဆန္ဒကို ယူလျက် ပြည်နယ်ကိစ္စကို သတ်မှတ်တဲ့ ကိစ္စ၊ သည်ကိစ္စဟာ ရခိုင်တိုင်းမှာ ရှိတဲ့ လူတွေထဲက များများ မဟုတ်ပါဘူး။ ၄ ပုံ ၁ ပုံလောက်က သဘော တူပါတယ်လို့ လက်မှတ်ထိုးရင် မနက်ဖြန် သမ္မတကြီးက သည်ရခိုင်တိုင်းကို ပြည်နယ် ပေးသင့် မပေးသင့် ဆုံးဖြတ်ရန် အတွက် Plebiscite ခေါ်တဲ့ကိစ္စ လုပ်ရန် ကော်မရှင်တစ်ခု ခန့်ရပါမယ်။ သည်ကိစ္စဟာ ဘာမှ ဆူပူနေစရာ မလိုပါဘူး။ တစ်ယောက်ကို တစ်ယောက် အနာဂတ်ထား ပြောနေစရာ မလိုပါဘူး။ ဒါက ဒီမိုကရေစီ အတွင်းမှာ လွယ်လွယ်လေး ရနိုင်ပါတယ်" ဟူ၍ ပြောကြားသည်။ ဗိုလ်ခင်မောင်ကလေးကပင် ရွေးကောက်ပွဲ ပြုလုပ်ရန် နှစ်လခန့်သာ ကျန်တော့ကြောင်း၊ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် ရယူလိုသော ရခိုင် အမျိုးသားများ အနေနှင့် ဖဆပလကို မဲမပေးဘဲ အခြေခံဥပဒေ (ပြင်ဆင်ချက်) ဥပဒေကြမ်း တင်သွင်းသည့် ပုဂ္ဂိုလ်များကိုသာ မဲပေးခြင်းသည် ပြည်နယ် အလိုရှိကြောင်း ဆန္ဒဖော်ပြရာ ရောက်သည်မှာ မငြင်းနိုင်သော အချက် ဖြစ်ကြောင်း၊ ဥပဒေကြမ်းကို တင်သွင်းလျှင် လွှတ်တော်တွင်း တစ်ဦးနှင့် တစ်ဦး အချေအတင် ပြောခြင်းဖြင့် ရခိုင်နှင့် ဗမာသွေး ကွဲနိုင်ကြောင်းဖြင့် ဆက်လက် တင်ပြသည်။
ဗိုလ်ခင်မောင်ကလေးသည် ထိုသို့ ပြောကြားရင်း ဦးဘမြိုင်၏ ဥပဒေကြမ်း တင်သွင်းသည့် အဆိုကို အောက်ပါအတိုင်း ပြောကြား ကန့်ကွက်လေသည်။
" … အချင်းချင်း အေးအေး ဆေးဆေးနှင့် ဖြေရှင်းနိုင်မည့် ကိစ္စတစ်ခုကို အထူးသဖြင့် ဗမာနှင့် ရခိုင်ထက် ပိုအရေးကြီးတာက ရခိုင်တိုင်းမှာ ရှိသော ရခိုင် အမျိုးသားချင်း သွေးကွဲမည့် ကိစ္စကို လွှတ်တော်မှာ မပြောဘဲ မနှစ်မြို့ဖွယ် ကိစ္စများ ဖြစ်လာမှာ စိုးတဲ့အတွက် သည်ပြည်နယ် ကိစ္စသည် အမတ်မင်းများ ပြောသလို ရခိုင် တိုင်းရင်းသား အားလုံးက လိုချင်တယ်လို့ မယူဆတဲ့ အတွက် ကျွန်တော်တို့ဟာ အာဏာကို ထိန်းသိမ်းနေရတဲ့ ဒရဝမ်များ အနေနဲ့ လူထု သဘောမတူလျှင် ဘယ်နည်းနဲ့မျှ ခွဲဝေပေးရန် အခွင့်အရေး မရှိတဲ့အတွက် သည်ပြည်နယ် ဥပဒေကြမ်းကို ပြည်ထောင်စုသား တစ်ယောက် အနေနှင့် ပြင်းပြင်း ထန်ထန် ကန့်ကွက်ပါတယ် "
အစိုးရ အဖွဲ့ဝင် ဝန်ကြီးဦးတင် (မြန်မာ့အလင်း ဦးတင်) ကလည်း ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း ကိစ္စသည် အလွန် အရေးကြီးပါကြောင်း၊ အခြေခံ ဥပဒေကို အလွယ်တကူ ပြင်၍ မရအောင် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၉ (၂) နှင့် (၃) တွင် အတိအလင်း ဖော်ပြထားကြောင်း၊ အမတ် များသည် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို လေးစားပါမည်ဟု ကျမ်းသစ္စာ ကျိန်ဆိုထားရခြင်းကို ထောက်ရှု၍ အခြေခံ ဥပဒေ ပြင်ဆင်သည့် အခါ အထူး သတိထားဖို့ လိုအပ်ပါကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။
အခြေခံ ဥပဒေပုဒ်မ ၂၀၉ (၂)တွင် "ထိုဥပဒေကြမ်းကို ပါလီမန်ဆိုင်ရာ လွှတ်တော် အသီးသီးက အတည်ပြု ပြီးနောက် လွှတ်တော် နှစ်ရပ်လုံးကပင် တွဲဖက် အစည်းအဝေး၌ စဉ်းစား ဆွေးနွေးရမည်" ဟု ဖော်ပြထားသည်။ အခြေခံ ဥပဒေပုဒ်မ ၂၀၉ (၃) တွင် "လွှတ်တော် နှစ်ရပ်၏ လက်ရှိ အမတ်များအနက် သုံးပုံ နှစ်ပုံအောက် မလျော့သော အမတ်များက တွဲဖက် (လူမျိုးစု လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော် နှစ်ရပ် ပူးပေါင်း ကျင်းပသော) အစည်းအဝေးတွင် ထောက်ခံ၍ မဲပေးမှသာလျှင် ထိုဥပဒေကြမ်းကို လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြုသည်ဟု မှတ်ယူရမည်" ဟု ဖော်ပြပါရှိသည်။
ဤသို့ဖြင့် ဦးဘမြိုင်၏ အခြေခံ ဥပဒေ (ပြင်ဆင်ချက်) ဥပဒေကြမ်း အရေးနိမ့်သွားခဲ့သည်။ ၁၉၅၇ ခုနှစ် မတ်လ ၇ ရက်နေ့ လွှတ်တော် အစည်းအဝေးတွင် ဦးလှထွန်းဖြူ (မြို့ဟောင်းအမတ်) က ရခိုင်ပြည်နယ် ရရှိရေးနှင့် ပတ်သက်၍ ဆွေးနွေး တင်ပြပြန်သည်။ ဦးလှထွန်းဖြူက ရခိုင်ပြည်နယ် ရရှိရေး တင်ပြရာ၌ မိမိတို့ ရခိုင်ပြည်နယ် တောင်းဆိုခြင်းမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ ပါရှိသည့် အတိုင်း တောင်းဆိုခြင်း ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် တောင်းဆိုခြင်းဖြင့် ဗမာနှင့်ရခိုင် သွေးကွဲအောင် မိမိတို့က လုပ်ဆောင်နေသည်ဟု ဝန်ကြီးက စွပ်စွဲခြင်းမှာ မဟုတ်မှန်ကြောင်း၊ ရွေးကောက်ပွဲတွင် ပြည်နယ် ရယူရေးမူဖြင့် ရွေးကောက်ပွဲဝင်သည့် ရခိုင် တိုင်းရင်းသား ညီညွတ်ရေးအဖွဲ့ (ရတည) က မဲရရှိသည့် အခြေအနေကို မူတည်ပြီး ရခိုင် တိုင်းရင်းသား လူထု၏ ဆန္ဒကို အတိအလင်း ဖော်ပြရာ ရောက်ကြောင်းဖြင့် ဦးလှထွန်းဖြူက ပြောကြားသည်။
ဦးလှထွန်းဖြူ၏ တင်ပြချက်နှင့် စပ်လျဉ်း၍ ဝန်ကြီးချုပ် ဦးနုက ပြန်လည် ရှင်းလင်း ပြေကြားရာတွင် ရခိုင်ဒေသကို မိမိတို့က အဘယ့်ကြောင့် ပြည်နယ် မပေးလိုကြောင်း ထည့်သွင်း ရှင်းလင်းခဲ့သည်။ ဦးနုက-
" ရခိုင်ကို ပြည်နယ်အဖြစ် ကျွန်တော်တို့က မပေးဘူးဆိုတာ ရခိုင် တိုင်းရင်းသားတွေကို မုန်းလို့ မဟုတ်ပါဘူး ဆိုတာကို ရှေးဦးပထမ အနေနဲ့ အစီရင် ခံပါရစေ။ ဘာဖြစ်လို့လဲ ဆိုရင် ကျွန်တော် အမှန်အတိုင်း ပြောရရင် ပြည်နယ်ဆိုတဲ့ ဥစ္စာဟာ ကောင်းတဲ့ဥစ္စာ မဟုတ်ပါဘူး။ ပြည်နယ်ကို ရှေးဦးပထမ ကျွန်တော်တို့ တိုင်းပြည်ပြု လွှတ်တော်မှာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ် အစရှိတဲ့ ပြည်နယ်တွေကို ပေးစဉ် အခါတုန်းက ကျွန်တော့် မိန့်ခွန်းတွေကို ပြန်ကြည့်ပါ။
… သည်လို ပြည်နယ်တွေ ပေးရတယ် ဆိုတာဟာ ကျွန်တော်တို့က သဘောကျလွန်းလို့၊ သည်ပြည်နယ်တွေကို ကျွန်တော်တို့က အင်မတန် ပေးချင်လွန်းလို့ ပေးရတာ မဟုတ်ဘူး ဆိုတာ ကျွန်တော် ပြောထားတဲ့ မိန့်ခွန်းတွေ အဆင့်ဆင့် ရှိပါတယ်။ ဒါတွေဟာ ကျွန်တော် ဖုံးကွယ်လို့ မရပါဘူး။ ဘာဖြစ်လို့လဲ ဆိုရင် အမှန် စင်စစ်က ကျွန်တော်တို့ ကြိုက်တာက မြန်မာပြည်လို ဇီးစေ့လောက် ရှိတဲ့ နိုင်ငံလေး တစ်နိုင်ငံဟာ သည်လို ပြည်နယ်တွေ ခွဲထွက်ဖို့ မလိုဘူးလို့ ယုံကြည်ပါတယ်"
ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့ကို အဘယ့်ကြောင့် ပြည်နယ်အဖြစ် သတ်မှတ် ပေးခဲ့ရသည်ကို ဝန်ကြီးချုပ် ဦးနုက လွှတ်တော်သို့ တင်ပြ ရှင်းလင်းရာတွင် -
" … သည်ပြည်နယ် ဆိုတာမှာ ဥပမာပုံဆိုရင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ယခုဆိုရင် ကရင်ပြည်နယ်က အစ ပေးလိုက်ရတာဟာ ကျွန်တော် ကိုယ်တိုင်က သည်လို ပြည်နယ် စနစ်ဟာ ပြည်ထောင်စု မြန်မာ နိုင်ငံတော်အတွက် အကျိုးအရှိဆုံး စနစ်၊ အကောင်းဆုံး စနစ်အဖြစ် ယုံကြည်လို့ ပေးလိုက်ရတာ မဟုတ်ပါဘူး။ ထိုအချိန် အခါတုန်းက ဖြစ်ပေါ်လာတဲ့ သည်လို အခြေအနေ အရ၊ ပတ်ဝန်းကျင် အခြေအနေအရ မရှောင်လွှဲသာလို့ ကျွန်တော်တို့ သဘောတူရတယ် ဆိုတာ ကျွန်တော် အစီရင်ခံနေခြင်း ဖြစ်ပါတယ်။
" … သည်လို ပြည်နယ်တွေ အသီးသီး အသက ခွဲပေးတာ ကောင်းပါတယ်၊ မကောင်းဘူးဆိုတာ စဉ်းစားကြည့်။ ယခု ဥပမာပုံ ဆိုလျှင် ရှမ်းပြည်နယ်ရှိတယ်။ ရှမ်းပြည်နယ်မှာ ပအိုဝ်း တိုင်းရင်းသားတွေက ရှမ်းပြည်နယ်မှာ သူတို့အတွက် ပြည်နယ် ပေးရမယ် ဆိုပြီး ဆူဆူပူပူ လုပ်နေပါတယ်။ အဲဒါ ကောင်းသလား၊ ဒါဟာ ပြည်နယ်က ဂယက်ရိုက်တဲ့ ဒဏ်ပဲ။ နောင် တော်တော်ကြာ သည်လိုပဲ။ အခုတော့ သည်စနစ်ဟာ မကောင်းဘူး ဆိုပြီး ကျွန်တော်တို့ လုပ်နိုင်တဲ့ နည်းနဲ့ ဟိုမှာ သူပုန်ထနေတဲ့ လူတွေကို နှိမ်နင်းရတယ်။ အကယ်၍ ကျွန်တော်တို့ မလုပ်နိုင်ဘဲ လက်လွှတ်ပေးရရင် ပအိုဝ်းတွေကို ပအိုဝ်းပြည်နယ် ဆိုပြီး ရှမ်းပြည်နယ်ထဲက လှည့်ပေးလိုက်ရင် ဘာဖြစ်မလဲ။ ပြည်နယ် ဂယက်က ဘယ်လောက် အထိ ရိုက်လိုက်မလဲ။ ကချင်ပြည်နယ် ဆိုရင်လည်း Non-Kachin (ကချင်လူမျိုး မဟုတ်တဲ့ အခြား တိုင်းရင်းသား) ဆိုတာ ရှိတယ်။ ကချင် မဟုတ်တဲ့ လူတွေက ရှမ်းပြည်နယ်မှာလည်း သည်လို (ပအိုဝ်းပြည်နယ်) ပေးရင် ကျွန်တော်တို့ကိုလည်း ပြည်နယ်ပေးလို့ ပြောလာမယ်။ ကရင်ပြည်နယ် မှာလည်း ကရင်မဟုတ်တဲ့ လူတွေ ရှိတယ်။ သူတို့ကလည်း ပြည်နယ် တောင်းလာမယ်။ မြန်မာနိုင်ငံမှာ လူဦးရေက သန်းပေါင်း ၂၀ ပဲ ရှိတယ်။ ပြည်နယ်လေးတွေ အစိတ်စိတ် အမွှာမွှာ ခွဲလိုက်ရင် ဘယ်လို ဖြစ်မလဲ ဆိုပြီး ကျွန်တော်တို့ တွေးတော ယုံကြည်ချက်ကြောင့် မပေးတာ"
တက္ကသိုလ်မြတ်သူ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...