Monday, July 18, 2011

တန်းတူဆက်ဆံခံရချင်ပါတယ်

[By Maung Wuntha]
(မောင်ဝံသ)
ပြည်သူ့ခေတ်ဂျာနယ် ၁၉ ၀၇ ၂၀၁၁ တွင် ဖော်ပြသည့် ဆောင်းပါးဖြစ်ပါတယ်။

ဇူလိုင်လ (၇)ရက် ကြာသပတေးနေ့
ဝလုံးရေ..စင်ကာပူဆိုတဲ့ ကျွန်းနိုင်ငံသေးသေးလေးမှာ တနေ့တနေ့ အလုပ်သွားအလုပ်ပြန်နဲ့ အချိန်တွေ ကုန်နေကြတဲ့သူတွေအတွက် ပိတ်ရက်လေးတွေမှာ စိတ်အညောင်းပြေသွားဖို့ နေရာလေးတွေက အင်မတန် ရှားလှတယ်။ ရှော့ပင်းမောကြီးတွေ ဒါမှမဟုတ် သဘာဝအတိုင်း မဟုတ်ဘဲ သဘာဝလို့ ထင်ရအောင် ဖန်တီး လုပ်ယူ ထားတဲ့ အလည်အပတ် သွားဖို့နေရာတွေ ပန်းခြံတွေ ကြိုးတံတား တွေကိုဘဲ အလှည့်နဲ့ သွားရင်း ဘယ်လောက်မှတောင် မကြာခင်မှာဘဲ သွားစရာတွေက ကုန်သွားရော။ ဘယ်မှလဲ ထပ်သွားစရာ မရှိ တော့ဘူး။

ဒီ့ပြင် နိုင်ငံခြားသားတွေ မပြောနဲ့ သူတို့ စင်ကာပူလူမျိုးတွေတောင် ပိတ်ရက်ဆို ကပ်လျက် မလေးရှားက ဂျဟိုးဘက်ကို ဈေးဝယ် ထွက်ကြလေ့ရှိတယ်။ နောက်ပြီး သူတို့ အများဆုံး အလည်အပတ် သွားတတ်တဲ့ နိုင်ငံတွေကတော့ ဟောင်ကောင် ထိုင်ဝမ်နဲ့ တရုတ် ပြည်တို့ပဲ။ တတ်နိုင်သူတွေကတော့ ကိုရီးယား၊ သြစတြေးလျ တို့သွားတာပေါ့။ သူတို့တွေ အရူးအမူး သွားချင်တဲ့ အိပ်မက်နိုင်ငံတွေကတော့ ဂျပန်နဲ့ အမေရိကားရယ်ပဲ။ ဘယ်လောက် များတောင် အထင်ကြီးလဲဆိုရင် ဆူရှီးဆိုရင် သူတို့ရဲ့ ဖေးဘရိတ်ပဲ၊ သိပ်ကြိုက် သိပ်စားကြတယ်။ အမေရိကန်က အစားအသောက်တို့ အသုံးအဆောင်တို့ ဆိုရင်တော့ ပြောမနေနဲ့တော့ ဘာဖြစ်ဖြစ် မစားရ မသုံးရသေးဘူး ကောင်းလှချည်ရဲ့ ဖြစ်နေကြတာ။
ဒီနှစ် နှစ်ဆန်းတုန်းက ငါ့အဖေကျေးဇူးနဲ့ ငါ အမေရိကန်ကို သွားလည်ဖို့ ခွင့်ယူတော့ ငါ့ကို ဘယ်တုန်းကမှ အထင်ကြီးပုံမရတဲ့ ]စလုံး}အထက်လူကြီးဟာ ငါအမေရိကန်ကိုသွားမယ်ဆိုတာနဲ့ပဲ အားကျသလို ဖြစ်နေတာကို သတိထားမိတယ်။

မြန်မာ ငါးယောက်ပဲ သွားလို့မရ
ဝလုံးရေ.ဒီမှာ ကုမ္ပဏီတချို့က ခရစ်ယာန်နယူးယီးယားတို့ တရုတ်နှစ်ကူးတို့လို ပိတ်ရက်တွေမှာ ကိုယ့်ဝန်ထမ်းတွေကို နိုင်ငံခြား အလည်အပတ်ခရီး စီစဉ်ပေးကြတယ်။ အများဆုံး ၃-၄ရက်ပေါ့။ အဲဒီထဲမှာ ငါတို့ ကုမ္ပဏီလဲပါတယ်။ နှစ်တိုင်းတော့ မဟုတ်ဘဲ ၂နှစ်တခါ တနိုင်ငံမဟုတ် တနိုင်ငံသွားကြတယ်။ ဟိုအရင်နှစ်တွေက ထိုင်းတို့ ဟောင်ကောင်တို့ ထိုင်ဝမ်တို့ သွားခဲ့ပြီးပြီ။ ဒီနှစ်ကျတော့ အရောင်းလေးလဲ နဲနဲတက်နေတော့ ငါတို့က ဒီတခါ အာရှမဟုတ်ဘဲ ဥရောပပို့ပေးပါဆိုပြီး တောင်းဆိုကြတာပေါ့။ အဲဒါနဲ့ သိပ်လဲမဝေး အရမ်းလဲ အကုန်အကျမများမဲ့ နိုင်ငံတွေကို စုံစမ်းပြီး သြစတြေးလျ သွားဖို့ စဉ်းစားကြတဲ့အခါ ငါအပါအ၀င် ရုံးမှာ ရှိတဲ့ မြန်မာလူမျိုး ၅ယောက်ဟာ သွားလို့ မရဘူးလေ။ ရုံးက သူဌေးက သူဘာလုပ်ပေး လို့ရမလဲ မေးပေမဲ့ ဘာမှ လုပ်ပေးလို့မရဘူး။ အခုထိတော့ ဘာလုပ်ရမှန်း အဖြေ အတိအကျ မသိသေးဘဲ အီလည်လည်နဲ့ပေါ့။
ဒီခရီး မလိုက်ရလဲ သြဂုတ်လထဲမှာ စင်ကာပူရဲ့ ရှားရှားပါးပါး ပိတ်ရက်လေးတွေရှိနေတာမို့ ကိုယ့်အစီအစဉ်နဲ့ဘဲ ကိုယ် စိတ်ဖြေပြီး သွားဖို့အတွက် သူငယ်ချင်းတွေနဲ့ လျှောက်စဉ်းစားကြပြန်ရော။ မလေးရှားကိုတော့ ဒီက မြန်မာတော်တော်များများ သွားဖူးနေသလို ငါတို့လဲ ခဏခဏ သွားနေတာဆိုတော့ ဒီတခေါက် ခဏ ဖယ်ထားလိုက်တယ်။ ငါ့ရုံးကလူတွေက အသစ်အဆန်းလဲဖြစ်အောင် ဘန်တမ် (bantam) ဆိုတဲ့ နေရာကို သွားပါလားလို့ အကြံပေးကြတယ်။ စင်ကာပူကနေ အဲဒီဘက်ကို ဖယ်ရီဘုတ်နဲ့ ကူးသွားပြီး ဟိုဘက်မှာ ကျွန်းတွေ ကမ်းခြေတွေ အများကြီးရှိတယ်တဲ့။ ကိုယ်ကြိုက်တဲ့ နေရာကို ရွေးပြီးသွားလို့ရတယ်။ အသွားအပြန်မှ ၂နာရီလောက်ဘဲကြာတယ် ဟိုမှာလဲ တော်တော် သာယာတယ် ဆိုတော့ ငါလဲ စိတ်ဝင်စားသွားတာပေါ့။ ရန်ကုန်နဲ့ ဒလကို ကူးရသလိုဘဲ။ နောက်နေရာတခုလဲ သူတို့က ညွှန်သေးတယ်။ ငါတို့ရုံးကနေ ဘတ်စကား တစ်မှတ်တိုင် စီးသွားရင်လဲ အဲဒီမှာ ဖယ်ရီဆိပ်ရှိတယ်။ အဲဒီကသွားရင်လဲ ဘင်တန်(bintan) ဆိုတဲ့ ကမ်းခြေကို ရောက်တယ်တဲ့။ နာမည်က ဆင်ဆင်တူနေပေမဲ့ နေရာတခုစီဘဲ ဒါပေမဲ့ အဲဒီ၂ခုလုံးက အင်ဒိုနီးရှားနိုင်ငံထဲမှာ ရှိတယ်။

ဝင်ခွင့် လျှောက်ရမယ်တဲ့
ဝလုံးရေ.. ငါးရုပ်ရာသီမှာ မွေးလို့လားမသိဘူး ရေမြင်ရင် မနေနိုင်တဲ့ ရေတို့ ကမ်းခြေတို့ကို သိပ်ကြိုက်တဲ့ ငါ့အတွက် သိပ်ပျော်သွားတာပေါ့။ အဲဒါနဲ့ ဖယ်ရီဘုတ်ခက ဘယ်လောက်လဲဆိုပြီး စုံစမ်းတော့ အသွားအပြန် ၁၄ကျပ်တဲ့။ အွန်လိုင်းကလဲ လက်မှတ်ဝယ်လို့ရတယ်တဲ့။ ဒါပေမဲ့  ငါတို့ကတော့ အလွယ်တကူ ၀င်လို့မရဘူးတဲ့။ အလည်အပတ်သွားခွင့် လျှောက်ပြီးမှ ၀င်လို့ရမှာတဲ့။ ၀င်ခွင့် လျှောက်ဖို့ ၆၅ ဒေါ်လာပေးရမယ်တဲ့။ အဲဒါတောင် တခေါက်ထဲဘဲ ၀င်ခွင့်ရတာနော်။ မာတီပယ် (multiple) အခေါက်ခေါက် အခါခါ ၀င်လို့ရတဲ့အတွက် မဟုတ်ဘူး။ တခါသွားရင် တခါ လျှောက်ရမှာတဲ့။ မလေးရှားလူမျိုး ထိုင်းလူမျိုး ဖိလစ်ပိုင်လူမျိုးတွေဆိုရင်ဖြင့်  ဘာဆိုဘာမှ မလိုပါတဲ့။ နေ့ခြင်းပြန်လေး သွားရမဲ့ ခရီးကို ဒီလောက်တောင် ပေးပြီး သွားဖို့ ဘယ်လိုမှ မတန်ဘူးလေ။ ကြားလိုက်ရတဲ့ အချိန် စိတ်ထဲမှာ တော်တော် မကောင်းဘူး။ ဖြစ်ရလေခြင်း ဆိုပြီး တနုံ့နုံ့နဲ့။ လူမျိုးပေါင်းစုံရှိတဲ့ ငါတို့ရုံးမှာ မလေးလူမျိုး ဖိလစ်ပိုင်လူမျိုးတွေ မပြောနဲ့ အနိမ့်ဆုံး လစာရကြတဲ့ အလုပ်ကြမ်းသမား ထိုင်းလူမျိုး တွေတောင် အလွယ်တကူ သွားလို့ရတဲ့ နေရာတွေဟာ ငါတို့အတွက် အမြဲခက်နေတတ်တယ်။
အဲလိုတွေ ဖြစ်နေပါတယ်ဆိုမှ ဒီနေ့ ရုံးမှာ ထမင်းစားနေကြတုန်း ရုံးကို ပစ္စည်းသွင်းနေတဲ့ ဖောက်သည် တယောက် ရောက်လာပြီး ဟိုပြောဒီပြောနဲ့ ငါ့ကို ပီအာ မလျှောက်ဘူးလားမေးတယ်။ ငါက စဉ်းစားနေတုန်းဘဲ ဆိုတော့ ပီအာဖြစ်ရတာ ဘယ်လောက် ကောင်း တယ် ဘယ်လို အကျိုးအမြတ်ရှိတယ်ဆိုတာတွေ ပြောပြတယ်။ အိမ်ဝယ်လို့ ရတယ် ပြန်ရောင်းရင် အမြတ်ရမယ်။ လခထဲက (CPF – Central Provident Fund))ခေါ်တဲ့ စုဆောင်းငွေ ရမယ် ကိုယ်အလုပ်မလုပ်တော့တဲ့ အချိန်မှာ အဲဒါတွေနဲ့ ထိုင်စားလို့ရတယ်နဲ့ ငါသိပြီးသားတွေပါဘဲ။ ပီအာဖြစ်တာ ကြာသွားရင် နိုင်ငံသားတောင်ပြောင်းဖို့ ကမ်းလှမ်းလာမှာတဲ့။ ငါက ရင်းနှီးမြှုပ်နှံမယ်ဆိုရင်တောင် ဒီမှာ ဘယ်လုပ်မလဲ ငါ့နိုင်ငံ ငါ ပြန်ရင်းနှီးအလုပ်လုပ်မှာပေါ့ဆိုတာကို မကျေနပ်နိုင်ဘဲ ငါတို့ စင်္ကာပူ ပတ်စပို့က ဘယ်နိုင်ငံသွားသွား သွားလို့ ရတယ်။ အားလုံးက လက်ခံတယ်။ နင်တို့က အဲလို မဟုတ်ဘူး ဘာလို့ ဒါကို ဖက်တွယ်ချင်နေရတာလဲ ဆိုပြီး ပြောလာတယ်။

အိမ်နီးချင်းတွေဆို
ဝလုံးရေ..နိုင်ငံတနိုင်ငံကို သွားမယ်ဆိုရင် သူတို့စည်းမျဉ်း စည်းကမ်းတွေအတိုင်း ၀င်ဖို့ လျှောက်ရမယ် လိုက်နာရမယ်ဆိုတာ သိပါတယ်။ ပေးဆိုလဲပေးရမှာပေါ့ လျှောက်လွှာတင်ဆိုလဲ တင်ရမှာ ပေါ့။ ဒီ့ပြင် အနောက်ပိုင်းက နိုင်ငံတွေနဲ့ လိုက်မယှဉ်နေတော့ပါဘူး။ အခု ငါတို့ဘေးနားလေးတ၀ိုက်က သိပ်ရင်းနှီးလှပါတယ် ဆိုတဲ့ အိမ်နီးချင်းတွေဆို၊ ဘာလို့ ညီတူညီမျှ မဖြစ်ရတာလဲ။ ငါတို့နဲ့ တဖွဲ့တည်းမှာရှိနေတဲ့ နိုင်ငံတွေနဲ့ တန်းတူမထားဘဲ ဘာလို့ ခွဲခြားရတာလဲ။ လုံးဝ သွားလို့မရတဲ့နေရာတွေနဲ့ သွားလို့ရရင်တောင် နင်က ဟိုလူတွေနဲ့ မတူဘူး.. ဒီနေရာမှာ နေလို့ ပြောခံရတာနဲ့ ဘာထူးလို့လဲ။
ကိုယ့်ကိုကိုယ် ဘယ်လိုဘဲ စိတ်ဓါတ်မကျအောင် အားတင်းနေနေ လက်တွေ့မှာ ကြုံနေရတာတွေက ညာလို့မရဘူး။ တကယ် ဖြစ်နေတာတွေကို ကြုံဖူးတဲ့သူတိုင်း လက်ခံကြမှာပါ။ ဒါပေမဲ့ ငါတို့တွေဟာ ဒါတွေအားလုံးကို ကြံ့ကြံ့ခံပြီး ဒီစာအုပ်လေးကိုဘဲ မြတ်မြတ်နိုးနိုး ကိုင်ထားကြတာပါ။ နိုင်ငံခြားကို ဘယ်လောက်ဘဲ အထင်ကြိးပြီး ကိုယ့်ပြည်ကို ပြန်မလာချင်ပါဘူး ပြောတဲ့ သူတွေတောင် နိုင်ငံသားတော့ မပြောင်းဘဲ နေကြတာ များပါတယ်။ ငါတို့ အများကြီး မမျှော်လင့်ပါဘူး။ မျက်နှာ မမော်ရရင် နေပါစေ မျက်နှာငုံ့မနေချင်ပါဘူး။ ငါတို့လူမျိုးတော်တော်များများဟာ ကိုယ်ရောက်နေရာ လုပ်ငန်းခွင်မှာ နာမည်ကောင်းရကြတဲ့ သူတွေ များပါတယ်။ ဒါပေမဲ့ ဘယ်လောက်ဘဲ ကြိုးစားပါစေ ဘယ်လောက်ဘဲ မိုးပျံအောင် တော်နေပါစေ အသိအမှတ်ပြုခံကြရတာက နောက်မှပါ။ ကိုယ့်အကြောင်း သူ မသိ သူ့အကြောင်း ကိုယ်ဘာမှ မသိသေးတဲ့ အချိန် စစချင်း အမြင်မှာတော့ အခုလို  ဆက်ဆံခံနေရတာကို ဘယ်လိုလုပ်ကြမလဲ။ တခါလဲ မဟုတ် နှစ်ခါလဲမဟုတ် ရောက်လေရာ နေရာတိုင်းမှာ ဒီလိုမျိုးတွေ ကြုံရတာများလှတော့ တကယ်ကို ရင်ထဲမှာ နာလှပါတယ် ၀လုံးရေ..

ငါ့အဖေလည်းခံစားခဲ့ရတယ်
ခုတစ်ခါ ကိုယ်တွေ့ကြုံရပြန်တော့ လွန်ခဲ့တဲ့ သုံးလေးလလောက်က ငါ့အဖေ အမေရိကန်က အပြန် ဖရန့်ဖတ်လေဆိပ်မှာ လေယာဉ် ပြောင်းစီးဖို့ ခဏ၀င်နားရုံလေးကို ဂျာမန် ထရန်ဇစ်ဗီဇာ လုပ်ခဲ့ရ တဲ့အကြောင်း နာကြည်းစွာ ပြောပြတာ သတိရတယ်။ ၀ါရှင်တန် ကနေ ကန်ငွေ ၈၂ ဒေါ်လာပေးပြီး ထရန်ဇစ်ဗီဇာ လုပ်လာခဲ့တာ ကိုတောင် ဖရန့်ဖတ်လေဆိပ်ကျတော့ တရားခံတစ်ယောက်ကို စစ်ဆေးသလို ပတ်စပို့ကို ဖင်ပြန်ခေါင်းပြန် ကြည့်ပြီး ကွန်ပျူတာ ကိုလည်း မိနစ်အတော်ကြာအောင် မေးမြန်းပြီးမှ ဆက်သွားခွင့်ပေးတဲ့ ဆက်ဆံရေးကို ငါ့အဖေက အရမ်းစိတ်နာလာတယ်။ ]]သမီးရယ်၊ နိုင်ငံခြားလေဆိပ်တွေမှာ ဖေဖေတို့ရဲ့ နိုင်ငံကူးလက်မှတ်ကို ကြည့်ပြီး သူများတွေနဲ့ တန်းတူ ဆက်ဆံခံရမယ့် အချိန် မြန်မြန် ရောက်ပါစေ လို့ ဆုတောင်းနေပါတယ်}} လို့ ဖေဖေက ငါ့ဆီကို စာရေးလိုက်တယ် ၀လုံးရေ။

ထိုက်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...