Monday, July 18, 2011

"ကျွန်တော်သိသော အခွန်အခ အကြောင်း "


Rozoner King created the doc:
[By Zegyo Mandalay]

၂၀၁၁ ခုနှစ် မေလ ၂၅ ရက်နေ့ထုတ် Weekly Eleven News အတွဲ(၆) အမှတ် (၃၄)ပါ 'တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများကို အခွန်အခ ၁၉ မျိုး ကောက်ခံခွင့် ပြုထား'ဟူသော သတင်းကို အကြောင်းပြု၍ ဤဆောင်းပါးကို ရေးပါသည်။

ကြိုတင် ၀န်ခံပါရစေ။ ကျွန်တော်သည် ဥပဒေပညာရှင် မဟုတ်သလို စီးပွားရေး ပညာရှင်လည်း မဟုတ်ပါ။ အခွန်ဘာသာရပ် ဆိုင်ရာ ပညာရှင်လည်း မဟုတ်ပါ။ အခွန်ဦးစီးဌာနတွင် နှစ်ပေါင်း ၃၀ ကျော် တာဝန်
ထမ်းဆောင်ခဲ့ဖူးသည့် အငြိမ်းစား ၀န်ထမ်းတစ်ဦးသာ ဖြစ်ပါသည်။ ထို့ကြောင့် အခွန်ဘာသာရပ်ဆိုင်ရာ ပညာရှင် မဟုတ်သော်လည်း အခွန် ဘာသာရပ်နှင့် ရင်းနှီးသူ တစ်ယောက်ဟုဆိုက ရပါမည်။ ကျွန်တော့် ၀န်ထမ်းဘ၀ အတွေ့အကြုံ အရ ကျွန်တော်သိသော အခွန်အခ အကြောင်းကို သာမန် ပြည်သူတစ်ဦး အနေနှင့် တင်ပြလိုရင်းသာ ဖြစ်ပါသည်။
အခွန်အခ ဟူ၍ ရောနှော၍ အများက ခေါ်ဆိုကြသော်လည်း အမှန်မှာ အခွန် (Tax)နှင့် အခ (Fee) မတူပါ။ အခွန် (Tax) ဆိုသည်မှာ ပြည်သူပြည်သားများက နိုင်ငံတော်သို့ ထည့်ဝင်ငွေ ဖြစ်ပါသည်။ လူတစ်ဦးတစ်ယောက်ချင်း၊ အဖွဲ့အစည်း တစ်ခုချင်း အတွက် တိုက်ရိုက် အကျိုးခံစားခွင့် မရှိဘဲ အများပြည်သူ တစ်ရပ်လုံး အတွက် တစ်စုတစ်ပေါင်းတည်း အကျိုးခံစားခွင့် ရှိစေရန် နိုင်ငံတော်က ကျခံ သုံးစွဲရသော ငွေကြေး ဖြစ်ပါသည်။ (ဥပမာ-ကာကွယ်ရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီမံခန့်ခွဲရေး စရိတ်များ)

အခ(Fee) ဆိုသည်မှာ တစ်ဦးတစ်ယောက်၊ သို့မဟုတ် အဖွဲ့အစည်း တစ်ခုက နိုင်ငံတော်အတွင်း လုပ်ဆောင်ခွင့်၊ သို့မဟုတ် ဆောင်ရွက်ပိုင်ခွင့်အတွက် ပေးရသော အခကြေးငွေ ဖြစ်ပါသည်။ ထိုလုပ်ဆောင်ခွင့် သို့မဟုတ်ဆောင်ရွက်ပိုင်ခွင့်ကြောင့် တစ်ဦးတစ်ယောက်ချင်း သို့မဟုတ် တစ်ဖွဲ့ချင်း အတွက် အကျိုးခံစားခွင့်ကို တိုက်ရိုက် ဖြစ်ထွန်းစေပါသည်။ (ဥပမာ - ယစ်လိုင်စင်ဆိုလျှင် အရက်ချက်လုပ်ခွင့်၊ ရောင်းချခွင့်၊ သယ်ယူခွင့်များ အတွက် လိုင်စင်ရယူရခြင်း ဖြစ်သည်။ အခကြေးငွေ ပေးဆောင်ရခြင်း ဖြစ်ပါသည်။ ထို့အတူ မြေခွန်၊ ရေခွန်၊ တာတမံခွန်၊ အင်းအိုင်ခွန်၊ သစ်တောခွန်၊ လမ်းတံတားဖြတ်သန်းခ  . . .စသည်)

ဖော်ပြသတင်းပါ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများအား ကောက်ခံခွင့်ပြုသော အခွန်အခ ၁၉ မျိုးကို ကျွန်တော် ဉာဏ်မီသလောက် လေ့လာကြည့်ရာတွင် များသောအားဖြင့် အခ (Fee)များ ဖြစ်ပါသည်။ ထိုအခွန်အခ ၁၉ မျိုးတွင် အခွန်(Tax) ဟု ဆိုရသော ၀င်ငွေခွန်(Income Tax) နှင့် ကုန်သွယ်လုပ်ငန်းခွန်(Commercial Tax) များ ပါဝင်ခြင်း မရှိပါ။ သို့ရာတွင် သတင်းတွင် တစ်ဆက်တည်း ဖော်ပြခဲ့သော ဥပဒေအတိုင်ပင်ခံ တစ်ဦးမှ အစပြု၍ အငြိမ်းစားဝန်ထမ်း တစ်ဦး၊ ကုမ္ပဏီဝန်ထမ်း တစ်ဦး၊ မြို့နေလူထု၊ မြို့သစ်နေသူ တစ်ဦးတို့၏ ပြောကြားချက်များသည် ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ကိုသာ ရည်ညွှန်းကြောင်း တွေ့ရှိရပါသည်။ မည်သို့ပင်ဆိုစေ သတင်း၏ နောက်ဆုံးပိုဒ် ဖြစ်သော အခွန်ဥပဒေများကို အခါအားလျော်စွာ ပြင်ဆင် ဖြည့်စွက် ပြဋ္ဌာန်းသွားရန် ပြည်သူများ လိုလားလျက် ရှိသည့် ကိစ္စကိုတော့ ကျွန်တော်လည်း စိတ်ဝင်စားပါသည်။ ထို့ကြောင့် ဤဆောင်းပါးကို ရေးဖြစ်ခြင်း ဖြစ်ပါသည်။ ပြည်သူများ အနေနှင့် ထိုအခွန်အခ ၁၉ မျိုး အနက် မည်သည့် အခွန်အခကို သက်သာခွင့်၊ ကင်းလွတ်ခွင့် ပေးစေလိုသည်ကို ကျွန်တော်မသိပါ။ သို့ရာတွင် ကျွန်တော်သိသော ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အကြောင်းကို ပြည်သူများ သိသာရုံမျှ တင်ပြလိုပါသည်။

ဝင်ငွေခွန်သည် ၀င်ငွေနှင့် ပိုင်ဆိုင်မှု အပေါ်တွင် ကောက်ခံသည့် တိုက်ရိုက်ခွန် ဖြစ်သည်။ တိုက်ရိုက်ခွန်၏ သဘောမှာ အခွန် ပေးဆောင်ရသူနှင့် အခွန်ကျခံရသူမှာ တစ်ဦးတည်း ဖြစ်သည်။ မိမိ၏ ၀င်ငွေ သို့မဟုတ် အမြတ်ငွေမှ စိုက်ထုတ် ပေးဆောင်ရခြင်း ဖြစ်ပါသည်။ ကုန်သွယ် လုပ်ငန်းခွန်သည် ပြည်တွင်း ထွက်ကုန်နှင့် ပြည်သူပြည်သားများ သုံးစွဲမှု အပေါ် ကောက်ခံသည့် သွယ်ဝိုက်ခွန် ဖြစ်ပါသည်။ သွယ်ဝိုက်ခွန်၏ သဘောမှာ အခွန်ပေးဆောင်ရသူမှာ လုပ်ငန်းရှင် ဖြစ်ပြီး အခွန်ကျခံရသူမှာ စားသုံးသူ ဖြစ်ပါသည်။ ပြည်သူများ အနေဖြင့် မည်သည့်အခွန်သည် မည်သည့် အခြေခံ အကြောင်းတရားပေါ်တွင် ကောက်ခံကြောင်း၊ မည်သူက ကျခံရကြောင်း အခွန်၏ သဘောသဘာဝကို ထိုမျှလောက်တော့ သိထားသင့်ပါသည်။

ယနေ့ ပြည်သူပြည်သားများ၏ ၀င်ငွေ၊ စားသုံးနိုင်မှု၊ ကုန်စည် ဈေးနှုန်းများ အခြေအနေ အရ ၀င်ငွေနည်းသူများ အပေါ် အခွန်ဖိစီးမှု ဖြစ်မဖြစ် တို့ကို စီးပွားရေး ပညာရှင်များ၊ ဥပဒေ ပညာရှင်များ၊ အခွန်ပညာရှင်များက ပြန်လည် စိစစ် သုံးသပ်သင့်ပါသည်  . . .
တကယ်တော့ နိုင်ငံတော်က အခွန်ကောက်သည် ဆိုခြင်းမှာ ဘဏ္ဍာရန်ပုံငွေ ရရုံမျှသက်သက် မဟုတ်ပါ။ ငွေကြေးစီးဆင်းမှု၊ ငွေကြေးလှည့်ပတ်မှု မှန်ကန်ရေး၊ ငွေကြေးဖောင်းပွမှု လျော့နည်းရေး၊ ၀င်ငွေကွာဟမှု လျော့နည်းစေရေး၊ နိုင်ငံတော် အကောင်အထည်ဖော် ဆောင်ရွက်နေသော စီးပွားရေး စနစ်ကို အထောက်အကူပြုရေး စသည့် ရည်ရွယ်ချက်များလည်း ပါဝင်ပါသည်။ နိုင်ငံတော်က စီးပွားရေး ပေါ်လစီ ပြောင်းလျှင် အခွန်ဥပဒေ၊ အခွန်ဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ အခွန်နှုန်းထားများလည်း ပြောင်းလဲလေ့ ရှိပါသည်။ သာဓက တစ်ရပ်ကို တင်ပြပါသည်။ နိုင်ငံတော်တွင် ၀င်ငွေနှင့် ပိုင်ဆိုင်မှုပေါ်တွင် ကောက်ခံသည့် အမြတ်ခွန် (၀င်ငွေခွန်)ကို ၁၉၇၃-၇၄ စည်းကြပ်နှစ် အထိ ၁၉၂၂ ခုနှစ် မြန်မာနိုင်ငံ အမြတ်ခွန် အက်ဥပဒေ အရ စည်းကြပ် ကောက်ခံခဲ့ပါသည်။ ထိုဥပဒေသည် ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့သော ဥပဒေ ဖြစ်ပါသည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြဋ္ဌာန်း အတည်ပြုလိုက်သော အခါ ဆိုရှယ်လစ် စီးပွားရေး စနစ်ကို အထောက်အကူပြု သော ၁၉၇၄ ခုနှစ် ၀င်ငွေခွန်ဥပဒေ၊ ၁၉၇၆ ခုနှစ် အမြတ်ခွန် ဥပဒေ၊ ၁၉၇၆ ခုနှစ် ကုန်စည်နှင့် ၀န်ဆောင်မှုခွန် ဥပဒေများ ပြဋ္ဌာန်းခဲ့ပါသည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးလာသော အခါ ၁၉၇၄ ခုနှစ် ၀င်ငွေခွန် ဥပဒေ ကိုပင် ပြင်ဆင် ဖြည့်စွက်၍ ဆက်လက် ကျင့်သုံးနေဆဲ ဖြစ်ပါသည်။ ၁၉၉၀ ပြည့်နှစ်တွင် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၁၉၇၆ ခုနှစ် ကုန်စည်နှင့် ၀န်ဆောင်မှုခွန် ဥပဒေကို ရပ်စဲခဲ့ပါသည်။ ဤသည်မှာ နိုင်ငံတော်က ကျင့်သုံးသော စီးပွား ရေး စနစ်ပေါ်တွင် မူတည်၍ အမြတ်ခွန်(၀င်ငွေခွန်) ကုန်သွယ်လုပ်ငန်းခွန် (ကုန်စည်နှင့် ၀န်ဆောင်မှုခွန်) ဥပဒေများ ပြောင်းလဲခဲ့ကြောင်း တစ်စွန်းတစ်စ တင်ပြခဲ့ခြင်း ဖြစ်ပါသည်။

သို့ရာတွင် ၁၉၇၄ ခုနှစ် ၀င်ငွေခွန် ဥပဒေသည် ယခုအခါ ၃၅ နှစ် ရှိခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေသည်လည်း အနှစ် ၂၀ ကျော်ခဲ့ပြီ။ ဆိုရှယ်လစ် စီးပွားရေးစနစ်ကို အထောက်အကူပြုရန် ပြဋ္ဌာန်းခဲ့သော ၁၉၇၄ ခုနှစ် ၀င်ငွေခွန် ဥပဒေကို ပြင်ဆင်ဖြည့်စွက်ရုံမျှနှင့် ယနေ့ နိုင်ငံတော်က အကောင်အထည်ဖော် ဆောင်ရွက်နေသော ဈေးကွက်စီးပွားရေး စနစ်ကို လိုက်လျောညီထွေ ရှိမရှိ။ ၀င်ငွေခွန်ဥပဒေ အရ အခြေခံ သက်သာခွင့်များ၊ အခွန်စည်းကြပ်ထိုက်သော ၀င်ငွေနှင့် အခွန် နှုန်းထားများသည် ယနေ့ ပြည်သူပြည်သားများ၏ ၀င်ငွေ၊ စားသုံးနိုင်မှု၊ ကုန်စည်ဈေးနှုန်းများ အခြေအနေ အရ ၀င်ငွေနည်းသူများ အပေါ် အခွန်ဖိစီးမှု ဖြစ်မဖြစ် တို့ကို စီးပွားရေး ပညာရှင်များ၊ ဥပဒေပညာရှင်များ၊ အခွန်ပညာရှင်များက ပြန်လည် စိစစ် သုံးသပ်သင့်ပါသည်။
၁၉၉၀ ပြည့်နှစ် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေသည် ဈေးကွက် စီးပွားရေးနှင့် လျော်ညီစွာ ပြဋ္ဌာန်းခဲ့သော ဥပဒေ ဖြစ်ပါသည်။ သို့ရာတွင် လွန်ခဲ့သော နှစ် ၂၀ ကျော်က ပြဋ္ဌာန်းခဲ့သော အခွန်မစည်းကြပ်ထိုက်သည့် ရောင်းရငွေ၊ ရငွေများသည် လည်းကောင်း၊ အခွန်နှုန်းများသည် လည်းကောင်း၊ ပြောင်းလဲလာသော လက်ရှိ စီးပွားရေး အခြေအနေ၊ ဈေးကွက် အခြေအနေ၊ ကုန်စည်ဈေးနှုန်း အခြေအနေ၊ စားသုံးနိုင်မှု အခြေအနေများနှင့် လိုက်လျောညီထွေ ရှိမရှိ။ ကုန်သွယ် လုပ်ငန်းခွန် အကျိုးသက်ရောက်သည့် အသေးစား ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှု လုပ်ငန်းများ၊ တစ်နိုင်တစ်ပိုင် လုပ်ငန်းငယ်များအပေါ် အခွန် ၀န်ထုပ်ဝန်ပိုး ဖြစ်မဖြစ် တို့ကိုလည်း ထိုထို ပညာရှင်များက ပြန်လည် စိစစ် သုံးသပ်သင့်ပါသည်။

ခေတ်စနစ်နှင့် ညီညွတ်သော အခွန်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များနှင့် ကောင်းမွန် ထိရောက်သော အခွန်အကောက် စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်နှင့်အမျှ နိုင်ငံတော်တွင် စီးပွားရေး လုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်စေခြင်း၊ နိုင်ငံတော်က ရသင့်ရထိုက်သော အခွန်ငွေများ အပြည့်အ၀ ရရှိစေခြင်း၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများလည်း ထိုက်သင့်သော အကျိုးအမြတ်များ ရရှိစေနိုင်ခြင်း အသေးစားနှင့် တစ်နိုင်တစ်ပိုင် လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေနိုင်ခြင်း၊ ပြည်သူပြည်သားများလည်း သက်သာ လွယ်ကူစွာ ၀ယ်ယူ စားသုံးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါကြောင်း ရေးသား တင်ပြအပ်ပါသည်။

Mမောင်မောင်

  1 comment:

  1. ဝင်​​ငွေခွန်​ကို ဘယ်​လိုတွက်​ချက်​လဲသိချင်​ပါတယ်

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...